အခန်း (၃) ဝိညာဉ်နိုးထခြင်း အခမ်းအနား
ဝိညာဉ်နန်းတော်၏ ကရုဏာနှင့် အဘိုးအိုနှစ်ဦး၏ စစ်ပွဲ
အဘိုးအိုတွမ်၏ ဦးဆောင်မှုဖြင့် ကျူကျုံးသည် သူတော်စင်ဝိညာဉ်ရွာ၏ ဗဟိုချက်မတွင် တည်ရှိသော ‘ဝိညာဉ်နန်းတော်’ ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ဝိညာဉ်နန်းတော်ဟု ခမ်းနားကြီးကျယ်စွာ အမည်တပ်ထားသော်လည်း အမှန်စင်စစ်တွင်မူ သာမန်ထက် အနည်းငယ်ပို၍ ထွားကျိုင်းကြီးမားသော သစ်သားအိမ်ကြီးတစ်လုံးမျှသာ ဖြစ်ပေသည်။
ဤ ‘ဝိညာဉ်ကုန်းမြေတိုက်ကြီး’ တွင် လူတိုင်း၌ ကိုယ်ပိုင်ဝိညာဉ်ဟူ၍ ရှိကြသည်။ နှစ်စဥ်နှစ်တိုင်း ဤကဲ့သို့သော အချိန်အခါမျိုး ရောက်လာလျှင် ဝိညာဉ်နန်းတော်သည် အခြေခံလူတန်းစား ဆင်းရဲသားလေးများအတွက် ဝိညာဉ်နိုးထခြင်း အခမ်းအနားကို အခမဲ့ ပြုလုပ်ပေးရန် ဝိညာဉ်သခင်များကို စေလွှတ်ပေးလေ့ရှိသည်။
အမှန်အတိုင်း ဝန်ခံရလျှင် ဝိညာဉ်နန်းတော်၏ ဤစနစ်သည် ဆင်းရဲသားများအတွက် အလွန်ပင် အားကိုးရာရလှပေသည်။ ထို့ကြောင့်ပင် တစ်ဖက်မှ ဝိညာဉ်နန်းတော်၏ အကျိုးခံစားခွင့်များကို အပြည့်အဝ ခံစားနေကြပြီး အခြားတစ်ဖက်တွင်မူ ဝိညာဉ်နန်းတော်ကို မုန်းတီးနေကြသော လူများ၏ စိတ်ဓာတ်ကို ကျူကျုံးတစ်ယောက် တကယ်ပင် နားမလည်နိုင်တော့ချေ။ ထိုသူတို့၏ မျက်စိထဲတွင် အာဏာရှင်အင်ပါယာကြီးနှစ်ခုမှ အသုံးမကျသော မှူးမတ်မျိုးနွယ်စုများ၏ ဂုဏ်သတင်းကပင် ဝိညာဉ်နန်းတော်ထက် ပို၍ ကောင်းမွန်နေသေးပုံရသည်။
အကယ်၍ ဝိညာဉ်နန်းတော်သာ မရှိခဲ့လျှင်... နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးနောက်ပိုင်း ခေတ်ကာလများကဲ့သို့ သာမန်ဆင်းရဲသားများမှာ ဝိညာဉ်နိုးထခွင့်ပင်မရဘဲ ရုန်းထွက်ခွင့်မဲ့သွားကြမည့် အဖြစ်ကို သူတို့ ပျော်ရွှင်နေကြမည်လား။ ဝိညာဉ်သခင် မဖြစ်လာမီက မိမိတို့ကိုယ်တိုင်လည်း သာမန်ဆင်းရဲသား ဘဝကလာခဲ့သည်ကို သူတို့ မေ့လျော့နေကြပုံရသည်။
မူရင်းဇာတ်လမ်းအတိုင်းပင်... ယခုနှစ် သူတော်စင်ဝိညာဉ်ရွာ၏ ဝိညာဉ်နိုးထခြင်း အခမ်းအနားတွင် ကလေးငယ် ရှစ်ဦး ရှိသော်လည်း ယခုအခါ ကျူကျုံး တစ်ယောက် တိုးလာသဖြင့် စုစုပေါင်း ကိုးဦး ဖြစ်သွားသည်။
အဘိုးအိုတွမ်နှင့် ကျူကျုံးတို့ ရောက်ရှိလာချိန်တွင် အနည်းငယ် နောက်ကျသွားခဲ့ရာ ဝိညာဉ်နန်းတော်၏ တံခါးဝ၌ အဘိုးအိုဂျက်နှင့် ထန်ဆန်းတို့ သားအဖကို ကွက်တိပင် ဆုံတွေ့လိုက်ရတော့သည်။
