အပိုင်း (၃၂) စွမ်းရည်ပြသရမည့်အချိန်
မလှမ်းမကမ်းတွင် ရပ်ကြည့်နေသော တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ ခေါင်းဆောင် ချင်းမင်သည် တုကုယန်က ‘မြစိမ်းအဆိပ်ခရမ်း’ ကို ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ ထိတ်လန့်သွားရသည်။ သူသည် မိမိ၏ ဝိညာဉ်စွမ်းအားကို နှိုးဆွလိုက်ပြီး အချိန်မရွေး ဝင်ရောက်ကယ်ဆယ်ရန် ပြင်ဆင်လိုက်သည်။
ရှောင်ဝူလည်း တုန်လှုပ်သွားရသည်။ လူမိုက်တစ်ယောက်ပင် တုကုယန် မှုတ်ထုတ်လိုက်သော အရာသည် အသက်အန္တရာယ်ပေးနိုင်သည့် အဆိပ်ငွေ့မှန်း သိနိုင်သဖြင့် သူမက ကျူကျုံးရှိရာသို့ ပျာပျာသလဲ လှမ်းအော်လိုက်သည်။ "ကျုံးကလေး သတိထားဦး"
တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများကမူ ပြုံးလိုက်ကြသည်။ သူတို့သည် ကျူကျုံးနှင့် ရန်ငြိုးမရှိသော်လည်း နေ့စဉ်ရက်ဆက် အတူတူဖြတ်သန်းခဲ့သော တုကုယန်ကိုသာ အနိုင်ရစေချင်ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် အားလုံးကို အံ့အားသင့်သွားစေမည့်အရာ ဖြစ်ပျက်လာခဲ့သည်။
ကျူကျုံးသည် သူ၏ လက်ထဲတွင် သားရေရေအိတ်ကြီးနှစ်အိတ်ကို အသင့်ပြင်လိုက်ပြီး အားပြင်းလှသော လွှဲချက်ဖြင့် ထိုအိတ်များကို လေထုထဲသို့ မြှောက်တင်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ယန္တရားလက်နက်ငယ်နှစ်ခုကိုပါ ထည့်သွင်းပစ်လွှတ်လိုက်သည်။
ဒိုင်း
သားရေအိတ်များ လေထဲတွင် ပေါက်ကွဲသွားသည်။ ယန္တရားလက်နက်၏ ဖိအားနှင့် ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်မှုကြောင့် ရေအိတ်များမှာ ချက်ချင်းပင် အစစအရာရာ ကွဲကြေသွားပြီး အထဲတွင်ရှိသော ကန့်သန့်စုန်းရည်များသည် ကြီးမားလှသော ရေမြူခိုးများအဖြစ် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် ကျူကျုံး၏ ပထမဝိညာဉ်ကွင်း တောက်ပလာသည်။
"ပထမဝိညာဉ်စွမ်းရည် အဆိပ်နဂါးရစ်ပတ်ခြင်း"
မီးလျှံကဲ့သို့ ရဲရဲတောက်နေသော အကြေးခွံများ ဖုံးလွှမ်းနေသည့် ငွေပြာဧကရာဇ် နွယ်ပင်များသည် တုကုယန်ကို သွားရောက်မတိုက်ခိုက်ဘဲ ထိုအရည်မြူခိုးများဆီသို့သာ ဦးတည်သွားသည်။ ချက်ချင်းပင် မြူခိုးများသည် မြင့်မားလှသော အပူရှိန်ကြောင့် မီးလျှံမြူခိုးများအဖြစ် လုံးဝပြောင်းလဲသွားပြီး ဆန်းကြယ်လှသော ရနံ့တစ်ခုနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ခရမ်းရောင်အဆိပ်ငွေ့များကို အမိအရ ဝါးမြိုပစ်လိုက်သည်။
