အပိုင်း (၃၀) မင်းဆီက ရတနာသေတ္တာကို ငါလိုချင်တယ်
"ဟွန်း... ငါ့အထင်တော့ မင်းတို့အားလုံးက ဒီကလေးနှစ်ယောက်မှာ ငါတို့နဲ့ယှဉ်နိုင်တဲ့ အစွမ်းမရှိဘူးလို့ ထင်နေကြတာမလား" ဆရာချင်မင်းက လေသံကို ခပ်ဆတ်ဆတ်လေး ပြောင်းကာ ဆိုလိုက်သည်။
ဆရာ့စကားကြောင့် တော်ဝင်တိုက်ပွဲဝင်အဖွဲ့သားများအားလုံး တိတ်ဆိတ်သွားကြသည်။ ဤတိတ်ဆိတ်ခြင်းကား ငြင်းဆန်ရန်မရှိဘဲ တစ်ထပ်တည်း သဘောတူညီလိုက်သည့် သဘောပင် ဖြစ်ချေသည်။
ထိုစဉ်... ကျောက်စားပွဲဝိုင်းတွင် မျက်လုံးများကို မှိတ်ကာ တစ်ချက်မျှ မလှုပ်ရှားဘဲ ထိုင်နေခဲ့သည့် အသင်းခေါင်းဆောင် ‘ယုထျန်းဟန်’ က ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝင်ရောက်ပြောဆိုလာတော့သည်။
"ဆရာချင်... ဆရာက ကျွန်တော်တို့အဖွဲ့ရဲ့ အားကိုးရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို တစ်နှစ်ပတ်လုံး ကျင့်ကြံခြင်းလမ်းစဉ်မှာလည်း အများကြီး လမ်းညွှန်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး ဆရာ့ကို အလွန်ရိုသေ လေးစားကြပါတယ်။ ဒါပေမဲ့... အဲဒီအချက်က ဘယ်သူမဆို ကျွန်တော်တို့ တော်ဝင်အဖွဲ့ထဲကို စည်းကမ်းမရှိ ဝင်ချင်တိုင်း ဝင်လို့ရတယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူး မဟုတ်လား။"
ချင်မင်းက နဖူးကို လက်ဖြင့်အသာပွတ်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ သူ၏ ဤတပည့်ကြီးကား... သတ္တိရှိပြီး ပြတ်သားသည့်အပြင် အတွေးအခေါ် ရှိလှသဖြင့် နေရာတိုင်းတွင် အပြစ်ဆိုဖွယ်မရှိသော်လည်း... တစ်ခုတည်းသော အားနည်းချက်မှာ အလွန်အမင်း မာနကြီးပြီး အရှုံးမပေးလိုခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်သဏ္ဍာန်မှာ တိုက်ကြီးတစ်ခုလုံးတွင် ‘နံပါတ်တစ် သားရဲဝိညာဉ်’ ဟု ကျော်ကြားသော ‘ပြာပြာလျှပ်စီး နဂါးမင်း’ ဖြစ်နေသဖြင့်... စိတ်ထဲမှနေ၍ မိမိကိုယ်ကိုယ် ဒိုလော့တိုက်ကြီး၏ မျိုးဆက်သစ်လူငယ်များအကြားတွင် အာဇာနည်အဆင့်ဟု သတ်မှတ်ထားပုံရသည်။
ချင်မင်းက စိတ်ကို ပြန်လည်တည်ငြိမ်စေပြီးနောက် ကျူကျုံးနှင့် ရှောင်ဝူတို့ဘက်သို့ လှည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်သည်— "ကျူကျုံး... ရှောင်ဝူ မင်းတို့ရဲ့ ဝိညာဉ်သဏ္ဍာန်နဲ့ လက်ရှိ အဆင့်ကို သူတို့ သိအောင် တစ်ချက်လောက် ထုတ်ပြလိုက်စမ်းပါဦး။"
ရှောင်ဝူက ချက်ချင်း မလှုပ်ရှားသေးဘဲ ကျူကျုံးကို မော့ကြည့်ကာ ခွင့်ပြုချက်တောင်းသလို မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ ကျူကျုံးက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည့် အခါမှသာ...
