အပိုင်း (၂၉) ကောင်းကင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့
ကောင်းကင် တော်ဝင်အကယ်ဒမီ၏ ဆိတ်ငြိမ်လှသော ဝါးတောစိမ်းလေးတစ်ခုအတွင်းဝယ်...
တစ်ယောက်တစ်မျိုးစီ ထူးခြားဆန်းသစ်သော အသွင်အပြင်ရှိကြသည့် လူငယ် လူရွယ် ခုနစ်ဦးသည် ကျောက်စားပွဲဝိုင်းတစ်ခုကို ဝန်းရံလျက် လက်ဖက်ရည် သောက်နေကြသည်။ စားပွဲထက်တွင်လည်း လတ်ဆတ်သော သစ်သီးဝလံများနှင့် သရေစာမုန့်မျိုးစုံကို ခင်းကျင်းထားသည်။ သူတို့သည် အကယ်ဒမီရှိ အခြားကျောင်းသားများနှင့်မတူဘဲ... ရွှေဝါဖျော့ရောင် ကျောင်းဝတ်စုံများကို ဝတ်ဆင်မထားကြချေ။ သို့သော်လည်း ဖြတ်သန်းသွားလာနေကြသော ကျောင်းသားများမှာ ထူးဆန်းသည်ဟု မထင်မှတ်ကြသည့်အပြင်... ၎င်းတို့ကို သွားရောက်မနှိုးဆွမိစေရန် ဘေးမှနေ၍ ခပ်ခွာခွာသာ ရှောင်ကွင်းသွားကြလေသည်။
ကျောက်စားပွဲ၏ ဗဟိုတည့်တည့်တွင်မူ... ဆံပင်နက်ရှည်ကို ပိုင်ဆိုင်ထားပြီး သွယ်လျတောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် လူငယ်တစ်ဦး ထိုင်နေသည်။ သူသည် အလွန်အမင်း ချောမောလှပနေခြင်းမျိုး မဟုတ်သော်လည်း... တစ်ချက်မျှ မလှုပ်ရှားသော မျက်နှာသေကြီးမှာ မျက်နှာကြွက်သားများပင် တောင့်တင်းနေသလောဟု ထင်မှတ်ရလောက်အောင် တည်ငြိမ်အေးစက်လွန်းလှသည်။
ထိုလူငယ်၏ ဘေးနားတွင်မူ မိန်းကလေးတစ်ဦးက ပျင်းရိငြီးငွေ့ဖွယ်ရာ အမူအရာဖြင့် သူ၏ ပခုံးကို မှီတွယ်ထားသည်။ သူမ၏ တိုတောင်းသော ခရမ်းရင့်ရောင် ဆံနွယ်များက ရဲရင့်ပြတ်သားသော အသွင်ကို ဆောင်နေသော်လည်း... ထူးဆန်းသည်မှာ သူမ၏ မျက်ဝန်းအစုံမှာ မိစ္ဆာဆန်ဆန် စိမ်းမြမြ တောက်ပနေခြင်းပင် ဖြစ်သည်။ သူမသည် ရှုမငြီးလောက်အောင် လှပလွန်းသည့် ထိပ်တန်းအလှကွက်မျိုး မဟုတ်သော်လည်း... ယောက်ျားသားတို့ကို ဆွဲဆောင်ညှို့ယူနိုင်သော မြင်သူအပေါင်းကို မိန်းမောသွားစေနိုင်သော ဆန်းကြယ်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။ ယခုလည်း သူမသည် မျက်လုံးများကို မှိတ်ကာ အနားယူနေသော လူငယ်လေးအတွက် ညင်သာစွာ လက်ဖက်ရည် ငှဲ့ပေးနေရှာသည်။
"ယန်ဇီ... ဆရာချင်မင်းက ငါတို့ကို ဘာလို့ ဒီလောက်အလောတကြီး ခေါ်ရတာလဲဟင်။ စာသင်နှစ်သစ်က အခုမှ စတာတင် ရှိသေးတာကို။ ငါတို့က ကျောင်းမှာ ဘာမှမလုပ်ဘဲ ထိုင်ဖြုန်းနေတဲ့ ဟိုအသုံးမကျတဲ့ ကောင်တွေနဲ့မှ မတူတာ။"