အဘိုးအိုဂျက်နှင့် အဘိုးအိုတွမ်တို့မှာ အသိဟောင်း မိတ်ဆွေဟောင်းများ ဖြစ်ကြသော်လည်း ဘယ်သောအခါမှ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးလိုကြသဖြင့် ဆုံမိသည့်အခါတိုင်း လျှာအရိုးမရှိ တိုက်ပွဲများ စတင်တော့သည်။
အဘိုးအိုဂျက်က မေးရိုးကိုပင့်ကာ စတင်နှုတ်ဆက်လိုက်သည်။
"ဟားဟား... အဘိုးကြီးတွမ် မတွေ့တာကြာပြီပဲ။ မင်း သေသွားပြီလို့တောင် ငါ ထင်နေတာ"
အဘိုးအိုတွမ်ကလည်း အားကျမခံ နှာခေါင်းတစ်ချက်ရှုံ့ကာ ပြန်လည်တုံ့ပြန်လိုက်သည်။
"ဟားဟား... ငါ သေတော့ သေမလို့ပဲ ဒါပေမဲ့ ငရဲပြည်က ယမမင်းက ငါ့ကို အဝင်မခံဘဲ မောင်းထုတ်လိုက်လို့ ပြန်ရှင်လာတာကွ။ မင်းလို အဘိုးကြီး ဂျက်တောင် ငရဲမလားသေးတာ... ငါက ဘာလို့ အရင်သွားရမှာလဲ။"
ရန်သူချင်း ဆုံတွေ့ခြင်းနှင့် "မျက်ကန်းဒိုလော့" ဆူယွင်ထောင်း
စကားလက်ဆုံကျနေကြစဥ်... ကျူကျုံးနှင့် ထန်ဆန်းတို့သည်လည်း မျက်လုံးချင်း ဆုံမိသွားကြသည်။
ရန်သူချင်းဆုံလျှင် ကမ္ဘာမီးလောင်တတ်သည်ဟူသော စကားအတိုင်း ဖြစ်သည်။ အကြောင်းရင်းကို သေသေချာချာ မသိရသော်လည်း ထန်ဆန်းသည် အကြိမ်အနည်းငယ်မျှသာ တွေ့ဖူးသည့် မိမိနှင့် သက်တူရွယ်တူ ကောင်စုတ်လေးကို မြင်လျှင် မြင်ချင်း အလိုလို နေရင်းနှင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်လာရသည်။
ထန်ဆန်းသည် ထိုဖြဲစပ်စပ်မျက်နှာကြီးကို မြင်လိုက်ရသည့် အကြိမ်တိုင်းတွင် ပုံမှန်ရှိနေကျ တည်ငြိမ်မှုများ ပျောက်ဆုံးကာ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးပစ်ချင်စိတ်များ တားမနိုင်ဆီးမရ ပေါ်ပေါက်လာတတ်သည်။ သို့သော် ဘေးတွင် အဘိုးအိုဂျက် ရှိနေသဖြင့် သူ မည်သို့မျှ မလှုပ်ရှားရဲချေ။ မျက်နှာတစ်ခုလုံး စိတ်တိုတိုနှင့် နီမြန်းလာပြီးနောက် အဖက်မလုပ်ချင်တော့သဖြင့် အဘိုးအိုဂျက်ကို နှုတ်ဆက်ကာ ဝိညာဉ်နန်းတော်အတွင်းသို့ တစ်ကိုယ်တည်း ဦးစွာ လျှောက်လှမ်းဝင်ကြေး သွားတော့သည်။
{ဒင် ထန်ဆန်းသည် ပိုင်ရှင်ကို အလွန်ပင် ကြည့်မရ ဖြစ်နေပါသည်။ မုန်းတီးမှုအဆင့် (၆%) သို့ တိုးမြင့်သွားပြီး မုန်းတီးမှုအမှတ် (၁၀၀) ရရှိပါသည်။}
ကျူကျုံးသည် စိတ်ထဲတွင် ကျေနပ်စွာ လှောင်ပြုံးပြုံးနေသော်လည်း အပြင်ပန်းတွင်မူ ဘာမျှမသိရှာသည့် ကလေးငယ်တစ်ဦးအလား ဟန်ဆောင်ကာ ၎င်းတို့နောက်သို့ လိုက်ပါသွားခဲ့သည်။