နောက်စက္ကန့်တွင်... လင်းလက်တောက်ပသော အလင်းတန်းများက ဝါးတောငယ်လေးအတွင်း ဖြာထွက်သွားတော့သည်။ ထိုနူးညံ့သော အလင်းရောင်အောက်တွင် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ ထူးခြားသော ဝိညာဉ်အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး... ခြေဖဝါးအောက်မှနေ၍ ဝါ ဝါ ခရမ်း ဟူသော စံပြဝိညာဉ်ကွင်း သုံးကွင်းစီက တရွေ့ရွေ့ တက်လာကာ ခန္ဓာကိုယ်ပတ်လည်တွင် လှပစွာ ဝဲပျံနေတော့သည်။
"ကျူကျုံး... ဝိညာဉ်သဏ္ဍာန်က ‘ေငွပြာမြက်’ထိန်းချုပ်ရေးနဲ့ တိုက်စစ်အသွင် လက်ရှိ အဆင့် ၃၈ ရှိတဲ့ ဝိညာဉ်ကွင်းသုံးကွင်းပိုင် ‘ဝိညာဉ်သက်ကြီးဖြစ်ပါတယ်။"
"ရှောင်ဝူ... ဝိညာဉ်သဏ္ဍာန်က ‘ဝိညာဉ်ယုန်’ တိုက်ခိုက်ရေးအသွင် လက်ရှိ အဆင့် ၃၃ ဝိညာဉ်သက်ကြီး ဖြစ်ပါတယ်။"
"ဟင်..."
တော်ဝင်အဖွဲ့သားများအားလုံး အသက်ရှူပင် မှားလုမတတ် ဖြစ်သွားကြရချေပြီ။ စိတ်ထဲမှလည်း အံ့ဩတုန်လှုပ်စွာဖြင့် အေးစက်သော လေထုကို အလုအယက် ရှူသွင်းလိုက်မိကြသည်။
အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်မျှဖြင့် ‘ဝိညာဉ်သက်ကြီး’ အဆင့်သို့ ရောက်ရှိနေကြသည် ဟုတ်လား။ ဒါ ဘာနောက်ပြောင်မှုလဲ။ ဒိုလော့တိုက်ကြီးပေါ်မှာ ပါရမီရှင်တွေက ဒီလောက်တောင် အဖိုးမတန် ဖြစ်သွားကြပြီလား။
ဒုကုယန်က မယုံကြည်နိုင်စွာဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားရင်း အာမေဍိတ် ဥဒါန်းကျူးမိတော့သည်— "ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ အသက်က အခုမှ..."
အမြဲတမ်း မာနထောင်လွှားနေခဲ့သော ယုထျန်းဟန်ပင်လျှင် စကားလုံးများ ပျောက်ရှကာ ဆွံ့အသွားခဲ့ရသည်။ အသက် ၁၂ နှစ်အရွယ်တွင် အဆင့် ၃၈ ဟူသော အမှန်တရားက... သူ၏ တည်ဆောက်ထားသမျှ မာနတရားများကို မြေမှုန့်အလား တစ်စစီ ချေမှုန်းပစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဘေးနားတွင် ရပ်နေသော ဆရာချင်မင်းကတော့ စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်သွားရှာသည်။ ဤပြဿနာကောင် တပည့်တစ်စုမှာ နေ့တိုင်း မိမိကိုယ်ကိုယ် ကမ္ဘာ့အဆင့်ဟု ထင်နေကြသဖြင့်... ယခုလို အသိဉာဏ်ပွင့်သွားအောင် ဆုံးမလိုက်ခြင်းက အလွန် ကောင်းမွန်လှပေသည်။ အမှန်တော့... သူကိုယ်တိုင်လည်း ထိုအရွယ်တုန်းက ဤကဲ့သို့ပင် မာနထောင်လွှားခဲ့ဖူးသည် မဟုတ်ပါလား။
