အပိုင်း (၂၈) တော်ဝင်တိုက်ပွဲဝင်အဖွဲ့၏ ခေါင်းဆောင် ‘ချင်မင်း’
ဝိညာဉ်ဒိုလော့ ကျိလင်း၏ စူးရှသော မျက်ဝန်းအစုံအောက်တွင် ရှောင်ဝူတစ်ယောက် ပို၍ပင် စိတ်လှုပ်ရှားကာ ဂနာမငြိမ် ဖြစ်လာရချေပြီ။ ဘေးနားရှိ ကျူကျုံးကတော့ စိတ်ထဲမှ မချိပြုံး ပြုံးလိုက်မိသည်။ ကြည့်ရတာ... သူမခမျာ ယုန်ဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် အလေ့အစုံကြောင့် ယခုလို လူသားအသွင် ပြောင်းလဲထားသည့်တိုင်အောင် အားကောင်းသော ဝိညာဉ်သခင်ကြီးများ၏ ရှေ့မှောက်တွင် ကြောက်ရွံ့တတ်သည့် စိတ်ဒဏ်ရာက ဖျောက်ဖျက်မရသေးပုံပေါ်သည်။
ကျိလင်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး တည်ကြည်သော လေသံဖြင့် ဆိုလာသည်— "သမီးငယ်လေး... မင်းရဲ့ ဝိညာဉ်သဏ္ဍာန်ကို ငါတို့ကို တစ်ချက်လောက် ထုတ်ပြလို့ ရမလား။"
ကျူကျုံးက ရှောင်ဝူ၏ လက်ကလေးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏— "ကိစ္စမရှိပါဘူး ရှောင်ဝူရဲ့... ဆရာကြီးတွေကို မင်းရဲ့ ဝိညာဉ်သဏ္ဍာန်လေး ပြလိုက်ရုံရုံပါပဲ။"
ကျူကျုံး၏ နွေးထွေးသော စကားလုံးများကြောင့် ရှောင်ဝူ၏ စိုးရိမ်စိတ်များမှာ သိသိသာသာ လျော့ပါးသွားခဲ့ရသည်။ သူမက ခေါင်းလေးညိတ်ကာ သတ္တိမွေးပြီး ခပ်သွက်သွက်လေး မိတ်ဆက်လိုက်တော့သည်— "ကျွန်မနာမည် ရှောင်ဝူပါ... ဝိညာဉ်သဏ္ဍာန်က ‘ဝိညာဉ်ယုန်’ဖြစ်ပြီး လက်ရှိ ဝိညာဉ်စွမ်းအားက အဆင့် ၃၃ ရှိတဲ့ ဝိညာဉ်ကွင်းသုံးကွင်းပိုင် ‘ဝိညာဉ်သက်ကြီး’တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပါတယ်"
ပြောပြီးသည်နှင့် ရှောင်ဝူ၏ ခန္ဓာကိုယ်ထက်မှ နူးညံ့ပျော့ပျောင်းသော အနီရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ ထိုပန်းနုရောင် အလင်းတန်းများအောက်တွင် သူမ၏ မျက်ဝန်းအစုံမှာ ပတ္တမြားရောင်အသွင်သို့ ပြောင်းလဲသွားပြီး ချစ်စရာကောင်းသော နားရွက်ကလေးနှစ်ဖက်က အနည်းငယ် ရှည်ထွက်လာကာ နားထင်ဘေးတဝိုက်တွင် ဖြူဖွေးနုအိနေသော အမွေးနုလေးများ ထွက်ပေါ်လာတော့သည်။ သူမ၏ အရပ်အမောင်းမှာလည်း အနည်းငယ် မြင့်မားလာသကဲ့သို့ ခံစားရစေကာ... ခန္ဓာကိုယ်ပတ်လည်တွင် နူးညံ့သော်လည်း အားမာန်ပါသော ဝိညာဉ်စွမ်းအင်လှိုင်းများ ဂယက်ထလာခဲ့သည်။ ထို့နောက်... သူမ၏ ခြေဖဝါးအောက်မှနေ၍ ထွက်ပေါ်လာသော ဝိညာဉ်ကွင်းသုံးကွင်းမှာ ကျူကျုံးကဲ့သို့ပင် အဝါ အဝါ ခရမ်း ဟူသော စံပြအချိုးအစားအတိုင်း လင်းလက်လာခဲ့ချေပြီ။
