အပိုင်း (၂၇) ဝိညာဉ်စွမ်းအား အဟုန်နှင့် ရုတ်ချည်းထိုးဖောက်ခြင်း
ကျူကျုံးထံမှ ထွက်ပေါ်နေသည့် တောင့်ခံနိုင်စွမ်းကို မြင်တွေ့လိုက်ရသောအခါ ပညာရေးကော်မတီဝင် ‘ကျိလင်း’ သည် ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကို မဖုံးကွယ်နိုင်တော့ဘဲ... သူ ထုတ်လွှတ်နေသော ဝိညာဉ်ဖိအားကို အရှိန်အဟုန်မြှင့်၍ ထပ်မံတိုးမြှင့်လိုက်တော့သည်။
ဖိအားလှိုင်းလုံးကြီးများသည် ဝိညာဉ်စွမ်းအား အဆင့် ၄၅ ခန့်အထိ မြင့်တက်လာသောအခါ... ကျူကျုံး၏ ခန္ဓာကိုယ်လေးမှာ စတင်တုန်ရီလာပြီး အသက်ရှူရန်ပင် ခက်ခဲလာရချေပြီ။ သူသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်ရင်း ခန္ဓာကိုယ်တွင်းရှိ 《ကိုးပါးသူရိယ နတ်မင်းသိုင်းကျမ်း》 ၏ စတုတ္ထအဆင့်ကို ခါးစည်းကာ နှိုးဆွလိုက်ရတော့သည်။ ဝိညာဉ်စွမ်းအားများ တရဟော လှုပ်ရှားလာသည်နှင့်အမျှ... သူ၏ ညာလက်ဖဝါးမှ ‘ငွေပြာဧကရာဇ် နွယ်ကြိုး’ များသည် မြွေနဂါးများအလား တိုးထွက်လာခဲ့ပြီး ကျူကျုံး၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလိပ်လိပ် ရစ်ပတ်ကာ အကာအကွယ်ပေးလိုက်မှသာ... လူငယ်လေးသည် အနည်းငယ် သက်သာရာရသွားတော့သည်။
ကျိလင်းသည် မျက်လုံးများ ပြူးကျယ်သွားကာ စိတ်ထဲမှ ကမ္ဘာပျက်မတတ် ရေရွတ်လိုက်မိသည်— "ဒီကောင်လေးက... ဘယ်လိုမျိုး မိစ္ဆာကောင်လေးလဲ။"
အဆင့် ၄၆...
အဆင့် ၄၇...
အဆင့် ၄၈...
ဝိညာဉ်ဖိအားသည် အဆင့် ၄၉ သို့ ရောက်ရှိသွားသောအခါ... ကျူကျုံးသည် တကယ့်ကို အစွမ်းကုန် ရုန်းကန်နေရပြီ ဖြစ်သည်။ သူ၏ နဖူးပြင်ထက်ဝယ် သီးကုန်းနေသော ချွေးစက်များမှာ စီးကျလာပြီး မြေပြင်ပေါ်တွင် မလဲပြိုဘဲ မတ်မတ်ရပ်နိုင်ရန်အတွက်ပင် ငွေပြာဧကရာဇ် နွယ်ကြိုးများ၏ ထောက်ကန်ပေးမှုကို အားကိုးနေရရှာသည်။ သို့သော်လည်း သူ၏ ဇွဲကို လုံးဝမလျှော့ခဲ့ချေ။ လွန်ခဲ့သော လေးလကတည်းက သူသည် ဝိညာဉ်စွမ်းအား အဆင့် ၃၇ သို့ ရောက်ရှိခဲ့သော်လည်း... ထိုမှတစ်ဆင့် တက်လှမ်းရန် အတားအဆီးတစ်ခုနှင့် ကြုံတွေ့ကာ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့သည်။ ကြည့်ရရင်... ယနေ့ ကြုံတွေ့နေရသော မဟာဝိညာဉ်ဖိအားကြီးကား ထိုအတားအဆီးကို ချိုးဖျက်ပစ်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။
ကျူကျုံးတစ်ယောက် နောက်ဆုံးတွင် လက်လျှော့တော့မည်ဟု ထင်မှတ်ကာ... ဝိညာဉ်ဒိုလော့အဆင့်ရှိ ကျိလင်းက ညင်သာစွာ ပြုံးလိုက်ရင်း တည်ငြိမ်သော လေသံဖြင့် ဆိုလာ၏— "လူငယ်လေး... မင်း တောင့်မခံနိုင်တော့ရင် ပြောပါ ငါ အခုချက်ချင်း ဖိအားတွေကို ရုပ်သိမ်းပေးလို့ရတယ်။"
"လက်လျှော့ရမယ် ဟုတ်လား..."
