အပိုင်း (၃၃) ဘီဘီတုန်းနှင့် ချန်ရန်ရွှယ်
နောက်တစ်နေ့ နံနက်ခင်းတွင်ဖြစ်သည်။
အဖွဲ့သားအားလုံးသည် ဟိုတယ်၏ သီးသန့်အခန်းတစ်ခုတွင် အရသာရှိလှသော နံနက်စာကို မြိန်ယှက်စွာ သုံးဆောင်နေကြသည်။
ချင်းမင်က "မနေ့ကကတော့ ကိစ္စတစ်ခုမို့ ထားလိုက်ပါတော့။ ဒီနေ့ကစပြီး ညဘက်တွေမှာ အိပ်စက်မယ့်အစား တရားထိုင်ပြီး ကျင့်ကြံခြင်းနဲ့ပဲ အစားထိုးရမယ်" ဟု အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ ဆရာချင်းမင်" အဖွဲ့သားအားလုံးက မျက်လုံးများပင် ကောင်းစွာမပွင့်ကြသေးဘဲ စိတ်မပါလက်ပါဖြင့် ပြန်လည်ဖြေကြားလိုက်ကြသည်။
ရှောင်ဝူက မုန်လာဥနီဆန်ပြုတ်ကို တစ်ငုံသောက်လိုက်ရင်း "ဆရာချင်းမင် ကျောင်းက သင်ခန်းစာတွေက သန်ဘက်ခါမှ တရားဝင်စမှာဆိုတော့ ဒီနေ့တစ်ရက်တော့ ကောင်းကင်မြို့တော်ထဲမှာ ဆက်ပြီး လျှောက်လည်လို့ မရဘူးလားဟင်" ဟု တောင်းဆိုလိုက်သည်။
မနေ့ညက ပျော်ပွဲရွှင်ပွဲကြောင့် ဤယုန်မလေးမှာ အရှိန်မသေသေးသည်ကတော့ အမှန်ပင်ဖြစ်သည်။
ချင်းမင်က ခေါင်းငြိတ်လိုက်ပြီး "ရတာပေါ့ ဒါပေမဲ့ မနက်ဖြန် မနက်ကိုးနာရီ မတိုင်ခင်တော့ ဝါးတောထဲမှာ အားလုံး မပျက်မကွက် လူစုရမယ်" ဟု ခွင့်ပြုပေးလိုက်သည်။
"ဟေး ဆရာချင်းမင် သက်တော်ရာကျော် ရှည်ပါစေ" ရှောင်ဝူက ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
ကျူကျုံးက ရှောင်ဝူကို မျက်စောင်းထိုးလိုက်ရင်း "မင်းကတော့ ယုန်စုတ်မလေး လျှောက်လည်ဖို့ပဲ သိတယ်။ ဒီနေ့ ပြန်ရောက်ရင်တော့ အလေးအနက်ထားပြီး ကျင့်ကြံဖို့ ပြင်ဆင်ထားဦး" ဟု သတိပေးလိုက်သည်။
သို့သော် စားသောက်ကစားမည့် အခွင့်အရေးနှင့် ကြုံလာရသည့်အခါ ရှောင်ဝူက ကျူကျုံး၏ အရှိန်အဝါကို ကြောက်ရွံ့မနေတော့ဘဲ "မလုပ်ပါဘူး။ ကျုံးကလေး မင်းပဲ မနေ့က ကတိပေးထားတယ်လေ ဒီနေ့တစ်နေ့လုံး ကောင်းကင်မြို့ထဲမှာ ငါနဲ့အတူ လျှောက်လည်ပေးမယ်ဆိုတာ" ဟု ရန်တွေ့တော့သည်။
"ငါ အဲဒီလို မပြောပါဘူး မေ့သွားပြီ"
"မင်း ကတိဖျက်ရဲတယ်ပေါ့ ရော့" အမြဲတမ်း ကြုံတွေ့နေကျ အကွက်အတိုင်းပင်ဖြစ်သည်။ ရှောင်ဝူသည် ကျူကျုံးကို မချော့မော့နိုင်တော့သည့်အခါ သူ၏ လက်မောင်းကို အားရပါးရ ကိုက်ပစ်လိုက်တော့သည်။
"အား... ယုန်မလေး အခုချက်ချင်း လွှတ်စမ်း"
"မလွှတ်ဘူး" (သူမက ပါးစပ်ဖြင့် ခဲထားသဖြင့် စကားသံက သဲသဲကွဲကွဲမထွက်ပေ)။
"လွှတ်မလား မလွှတ်ဘူးလား"
"မလွှတ်ဘူး မင်းက လူလိမ်ကြီး"
သူတို့နှစ်ဦး၏ ဆော့ကစားနေမှုကို ကြည့်ပြီး အားလုံးက တဟားဟားရယ်မောကြတော့သည်။ အမြဲတမ်း တည်ငြိမ်လွန်းလှသော ရဲ့လင်လင်ပင်လျှင် နှုတ်ခမ်းထောင့်စွန်းလေးများ မသိမသာ ကွေးညွတ်သွားခဲ့ရသည်။
နန်းတွင်းမှ လျှို့ဝှက်ချက်နှင့် အမြင့်မြတ်ဆုံးသော နန်းဆောင်
ကောင်းကင်မြို့တော်၏ တော်ဝင်နန်းတော်အတွင်း၌ဖြစ်သည်။