ကျူကျုံးက သက်ပြင်းအသာချရင်း တိုးတိုးလေး ဆိုလိုက်သည်။ "ဟူး တော်သေးတာပေါ့ နောက်ဆုံးတော့ အောင်မြင်သွားပြီ။ ကြိုတင်လေ့ကျင့်ထားရတာ တန်သွားတာပဲ"
သိပ်သည်းလှသော ခရမ်းရောင်အဆိပ်ငွေ့များသည် ထိုမီးလျှံမြူခိုးများနှင့် တွေ့ဆုံမိသောအခါ တဖြည်းဖြည်း လောင်ကျွမ်းသွားပြီး ပေါက်ကွဲသံအချို့နှင့်အတူ လေထုထဲတွင် စိုးစဉ်းမျှမကျန် ပျောက်ကွယ်သွားရသည်။
"မဟုတ်ဘူး ဒါက မဖြစ်နိုင်တာ။ မင်းက ငါ့ရဲ့ မြစိမ်းအဆိပ်ခရမ်းကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးပစ်နိုင်ရတာလဲ" တုကုယန်သည် ကျူကျုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သူမတင်မကဘဲ ချင်းမင်နှင့် ရှောင်ဝူ အပါအဝင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့သား အားလုံးလည်း မှင်တက်သွားကြသည်။
"မြစိမ်းမြွေဆိုးအဆိပ်ဆိုတာ အသေးအဖွဲ လှည့်ကွက်တစ်ခုမျှသာပဲ။ အကယ်၍ အဆိပ်ငါးမျိုးစလုံးသာ ရှိနေရင် ငါအနည်းငယ် သတိထားမိလိမ့်မယ်။ မင်းရဲ့ မြစိမ်းမြွေဆိုးအဆိပ်ကတော့ အဆင့်မမီသေးပါဘူး" ကျူကျုံးက မူရင်းဇာတ်လမ်းထဲက စကားလုံးများကို တုကုယန်ထံသို့ တစ်လုံးမကျန် ပြန်လည်ပြောကြားလိုက်သည်။
ကျူကျုံးက စိတ်ထဲတွင် ကျေနပ်နေသည်။ ‘နောက်ဆုံးတော့ ငါလည်း အပိုင်အခေါက်ကြီး ပြသနိုင်ခဲ့ပြီ’
မူလဇာတ်လိုက်ကမူ စိတ်ထဲကနေ ဒေါသထွက်နေပေလိမ့်မည်။ ‘ဒီကောင်စုတ်လေး ငါ့ရဲ့နည်းဗျူဟာကို ခိုးရုံတင်မကဘူး ငါ့ရဲ့စကားလုံးတွေကိုပါ ခိုးပြောသွားသေးတယ်’
နောက်တစ်စက္ကန့်တွင် ကျူကျုံးသည် သူ၏ ပထမဝိညာဉ်စွမ်းရည်ကို ရုပ်သိမ်းလိုက်ပြီး ငွေပြာဧကရာဇ် နွယ်ပင်များကို ထပ်မံအသုံးပြုကာ တုကုယန်ကို မုန့်ထုပ်တစ်ခုကဲ့သို့ အလွယ်တကူပင် ရစ်ပတ်တုတ်နှောင်လိုက်သည်။
ကျူကျုံးက ဘေးနားရှိ ချင်းမင်ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။ "ဆရာချင်းမင် ကျွန်တော်နိုင်သွားပြီ မဟုတ်လား"
ချင်းမင်က တံတွေးတစ်ချက် ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ "ဒီတစ်ခေါက် တိုက်ပွဲမှာ ကျူကျုံး အနိုင်ရရှိပါတယ်"