ယောကျာ်းရင့်မကြီးတစ်ယောက်အဖို့ မိန်းကလေးတစ်ယောက်၏ ရှေ့မှောက်တွင် (ထိုမိန်းကလေးမှာ ယုန်အိုမလေးတစ်ကောင် ဖြစ်နေပါစေဦးတော့) "မလုပ်နိုင်တော့ဘူး" ဟု ဝန်ခံရခြင်းမှာ အလွန်တရာ အရှက်ရဖွယ်ရာ ဖြစ်ပေသည်။ ကျူကျုံးသည် သွားကို တင်းတင်းကြိတ် သွေးရူးသွေးတန်း အားခဲလိုက်ရင်း— "ယောကျာ်းတစ်ယောက်က... ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်တယ်... မိန်းမတစ်ယောက်ရဲ့ ရှေ့မှာတော့... အရှုံးပေးလို့ မရဘူး။ ဆက်လုပ်ပါ..." ဟု အံကြိတ်ကာ အော်ဟစ်လိုက်တော့သည်။
"ဟေ..." ဝိညာဉ်ဒိုလော့ ကျိလင်းတစ်ယောက် ကျူကျုံး၏ စကားကြောင့် ဆွံ့အသွားခဲ့ရသည်။ ဒီကလေးက ဘာတွေ လျှောက်ပြောနေတာလဲ... ယခုခေတ် လူငယ်လေးတွေက တကယ့်ကို အချိန်မတိုင်မီ ရင့်ကျက်လွန်းနေကြပါလား။
"ကောင်းပြီလေ..." ကျိလင်းက ခေါင်းညိတ်လိုက်ရင်း... သူ၏ ဝိညာဉ်ဖိအားကို အဆင့် ၅၀ သို့ ရုတ်ချည်း မြှင့်တင်လိုက်တော့သည်။
ဝုန်း...
ကျူကျုံး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး... ဒူးတစ်ဖက် မြေပြင်ပေါ်သို့ ဆောင့်ကြောင့် ကျသွားခဲ့ရသည်။ ယခင်ကထက် ဆယ်ဆမက ပြင်းထန်လှသော ဖိအားကြီးမှာ ပင်လယ်ဒီရေလှိုင်းလုံးကြီးများအလား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုရန် အုန်းခနဲ ရိုက်ခတ်လာခဲ့ချေပြီ။ သူသည် လက်နှစ်ဖက်ဖြင့် မြေပြင်ကို အားပြုကာ အတင်းအကြပ် တောင့်ခံထားသော်လည်း... သူ၏ ခြေဖဝါးအောက်ရှိ ကျောက်ပြားကြမ်းပြင်များမှာ အက်ကွဲသံများနှင့်အတူ လက်မအလိုက် အပိုင်းပိုင်း ပြတ်ထွက်ကုန်တော့သည်။
ထိုစဉ်... ငွေပြာဧကရာဇ် နွယ်ကြိုးများထံမှ ဆန်းကြယ်လှသော အပြာရင့်ရောင်နှင့် ခရမ်းရောင် အလင်းတန်းများ ဗုန်းခနဲ ပေါက်ကွဲထွက်လာခဲ့ပြီး... ၎င်းတို့သည် လေထုထဲဝယ် အလိုအလျောက် ယိမ်းနွဲ့လှုပ်ရှားလာကြရာ လှုပ်ရှားမှု တိုင်းတွင် ဆန်းကြယ်လှသော စွမ်းအင်ဂယက်များ ထွက်ပေါ်လာခဲ့သည်။
ဝုန်း...