အသက်နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ခုနစ်နှစ်ခန့်ရှိသော လူငယ်တစ်ဦးသည် မဏ္ဍပ်ငယ်လေးအတွင်း၌ နံနက်စာ သုံးဆောင်နေသည်။ သူသည် အလွန်အမင်း ချောမောလှပနေခြင်းမျိုး မဟုတ်သော်လည်း ဖြောင့်စင်းသော နှာတံနှင့် ခန့်ညားသော မျက်နှာအဆွဲအငြိ ရှိကာ သန့်ရှင်းစင်ကြယ်သော အပြာရောင်ဝတ်ရုံကို ဆင်မြန်းထားသဖြင့် လတ်ဆတ်သော အသွင်ကို ဆောင်နှင်းနေသည်။ သူ၏ နက်မှောင်သော ဆံပင်ရှည်များကို အပြာရောင်ပိုးဖဲကြိုးလေးဖြင့် စနစ်တကျ စည်းနှောင်ထားပြီး ကျောပြင်ထက်သို့ သပ်ရပ်စွာ ချထားသည်။ ဝတ်ဆင်ထားသော အဝတ်အစားများက ရိုးရှင်းသော်လည်း သူ၏ ခန္ဓာကိုယ်မှ ထူးခြားသော အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။
သူ၏ ဘေးနားတွင်မူ ဝတ်စုံနက်ဝတ်ဆင်ထားသော အလတ်စားလူကြီးတစ်ဦးက ဒူးထောက်လျက်ရှိသည်။
ထိုလူငယ်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး "ပြောစမ်း ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။
ထိုလူကြီးက အလွန်ရိုသေစွာဖြင့် "အရှင်မင်းသား... မနေ့က မင်းသားရှုပင်းတစ်ယောက် တော်ဝင်ကျောင်းတော်မှာ အသစ်ရောက်လာတဲ့ ကျောင်းသားနှစ်ယောက်ရဲ့ ရိုက်နှက်ခြင်းကို ခံလိုက်ရပါတယ်" ဟု တင်ပြလိုက်သည်။
ဤလူငယ်ကား အခြားသူမဟုတ်... လက်ရှိ ကောင်းကင်အင်ပါယာ၏ အိမ်ရှေ့မင်းသား ‘ရွှေချင်းဟယ်’ ပင် ဖြစ်သည်။
"ဟက်... ငါ့ရဲ့ အသုံးမကျတဲ့ ညီလေးကပဲ တစ်ဖက်လူကို အရင်သွားစနောက်တာ ဖြစ်ရမယ်။ ဒါပေမဲ့ အဲဒီကျောင်းသားသစ်နှစ်ယောက်က ဘယ်သူမို့လို့ ကောင်းကင်အင်ပါယာရဲ့ မင်းသားကိုတောင် ရိုက်ရဲရတာလဲ"
"အိမ်ရှေ့မင်းသားကို တင်ပြရရင်... အဲဒီလူတွေကို ကျောင်းတော်ရဲ့ ပညာရေးကော်မတီက ဆရာကြီးမုန့်ရှင်ကျိကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာလို့ သိရပါတယ်။ သူတို့နှစ်ယောက်က ပါရမီ အလွန်ထူးချွန်ကြပြီး မနေ့ကတင်ပဲ တစ်ယောက်က တော်ဝင်တိုက်ပွဲဝင်အဖွဲ့ရဲ့ တုကုယန်ကို အနိုင်ယူခဲ့ပါတယ်။ အခုဆိုရင် သူတို့နှစ်ယောက်စလုံးက တော်ဝင်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေကြပါပြီ"
ရွှေချင်းဟယ်က လက်ကိုင်ပဝါကို ယူကာ နှုတ်ခမ်းထောင့်ကို အသာအယာ သုတ်လိုက်ပြီး တည်ငြိမ်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"အော်... တော်ဝင်ကျောင်းတော်မှာ နောက်ထပ် ပါရမီရှင်နှစ်ယောက် ထွက်ပေါ်လာပြန်ပြီပေါ့။ စိတ်ဝင်စားစရာပဲ"
ထိုလူကြီး ထွက်ခွာသွားပြီးနောက် လူငယ်သည် စာပွဲပေါ်မှ စာရွက်စာတမ်းအချို့ကို ကောက်ကိုင်ကာ အိမ်ရှေ့ခြံဝင်းထဲသို့ လျှောက်လှမ်းသွားခဲ့သည်။ သူက ကောင်းကင်ကြီးကို မော့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ "အဲဒီအမျိုးသမီး နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တဲ့သူက ဒါပဲလား"
တစ်ချိန်တည်းမှာပင်...