ပညာရေးကော်မတီဝင် အဘိုးအို သုံးဦးစလုံးက ကျေနပ်အားရစွာဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်ကြရင်း— "အင်း... မဆိုးဘူး တကယ့်ကို ထူးချွန်တဲ့ ကလေးမလေးပဲ။" ဟု တစ်ပြိုင်နက်တည်း ချီးကျူးလိုက်ကြသည်။
ထို့နောက် မုန်းရှန်ကျိက ဘေးနားတွင် မတ်မတ်ရပ်နေသော အလယ်အလတ်အရွယ် အမျိုးသားကို လှည့်ကြည့်ကာ သဘောကျစွာ ရယ်မောရင်း မေးလိုက်၏— "ချင်မင်း.. ဘယ်လိုလဲ။ ဒီကလေးနှစ်ယောက်က မင်းရဲ့ ‘ကောင်းကင် တော်ဝင်တိုက်ပွဲဝင်အဖွဲ့’ထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီရဲ့လား။"
ထိုအမျိုးသားကား ရင်ထဲမှ အတိုင်းမသိ စိတ်လှုပ်ရှားသွားပုံရပြီး မျက်နှာတစ်ခုလုံး ဝမ်းသာပီတိဖြစ်မှုများဖြင့် တောက်ပသွားခဲ့ကာ ပြုံးရွှင်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်— "အကယ်၍ ဒီလိုကလေးမျိုးကိုမှ အရည်အချင်းမပြည့်မီဘူးလို့ ပြောရင်... ဒိုလော့တိုက်ကြီးတစ်ခုလုံးမှာ ဘယ်သူမှ အရည်အချင်းရှိမှာ မဟုတ်တော့ပါဘူး ဆရာကြီး။"
အမှန်စင်စစ်... မုန်းရှန်ကျိက သူ့ကို ပထမဆုံး ဆင့်ခေါ်လိုက်စဉ်က ယနေ့တွင် တိုက်ပွဲဝင်အဖွဲ့ထဲသို့ ကျောင်းသားအသစ် နှစ်ဦး ဝင်ရောက်မည်ဟု ပြောကြားခဲ့သဖြင့် သူက စိတ်ထဲမှ ငြင်းဆန်ရန် ကြံရွယ်ခဲ့ဖူးသည်။
သူသည် ကျောင်းသားသစ်များအပေါ် အာဃာတရှိ၍ မဟုတ်ဘဲ... ဤအကယ်ဒမီသို့ တက်ရောက်လာကြသူ အများစုမှာ မင်းစိုးရာဇာ နွယ်ဖွားများသာ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ကောင်းကင်အင်ပါယာ၏ အထက်တန်းစား အသိုင်းအဝိုင်းမှာ သုံးဖြုန်းမူးယစ်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားလှပေသည်။ ပါရမီအနည်းငယ် ရှိသူများပင်လျှင် ဆိုးသွမ်းသော အပေါင်းအသင်းများနှင့် နေ့စဉ်ရက်ဆက် ပေါင်းဖော်ရင်း နောက်ဆုံးတွင် ဘာကောင်မှ ဖြစ်မလာကြချေ။ ခုနက မြင်တွေ့ခဲ့ရသော စတုတ္ထမင်းသား ‘ရှုပင်း’ မှာ ၎င်းတို့ထဲမှ အထင်ရှားဆုံး ပြယုဂ်တစ်ခုပင် မဟုတ်ပါလား။