ကျူကျုံး၏ ခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့နေသော သွေးကြောမျှင်များမှာ ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး— ဝိညာဉ်စွမ်းအား အဆင့် ၃၈ သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုဖိအားများ၏ အရင်းအမြစ်ဖြစ်သော ကျိလင်းသည် ထိုအပြောင်းအလဲကို အသိသာဆုံး ခံစားလိုက်ရသဖြင့်... ရင်ထဲဝယ် လှိုင်းတံပိုးထန်မတတ် တုန်လှုပ်သွားရတော့သည်— "တကယ့် မိစ္ဆာလူငယ်လေးပဲ... ဖိအားအောက်မှာ တင် အဆင့်တက်သွားတာလား။ အသက် ၁၂ နှစ်ပဲ ရှိသေးတဲ့ ‘ဝိညာဉ်သက်ကြီး’က... အဆင့် ၃၈ ကို ရောက်သွားပြီပေါ့။"
တစ်ချိန်တည်းမှာပင်... ကျူကျုံး၏ စိတ်အာရုံထဲဝယ် ကာလအတန်ကြာ ပျောက်ကွယ်နေခဲ့သော စနစ်၏ အေးစက်စက် အသိပေးသံလေးက ပြန်လည် ထွက်ပေါ်လာခဲ့သည်။
[တုန်... ဂုဏ်ယူပါသည် ပိုင်ရှင်။ ပိုင်ရှင်၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၃၈ သို့ မြင့်တက်သွားသဖြင့်... စနစ်ထံမှ ခိုးယူခွင့် (၁) ကြိမ်ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်ပါသည်။]
[တုန်... ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များကို အဆင့်မြှင့်တင်ပြီးပါပြီ။ ကိုယ်ရေးအချက်အလက်ဇယားကို အလိုအလျောက် ဖွင့်လှစ်ပေးပါမည်။]
✦ ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်ဇယား ✦
အမည် : ကျူကျုံး
ကျား/မ: အမျိုးသား
အသက်: ၁၂ နှစ်နှင့် ၅ လ
ဝိညာဉ်သဏ္ဍာန် : အစွန်းရောက် မီးလျှံ ငွေပြာဧကရာဇ် (နိုးထဆဲ) / ရှာရင်ဂန်
မွေးရာပါ ဝိညာဉ်စွမ်းအား: အဆင့် ၁၀ (ပြည့်မွှန်း)
လက်ရှိ ဝိညာဉ်အဆင့်: အဆင့် ၃၈ (ဝိညာဉ်သက်ကြီး )
အခြေခံ ခွန်အား: ၁,၀၈၀ (သာမန် လူသားအမျိုးသားတစ်ဦးတွင် ၁၀ ရှိသည်)
စနစ်သိုလှောင်ရုံ: ကူနိုင်း x ၁၀၀၊ ရှုရီကန် x ၁၀၀၊ ဝတ်စုံ x ၅...