ဝိညာဉ်နန်းတော်အတွင်း၌ ကျူကျုံးနှင့် ထန်ဆန်းအပါအဝင် ကလေးကိုးယောက်အပြင် လူငယ်တစ်ဦးလည်း ရှိနေသည်။ ထိုလူငယ်မှာ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိဦးမည်ဖြစ်ပြီး ခန့်ညားထက်မြက်သော ရုပ်ရည်ရှိကာ ညှပ်ကပ်နေသော ဝတ်စုံဖြူကို ဝတ်ဆင်လျက် ကျောဘက်တွင် ဝတ်ရုံနက်တစ်ထည်ကို ဆင်မြန်းထားသည်။ ရင်ဘတ်တည့်တည့်တွင်မူ လက်သီးဆုပ်ခန့်ရှိသော ‘ဝိညာဉ်’ ဟူသည့် စာလုံးကြီးကို ထင်ရှားစွာ ထိုးနှံထားရာ ၎င်းမှာ ဝိညာဉ်နန်းတော်၏ တိုက်ရိုက်လက်အောက်ခံ ဝန်ထမ်းတစ်ဦး၏ စံပြဝတ်စုံပင် ဖြစ်သည်။
သူ၏ ဘယ်ဘက်ရင်ဘတ်တွင်မူ တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေသော ရှည်လျားသည့် ဓားမြှောင်သုံးစင်း ပုံသဏ္ဌာန် တံဆိပ်တစ်ခုကို တပ်ဆင်ထားသည်။
ဓားသုံးစင်းမှာ ဝိညာဉ်သခင်၏ တတိယမြောက်အဆင့်ဖြစ်သော ‘ဝိညာဉ်မဟာဆရာ’ကို ကိုယ်စားပြုပြီး ရှည်လျားသော ဓားမြှောင်ပုံစံမှာ ဤဝိညာဉ်နန်းတော်မှ သံတမန်သည် တိုက်ခိုက်ရေးဝိညာဉ်သခင်ဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
ကျူကျုံးသည် အုပ်စု၏ နောက်ဆုံးတွင် မတ်တတ်ရပ်နေရင်း ရှေ့မှ လူငယ်ကို ကြည့်ကာ စိတ်ထဲတွင် တခစ်ခစ် ရယ်မောနေမိသည်။
'ကြည့်ရတာ ဒါက ဝတ္ထုထဲက မျက်ကန်းဒိုလော့... ဆူယွင်ထောင်း မဟာဆရာကြီးပဲ ဖြစ်ရမယ်။ နောက်ဆုံးတော့ ဒီအပျိုကြီးအို လူပျိုကြီးအို ဝိညာဉ်သခင်နဲ့ တွေ့ခွင့်ရပြီပဲ။'
လူငယ်က အနည်းငယ် ပြုံးပြလိုက်ပြီး လေးနက်သော လေသံဖြင့်
"ငါ့နာမည်က ဆူယွင်ထောင်း အဆင့် (၂၆) ရှိတဲ့ ဝိညာဉ်မဟာဆရာတစ်ယောက်ဖြစ်ပြီး မင်းတို့ကို လမ်းပြပေးမယ့်သူပဲ။ အခု... မင်းတို့ကို တစ်ယောက်ချင်းစီအလိုက် ဝိညာဉ်နိုးထခြင်း အခမ်းအနား ပြုလုပ်ပေးမယ်။ မှတ်ထားပါ... ဘာပဲဖြစ်လာဖြစ်လာ လုံးဝမကြောက်ကြနဲ့။"
ထို့နောက် ဆူယွင်ထောင်းက ခပ်တိုးတိုး အော်ဟစ်လိုက်သည်။
"ဝိညာဉ်ပိုင်ဆိုင်ခြင်း... တောဝံပုလွေ"
ဆူယွင်ထောင်း၏ ခန္ဓာကိုယ်သည် မူရင်းဇာတ်လမ်းအတိုင်းပင် မျက်လုံးများ ဖြူဝါရောင်သန်းကာ ဝံပုလွေလူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ခြေဖဝါးအောက်မှနေ၍ ဝိညာဉ်ကွင်းများ တက်လာသည်ကို ကျူကျုံး မြင်တွေ့လိုက်ရသည်။
ဝံပုလွေလူသား၏ ကြောက်မက်ဖွယ်ကောင်းလှသော ရုပ်သွင်ကြောင့် ကြိုတင်ပြင်ဆင်ထားသည့် ကျူကျုံးပင်လျှင် ရင်ထိတ်သွားရသည်။ ဝံပုလွေလူသားတစ်ယောက်ကို လူကိုယ်တိုင် အပြင်မှာ မြင်ဖူးခြင်းမှာ ယခုက ပထမဆုံးအကြိမ် မဟုတ်ပါလား။
ထို့နောက်တွင်မူ ဝိညာဉ်နိုးထခြင်း လုပ်ငန်းစဉ်သည် မူရင်းအတိုင်းပင် ချောမွေ့စွာ ဆက်လက် လည်ပတ်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပထမဆုံး ကလေးခုနစ်ယောက်၏ နိုးထလာသော ဝိညာဉ်များမှာ ကောက်ရိုးရိတ်တံစဥ် သို့မဟုတ် သာမန်ငွေပြာမြက်များသာ ဖြစ်ကြပြီး မည်သူ့တွင်မျှ ဝိညာဉ်စွမ်းအား ပါမလာခဲ့ချေ။