သူခေါင်းဆောင်သော တိုက်ပွဲဝင်အဖွဲ့ထဲတွင် ‘ယုထျန်းဟန်’နှင့် ‘တုကုယန်’ကဲ့သို့သော တကယ့်ပါရမီရှင် အမာခံများကို အခက်အခဲများစွာဖြင့် စုစည်းထားရခြင်းဖြစ်ရာ... ပုပ်သိုးနေသော ငါးတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သွားမည့်အဖြစ်မျိုးကို သူ အဖြစ်မခံနိုင်ချေ။ သို့သော်လည်း မုန်းရှန်ကျိမှာ အကယ်ဒမီ၏ ဥက္ကဋ္ဌဖြစ်နေသဖြင့် အတင်းအကြပ် ငြင်းဆန်ရန် မသင့်တော်သောကြောင့် ‘လူချင်းတွေ့ပြီးမှ ဆုံးဖြတ်မည်’ ဟု တွေးခဲ့ခြင်း ဖြစ်သည်။ မည်သူက ထင်မှတ်ထားပါအံ့နည်း... လက်တွေ့မြေပြင်တွင်မူ ဤမျှအထိ ကြီးမားသော အံ့ဩဝမ်းသာစရာကြီးနှင့် ဆုံတွေ့လိုက်ရလိမ့်မည်ဟု။
ထိုအမျိုးသားက ကျူကျုံးတို့ဘက်သို့ လှည့်ကာ နွေးထွေးစွာ ပြုံးပြရင်း— "ငါ့နာမည်က ‘ချင်မင်း’ လို့ ခေါ်တယ် အသက်က ၃၂ နှစ် ရှိပြီ။ ကောင်းကင် တော်ဝင်အကယ်ဒမီရဲ့ ဆရာတစ်ယောက်ဖြစ်သလို... ‘တော်ဝင်တိုက်ပွဲဝင်အဖွဲ့’ ရဲ့ အသင်းခေါင်းဆောင်လည်း ဟုတ်တယ်။ ငါ့ရဲ့ ဝိညာဉ်သဏ္ဍာန်က ဗီဇပြောင်းလဲထားတဲ့ ‘မီးလျှံဝံပုလွေ’ဖြစ်ပြီး အဆင့် ၆၂ ရှိတဲ့ တိုက်ခိုက်ရေးအသွင် ‘ဝိညာဉ်ဧကရာဇ်’တစ်ဦးပေါ့။ ဒီနေ့ကစပြီး... မင်းတို့နှစ်ယောက်စလုံးဟာ ငါ့ရဲ့ တော်ဝင်တိုက်ပွဲဝင်အဖွဲ့ဝင်တွေ ဖြစ်သွားကြပါပြီ။"
ကျူကျုံး "..."
ရှောင်ဝူ "ဘာလဲနော်..." (သူမခမျာ ကျူကျုံး၏ အပြောအဆို လေယူလေသိမ်းများကို အတုယူတတ်နေပြီ ဖြစ်၏)
.......................
ကျောင်းဝင်ခွင့် ကိစ္စရပ်များကို အချောသတ်ပြီးနောက်... ချင်မင်းသည် ကျူကျုံးနှင့် ရှောင်ဝူတို့ကို ခေါ်ဆောင်ကာ တော်ဝင်အဖွဲ့သားများ စုဝေးရာဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
သူတို့သုံးဦးသည် နုပျော့စိမ်းလန်းနေသော မြက်ခင်းပြင်လမ်းလေးအတိုင်း လျှောက်လှမ်းလာကြစဉ်... ချင်မင်းက ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ရှင်းပြပေးနေရှာသည်။
"ဒါကတော့ အကယ်ဒမီရဲ့ စားသောက်ဆောင်ပဲ... အထဲက အစားအစာတွေက တော်တော်လေး ကောင်းမွန်တဲ့အပြင် အားလုံးက အခမဲ့ပဲနော်။"
"ဟိုးဘက်ကတော့ သဘာဝအတိုင်း ပုံတူကျင့်ကြံတဲ့ ကွင်းပြင်ပဲ။ နောက်ကျရင် မင်းတို့လည်း သုံးလို့ရတယ် ဒါပေမဲ့ ကြိုတင်ပြီး ခွင့်ပြုချက် လျှောက်ထားရမယ်။"
"ပြီးတော့ ဟောဒီနေရာကတော့....."