အလုံးစုံ သတ်မှတ်ချက်: အဆင့်နိမ့် ပညာရှင်တစ်ဦး
ကျန်ရှိသော ခိုးယူခွင့်: ၈ ကြိမ်
မုန်းတီးမှုရမှတ်: ၁၃၁,၄၀၀ ပွိုင့်
ဆက်နွှယ်နေသော ကမ္ဘာများ : ဒိုလော့တိုက်ကြီး၊ နာရူတို၊ ဒိုချီတိုက်ကြီး၊ နဂါးနိုင်ဓား
နယ်ပယ်: ငွေပြာနယ်ပယ် (ဒုတိယအဆင့် သစ်တောအုပ်၏ အသွင်သဏ္ဍာန်အဖုံဖုံ)
ကိုယ်ပိုင် အောင်မြင်မှု: ဝိညာဉ်သခင်
ငွေပြာဧကရာဇ် နွယ်ကြိုးများ တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားသည့်အခါ... ကျူကျုံး၏ နှုတ်ခမ်းထက်ဝယ် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ အားအင်ကုန်ခမ်းလွန်းသဖြင့် ခြေလှမ်းများပင် မခိုင်ချင်တော့ပေ။ တိုင်လုံးကြီးတစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းကာ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေခဲ့သော ရှောင်ဝူသည် ကျူကျုံး၏ ယိုင်နဲ့နဲ့ အနေအထားကို မြင်လိုက်ရသည်နှင့်... ကြောက်ရွံ့မှုများကို ဘေးဖယ်ကာ လျှပ်ခနဲ ပြေးထွက်လာပြီး သူ့ကို ပွေ့ထူကာ တွဲပေးလိုက်တော့သည်။
ရှောင်ဝူ၏ ကူညီတွဲထောက်ပံ့မှုဖြင့် ကျူကျုံးသည် အမောတကော သက်ပြင်းချလိုက်ရင်း... ခါးကို အသာညွတ်ကာ ရိုသေစွာဖြင့် နှုတ်ဆက်လိုက်၏— "ကူညီပေးခဲ့တဲ့အတွက်... ကျေးဇူးအထူးတင်ပါတယ်... ပညာရေးကော်မတီဝင် ဆရာကြီး။"
ဝိညာဉ်ဒိုလော့ ကျိလင်းက လက်ကို အသာဝှေ့ယမ်းကာ သူ၏ ထိုင်ခုံတွင် ပြန်လည် ထိုင်လိုက်ရင်း တည်ငြိမ်စွာ ဆိုလာသည်— "မလိုပါဘူး... ဒါက မင်းရဲ့ ဇွဲကြောင့် ရထိုက်တဲ့ အခွင့်အရေးပဲ။ ဒါနဲ့... ငါ တစ်ခုလောက် မေးပါရစေ မင်းရဲ့ ဝိညာဉ်သဏ္ဍာန်က ငါ့ရဲ့ ‘မြရောင်နွယ်ကြိုး’ထက်တောင် အရည်အသွေး သာလွန်နေတာ ဘာကြောင့်လဲ။ သာမန် ငွေပြာမြက်ကတော့ ဒီလိုမျိုး စွမ်းအားအဆင့်ကို ဘယ်လိုမှ ရောက်မလာနိုင်ဘူး။"
ကျူကျုံးက မျက်ဝန်းများကို အသာအယာ မှေးစင်းလိုက်မိ၏— "နောက်ဆုံးတော့... ဒီမေးခွန်းကို ရောက်လာခဲ့ပြီပေါ့။" ဟု စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။ ဟုတ်ပေသည်... မိမိ၏ ဝိညာဉ်က ‘ငွေပြာဧကရာဇ်’ ဖြစ်ကြောင်းကို လုံးဝ ထုတ်ပြော၍မရချေ။ လွန်ခဲ့သော ၁၂ နှစ်ကျော်က တန်ဟောက်နှင့် ဝိညာဉ်နန်းတော်တို့၏ တိုက်ပွဲအကြောင်းကို လူအနည်းငယ်သာ သိရှိကြသော်လည်း... အကယ်၍ အကြံအစည်ရှိသူများ သိရှိသွားပါက မိမိအတွက် မလိုလားအပ်သော ဘေးအန္တရာယ်ကြီးများ ဆိုက်ရောက်လာနိုင်ပေသည်။