နောက်ဆုံးတွင် အဋ္ဌမမြောက်ဖြစ်သော ထန်ဆန်း၏ အလှည့်သို့ ရောက်ရှိလာခဲ့ပြီ။
ဝိညာဉ်နိုးထခြင်း စက်ဝိုင်းအတွင်း၌ ထန်ဆန်း ရှိနေစဥ် သူ၏ ညာဘက်လက်ဝါးပြင်ပေါ်တွင် အလင်းတန်းများ စုစည်းလာပြီး အခြားသူများထက် များစွာပို၍ ကြီးမားခမ်းနားကာ စွဲမက်ဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့သည်။
ဆူယွင်ထောင်းသည် ပထမတွင် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေမိသော်လည်း နောက်ပိုင်းတွင် အံ့အားသင့်သွားရသည်။ သို့သော် အဆုံးသတ်တွင်မူ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိသော်လည်း ပေါ်ထွက်လာသည်မှာ အသုံးမကျသော ‘ငွေပြာမြက်’ ဖြစ်နေသဖြင့် စိတ်ပျက်သွားရှာသည်။
ဆူယွင်ထောင်းက စိတ်ပျက်လက်ပျက်ဖြင့် အေးစက်စွာ ဆိုလိုက်သည်။
"ဝိညာဉ်ကတော့... ငွေပြာမြက်ပဲ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် (အဆင့် ၁၀) ပါတာတော့ နှမြောစရာပဲ။ ကဲ... နောက်တစ်ယောက်"
ကျူကျုံးသည် ထန်ဆန်း၏ ကျောဘက်တွင် တင်းတင်းဆုပ်ထားသော ဘယ်ဘက်လက်သီးကလေးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူသည် ညာဘက်လက်ဖြင့် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
'ကြည့်ရတာ... ငွေပြာဧကရာဇ် သွေးမျိုးဆက်ရဲ့ အထောက်အပံ့ မရှိတော့ရင်တောင်... သူက ‘အမြွှာဝိညာဉ်’ အဖြစ် နိုးထလာတုန်းပဲပေါ့။' ထို့နောက် သူသည် ထန်ဆန်း၏ ညာဘက်လက်ဝါးပေါ်ရှိ ငွေပြာမြက်ကလေးကို စိုက်ကြည့်ကာ ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။
နောက်ဆုံးတွင် ကျူကျုံး၏ အလှည့်သို့ ရောက်ရှိလာခဲ့ပြီ။ ဆူယွင်ထောင်းက ဘာမျှမပြောရသေးမီမှာပင် သူသည် နက်မှောင်သော ကျောက်တုံးခြောက်တုံး၏ အလယ်ဗဟိုတည့်တည့်သို့ အလိုလို ဝင်ရောက်ရပ်တန့်လိုက်သည်။
ဆူယွင်ထောင်းက ဝိညာဉ်စွမ်းအား ခြောက်လိုင်းကို ပေးပို့လိုက်သည်နှင့် တစ်ပြိုင်နက် လင်းလက်တောက်ပသော ငွေဖြူရောင် အလင်းတန်းကြီးသည် တဖန် ပြန်လည် ထိန်လင်းလာတော့သည်။
ဝိညာဉ်နိုးထခြင်း အစီအရင်အတွင်းသို့ နစ်မြုပ်နေသော ကျူကျုံးသည် ငွေဖြူရောင် အလင်းတန်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ အစီအရင်၏ စွမ်းအင်များ စီးဆင်းလာသည်နှင့်အမျှ ကျူကျုံးသည် ထူးဆန်းပြီး နွေးထွေးလှသော ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ဂလောက်...