ဝိညာဉ်မြို့တော်၏ အမြင့်မြတ်ဆုံးသော နန်းဆောင်၌ဖြစ်သည်။
အမျိုးသမီးတစ်ဦးသည် ခန်းမကြီး၏ ဗဟိုရှိ ရာဇပလ္လင်ထက်တွင် ခန့်ညားထည်ဝါစွာ ထိုင်နေသည်။
ထိုအမျိုးသမီးသည် အရပ်အမောင်း အလွန်မြင့်မားခြင်းမရှိသော်လည်း တောက်ပသော ရွှေရောင်ဝတ်ရုံကြီးက သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပိုမိုပြည့်စုံစေသည်။ ဝတ်ရုံထက်တွင် နီ ပြာ ရွှေ အရောင်စုံလင်သော ရတနာပေါင်း ရာချီ၍ လင်းလက်နေသည်။ သူမ ဆင်မြန်းထားသော ခရမ်းရောင်သရဖူမှာ ပိုမိုတောက်ပပြီး လက်ထဲတွင်လည်း ရတနာများစွာ စီခြယ်ထားသော နှစ်မီတာခန့်ရှည်သည့် ရာဇလှံတံကို ကိုင်ဆောင်ထားသည်။ ဝင်းပသော အသားအရေနှင့် ပြည့်စုံလွန်းလှသော မျက်နှာသွင်ပြင်က သူမကို လူအများကြားတွင် ထင်ပေါ်စေသည်။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မြင့်မြတ်သန့်စင်သည့် အရှိန်အဝါက မြင်တွေ့ရသူတိုင်းကို ရိုသေခန့်ညားစိတ် ဖြစ်ပေါ်စေပေသည်။
ထိုအချိန်တွင် အသက်တစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။
သူမက ထိုအမျိုးသမီးကို အရိုအသေပေးလိုက်ရင်း "ဆရာ... ဆရာ့ကို စောင့်ကြည့်ခိုင်းထားတဲ့သူက အခု ကောင်းကင်တော်ဝင်ကျောင်းတော်ကို ဝင်ရောက်သွားပါပြီ" ဟု တင်ပြလိုက်သည်။
ဤမြင့်မြတ်သောအမျိုးသမီးကား အခြားသူမဟုတ်... ဝိညာဉ်နန်းဆောင်သမိုင်းတွင် အငယ်ဆုံးသော အမြင့်မြတ်ဆုံးခေါင်းဆောင် ‘ဘီဘီတုန်း’ ပင်ဖြစ်ပြီး ဂါရဝပြုနေသူမှာ သူမ၏ တစ်ဦးတည်းသော တပည့် ‘ဟူလီနား’ ဖြစ်သည်။
ဘီဘီတုန်းက ခေါင်းငြိတ်လိုက်ပြီး "ကောင်းပြီ... နားနား လူအချို့ကို လွှတ်ပြီး သူ့ကို လျှို့ဝှက်စွာ စောင့်ရှောက်ခိုင်းလိုက်ပါ။ သူ့ကို ထိခိုက်ဒဏ်ရာ မရစေနဲ့ ပြီးတော့ သူ့ကို သွားပြီးတော့လည်း အနှောင့်အယှက်မပေးစေနဲ့" ဟု ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ... ဒါပေမဲ့..." ဟူလီနားက စကားအချို့ကို ပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင်မူ ပြန်လည်မျိုသိပ်လိုက်သည်။
ဘီဘီတုန်းက ဟူလီနား၏ အမူအရာကို သတိပြုမိသွားပြီး ခဲရာခဲဆစ် အပြုံးတစ်ခုကို ဖော်ပြကာ တည်ငြိမ်စွာ ဆိုလိုက်သည်။ "ငါတို့က ဆရာနဲ့ တပည့်တွေပဲ။ မင်းရဲ့ စိတ်ထဲမှာ ရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်"
"ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ နားမလည်တာက... သူက ပါရမီထူးချွန်တာ မှန်ပေမဲ့ နောက်ဆုံးတော့ ကျွန်မတို့ ဝိညာဉ်နန်းဆောင်ကလူ မဟုတ်ဘူးလေ။ ဆရာက ဘာဖြစ်လို့ သူ့ကို ဒီလောက်အထိ အလေးထားနေရတာလဲဟင်" ဟူလီနားက သူမ စိတ်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော သံသယကို မေးမြန်းလိုက်ခြင်းပင် ဖြစ်သည်။