ထိုအချက်ကို စဉ်းစားမိပြီးနောက်... ကျူကျုံးက တည်ငြိမ်ရင့်ကျက်သော ပုံစံကို ဟန်ဆောင်ကာ ပြန်လည် ဖြေကြားလိုက်၏— "ကျွန်တော်တို့ ရွာက လူအများစုရဲ့ ဝိညာဉ်က ငွေပြာမြက်တွေချည်းပါပဲ ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအား စတင်နိုးထတဲ့ အချိန်မှာ... မမျှော်လင့်ဘဲ ဗီဇပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး မီးတောက် စွမ်းအင်တွေ ပါဝင်လာခဲ့ပါတယ်။ ပထမတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိခဲ့ပါဘူး ပထမဆုံး ဝိညာဉ်ကွင်းကို စုပ်ယူပြီးတဲ့ အချိန်ကျမှသာ သတိထားမိတာပါ။"
ပြောပြောဆိုဆိုဖြင့် ကျူကျုံးသည် သူ၏ ပထမဆုံး ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်ပြသရန် ပြင်လိုက်တော့သည်။
"ပထမ ဝိညာဉ်စွမ်းရည် — အဆိပ်နဂါး ရစ်ပတ်ခြင်း"
ကျူကျုံး၏ ခန္ဓာကိုယ်ထက်ဝယ်... သူ၏ ပထမဆုံးသော ဝါရောင် ဝိညာဉ်ကွင်းလေးက လင်းလက်လာခဲ့ပြီး သူ၏ လက်ဖဝါးမှနေ၍ လူတစ်ကိုယ်စာခန့် တုတ်ခိုင်လှသော ငွေပြာဧကရာဇ် နွယ်ကြိုးကြီးတစ်ပင် ရုန်းကန်ထွက်လာခဲ့သည်။ ထိုနွယ်ကြိုးပေါ်ရှိ နဂါးအကြေးခွံကဲ့သို့သော အမည်းရောင် အစိအနားများသည် ရုတ်ချည်းပင် ရဲရဲတောက်နေသော မီးကျီးခဲကြီးအလား ပြောင်းလဲသွားပြီး... ကြမ်းပြင်နှင့် ထိမိလိုက်သည်နှင့် တပြိုင်နက် ကျောက်ပြားကြမ်းပြင်ကြီးကို ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွားစေလောက်အောင် လောင်ကျွမ်းပစ်လိုက်တော့သည်။
"ရှူးးးး..."
ပတ်ဝန်းကျင်တစ်ခုလုံးမှ လူအများမှာ အံ့ဩလွန်းသဖြင့် အသက်ရှူပင် မှားသွားကြရသည်။ ဤမျှအထိ မြင့်မားလှသော အပူချိန်ပါတကား။
ဝိညာဉ်ဒိုလော့ ကျိလင်း၏ မျက်ခုံးများမှာ ပြေလျော့သွားခဲ့ပြီး သဘောကျစွာဖြင့် ခေါင်းညိတ်ရင်း ဆိုလာသည်— "အော်... ဒါကြောင့်ကိုး။ လူတိုင်း သိကြတဲ့အတိုင်း... အပင်မျိုးနွယ် ဝိညာဉ်သခင်တွေဟာ မီးစွမ်းအင်သုံး ဝိညာဉ်သခင်တွေကို လုံးဝ မယှဉ်နိုင်ကြဘူး။ ဒါပေမဲ့ မင်းရဲ့ ဗီဇပြောင်း ငွေပြာမြက်ကတော့ ပြင်းထန်တဲ့ မီးတောက်တိုက်ကွက်ကို ရရှိထားရုံတင်မကဘဲ... အပင်မျိုးနွယ်ရဲ့ အားနည်းချက်ကိုပါ ကျော်လွှားနိုင်ခဲ့တာပဲ။ ဒါဟာ အပင်မျိုးနွယ်ချင်း တိုက်ခိုက်မှုကို ပြန်လည် ချေမှုန်းနိုင်တဲ့ ပထမဆုံးသော ‘ထိပ်တန်းအဆင့် ဝိညာဉ်သဏ္ဍာန်’လို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူး။"