ခန္ဓာကိုယ်အတွင်းရှိ အရာတစ်ခုခုက အပိုင်းပိုင်းအစစ ကွဲအက်သွားသလို ကျူကျုံး ရှင်းလင်းစွာ ခံစားလိုက်ရပြီး နွေးထွေးလှသော အသက်ရှူသံများ အားလုံးသည် တစ်ခဏချင်းမှာပင် သူ၏ လက်ဝါးပြင်ဆီသို့ ပြေးဝင်စုစည်းသွားတော့သည်။
အလင်းတန်းများကြားမှ... ယခင် ထန်ဆန်း၏ ငွေပြာမြက်နှင့် မတူဘဲ ပို၍ကြီးမားထွားကျိုင်းကာ ထူးခြားဆန်းပြားသော ရှေးဟောင်းပုံစံ နွယ်ပင်အဆင်တန်ဆာများ ပါရှိသည့် ‘ငွေပြာမြက်’ တစ်ပင်သည် ကျူကျုံး၏ လက်ဝါးပေါ်တွင် ဖြည်းညင်းစွာ ပုံဆောင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျူကျုံး၏ ခန္ဓာကိုယ်၌လည်း အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာတော့သည်။ သူ၏ မူလ ဂျုံရောင် အသားအရေသည် နို့နှစ်ရောင်အလား ဖြူစင်ဝင်းပလာပြီး တိုတောင်းသော ဆံပင်နက်များသည်လည်း တရိပ်ရိပ် ရှည်လျားလာကာ တောက်ပသော ‘ငွေပြာရောင်’ အဖြစ်သို့ ကူးပြောင်းသွားလေတော့သည်။
{ဒင် ဂုဏ်ယူပါသည်... ပိုင်ရှင်၏ ဝိညာဉ်နိုးထခြင်း ‘ငွေပြာဧကရာဇ်’။ ဝိညာဉ်စွမ်းအား အဆင့် ၁၀ (အမြင့်ဆုံး) သို့ ရောက်ရှိသွားပြီး ခိုးယူခွင့် (၁၀) ကြိမ်အား ဆုလာဘ်အဖြစ် ပေးအပ်လိုက်ပါသည်။}
{ဒင် ထန်ဆန်းသည် ပိုင်ရှင်အပေါ် မနာလိုစိတ် ပြင်းထန်နေပါသည်။ မုန်းတီးမှုအဆင့် (၈%) သို့ တိုးမြင့်သွားပြီး မုန်းတီးမှုအမှတ် (၂၀၀) ရရှိပါသည်။}
{တီ... ဝိညာဉ်နိုးထခြင်း ပြီးမြောက်သဖြင့် ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်ပြကွက်ကို အလိုလို ဖွင့်လှစ်ပေးလိုက်ပါသည်။}
ပိုင်ရှင် : ကျူကျုံး
ကျား/မ : ကျား
အသက် : ၆ နှစ် (ယခင်ဘဝ အသက် ၂၅ နှစ်)
ကိုယ်ပိုင်ဝိညာဉ် : ငွေပြာဧကရာဇ် (နိုးထပြီး)
မွေးရာပါ ဝိညာဉ်စွမ်းအား : အဆင့် ၁၀ (အမြင့်ဆုံး)
ဝိညာဉ်စွမ်းအားအဆင့် : အဆင့် ၁၀
အခြေခံခွန်အား : ၁၅ (သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခွန်အားမှာ ၁၀ ဖြစ်သည်)
စနစ်သိုလှောင်ရုံ : မရှိပါ
ခြုံငုံသုံးသပ်ချက် : အမှိုက်ပုံထဲမှ အသုံးမဝင်သော ဘဝမှသည် အနည်းငယ် ပိုမိုကောင်းမွန်သော အဆင့်သို့ ရောက်ရှိလာပါပြီ။