လူတိုင်း၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာပေးများကို မြင်လိုက်ရသည့်အခါ ရှောင်ဝူ၏ နှုတ်ခမ်းပါးလေးများက ဂုဏ်ယူဝင့်ကြွားစွာ ကွေးညွတ်သွားတော့သည်။ သူမက ဒုကုယန်ကို ကြည့်ကာ လျှာလေးထုတ်ပြီး ပြောင်လှောင်လိုက်၏— "ဟိဟိ... အဖွားကြီး အခုကော ကျွန်မနဲ့ ရှောင်ကျုံးကို လူကြီးလမ်းကြောင်းက ဝင်လာတာလို့ ပြောချင်သေးလား။"
"နင်..." တုကုယန်သည် ရှောင်ဝူ၏ စနောက်မှုကြောင့် ဒေါသဖြင့် မျက်ခုံးများ တွန့်ချိုးသွားခဲ့ရသည်။ သို့သော်လည်း အရှုံးမပေးတတ်သော မာနကြောင့် ချက်ချင်းပင် လေသံကို ပြန်တင်းလိုက်ရင်း— "ဟွန်း... ဝိညာဉ်စွမ်းအား မြင့်မားရုံနဲ့ ဘာလုပ်လို့ရမှာလဲ။ တကယ့် တိုက်ပွဲမြေပြင်မှာ အနိုင်ရဖို့က လက်တွေ့ တိုက်ခိုက်ရေးစွမ်းရည်ကပဲ အဓိကပဲ။ အကယ်၍ နင် ငါ့ကို အနိုင်တိုက်နိုင်ရင်... နင့်ရဲ့ အစွမ်းကို ငါ အသိအမှတ်ပြုပေးမယ်။"
"လာလေ... ဘယ်သူက ကြောက်မှာလဲ" ရှောင်ဝူက ဒုကုယန်၏ စိန်ခေါ်မှုကို ချက်ချင်း လက်ခံလိုက်တော့သည်။
ရှောင်ဝူ ဝင်ခွင့်ပြုလိုက်သည်ကို ကြားလိုက်ရသည့်အခါ တုကုယန်၏ နှုတ်ခမ်းထက်တွင် အောင်နိုင်သူအပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စိတ်ထဲမှ ကျိတ်၍ ရေရွတ်လိုက်မိသည်— "တကယ့်ကို လှည့်စားရလွယ်တဲ့ ကလေးမလေးပဲ။"
သူမ၏ ဝိညာဉ်သဏ္ဍာန်မှာ အဆိပ်အတောက် ပြင်းထန်လှသော ‘မြကျောက်စိမ်း မြွေဟောက်’ ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ထိန်းချုပ်ရေးအသွင် ဝိညာဉ်သခင် ဖြစ်သည်။ အဆင့်တူ တိုက်ပွဲများတွင်... မိမိ၏ ချစ်သူ ယုထျန်းဟန်မှလွဲ၍ ကျန်ရှိသောသူများကို ရှုံးနိမ့်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးဖူးချေ။ အထူးသဖြင့် မိမိထက် ဝိညာဉ်စွမ်းအား ၅ အဆင့်ပင် နိမ့်ကျနေသော... ယုန်ကလေးတစ်ကောင်ကိုမူ ပြောနေစရာပင် မလိုတော့ပါ။
ကျန်ရှိနေသော အဆင့် ၃၈ ရှိသည့် မြက်ပြာနု ဝိညာဉ်သခင် ဟုတ်လား။ မြက်ပြာနုဆိုတာ... အသုံးမကျတဲ့ အမှိုက်ဝိညာဉ် သက်သက်ပဲဥစ္စာ။ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ပဲ မြင့်နေပါစေ... အမှိုက်ကတော့ အမှိုက်ပဲ ဖြစ်နေမှာပဲ။