စကားဆိုလာသူကား... ဆံပင်တိုတို ငွေရောင်ဖျော့ဖျော့ဖြင့် ချောမောခန့်ညားသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ခြေထောက်တစ်ဖက်ကို ကျောက်စားပွဲပေါ် ရောက်လုနီးပါး ချိတ်ထိုင်ထားပြီး... ကြည့်ရုံမျှဖြင့်ပင် မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော လွတ်လပ်ပေ့ါပါးသူတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။ သူသည် စကားပြောရင်း လမ်းလျှောက်လာသော ကျောင်းသားတစ်ဦးကို မျက်စိထောင့်မှ ဖြတ်ခနဲ ကြည့်လိုက်ရာ... ထိုကျောင်းသားခမျာ ကြောက်လန့်တကြားဖြင့် ခြေလှမ်းများကို သုတ်ခြေတင်ကာ ပြေးလွှားသွားရတော့သည်။
ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက သူ့ကို မျက်စောင်းထိုးကာ မနူးညံ့သော လေသံဖြင့် ဆိုလိုက်သည်— "ငါက ဘယ်လိုလုပ် သိမှာလဲ။ ပြီးတော့ မင်းရဲ့ ခြေထောက်ကို မြေပြင်ပေါ် အမြန်ပြန်မချရင်တော့... ဘာမုန့်မှ စားရဖို့ မမျှော်လင့်နဲ့တော့။"
"အိုကေ... အိုကေ... အခုချပါပြီ အခုချပါပြီ။"
ခရမ်းရောင်ဆံပင်နှင့် မိန်းကလေး၏ မျက်နှာအမူအရာကြောင့် ငွေရောင်ဆံပင်နှင့် လူငယ်မှာ မတတ်နိုင်တော့ဘဲ ခြေချိတ်ထားသည်ကို လက်လျှော့ကာ ပြန်လည် ချလိုက်ရတော့သည်။
ထိုစဉ်... အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သရော်စာဖြင့် ဝင်ပြောလာ၏— "မင်းတို့ ကြားပြီးကြပြီလား။ ‘ရှုပင်း’ ဆိုတဲ့ ဟိုမင်းသားအလကားကောင်က... ဒီနေ့ မွန်းတည့်ချိန်တုန်းက ကျောင်းသားသစ် နှစ်ယောက်ရဲ့ အရိုက်အနှက်ကို ခံလိုက်ရတယ်တဲ့။"
"ဟားဟား... တကယ်ကြီးလားကွာ။ ဒါဆိုရင်တော့ ပွဲက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပြီပဲ။ ငါလည်း အဲဒီ သခင်လေးကို ကြည့်မရတာ ကြာပြီ။ အဖေသာ တားမထားရင်... သူ့ကို ဆော်ပလော်တီးပစ်တာ ကြာလှပေါ့" ဟု အပြာရောင်ဝတ်စုံနှင့် လူငယ်က လှမ်း၍ ထောက်ခံလေသည်။
အဖွဲ့ထဲမှ နောက်ဆုံး မိန်းကလေးတစ်ဦးမှာမူ... တစ်ကိုယ်လုံးကို အနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း အနက်ရောင် ကန့်လန့်ကာစ (မျက်နှာဖုံး) ကို အုပ်ဆိုင်းထားကာ... ဘေးနားတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း ဝေးလံသော နေရာတစ်ခုဆီသို့ ငေးမောကြည့်ရှုနေခဲ့သည်။