ကျိလင်း၏ ရှင်းလင်းချက်ကို ကြားရသည့်အခါမှသာ အားလုံးက သဘောပေါက်သွားကြတော့သည်။
အကြီးအကဲ ‘မုန်းရှန်ကျိ’က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း— "တွေ့လား... ငါ့ရဲ့ အဖိုးတန် မြေးမလေးက ငါ့ကို လိမ်ပြောခဲ့တာ မဟုတ်ဘူး။ ငါ မင်းတို့ကို ပြောသားပဲ... နော့တင်းမြို့လေးကနေ တကယ့် ပါရမီရှင် အကျော်အမော် နှစ်ယောက် ထွက်ပေါ်လာခဲ့တယ်ဆိုတာ။"
ကျန်ရှိသော အဘိုးအိုများမှာမူ မချိပြုံး ပြုံးလိုက်ကြရုံသာ တတ်နိုင်တော့သည်။ အကယ်ဒမီတွင် အတည်ငြိမ်ဆုံးဖြစ်သော ကျိလင်းကိုယ်တိုင်ကပင် ကျူကျုံး၏ စွမ်းရည်ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ရာ... ၎င်းတို့အနေဖြင့် ဘာပြောစရာ ရှိတော့မည်နည်း။
"အဖိုးတန် မြေးမလေး ဟုတ်လား..." ကျူကျုံးက ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသလို ရှောင်ဝူလည်း နားမလည်နိုင်အောင် ဖြစ်နေရသည်။ ၎င်းတို့အနေဖြင့် ဤအကယ်ဒမီမှ ဆရာကြီးများ၏ မြေးမလေးကို မည်သည့်အချိန်တွင် တွေ့ဆုံဖူးခဲ့ပါသနည်း။
"ဟားဟားဟား..." အဘိုးအို ‘ပိုင်ပေါင်ရှန်း’က ဝင်ရောက်ရယ်မောရင်း ရှင်းပြလာသည်"မင်းတို့ရဲ့ နော့တင်းအကယ်ဒမီမှာ ‘ဖရန်ကလင်’လို့ ခေါ်တဲ့ ကျောင်းအုပ်ကြီးတစ်ယောက် ရှိတယ် မဟုတ်လား။ အဲဒီကောင်စုတ်လေးက... ငါတို့ အစ်ကိုကြီး မုန်းရှန်ကျိရဲ့ အဖိုးတန်မြေးမလေးကို လှည့်စားပြီး ခိုးယူသွားခဲ့တာလေ။"
(စာရေးသူ: ဒါက ကျွန်တော် ကိုယ်တိုင် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားတာမို့လို့... စာဖတ်သူတို့ရေ ဝိုင်းမထုကြပါနဲ့ဦးနော်။)
ကျူကျုံးသည် စိတ်ထဲမှနေ၍ ထိုကျောင်းအုပ်ကြီး ဖရန်ကလင်ကို လေးစားစွာဖြင့် လက်မထောင်ပြလိုက်မိသည်— "တကယ့်ကို ဆရာကြီးပါပဲလား..."