"တော်ဝင်တိုက်ပွဲဝင်အဖွဲ့ရဲ့ ဒုအသင်းခေါင်းဆောင် ဒုကုယန်... ဝိညာဉ်သဏ္ဍာန်က ‘မြကျောက်စိမ်း မြွေဟောက်’ အဆင့် ၃၈ ထိန်းချုပ်ရေး ဝိညာဉ်သခင်။ ကဲ... မင်းတို့နှစ်ယောက် တစ်ယောက်ချင်းပဲ လာမလား ဒါမှမဟုတ် နှစ်ယောက်စလုံး ပြိုင်တူပဲ တိုက်မလား။"
ပြောပြောဆိုဆိုဖြင့် ဒုကုယန်သည် သူမ၏ ဝိညာဉ်သဏ္ဍာန်ကို ဆင့်ခေါ်လိုက်ရာ... ခန္ဓာကိုယ်ပတ်လည်တွင် မီတာဝက်ခန့်ရှိသော စိမ်းမြမြ မြွေဟောက်အရှိန်အဝါကြီး ဖြစ်ပေါ်လာပြီး အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း ဟူသော ဝိညာဉ်ကွင်းများက ဝန်းရံလင်းလက်လာခဲ့တော့သည်။
ရှောင်ဝူသည် မိမိ၏ ဝိညာဉ်စွမ်းအားက တစ်ဖက်လူထက် နိမ့်ကျနေသည်ကို သိသော်လည်း... မာနအရ အရှုံးပေးရန် လုံးဝ မဖြစ်နိုင်ချေ။ သူမက ကျူကျုံး၏ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ရင်း— "ကျွန်မ..."
သူမ စကားမဆုံးခင်မှာပင်... နွေးထွေးသော လက်ဖဝါးတစ်ခုက သူမ၏ ပခုံးထက်သို့ ကျရောက်လာခဲ့ပြီး ကျူကျုံးက သူမကို အသာအယာ ဆွဲတားလိုက်သည်။
ကျူကျုံးက ခေါင်းကို ခါယမ်းပြရင်း— "ငါပဲ တိုက်ပါ့မယ်... သူမရဲ့ မြကျောက်စိမ်း မြွေဟောက်က အဆိပ် တော်တော်ပြင်းတယ်။"
'မင်းရဲ့ အဆင့်က သူမထက် အများကြီး နိမ့်နေတယ်... အဆိပ်မိရင် မင်း ဒဏ်ရာရလိမ့်မယ်။'
ဒီတစ်ကြိမ်တွင်မူ... ထူးဆန်းစွာပင် ရှောင်ဝူတစ်ယောက် ပြန်လည်ငြင်းဆန်ခြင်း မပြုတော့ဘဲ ပါးပြင်လေးနှစ်ဖက် ရဲခနဲ နီမြန်းသွားခဲ့ကာ... ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားရရှာသည်။ သူမ၏ စိတ်ကူးထဲတွင်မူ ကျူကျုံး၏ စကားသံကို— "မင်း ဒဏ်ရာရသွားရင်... ကိုယ် တော်တော်လေး စိတ်မကောင်းဖြစ်ရလိမ့်မယ် (ဒါကတော့ သူမ စိတ်ကူးယဉ်လိုက်တဲ့ ဒုတိယပိုင်းဖြစ်သည် ဟီးဟီး...)" ဟု ပြန်လည် ကြားယောင်နေပုံရသည်။
"ကျွတ်... ဒီယုန်မလေးကတော့ စိတ်ကူးယဉ်ကမ္ဘာထဲ ပြန်ရောက်သွားပြန်ပြီ" ကျူကျုံးက ‘အချစ်မူး’ နေသော ယုန်ကလေးကို လျစ်လျူရှုလိုက်ပြီး ဒုကုယန်ကို စိုက်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်သည်— "မင်းက အဆင့် ၃၈ ငါကလည်း အဆင့် ၃၈ ပဲ။ ပြီးတော့ နှစ်ယောက်စလုံးက ထိန်းချုပ်ရေးအသွင် ဝိညာဉ်သခင်တွေဆိုတော့... ဒီပွဲက တရားမျှတမှု ရှိပါတယ်။"