ဤခုနစ်ဦးကား... ကောင်းကင် တော်ဝင်အကယ်ဒမီ၏ အကောင်းဆုံးသော ပါရမီရှင် အမာခံများ ဖြစ်ကြပေသည်။
အသင်းခေါင်းဆောင်: ယုထျန်းဟန်ဝိညာဉ်သဏ္ဍာန် ‘ပြာပြာလျှပ်စီး နဂါးမင်း’ အဆင့် ၃၉ တိုက်ခိုက်ရေးအသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
ဒုအသင်းခေါင်းဆောင်: တုကုယန် ဝိညာဉ်သဏ္ဍာန် ‘မြကျောက်စိမ်း မြွေဟောက်’ အဆင့် ၃၈ ထိန်းချုပ်ရေးအသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
အဖွဲ့ဝင်: ရှီမော့ဝိညာဉ်သဏ္ဍာန် ‘လိပ်နက်’အဆင့် ၃၈ ခံစစ်အသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
အဖွဲ့ဝင်: ရှီမို ဝိညာဉ်သဏ္ဍာန် ‘လိပ်နက်’ အဆင့် ၃၇ ခံစစ်အသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
အဖွဲ့ဝင်: ယုဖုန်းဝိညာဉ်သဏ္ဍာန် ‘လေမြည်ငှက်’ အဆင့် ၃၆ တိုက်စစ်နှင့် လျှင်မြန်ရေးအသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
အဖွဲ့ဝင်: အော်စလို ဝိညာဉ်သဏ္ဍာန် ‘တစ္ဆေကျားသစ်’အဆင့် ၃၆ တိုက်စစ်နှင့် လျှင်မြန်ရေးအသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
အဖွဲ့ဝင်: ရဲ့လင်းလင်းဝိညာဉ်သဏ္ဍာန် ‘ကိုးပါးနှင်းဆီပြာ’ အဆင့် ၃၅ ပံ့ပိုးကူညီရေးအသွင် ဝိညာဉ်သခင်။ ဝိညာဉ်ကွင်း အဝါ နှစ်ကွင်း ခရမ်း တစ်ကွင်း။
သူတို့တစ်စု စကားလက်ဆုံ ကျနေကြစဉ်... ဆရာချင်မင်းသည် ကျူကျုံးနှင့် ရှောင်ဝူတို့ကို ခေါ်ဆောင်ကာ ဝါးတောငယ်အတွင်းသို့ ရောက်ရှိလာခဲ့ချေပြီ။
ချင်မင်း ရောက်ရှိလာသည်ကို မြင်လျှင် မြင်ချင်း... တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အနက်ရောင်ဝတ် မိန်းကလေးအပါအဝင် အားလုံးက ရိုသေစွာဖြင့် ထရပ်ကြပြီး ဆရာ့ကို နေရာပေးကြတော့သည်။
"ဆရာ... ရက်ပိုင်းလောက် မတွေ့ရတာ ဆရာက ပိုပြီး ခန့်ညားလာပါလား"
"ဆရာ... ဒီဘက်ကို ကြွပါ ကျွန်တော် ဆရာ့အတွက် လက်ဖက်ရည်အဆင်သင့် ငှဲ့ထားပါတယ်။"
ထိုစဉ်... အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသော အနက်ရောင်ဝတ် မိန်းကလေး ‘ရဲ့လင်းလင်း’ က ရုတ်တရက် လှမ်း၍ မေးလိုက်၏— "အဲဒီ နောက်က နှစ်ယောက်က... ဘယ်သူတွေလဲ။"
မသိစိတ်၏ စေ့ဆော်မှုအရ... သူမ၏ ‘ကိုးပါးနှင်းဆီပြာ’ ဝိညာဉ်သဏ္ဍာန်သည် တစ်ဖက်ရှိ ဆံပင်အပြာရောင်နှင့် လူငယ်လေးထံမှ အလွန်အမင်း ရင်းနှီးကျွမ်းဝင်သော စွမ်းအင်လှိုင်းတစ်ခုကို ခံစားမိနေသောကြောင့် ဖြစ်သည်။