ကျူကျုံးသည် ကျောင်းအုပ်ကြီး ဖရန်ကလင်၏ ဇနီးနှင့် အကြိမ်အနည်းငယ် ဆုံတွေ့ဖူးသော်လည်း ရင်းနှီးမှု မရှိလှချေ။ သို့သော် ရှောင်ဝူနှင့်မူ အလွန်ခင်မင်ကြသည်ဟု သိရသည်။ ထိုအမျိုးသမီးမှာ တကယ့်ကို လှပချောမောလှပေသည်။ ကျွန်ုပ်တို့၏ ကျောင်းအုပ်ကြီးမှာ အသက် ၃၀ ကျော်မျှသာ ရှိသေးသော်လည်း ရုပ်သွင်မှာ ၄၀ ၅၀ အရွယ်ကဲ့သို့ ရင့်ရော်နေသဖြင့်... သူမကို မည်သို့ ဖမ်းစားနိုင်ခဲ့သည်မှာ အံ့ဩစရာပင်။
ပထမဆုံး ဆုံတွေ့စဉ်က... ကျူကျုံးသည် သူမအား ကျောင်းအုပ်ကြီး၏ သမီးဟုပင် ထင်မှတ်ခဲ့ဖူးသည်။ မည်သူက ထင်မှတ်ထားပါအံ့နည်း... ကျောင်းအုပ်ကြီးသည် ထိုစဉ်က အသက် ၃၀ ကျော်သာ ရှိသေးပြီး ယခု ၆ နှစ်ခန့် ကြာမြင့်ပြီးနောက်တွင် ၄၀ ကျော်သို့ ရောက်ရှိလာခဲ့ကာ သူ၏ ဇနီးမှာမူ စင်စစ်၌ သူ့ထက် အသက်အနည်းငယ်မျှသာ ငယ်ရွယ်သူ ဖြစ်ပေသည်။
ပိုင်ပေါင်ရှန်းက ဖရန်ကလင်၏ အကြောင်းကို ပြောလိုက်သည်နှင့်... မုန်းရှန်ကျိ၏ နှုတ်ခမ်းများမှာ ဒေါသတကြီး တုန်ရီလာခဲ့ပြီး သူ၏ တည်ငြိမ်မှုများ ပျောက်ကွယ်ကာ အော်ဟစ်လေတော့သည်— "ဟွန်း... အဲဒီ ဖရန်ကလင်ဆိုတဲ့ ကောင်စုတ်လေး... ငါ့ရဲ့ တစ်ဦးတည်းသော မြေးမလေးကို ငါ မသိအောင် ခိုးယူသွားတာ။ နောက်တစ်ခါ ဆုံရင်တော့ သူ့ကို နာနာလေး ပညာပေးရမယ်။"
ကျူကျုံးက စိတ်ထဲမှ တွေးလိုက်မိသည်— "အော်... ဒါကြောင့်မို့လို့ ပုံမှန်အားဖြင့် မင်းစိုးရာဇာ နွယ်ဖွားတွေကိုပဲ လက်ခံတဲ့ တော်ဝင်အကယ်ဒမီက... ငါတို့နှစ်ယောက်ကို ဖိတ်ခေါ်စာတွေ ပို့ခဲ့ပြီး စားစရိတ် နေစရိတ်တွေအပြင်... အို... ရွှေဒင်္ဂါးပြားတွေပါ ထောက်ပံ့ပေးခဲ့တာကိုး။ ကြည့်ရတာ ကျောင်းအုပ်ကြီးကတော်ရဲ့ ထောက်ခံမှုကြောင့် ဖြစ်ရမယ်... ငါကတော့ ရှောင်ဝူရဲ့ ကျေးဇူးကြောင့် အကျိုးအမြတ် ရခဲ့တာပေါ့။"
(စာရေးသူ: ကဲ... မျက်နှာကို အဖြတ်ခံရတာ နာရဲ့လား။ ဘယ်သူကများ ရှောင်ဝူကို အပိုပစ္စည်းလေးလို့ ပြောခဲ့တာလဲ။)
(ကျူကျုံး: ငါလည်း တကယ့်ကို...)
ထိုစဉ် ကျိလင်းသည် မုန်းရှန်ကျိတစ်ယောက် သူ၏ မြေးမလေးအကြောင်းကို ပြောမိတိုင်း ဒေါသထွက်တတ်သည့် အကျင့်ဆိုးကြီး ပေါ်လာသည်ကို မြင်ရသဖြင့်... စကားလမ်းကြောင်းကို အမြန်လွှဲကာ ရှောင်ဝူကို လှည့်ကြည့်လိုက်ရင်း— "အင်း... ဒီမိန်းကလေးကလည်း ပါရမီထူးခြားလှတာပဲ။ သူက လူအေးလေးလို ဖြစ်နေပေမဲ့... ဝိညာဉ်စွမ်းအားက အဆင့် ၃၀ ကျော်နေပြီပဲ။ ဒီသမီးငယ်လေးကရော... ငါတို့ကို ဘယ်လိုမျိုး အံ့ဩစရာတွေ ထပ်ပြီး ပြသဦးမလဲဆိုတာ တကယ်ကို စိတ်ဝင်စားစရာပဲ။"