ဒုကုယန်ကမူ ကျူကျုံး၏ စကားကို ဂရုမစိုက်ချေ။ သူမ၏ အမြင်တွင်မူ... တစ်ယောက်ချင်းလာလာ နှစ်ယောက်လုံး လာလာ အဖြေကတော့ အတူတူပင် ဖြစ်လိမ့်မည်။ "ကောင်းပြီလေ... ဒါဆိုရင်တော့ ဟိုးဘက်က ကွင်းပြင်ကျယ်ဆီကို သွားကြစို့ အဲဒီနေရာက တိုက်ခိုက်ရတာ ပိုပြီး လွတ်လပ်တယ်။"
"ခဏနေဦး... ငါ့စကား မဆုံးသေးဘူး။"
"ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါ" ဒုကုယန်က စိတ်မရှည်တော့သော လေသံဖြင့် ဆိုလိုက်သည်။
ထိုစဉ်... ကျူကျုံး၏ မျက်နှာပေးက ရုတ်တရက် ပြောင်းလဲသွားပြီး လူဆိုးတစ်ယောက်အလား ကောက်ကျစ်သော အပြုံးတစ်ခုဖြင့်— "အကယ်၍ ငါတို့ ရှုံးရင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့ကနေ ထွက်ခွာပေးရမယ်... ဒါပေမဲ့ ငါတို့ နိုင်ရင်ကျတော့ ဘာမှမရဘူးဆိုတာ... တော်တော်လေး မတရားဘူး မဟုတ်လား။"
"ဒါဆို... မင်းက ဘာလိုချင်လို့လဲ။"
"အထွေအထူးတော့ မဟုတ်ပါဘူး... ငါ့နောက်က ယုန်မလေးမှာ အဝတ်အစားနဲ့ ပစ္စည်းတွေ ထည့်ဖို့ ‘ဝိညာဉ်သိုလှောင်သေတ္တာ’ တစ်ခု လိုအပ်နေလို့ပါ။" ရတနာသေတ္တာအကြောင်း ပြောမိသည့်အခါ ကျူကျုံးခမျာ ခေါင်းကိုက်သွားရရှာသည်။ သူသည် စနစ်ဆီကနေ နှစ်ပေါင်းများစွာ ခိုးယူလာခဲ့သော်လည်း ယခုထက်ထိ သိုလှောင်ရေးရတနာ တစ်ခုမျှ မရရှိခဲ့သေးချေ။ မိမိကိုယ်တိုင်တွင်မူ စနစ်၏ ကိုယ်ပိုင်အာကာသဟင်းလင်းပြင် ရှိနေသဖြင့် အထူးတလည် ဝယ်ယူရန် မစဉ်းစားခဲ့မိခြင်း ဖြစ်သည်။
အဓိက ပြဿနာမှာ... ထိုယုန်မလေးတွင်လည်း ထိုကဲ့သို့သော ရတနာမျိုး မရှိခြင်းပင်။ ကျောင်းဆင်းပြီးကတည်းက သူမ၏ အတွင်းခံအဝတ်အစားများနှင့် မိန်းကလေးသုံး ပစ္စည်းမျိုးစုံကို... ကျူကျုံး၏ လက်ထဲသို့သာ အတင်းအကြပ် ထိုးထည့်ထားသဖြင့်... သူခမျာ အရှက်သည်းကာ စိတ်ရူးပေါက်လုနီးပါး ဖြစ်ခဲ့ရသည့် အကြိမ်ပေါင်း မနည်းတော့ချေ။
"နင်..." တုကုယန်သည် ကျူကျုံး၏ လောဘကြီးလှသော စကားကြောင့် စိတ်ပျက်သွားခဲ့ရသည်။ သူက ရတနာသေတ္တာတစ်လုံးကို ဤမျှအလွယ်တကူ လိုချင်နေသည် ဟုတ်လား။ သူမအနေဖြင့် မိမိကိုယ်ကိုယ် ရှုံးနိမ့်လိမ့်မည်ဟု မတွေးထားဘဲ ရတနာတစ်ခုကိုလည်း နှမြောခြင်းမရှိသော်လည်း... ဤသို့ အနိုင်ကျင့်ခံရခြင်းကိုမူ ခွင့်မပြုနိုင်ချေ။