အရှိန်အဝါကြီးမားလှသော ဝိညာဉ်ဒိုလော့ ဆရာကြီးသုံးဦး၏ ရှေ့မှောက်မှ ထွက်ခွာလာခဲ့ရပြီ ဖြစ်သဖြင့်... ရှောင်ဝူတစ်ယောက် ယခင်ကကဲ့သို့ပင် ပေါ့ပါးလွတ်လပ်သော မိန်းကလေးဘဝသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားပြီး မြင်မြင်သမျှအရာအားလုံးကို လိုက်လံကိုင်တွယ်ကာ စပ်စုတော့သည်။ အထူးသဖြင့် ‘စားသောက်ဆောင်’ သို့ ရောက်ရှိသည့်အချိန်တွင်မူ... သူမ၏ မျက်ဝန်းအစုံမှာ အစာငတ်မွတ်နေသော ကျားလေးတစ်ကောင်အလား တောက်ပလာခဲ့ပြီး ကျူကျုံးကို မလွှတ်တမ်း စိုက်ကြည့်လေတော့သည်။ ကျူကျုံးခမျာလည်း မတတ်နိုင်တော့ဘဲ... သူမ စိတ်ကျေနပ်စေရန်အတွက် "ကောင်းကင်မြို့တော် တစ်ရက်တာ လည်ပတ်ရေးခရီးစဉ်" အပါအဝင် မမျှတလှသော ကတိကဝတ်စာချုပ်များစွာကို အတင်းအကြပ် လက်ခံလိုက်ရမှသာ... ထိုယုန်မလေးမှာ ငြိမ်သက်သွားတော့သည်။
အဆောက်အအုံကြီးများ၏ အရိပ်အာဝါသများ တဖြည်းဖြည်း ဝေးကွာသွားသည့် အချိန်ကျမှသာ... ရှောင်ဝူသည် စိတ်အေးသွားပုံရပြီး ချင်မင်းကို လှမ်း၍ မေးလိုက်သည်— "ဆရာချင်... သာမန်ဆိုရင် ကျောင်းသားအသစ်တွေအားလုံးက ဝင်ခွင့်စာမေးပွဲ ဖြေကြရတယ်လို့ ကြားဖူးပါတယ်။ ကျွန်မတို့က အခုလိုမျိုး ‘နောက်ခံအင်အား’ (လူကြီးလူကောင်းတွေရဲ့ အကူအညီ) နဲ့ တိုက်ရိုက်ဝင်လာခဲ့တာ တကယ်ကော အဆင်ပြေရဲ့လားဟင်။"
ဘေးနားရှိ ကျူကျုံး၏ မျက်နှာပေးက ချက်ချင်း ထူးဆန်းသွားပြီး— "ဟား... ဒီယုန်မလေးက အစားအသောက်ကလွဲလို့ တခြားအရာတွေကိုပါ စိတ်ဝင်စားတတ်နေပါလား" ဟု ကျိတ်တွေးရင်း သူ၏ ညာလက်ဖြင့် ရှောင်ဝူ၏ နဖူးပြင်လေးကို အသာအယာ လှမ်း၍ စမ်းလိုက်တော့သည်။
ကျူကျုံး၏ လက်ဖဝါးနွေးနွေးလေးက သူမ၏ နဖူးပြင်ပေါ်သို့ ရောက်ရှိလာသည့်အခါ ရှောင်ဝူ၏ ပါးပြင်လေးနှစ်ဖက်မှာ ချက်ချင်းဆိုသလို ရဲခနဲ နီမြန်းသွားခဲ့သော်လည်း... သူမသည် ရှောင်ဖယ်ခြင်းမပြုဘဲ စိတ်ဆိုးချင်ယောင်ဆောင်ကာ မာန်မဲလိုက်၏— "မင်း... ဘာလုပ်တာလဲ။"
ကျူကျုံးက ကျန်ရှိနေသော ဘယ်လက်ဖြင့် မိမိ၏ နဖူးကို ပြန်စမ်းကာ ပြုံးစိစိဖြင့် ပြောလိုက်သည်— "ကိုယ်ပူလည်း မရှိပါဘူး မင်း ဒီနေ့ တကယ့်ကို အတည်အပေါက် စကားတွေ ပြောနေပါလား။ ငါကတော့ မင်း ဆရာချင်ကို ‘စားသောက်ဆောင်က ဘယ်အချိန် ဖွင့်တာလဲ’ လို့ပဲ မေးတော့မယ် ထင်နေတာ"
"သေလိုက်စမ်း... ဝေါ့..."