ရဲ့လင်းလင်း၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရသည်။ ၎င်းတို့သည် ကျောင်းသားသစ်နှစ်ဦးကို စိတ်ဝင်စား၍ မဟုတ်ဘဲ... တစ်နေ့တစ်ခါမျှ စကားမပြောတတ်သော ရဲ့လင်းလင်းက ယခုကဲ့သို့ စတင်မေးမြန်းလာခြင်းကို အံ့ဩနေကြခြင်း ဖြစ်သည်။ အတူတူ နေထိုင်လာခဲ့သည့် သက်တမ်းတစ်လျှောက်တွင် သူမ၏ စကားသံကို ကြားရခဲလှပေသည်။
ချင်မင်းသည်လည်း ကျောင်းသားများ၏ ဝိုင်းဝန်းနှုတ်ဆက်မှုကြားဝယ် မိမိ၏ အဓိက ရည်ရွယ်ချက်ကို မေ့လျော့လုနီးပါး ဖြစ်သွားသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး— "ကဲ... ငါ မင်းတို့ကို တိုက်ပွဲဝင်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်နှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူတို့နာမည်က ‘ကျူကျုံး’ နဲ့ ‘ရှောင်ဝူ’ တဲ့။ ကဲ... ကလေးတို့ မင်းတို့ကိုယ်မင်းတို့ အရင် မိတ်ဆက်လိုက်ပါဦး။"
ချင်မင်း၏ စကားကြောင့် တိုက်ပွဲဝင်အဖွဲ့ဝင် အများစု၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။ အမြဲတမ်း အေးစက်နေတတ်သော ရဲ့လင်းလင်းမှလွဲ၍ ကျန်ရှိသောသူများ၏ မျက်နှာထက်တွင် မကျေနပ်မှုများ ထင်ဟပ်လာခဲ့သည်။
ပါရမီရှင်တိုင်းတွင် မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားတတ်သော မာနကိုယ်စီ ရှိကြစမြဲ ဖြစ်သည်။ သူတို့၏ အမြင်တွင်မူ... လက်ရှိ ခုနစ်ဦးတည်းသော အဖွဲ့အစည်းမှာ ပြီးပြည့်စုံနေပြီ ဖြစ်သည်။ ဤကဲ့သို့သော နေရာမျိုးသို့ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ်မျှသာ ရှိသေးပြီး မည်သည့်နေရာမှန်းမသိသော ကလေးနှစ်ယောက် ရောက်ရှိလာခြင်းကို သူတို့က လုံးဝ လက်မခံနိုင်ကြချေ။ ရုပ်ရည် ချောမောရုံဖြင့် ဘာလုပ်နိုင်မည်နည်း။ ၎င်းတို့သည် သိသာထင်ရှားစွာပင် ‘လူကြီးလမ်းကြောင်း’ မှတစ်ဆင့် ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။ ယခင်နှစ်များကလည်း ဤကဲ့သို့သော သူများကို သူတို့ကပင် အတင်းအကြပ် မောင်းထုတ်ခဲ့ဖူးသည်။
"ဆရာချင်မင်း... တကယ့် ‘အရှိန်အဝါကြီးတဲ့ လူကြီးမင်းတစ်ယောက်’ က သူ့ရဲ့ သခင်လေးနဲ့ သမီးပျိုကို ကျွန်မတို့အဖွဲ့ထဲကို အတင်းအကြပ် ထိုးထည့်လိုက်ပြန်ပြီလားရှင်။"