ကျူကျုံးနှင့် တုကုယန်တို့၏ တိုက်ပွဲက အလွန်ပင် ခမ်းနားလွန်းလှသဖြင့် သူတို့မသိလိုက်ဘဲ ကျောင်းသားအများအပြားနှင့် ဆရာအချို့ပါ ရောက်ရှိလာပြီး ဝိုင်းကြည့်နေခဲ့ကြသည်။
ချင်းမင်က အနိုင်အရှုံးကို ကြေညာလိုက်သည့်အခါမှ ကျူကျုံးသည် တုတ်နှောင်ထားသော နွယ်ပင်များကို ဖယ်ရှားပြီး တုကုယန်ကို လွှတ်ပေးလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက တီးတိုးဝေဖန်နေကြသည်။
ကျောင်းသူတစ်ဦးက "ဝါး ဒီအပြာရောင်ဆံပင်နဲ့ ကောင်လေးက ဘယ်သူလဲ။ တကယ့်ကို ချောမောခန့်ညားလွန်းတာပဲ" ဟု ဆိုသည်။
အခြားကျောင်းသူတစ်ဦးကလည်း "မောင်လေးရေ မမကတော့ မောင့်ကို သဘောကျသွားပြီ" ဟု စိတ်ကူးယဉ်နေသည်။
ကျောင်းသားတစ်ဦးကမူ "ဒီကောင်က တကယ့်ကို အစွမ်းထက်တာပဲ။ တုကုယန်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်" ဟု ချီးကျူးနေသည်။
တုကုယန်သည် ပြင်းထန်သော ဒဏ်ရာမရရှိခဲ့ဘဲ ဝိညာဉ်စွမ်းအား အနည်းငယ်သာ ကုန်ခမ်းသွားခဲ့သည်။ သူမသည် သူ၏ချစ်သူ ယွီထျန်းဟန်၏ တွဲထူမှုဖြင့် ကျူကျုံး၏ အရှေ့သို့ လျှောက်လာပြီး စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။ "မတိုင်မီက မင်းရဲ့ သားရေအိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ"
ကျူကျုံးက ဘာမှမသိသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ "ကန့်သန့်စုန်းရည် လေ"
ကျူကျုံးက ကန့်သန့်စုန်းရည်ဟု ပြောလိုက်သောအခါ တုကုယန်တင်မကဘဲ ဘေးနားရှိ လူအများစုပါ နားမလည်နိုင်ဘဲ ဖြစ်သွားကြသည်။
ထိုအချိန်တွင် ရောက်ရှိနေသော ဆရာတစ်ဦးက ဝင်ပြောလိုက်သည်။ "ဟဲဟဲ မြွေဆိုးတွေနဲ့ ဝိညာဉ်သားရဲတွေက ကန့်သန့်စုန်းရည်ရဲ့ အနံ့ကို မနှစ်သက်ကြတာ အမှန်ပဲ။ ဒါပေမဲ့ ကန့်သန့်စုန်းရည်က မြွေဆိုးအဆိပ်ကို ဒီလောက်အထိ ခြေဖျက်နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ မောင်ရင်ကတော့ မင်းရဲ့ ဗဟုသုတကို တကယ့်ကို အသုံးချနိုင်တာပဲ"
"ကျွန်တော့်ရဲ့ ပထမဝိညာဉ်ကွင်းက နှစ်ရာချီသက်တမ်းရှိတဲ့ အဆိပ်မြွေဆိုးဆီက ရခဲ့တာပါ။ အဲဒီတုန်းက ဘေးကင်းအောင်လို့ ကန့်သန့်စုန်းရည်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ကို ဝိညာဉ်ကွင်းရှာဖွေပေးတဲ့ ကျောင်းအုပ်ကြီးက အစွမ်းထက်လွန်းလို့..."