ရှောင်ဝူသည် ကျူကျုံး၏ ညာလက်ကို ဆတ်ခနဲ ပုတ်ထုတ်လိုက်ပြီး... ထိုလက်ကို ပြန်လည်ဖမ်းဆွဲကာ အားရပါးရ အတင်းကိုက်ပစ်လိုက်တော့သည်။
"အားးး... ဘုရားရေ သွားပြီ... မင်း သောက်ယုန်မလေး... မြန်မြန်လွှတ်စမ်း"
"မလွှတ်ဘူး"
"လွှတ်မလား... မလွှတ်ဘူးလား"
"သေတောင် မလွှတ်ဘူး... ဟွန်း"
.......................
ချင်မင်းသည် ဘေးနားမှနေ၍ ကလေးငယ်နှစ်ဦး၏ ချစ်စနိုး ကျီစယ်နေကြသော မြင်ကွင်းကို ကြည့်ကာ နားလည်မှုရှိသော အပြုံးတစ်ခုဖြင့် ပြုံးလိုက်မိသည်။ တကယ့်ကို ကလေးကတည်းက သံယောဇဉ်တွဲလာကြတဲ့ မောင်နှံလေးတွေပဲ။ တစ်ချိန်တည်းမှာပင်... သူသည် မိမိကိုယ်ကိုယ်အတွက် စက္ကန့်ပိုင်းမျှ ဝမ်းနည်းလိုက်မိသေးသည်— "ငါတော့... သူတို့ကြားထဲမှာ ဝံပုလွေအထီးကျန်ဘဝနဲ့ အစိပ်စိပ်အမွှာမွှာ အနှိပ်စက်ခံနေရပြီ ထင်ပါရဲ့။"
(စာရေးသူ: ချင်မင်းရဲ့ ဝိညာဉ်က ဝံပုလွေ... ဆရာကြီး ဆုယွန့်ထောင်းရဲ့ ဝိညာဉ်က ခွေး... ဒါကြောင့် ချင်မင်းက ဝံပုလွေကို နှိပ်စက်နေတာဖြစ်ပြီး ဆုယွန့်ထောင်းကတော့ ခွေးကို နှိပ်စက်နေတာပေါ့။ အင်း... ဟုတ်တယ်... ကွက်တိပဲ)
ထိုကလေးနှစ်ဦးသည် ဆရာချင်မင်း၏ ကူညီကြည့်ရှုနေသော မျက်ဝန်းများကို သတိပြုမိသွားကြသည်။
ကျူကျုံးကတော့ ဂရုမစိုက်ချေ သူကတော့ ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဖူးနေကျ ‘ဝါရင့်ယာဉ်မောင်း’ တစ်ဦး မဟုတ်ပါလား။
ရှောင်ဝူမှာမူ ဆက်ပြီး တောင့်မခံနိုင်တော့ချေ။ ဆရာအသစ်စက်စက်ကြီး၏ ရှေ့မှောက်တွင် ဤမျှအထိ ရှက်ဖွယ်ရာ ပြုမူမိသွားသဖြင့်... သူမ၏ မျက်နှာလေးမှာ ခရမ်းချဉ်သီးအလား နီမြန်းသွားခဲ့ပြီး ကျူကျုံး၏ လက်ကို အမြန်လွှတ်ကာ သူ့ကျောပြင်ကြီး၏ နောက်ကွယ်သို့ ရှက်ကိုးရှက်ကန်းဖြင့် ပုန်းအောင်းသွားတော့သည်။
ရှောင်ဝူ၏ ချစ်စရာကောင်းသော အပြုအမူကို ကြည့်ပြီး ချင်မင်းက တည်ငြိမ်စွာဖြင့်ပင်— "မင်းတို့ရဲ့ အစွမ်းအစတွေကို အကယ်ဒမီရဲ့ အမြင့်ဆုံး ပညာရေးကော်မတီဝင် ဆရာကြီးသုံးဦးစလုံးက အသိအမှတ်ပြုပြီးသားမို့လို့... ကျောင်းဝင်ခွင့် စာမေးပွဲဆိုတာက ပုံစံတစ်ခုပဲ ရှိပါတော့တယ်။"
စကားကို ဤသို့ ပြောရင်း... ချင်မင်းသည် သက်ပြင်းတစ်ချက်ကို မချိတင်ကဲ ချလိုက်မိပြီး— "ဒါတင်မကသေးဘူး... ဒီဘက်နှစ်တွေမှာ ကောင်းကင် တော်ဝင်အကယ်ဒမီရဲ့ ဝင်ခွင့်စာမေးပွဲက တကယ့်ကို အဓိပ္ပာယ်မရှိသလောက် ဖြစ်နေပါပြီ။"