ကျန်ရှိသော ခိုးယူခွင့်အရေအတွက် : ၁၀ ကြိမ်
မုန်းတီးမှုအမှတ် : ၈၀၀ မှတ်
ခိုးယူပြီးသော ကမ္ဘာ : ဝိညာဉ်ကုန်းမြေတိုက်ကြီး
"ဟားဟား... ငွေပြာဧကရာဇ်ကတော့ တကယ့်ကို နာမည်ကြီးလှတဲ့အတိုင်း ဟောက်ထျန်တူနဲ့ ယှဉ်နိုင်စွမ်းရှိတဲ့ ဝိညာဉ်ပဲ။ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်တောင် ပါလာတယ်ဟေ့။"
သို့သော်လည်း နောက်ထပ် တစ်လခန့် စောင့်ဆိုင်းရဦးမည်ဖြစ်ရာ ထိုအတောအတွင်း ခန္ဓာကိုယ်ကို ပိုမိုသန်မာအောင် လေ့ကျင့်ခန်း လုပ်ရဦးမည် ဖြစ်သည်။
ဝိညာဉ်နန်းတော်၏ အပြင်ဘက်တွင်မူ အဘိုးအိုဂျက်နှင့် အဘိုးအိုတွမ်တို့သည် ရန်ဖြစ်ခြင်းကို ရပ်တန့်လိုက်ကြသည်မှာ ကြာပြီဖြစ်သည်။
နှစ်ယောက်သား အခန်းတံခါးဝတွင် စိုးရိမ်စိတ်များကြောင့် ဟိုဟိုဒီဒီ လျှောက်လှမ်းရင်း ရင်တမမဖြင့် စောင့်ဆိုင်းနေကြသည်။
ကျွီ...
ဝိညာဉ်နန်းတော်၏ သစ်သားတံခါးကြီး ပွင့်ဟလာပြီး ဆူယွင်ထောင်းသည် ကလေးငယ်များကို ခေါ်ဆောင်၍ အပြင်သို့ ထွက်လာခဲ့သည်။ ကလေးအများအပြားကို ဝိညာဉ်နိုးထပေးခဲ့ရသဖြင့် ဆူယွင်ထောင်း၏ ဝိညာဉ်စွမ်းအားမှာ များစွာ ကုန်ခမ်းသွားခဲ့ပြီး တစ်ကိုယ်လုံး နုံးခွေပန်းလျနေဟန် ရှိသည်။
သို့သော် သူ၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ခြင်းအားဖြင့် စိတ်အခြေအနေ အလွန်ကောင်းမွန်နေမှန်း သိသာလှပေသည်။ သေချာပေါက် ကလေးတစ်ယောက်ယောက်က ကောင်းမွန်သော ဝိညာဉ်ကို နိုးထနိုင်ခဲ့၍ ဖြစ်ရပေမည်။
အဘိုးအိုဂျက်သည် အားတက်သရော ရှေ့သို့ တိုးသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
"ဘယ်လိုလဲ... ဆူယွင်ထောင်း မဟာဆရာကြီး။ ဒီနှစ် ငါတို့ သူတော်စင်ဝိညာဉ်ရွာကနေ ဝိညာဉ်စွမ်းအားပါတဲ့ ကလေး ထွက်လာရဲ့လား။"
ဆူယွင်ထောင်းက ပထမတွင် ခေါင်းညိတ်လိုက်သော်လည်း နောက်ပိုင်းတွင် နှမြောတသစွာဖြင့် ခေါင်းခါယမ်းလျက်
"ထွက်တော့ ထွက်ပါတယ်... ဒါပေမဲ့ စိတ်မကောင်းစရာပဲ။ မင်းတို့ သူတော်စင်ဝိညာဉ်ရွာက ထန်ဆန်းဆိုတဲ့ ကောင်လေးက မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် (အဆင့် ၁၀) တောင် ပါလာခဲ့ပေမယ့်... ကံဆိုးချင်တော့ သူ့ရဲ့ ဝိညာဉ်က အသုံးမဝင်တဲ့ ငွေပြာမြက် သက်သက် ဖြစ်နေတယ်။"