ထိုစဉ်... တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အသင်းခေါင်းဆောင် ယုထျန်းဟန်က တုကုယန်၏ ပခုံးကို အသာအယာပုတ်ကာ တိုးတိုးလေး သတိပေးလိုက်၏— "ယန်ဇီ... နောက်ကျရင် တကယ့်ကို သတိထားနော် တစ်ဖက်က လူငယ်က... ကြည့်ရတာ လုံးဝ မရိုးရှင်းဘူး။"
"ငါ နားလည်ပါတယ် ထျန်းဟန်။" ဒုကုယန်က ယုထျန်းဟန်၏ စကားကို လက်ခံလိုက်သော်လည်း... ကျူကျုံးကိုမူ စိတ်ထဲမှ အထင်ကြီးခြင်း မရှိသေးချေ။ သူမ၏ အမြင်တွင်မူ တစ်ဖက်လူက ရုပ်ချောရုံသက်သက်ရှိသော ပန်းအိုးတစ်လုံးမျှသာ ဖြစ်သည်။ မြက်ပြာနု ဝိညာဉ်က... ဘယ်လောက်အထိ စွမ်းဆောင်နိုင်မှာမို့လို့လဲ။
ဒုကုယန်က ကျူကျုံးကို စိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်သည်— "ကောင်းပြီ... ဒါပေမဲ့ အကယ်၍ မင်း ရှုံးခဲ့ရင်တော့... တော်ဝင်တိုက်ပွဲဝင်အဖွဲ့ကနေ ထွက်ရုံတင်မကဘဲ ကောင်းကင် တော်ဝင်အကယ်ဒမီကနေပါ လုံးဝ ထွက်ခွာသွားရမယ်။"
ကျူကျုံးက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်၏— "ကောင်းပြီ... ကိစ္စမရှိဘူး"
.......................
မကြာမီ... လူစုသည် ဝါးတောပြင်ပရှိ ကွင်းပြင်ကျယ်ကြီးဆီသို့ နေရာရွှေ့ပြောင်းလိုက်ကြပြီး တော်ဝင်အဖွဲ့၏ ခေါင်းဆောင် ဆရာချင်မင်းက ဒိုင်လူကြီးအဖြစ် တာဝန်ယူလိုက်သည်။
ကျူကျုံးနှင့် တုကုယန်တို့သည် ကွင်းပြင်၏ ဗဟိုတည့်တည့်တွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် မတ်တတ်ရပ်လိုက်ကြသည်။
"အတန်းဖော်ချင်း ယှဉ်ပြိုင်ကြတာဖြစ်လို့... အတိုင်းအတာတစ်ခုအထိပဲ ထိန်းသိမ်းကြပါ ထိခိုက်ဒဏ်ရာရတာမျိုး လုံးဝ မဖြစ်စေရဘူး" ဟု ဆရာချင်မင်းက သတိပေးလိုက်သည်။ သူသည် ဒုကုယန်၏ စွမ်းရည်ကို ကောင်းစွာသိရှိပြီး... သူမသည် မျိုးဆက်သစ်လူငယ်များအကြား ထိပ်တန်းအဆင့် ဖြစ်ကြောင်း ယုံကြည်ထားသည်။ သို့သော်လည်း... သူသည် ကျူကျုံး၏ စွမ်းရည်အစစ်အမှန်ကို ပို၍ စူးစမ်းချင်နေမိသည်။ အထူးသဖြင့်... အကယ်ဒမီ ပညာရေးကော်မတီဝင် ဝိညာဉ်ဒိုလော့ ‘ကျိလင်း’ ကိုယ်တိုင်က... ကျူကျုံး၏ မီးဓာတ်ပါဝင်သော ‘ငွေပြာမြက်’ ကို အဆုံးစွန်သော ဝိညာဉ်သဏ္ဍာန်နှင့် ယှဉ်နိုင်သည်ဟု ချီးကျူးခဲ့ဖူးရာ... လက်တွေ့တွင် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။