ဘီဘီတုန်းက ခေါင်းယမ်းလိုက်ပြီး ဟူလီနား၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ "ဒီအကြောင်းကို နောက်မှ ငါမင်းကို ပြောပြမယ်။ အခုလောလောဆယ်တော့ သူက ငါတို့ ဝိညာဉ်နန်းဆောင်ရဲ့ ရန်သူမဟုတ်ဘူးဆိုတာပဲ မှတ်ထားလိုက်ပါ" ဟု ဆိုလိုက်သည်။
အခြားတစ်ဖက်တွင်မူ ကျူကျုံးတစ်ယောက် တကယ့်ကို ဒုက္ခရောက်နေရသည်။
နံနက်စာစားပြီးသည်နှင့် ရှောင်ဝူသည် တုကုယန်နှင့် ရဲ့လင်လင်တို့ကို ဆွဲခေါ်ကာ ဈေးဝယ်ထွက်တော့သည်။ မိန်းကလေးများ၏ ဈေးဝယ်ထွက်ခြင်းအရှိန်အဟုန်မှာ အကန့်အသတ်မရှိပေ။ သူတို့သည် မနက်မှ ညအထိ ဈေးဝယ်နေကြသဖြင့် ယွီထျန်းဟန်နှင့် ကျူကျုံးတို့မှာ အတော်လေး ပင်ပန်းနေကြရပြီဖြစ်သည်။
သူတို့နှစ်ဦးစလုံး၏ လက်ထဲတွင် အထုပ်အပိုးမျိုးစုံ ပြည့်နှက်နေသည်။ ကျူကျုံးက ထိုပစ္စည်းများကို ဝိညာဉ်သိုလှောင်ကိရိယာထဲသို့ ထည့်သိမ်းရန် အကြံပြုသော်လည်း ရှောင်ဝူနှင့် တုကုယန်တို့က ပြတ်ပြတ်သားသား ငြင်းကြသည်။
မိန်းကလေးများ၏ အယူအဆအရ ဈေးဝယ်ခြင်းဟူသည် ပစ္စည်းများကို လက်ထဲတွင် ပွေ့ပိုက်ထားမှသာ အရသာရှိသည်ဟု ဆိုကြသောကြောင့်ပင်။
ကျူကျုံးက စိတ်ထဲကနေ ‘ဒါဆိုရင်လည်း မင်းတို့ဘာမင်းတို့ သယ်ကြပါလား’ ဟု ညည်းတွားနေမိသည်။
ယွီထျန်းဟန်က ကျူကျုံး၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း "ညီလေး... ငါကတော့ ဒါတွေ နေသားကျနေပါပြီ" ဟု သက်ပြင်းချကာ ဆိုရှာသည်။
ညနေစောင်းအချိန်သို့ ရောက်ရှိလာသည့်အခါမှသာ သူတို့ငါးဦးသည် တော်ဝင်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ဤသည်မှာလည်း ကျူကျုံးနှင့် ရှောင်ဝူတို့ ကျောင်းတော်၏ အဆောင်ခန်းများကို မစီစဉ်ရသေးသောကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက ထိုမိန်းကလေးများမှာ ဆက်လက်လျှောက်လည်နေကြဦးမည် ဖြစ်သည်။
ကျောင်းသားများက သစ်သားအိမ်ငယ်လေးများတွင် နှစ်ယောက် သို့မဟုတ် သုံးယောက် အတူတူနေထိုင်ရသော ရှရက်ခ်ကျောင်းတော်နှင့်မတူဘဲ တော်ဝင်ကျောင်းတော်တွင်မူ ကျောင်းသားတိုင်း၌ ကိုယ်ပိုင်အခန်းများ ရှိကြသည်။ အထူးသဖြင့် တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများမှာ ကိုယ်ပိုင်ခြံဝင်းငယ်လေးများကိုပင် ရရှိကြသည်။