ထို့နောက် ဆူယွင်ထောင်း၏ မျက်ဝန်းအစုံမှာ ပိုမိုမှေးမှိန်သွားပြီး မနာလိုမှုအနည်းငယ် ရောပြွမ်းနေသော လေသံဖြင့်
"မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ဆိုတာ လူတစ်သန်းမှာ တစ်ယောက်တောင် ပေါ်ဖို့ခက်တဲ့ ပါရမီမျိုးပဲ။ အဲ့ဒီပါရမီသာ ငါ့မှာ ရှိခဲ့ရင် ငါ အခုလောက်ဆို ဝိညာဉ်ဘုရင်၊ ဝိညာဉ်ဧကရာဇ်မကလို့ ဝိညာဉ်သူတော်စင်တောင် ဖြစ်နေလောက်ပြီ။"
အဘိုးအိုဂျက်သည် ထန်ဆန်း၏ လက်ကလေးကို အမြန်ဆွဲကိုင်လိုက်ရင်း ပျာပျာသလဲ မေးမြန်းရှာသည်။
"အသုံးမဝင်တဲ့ ဝိညာဉ်... ငွေပြာမြက် ဟုတ်လား။ အဲ့ဒါဆို ဘယ်လိုလုပ်မလဲ... ဒီကလေးက ဝိညာဉ်သခင် ဖြစ်လာနိုင်ပါဦးမလား။"
ဆူယွင်ထောင်းက မျက်လုံးကို အနည်းငယ် ကစားလိုက်ရင်း သူ၏ ချောမွေ့သော မေးစေ့ကို ပွတ်သပ်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားခဲ့သည်။
"ဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ မျှော်လင့်ချက် အများကြီးတော့ မထားပါနဲ့။ ငွေပြာမြက်ဆိုတာ သံသယဖြစ်စရာမလိုဘဲ အသုံးမဝင်တဲ့ ဝိညာဉ်ဖြစ်လို့ သူ့ရဲ့ အောင်မြင်မှုက အကန့်အသတ်ပဲ ရှိလိမ့်မယ်။"
"ဝိညာဉ်သခင် ဖြစ်နိုင်ရင်ပဲ တော်ပါပြီ... ဝိညာဉ်သခင် ဖြစ်နိုင်ရင်ပဲ ကျေနပ်ပါပြီ ငါတို့ သူတော်စင်ဝိညာဉ်ရွာမှာ ဝိညာဉ်သခင် မထွက်ပေါ်ခဲ့တာ ဆယ်စုနှစ်ချီနေပြီ" စကားပြောရင်း အဘိုးအိုဂျက်၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာပြီး သူ၏ မိတ်ဆွေဟောင်း အဘိုးအိုတွမ်ကို ကြည့်သည့် အကြည့်များမှာ ပိုမိုရင့်သီးကာ နှာခေါင်းကို အထက်သို့ ပင့်မြှောက်ထားလေသည်။ သူ၏ အမူအရာမှာ 'တွေ့လား... မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ဆိုတာ ငါတို့ သူတော်စင်ဝိညာဉ်ရွာကကွ' ဟု ကြုံးဝါးနေသည့်အလား။
သို့သော်လည်း အဘိုးအိုတွမ်ကမူ အဘိုးအိုဂျက်၏ အကြည့်များကို လုံးဝသတိမထားမိဘဲ မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ဝေဝေဝါးဝါး ရှာဖွေနေရှာသည်။
"ထူးဆန်းတယ်... ငါတို့ရွာက ကောင်စုတ်လေး ကျူကျုံး ဘယ်ရောက်သွားပါလိမ့်..."