စကားဆိုလာသူကား တုကုယန် ဖြစ်သည်။ ဤခုနစ်ဦးထဲတွင်... သူမသည် အာဏာကို အလွဲသုံးစားလုပ်ကာ နေရာယူထားတတ်သော မင်းစိုးရာဇာ ကလေးများကို အမုန်းတီးဆုံး ဖြစ်သည်။ သူမ၏ အဖိုးကိုယ်တိုင်မှာ တန်ခိုးကြီးမားလှသော ‘တိုက်တန် ဝိညာဉ်ဒိုလော့တစ်ဦးဖြစ်ရာ... ကောင်းကင်အင်ပါယာ၏ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် အဖိုးဖြစ်သူကို မျက်နှာချိုသွေးရသဖြင့် သူမသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျူကျုံးသည် မိစ္ဆာဆန်ဆန် မျက်ဝန်းစိမ်းများကို ပိုင်ဆိုင်ထားသော ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်— "ဪ... ဒါက မူရင်းဇာတ်လမ်းထဲမှာ ‘တန်ဆန်း’ကို တစ်ချက်ကလေးတောင် ငဲ့မကြည့်ခဲ့တဲ့ ရှားရှားပါးပါး မိန်းကလေးတွေထဲက တစ်ယောက်ပေါ့။"
အမှန်အတိုင်း ပြောရလျှင်... တုကုယန်၏ ဘဝဇာတ်ကြောင်းမှာ အလွန်တရာ သနားစရာ ကောင်းလှပေသည်။ မူလကမ္ဘာတွင် သူမ၏ ချစ်သူသည် တစ်မိသားစုလုံး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး သေဆုံးသွားခဲ့ရသည်။ ထို့ပြင်... သူမတို့ပိုင်ဆိုင်သော ထူးခြားလှသည့် ကျောက်စိမ်းရေကန်ကြီးကိုလည်း တန်ဆန်း၏ မိသားစုက အဓမ္မ သိမ်းပိုက်သွားခဲ့သလို တန်ဆန်းကို အစွမ်းကုန် ကူညီပေးခဲ့သော သူမ၏ အဖိုး ‘တုကုပေါ်’မှာလည်း နောက်ဆုံးတွင် တန်ဆန်း၏ လက်ချက်ဖြင့်ပင် အသက်ပျောက်ခဲ့ရရှာသည်။ သူမခမျာ ကမ္ဘာပေါ်တွင် တစ်ဦးတည်း အထီးကျန်စွာ ကျန်ရစ်ခဲ့ရခြင်းမှာ... တကယ့်ကို လှောင်ပြောင်ဖွယ်ရာ ကံကြမ္မာဆိုးပင် ဖြစ်တော့သည်။
ကျူကျုံးက ထိုသို့ အပယ်ခံရခြင်းကို ဂရုမစိုက်သော်လည်း... ဘေးနားရှိ ရှောင်ဝူကမူ ဒေါသတကြီးဖြင့် နှုတ်ခမ်းကို စူလိုက်ပြီး ခြေလှမ်းများကို မြေပြင်ပေါ်သို့ ဆောင့်ကာ ပြောလိုက်၏— "ဟွန်း... ဘယ်သူက လူကြီးလမ်းကြောင်းက လာတာလဲ။ ကျွန်မနဲ့ ရှောင်ကျုံးက... ကိုယ့်အစွမ်းအစနဲ့ကိုယ် ဝင်လာခဲ့တာပါနော်"
တုကုယန်သည် သူမကို ရဲရဲဝံ့ဝံ့ ပြန်လည်အော်ဟစ်ရဲသော ရှောင်ဝူ၏ သတ္တိကို စိတ်ဝင်စားသွားခဲ့သည်။ ယခင်က... သူမ၏ ရှေ့မှောက်တွင် မည်သူမျှ စကားမဟရဲကြချေ။ ‘မြကျောက်စိမ်း မြွေဟောက်’ ဟူသော အမည်ကို ကြားရုံမျှဖြင့် ကလေးငယ်များ ငိုသံတိတ်ရလောက်သည်အထိ အရှိန်အဝါ ကြီးမားလှသည် မဟုတ်ပါလား။