"အဲဒီ ကန့်သန့်စုန်းရည်က ပိုနေလို့ သိမ်းထားခဲ့တာ။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် အသုံးတည့်သွားတာပဲ" ကျူကျုံးက မျက်တောင်မခတ်တမ်း လိမ်ညာလိုက်သည်။ သူက ဤအရာအားလုံးကို ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်ဟု လူတိုင်းကို ထုတ်ပြော၍ မရနိုင်ချေ။
ရှောင်ဝူကမူ ဝမ်းသာအားရဖြင့် ပြေးဝင်လာပြီး ကျူကျုံး၏ လည်ပင်းကို ဖက်တွယ်ကာ ရွှင်မြူးစွာ အော်ဟစ်လိုက်သည်။ "ဝါး ကျုံးကလေး မင်းက တကယ့်ကို အစွမ်းထက်တာပဲ။ အဲဒီ အဘွားကြီးကိုတောင် အနိုင်ယူနိုင်ခဲ့တယ်"
ကျူကျုံး၏ ရှင်းပြချက်ကြောင့် တုကုယန်သည် စိတ်ပျက်သွားရသည်။ အဆိပ်ဒိုလော့၏ တစ်ဦးတည်းသော မြေးမလေးအနေဖြင့် သူမ အမြဲတမ်း ဂုဏ်ယူခဲ့ရသော မြွေဆိုးအဆိပ်မှာ ယခုကဲ့သို့ အလွယ်တကူ အခြေဖျက်ခံလိုက်ရသဖြင့် စိတ်ထိခိုက်သွားရသည်။ တုကုယန်သည် သူမ၏ လက်ကောက်ကို ချွတ်လိုက်ပြီး ရှောင်ဝူ၏ အရှေ့သို့ ပစ်ပေးလိုက်သည်။ "လောင်းကြေးက လောင်းကြေးပဲ။ ဒီ သုံးကုဗမီတာ ကျယ်ဝန်းတဲ့ ဝိညာဉ်သိုလှောင်လက်ကောက်က မင်းအတွက်ပဲ။ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်ဟာ တော်ဝင်တိုက်ပွဲဝင်အဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်တွေ ဖြစ်သွားကြပြီ"
ရှောင်ဝူက လက်ကောက်ကို ဖမ်းယူလိုက်ပြီး နားမလည်နိုင်ဘဲ မေးလိုက်သည်။ "အဘွားကြီး ဒါက ဘာကြီးလဲ"
ကျူကျုံးက ရှောင်ဝူ၏ ခေါင်းကို လက်ဝါးဖြင့် အသာအယာ ရိုက်လိုက်သည်။
"နာတယ် နာတယ်" ရှောင်ဝူက ခေါင်းကို ကိုင်ကာ ညည်းတွားလိုက်သည်။
"သူမကို အဘွားကြီးလို့ ခေါ်နေတုန်းပဲလား။ သူမက မင်းကို အဖိုးတန် ဝိညာဉ်သိုလှောင်ကိရိယာတောင် ပေးပြီးပြီပဲ။ ကျေးဇူးကန်းမနေနဲ့ အခုချက်ချင်း ‘မမယန်ယန်’ လို့ ခေါ်လိုက်စမ်း"
ရှောင်ဝူသည် မတိုင်မီက တုကုယန်နှင့် အဆင်မပြေဖြစ်ခဲ့သော်လည်း ကျူကျုံး၏ စကားကိုမူ နာခံရှာသည်။ သူမက တုကုယန်ကို အရိုအသေပေးလိုက်ရင်း "ကျေးဇူးတင်ပါတယ် မမယန်ယန်" ဟု ဆိုလိုက်သည်။
စိတ်ဓာတ်ကျနေသော တုကုယန်ပင် ကျူကျုံး၏ ပြုမူပုံကြောင့် အံ့သြသွားရသည်။ "ကျူကျုံး မင်းက..."
ကျူကျုံးက တည်ငြိမ်စွာ ဆိုလိုက်သည်။ "မတိုင်မီက ဖြစ်ပျက်ခဲ့တာတွေက နားလည်မှုလွဲတာ သက်သက်ပါ။ ဒါ့အပြင် အခုဆိုရင် ကျွန်တော်တို့အားလုံးက အဖွဲ့တစ်ခုတည်းက သူငယ်ချင်းတွေ ဖြစ်သွားကြပြီပဲ။ ဒီလို အသေးအဖွဲ ကိစ္စလေးနဲ့ အဆင်မပြေဖြစ်နေရတာ နှမြောစရာကောင်းပါတယ်"
ကျူကျုံး၏ စကားကြောင့် တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများက သူ့အပေါ် အမြင်ကြည်လင်သွားကြပြီး ဆရာချင်းမင် အပါအဝင် အခြားဆရာများပါ ကျေနပ်စွာ ခေါင်းငြိတ်လိုက်ကြသည်။
လူစုခွဲသွားကြပြီးနောက်။
ချင်းမင်က ပြုံးလျက် ဆိုလိုက်သည်။ "ဒါဆိုရင်လည်း ဒီည ကောင်းကင်မြို့တော်မှာ ငါပဲ အားလုံးကို အဝစား ကျွေးမွေးတော့မယ်"
အားလုံးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"ဟေး ဟုတ်ပြီ"
"ဆရာချင်းမင် သက်တော်ရာကျော် ရှည်ပါစေ"
...........