ယခုအခါ ကျောင်းတော်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ကျူကျုံးသည် နျူးဒင်းကျောင်းတော်မှာတုန်းကကဲ့သို့ ရှောင်ဝူနှင့် အခန်းတူတူ နေ၍မရတော့ချေ။ ရှောင်ဝူက သနားစရာမျက်နှာလေးဖြင့် ကြည့်နေသော်လည်း ကျူကျုံးကမူ စိတ်ခိုင်ထားသည်။
ကျူကျုံး၏ စကားအရ "ငါတို့အားလုံး အရွယ်ရောက်ကုန်ကြပြီ ကလေးတွေမဟုတ်တော့ဘူး။ တစ်ယောက်ရဲ့ သိက္ခာကို တစ်ယောက် ငဲ့ညှာရမယ်" ဟု ဆိုကာ အခန်းခွဲနေလိုက်တော့သည်။
ကျူကျုံးက တရားထိုင်ရင်း စိတ်ထဲကနေ ‘အမိတာဘုရား... ငါ့ကို လာမနှောင့်ယှက်ကြပါနဲ့။ ငါကတော့ ငါ့ရဲ့ လူပျိုဘဝကို ထိန်းသိမ်းပြီး အလေးအနက်ထား ကျင့်ကြံတော့မယ်။ အကယ်၍ ကိုးပါးနေဝန်းနတ်ကျင့်စဉ်က အဆင်မပြေဘဲ ဖောက်ပြန်သွားရင် ဒုက္ခ’ ဟု တွေးနေမိသည်။
နောက်တစ်နေ့ နံနက်တွင် အဖွဲ့သားအားလုံး ဝါးတောထဲသို့ ရောက်ရှိလာကြသည်။
ဆရာချင်းမင်က ထိုနေရာတွင် စောစီးစွာ ရောက်ရှိစောင့်ဆိုင်းနေခဲ့သည်။
လူစုံသွားသည်ကို မြင်သောအခါ ချင်းမင်က စကားစတင်လိုက်သည်။ "အားလုံးပဲ... ဒီနေ့ ငါမင်းတို့ကို ဒီကိုခေါ်တာက အချင်းချင်း တိုက်ခိုက်လေ့ကျင့်ရင်း အဖွဲ့သားအသစ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာအောင်လို့ပါ။ ဒါပေမဲ့ ကျောင်းတော်ကနေ အရေးပေါ် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီး... ငါတို့ကို ဆော့တိုမြို့တော်မှာရှိတဲ့ ဝိညာဉ်တိုက်ခိုက်ရေးကွင်းကြီးဆီကို သွားပြီးတော့ အဖွဲ့လိုက် တိုက်ပွဲဝင်ဖို့ စီစဉ်လိုက်တယ်"
တုကုယန်နှင့် အခြားသူများမှာ ဤကဲ့သို့သော ကျောင်းတော်၏ အစီအစဉ်များကို နေသားကျနေပြီဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းကို မထိခိုက်သရွေ့ ညည်းတွားရုံသာ ညည်းတွားကြပြီး ငြင်းဆိုခြင်းမပြုကြချေ。
တုကုယန်က မကျေမနပ်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်ရင်း "ဟွန့်... အသုံးမကျတဲ့ မှူးမတ်မျိုးနွယ်စုတွေရဲ့ ငွေကြေးကစားပွဲတစ်ခု ဖြစ်ပြန်ပြီပေါ့" ဟု ဆိုလိုက်သည်။
ကျူကျုံးက ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ မူရင်းဇာတ်လမ်းထဲတွင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများ ဆော့တိုမြို့တော်သို့ သွားရောက်ပြီး ရှရက်ခ်အဖွဲ့၏ အနိုင်ယူခြင်းကို ခံလိုက်ရသည့် အကြောင်းရင်းက ဤအချက်ကြောင့်ပင် ဖြစ်ရမည်။
ရှောင်ဝူကမူ ခေါင်းထဲတွင် သံသယများ ပြည့်နှက်သွားရပြီး "ဝိညာဉ်တိုက်ခိုက်ရေးကွင်းကြီးဆိုတာ ဘာလဲဟင်။ ပြီးတော့ မမယန်ယန်ပြောတဲ့ ငွေကြေးကစားပွဲဆိုတာကကော ဘာလဲ" ဟု သိချင်စိတ်ဖြင့် မေးမြန်းလိုက်တော့သည်။