ကျောင်းထဲသို့ ဝင်ခွင့်ရလာကြသူ အများစုမှာ ငွေကြေးအာဏာရှိသော မိသားစုကြီးများမှ ဖြစ်ကြပြီး... ၎င်းတို့သည် စာမေးပွဲ အောင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ နောက်ဆုံးတွင် နည်းလမ်းမျိုးစုံဖြင့် ကျောင်းထဲသို့ ရောက်ရှိလာကြစမြဲ ဖြစ်သည်။ ကျောင်းထဲသို့ ရောက်လာပြီးသည့်နောက်တွင်လည်း အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း မရှိကြဘဲ... အကယ်ဒမီ၏ မဟာဗျူဟာမြောက် ကောင်းမွန်လှသော ကျင့်ကြံခြင်း အရင်းအမြစ်များကိုသာ အလဟဿ ဖြုန်းတီးကာ သိမ်းပိုက်ထားကြသည်။
တစ်ဖက်တွင်မူ... တကယ့်ကို အရည်အချင်းရှိပြီး စာမေးပွဲကို အောင်မြင်နိုင်စွမ်းရှိသော သာမန်လူတန်းစား ကလေးငယ်များမှာမူ... နောက်ခံအင်အား မရှိသည့်အတွက် ကျောင်းတံခါးဝသို့ပင် ချဉ်းကပ်ခွင့် မရကြချေ။
"မင်းတို့နှစ်ယောက်ကတော့ ကံကောင်းလို့ ပညာရေးကော်မတီဝင် မုန်းရှန်ကျိရဲ့ မြေးမလေးနဲ့ ဆုံတွေ့ခဲ့ရလို့ပေါ့... မဟုတ်ရင်တော့ မင်းတို့ရဲ့ ပါရမီတွေက ဘယ်လောက်ပဲ ထူးချွန်နေပါစေ အကယ်ဒမီရဲ့ အထက်လူကြီးတွေ မသိရင်... ဒီကျောင်းထဲကို ဝင်ရောက်နိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။"
"ဒါပေမဲ့လည်း... ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အိမ်ရှေ့မင်းသား ‘နန်းတော်ကိုယ်စားလှယ်’ က အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူပြီးတဲ့နောက်ပိုင်း အခြေအနေတွေက တော်တော်လေး တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့... ဒါကလည်း လုံလောက်တဲ့ အဆင့်တစ်ခုတော့ မဟုတ်သေးဘူးပေါ့။"
"မင်းစိုးရာဇာ အသိုင်းအဝိုင်းကြားက ဆက်နွှယ်မှုတွေက... ရှုပ်ထွေးလွန်းလှတယ် မဟုတ်လား။"
ကျူကျုံးက ထိုစကားကို ကြားရသည့်အခါ အလေးအနက် ခေါင်းညိတ်ကာ ထောက်ခံလိုက်မိသည်။ ယခုအခြေအနေကား မိမိ၏ ယခင်ကမ္ဘာ ‘ပြာသောကြယ်’ပေါ်ရှိ အရှေ့ဟန်ခေတ်နှောင်းပိုင်း ကာလနှင့် တစ်ထေရာတည်း တူညီလွန်းလှပေသည်။ တိုင်းပြည် ပျက်စီးခြင်း၏ အရင်းအမြစ်မှာ မင်းစိုးရာဇာ အထက်တန်းစားများက မြေယာနှင့် လူဦးရေ အများစုကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားသောကြောင့် ဖြစ်ပြီး... ဆင်းရဲသား ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးကာ နောက်ဆုံးတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သော