ဒုကုယန်က သူမ၏ နှုတ်ခမ်းလွှာကို အသာအယာ လျှာဖြင့်သပ်လိုက်ရင်း ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သည်— "ညီမလေးရယ်... မင်း တော်ဝင်တိုက်ပွဲဝင်အဖွဲ့ထဲကို ဝင်ချင်တယ်ဆိုရင်... မင်းရဲ့ စွမ်းရည်အစစ်အမှန်ကို အရင်ထုတ်ပြလိုက်ပါ။ မဟုတ်ရင်တော့... အိမ်ပြန်ပြီး မင်းရဲ့ ချစ်သူကောင်လေးနဲ့အတူ အမေနို့ပဲ ပြန်စို့နေလိုက်ပါဦးလား... ဟားဟားဟား"
တုကုယန်၏ ပြင်းထန်သော စိန်ခေါ်မှုကြောင့် ရှောင်ဝူ၏ ဇွဲမာန်နှင့် ခေါင်းမာတတ်သော အကျင့်က အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့ပြီး— "အားးး... ငါ နင့်ကို ရိုက်သတ်ပစ်မယ်... ဒီ ‘အဖွားကြီး’ ရဲ့"
အဖွားကြီး ဟုတ်လား...။
ထိုစကားလုံးကြောင့် ဝါးတောငယ်အတွင်းရှိ လူတိုင်း၏ နဖူးပြင်ထက်တွင် အနက်ရောင် စာကြောင်းများ ထင်ဟပ်သွားခဲ့ရပြီး... အမြဲတမ်း တည်ငြိမ်လှသော ရဲ့လင်းလင်းပင်လျှင် သူမ၏ နှုတ်ခမ်းလွှာကို မထိန်းနိုင်ဘဲ မသိမသာ တွန့်ကွေးသွားရတော့သည်။
ကျူကျုံးက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိ၏— "သူမကသာ အဖွားကြီးဆိုရင်... မင်းလို အသက်တစ်သိန်းကျော်နေပြီဖြစ်တဲ့ ယုန်အိုမကြီးကတော့... ဘာခေါ်ရမလဲ။"
ရှောင်ဝူက ကျူကျုံး၏ အတွေးကို သိနေသကဲ့သို့ ဒေါသတကြီးဖြင့် ကြည့်ကာ— "အားးး... မင်း ဘယ်သူ့ဘက်ကလဲ" ဟု အော်ဟစ်လိုက်ချင်သော်လည်း အောင့်အည်းထားရရှာသည်။
"မင်း... မင်း... ငါ့ကို အဖွားကြီးလို့ ခေါ်တယ်ပေါ့။ မင်း သေချင်နေတာပဲ" ဟု တုကုယန်၏ နှုတ်ခမ်းများမှာ ဒေါသကြောင့် တုန်ရီလာခဲ့ချေပြီ။ သူမက တစ်ဖက်လူကို ‘ညီမလေး’ ဟု ညှာတာစွာ ခေါ်ဆိုခဲ့သော်လည်း... တစ်ဖက်လူကမူ သူမအား ‘အဖွားကြီး’ ဟု ပြန်လည် ဆဲဆိုလိုက်သည် မဟုတ်ပါလား။
ချက်ချင်းဆိုသလိုပင်... မိန်းကလေး နှစ်ဦးစလုံး၏ မျက်ဝန်းအစုံတွင် ဒေါသမီးလျှံများ တောက်လောင်လာခဲ့ပြီး... တစ်ဦးကိုတစ်ဦး အလဲထိုးပစ်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားကြတော့သည်။
တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ ခေါင်းဆောင် ချင်မင်းခမျာလည်း... ထိုမြင်ကွင်းကို ကြည့်ကာ နဖူးကို လက်ဖြင့်ရိုက်ရင်း ညည်းတွားလိုက်မိတော့သည်— "အာ... တကယ့်ကို ပြဿနာရှာတဲ့ ကလေးတွေချည်းပါပဲလား..."