ထိုညတွင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့သား အများစုနှင့် အသင်းခေါင်းဆောင် ချင်းမင်တို့မှာ မူးယစ်နေခဲ့ကြသည်။ ရှောင်ဝူနှင့် တုကုယန်တို့သည်လည်း အတိတ်က ရန်ငြိုးများကို မေ့ဖျောက်ကာ အတူတူ ပျော်ရွှင်စွာ သောက်စားနေကြသဖြင့် တော်တော်လေး မူးနေကြပြီ ဖြစ်သည်။ ရဲ့လင်လင် တစ်ဦးတည်းသာ အရက်မသောက်ဘဲ အအေးအနည်းငယ်ကိုသာ သောက်လျက် တစ်ယောက်တည်း အထီးကျန်စွာ ထိုင်နေခဲ့သည်။ အခြားသူများက စကားလာပြောသည့်အခါတွင်လည်း စကားအနည်းငယ်သာ ပြန်လည်ဖြေကြားတတ်သည်။
စားပွဲသောက်ပွဲ ပြီးဆုံးသွားသည့်အခါ ကျူကျုံးသည် မူးနေသော ရှောင်ဝူကို သူမ၏ အခန်းသို့ လိုက်လံပို့ဆောင်ပေးပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့သည်။ သူသည် အရက်သောက်နိုင်သူ ဖြစ်သဖြင့် မူးယစ်ခြင်း မရှိချေ။ အခန်းထဲမှ ထွက်လာစဉ် တုကုယန်ကို အခန်းသို့ လိုက်ပို့ပြီး ပြန်လာသော ယွီထျန်းဟန်နှင့် ဆုံတွေ့ခဲ့သည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းငြိတ်ပြလိုက်ကြသည်။
ယွီထျန်းဟန်က တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။ "ဒီနေ့ နေ့ခင်းတုန်းက ယန်ယန်အပေါ် ညှာတာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်တာ မဟုတ်တာ ယန်ယန်က တကယ့်ကို အစွမ်းထက်တာပါ။ အကယ်၍ ကျွန်တော့်ဆီမှာ ကန့်သန့်စုန်းရည်သာ တိုက်တိုက်ဆိုင်ဆိုင် မရှိခဲ့ရင် ကျွန်တော် ရှုံးနိမ့်သွားလောက်ပါတယ်" ကျူကျုံးက အလျင်အမြန် ငြင်းဆိုလိုက်သည်။
ကျူကျုံး၏ လေးနက်လှသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ အမြဲတမ်း အေးစက်တတ်သော ယွီထျန်းဟန်ပင် နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်မိသည်။
အကယ်၍ သူတို့၏ တိုက်ပွဲကို ကိုယ်တိုင်မမြင်ခဲ့ရပါက ကျူကျုံး၏ စကားကို ယုံကြည်မိသွားပေလိမ့်မည်။ သူက စိတ်ထဲကနေ ‘ငါ မင်းကို မယုံဘူး ကောင်စုတ်လေး’ ဟု တွေးလိုက်သည်။
ယွီထျန်းဟန်သည် ကျူကျုံး၏ ဘေးမှ ဖြတ်ကျော်သွားစဉ် စကားတစ်ခွန်း ချန်ထားခဲ့သည်။ "နောက်တစ်ကြိမ်ကျရင် မင်းရဲ့ တကယ့်စွမ်းအားအစစ်ကို ငါ မြင်ချင်တယ်"
ကျူကျုံးက ခေါင်းငြိတ်ပြလိုက်ပြီး သူ၏ အခန်းဆီသို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။