စစ်ပွဲကြီးများဆီသို့ ဦးတည်သွားခဲ့ရသည်။ ရယ်စရာကောင်းသည်မှာ... ဝေ၊ ရှု၊ ဝူ ဟူသော သုံးပြည်ထောင် တိုက်ပွဲကြီးများ၏ နောက်ကွယ်တွင် ‘စီမာမိသားစု’ဟု ခေါ်သော မင်းစိုးရာဇာ အသိုင်းအဝိုင်းကသာ နောက်ဆုံး အောင်နိုင်သူ ဖြစ်ခဲ့သည်။ ဆယ်စုနှစ်အနည်းငယ်အကြာတွင် ထိုအထက်တန်းစားများမှာ အချင်းချင်း ပြန်လည်လုပ်ကြံကြပြီး ပြင်ပရန်သူများ ဝင်ရောက်ကျူးကျော်လာသဖြင့် ဟန်လူမျိုးများမှာ ရာစုနှစ်ပေါင်းများစွာ သွေးချောင်းစီး သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်— တကယ့်ကို လှောင်ပြောင်ဖွယ်ရာ သမိုင်းကံကြမ္မာပါ။
ဒိုလော့တိုက်ကြီး၏ မူလလမ်းကြောင်းမှာလည်း ဤသုံးပြည်ထောင်ခေတ်နှင့် အလွန်တူညီလှပေသည်။ ‘တရားမျှတမှု’ ၏ ကိုယ်စားလှယ်ဖြစ်သော ဇာတ်လိုက်မင်းသားသည် ‘ဖြောင့်မတ်သော မင်းစိုးရာဇာများ’ ကို ကူညီပြီး... ‘ဆိုးသွမ်းသော’ ဝိညာဉ်နန်းတော်ကို တိုက်ခိုက်ချေမှုန်းခဲ့သည်။ သို့သော် ဆယ်စုနှစ်အနည်းငယ်အကြာတွင်... ဝိညာဉ်နန်းတော်ဟူသော ဘုံရန်သူ မရှိတော့သည့်အခါ အင်ပါယာများအကြား စစ်ပွဲကြီးများက ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းသောင်းချီတိုင်အောင် မရပ်မနား ဆက်လက် တောက်လောင်ခဲ့ရသည်။
ထိုဇာတ်လိုက်မင်းသားသည် နတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက်... မြင့်မြတ်လှသော နတ်ဘုရားလောကတွင် စံပယ်နေရင်း လူ့လောက၌ စစ်မီးများတောက်လောင်ပြီး ဆိုးသွမ်းသော ဝိညာဉ်သခင်များ သောင်းကျန်းနေသည်ကိုမူ လျစ်လျူရှုထားခဲ့သည်။ သူက ‘လူ့လောကရဲ့ ကိစ္စရပ်တွေကို ဝင်ရောက်မစွက်ဖက်ဘူး’ ဟု အကြောင်းပြခဲ့သော်လည်း... တိုက်ကြီးတစ်ခုလုံး ပြန်လည်စည်းလုံးညီညွတ်ရန် အခွင့်အရေး ရရှိလာသည့်အချိန်တိုင်းတွင်မူ ထိုမြင့်မြတ်လှသော နတ်ဘုရားကြီးက ဝင်ရောက်စွက်ဖက်ကာ စည်းလုံးမှုကို အတင်းအကြပ် တားဆီးပစ်ခဲ့သဖြင့်... တိုက်ကြီးတစ်ခုလုံးမှာ မည်သည့်အချိန်တွင်မဆို စစ်ပွဲကြီး ပြန်လည်ပေါက်ကွဲနိုင်သည့် အန္တရာယ်ဇုန်ထဲသို့ အမြဲတမ်း ကျရောက်နေခဲ့ရသည်။
ထိုအချက်ကို တွေးမိရင်း... ကျူကျုံးသည် သူ၏ လက်သီးကို တင်းတင်းကြိတ်လိုက်မိပြီး စိတ်ထဲမှ ပြတ်သားစွာ ကျိတ်၍ ရေရွတ်လိုက်တော့သည်— "ကံကြမ္မာရဲ့ လမ်းကြောင်းက ဒီလိုဆိုရင်တော့... ငါကိုယ်တိုင်ပဲ တစ်ခုခုကို ပြောင်းလဲပစ်ရတော့မှာပေါ့..."