အပိုင်း (၂၆) ဒီအဖိုးကြီးက ဖိအားပေးပြီး စမ်းသပ်ရတာကို တော်တော်ဝါသနာပါတာပဲလား
ကျူကျုံးသည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိ၏။ ‘ကြည့်ရတာ ဒီလူက စွန်းပုယွီဖြစ်ရမယ်။ အမှောင်ထဲကနေ အကြာကြီး ချောင်းကြည့်နေပြီးတော့ အခုမှ ထွက်လာတာ... တကယ့်ကို အချိန်ကိုက်ပါပဲလား။ ငါ့ရဲ့ အစွမ်းကို စမ်းသပ်ချင်လို့များလား...။’
မြေပြင်ထက်တွင် ခွေးလူးဝက်လူး လဲကျနေသော ရှုပင်းမှာမူ... အခြံအရံ ဝိညာဉ်သခင်ကျောင်းသားအချို့၏ တွဲထူပေးမှုကြောင့် လူးလဲထလာနိုင်ခဲ့သည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး အမောတကောဖြင့် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ "ဆရာစွန်း... ဒီအရူးနှစ်ယောက်ကို ကြည့်စမ်းပါဦး သူတို့က ကျွန်တော်တို့ကို ဒီလောက်အထိ ရိုက်နှက်ရဲတယ်ဗျာ။ ဒါဟာ ကျွန်တော်တို့ ကောင်းကင်အင်ပါယာ တော်ဝင်အကယ်ဒမီကျောင်းတော်ကြီးကို လုံးဝ မျက်နှာမထောက်ဘဲ စော်ကားလိုက်တာပဲ ဆရာအနေနဲ့ ကျွန်တော်တို့ဘက်ကနေ မတရားမှုကို တရားသဖြင့် ဖြေရှင်းပေးရမယ်"
အခြားစကားများကို ဖတ်မနေဘဲ... ကျွန်ုပ်တို့၏ မင်းသားကြီးရှုပင်းသည် ထုံးစံအတိုင်း တစ်ဖက်လူကို အပြစ်ပုံချရန် အရင်ဆုံး ကြိုးပမ်းလိုက်ခြင်းပင် ဖြစ်၏။
စွန်းပုယွီသည် ရှုပင်းကဲ့သို့သော အရှိန်အဝါဖြင့် မောက်မာတတ်သူမျိုးကို အမြင်ကတ်သည်မှာ ကြာပြီဖြစ်သည်။ အခြားသူများက မင်းသားကို ကြောက်ရွံ့ကြသော်လည်း သူကမူ စိုးစဉ်းမျှ မမှုပေ။ သူက စိတ်မရှည်ဟန်ဖြင့် ဆိုလိုက်၏။ "ဖြစ်ပျက်သမျှကို ငါ အစအဆုံး မြင်တွေ့ခဲ့ပြီးပြီ။ ကျောင်းသားသစ်နှစ်ယောက်ရဲ့ လက်ချက်နဲ့ ဒီလောက်အထိ အရှုံးပေးခဲ့ရတာ... မင်းတို့အတွက် မရှက်စရာဘူးလား။ ရှုပင်း... မှတ်ထားစမ်း ဒီနေရာက ကျောင်းတော်ဖြစ်တယ် မင်းရဲ့ နန်းတော်မဟုတ်ဘူး။ ငါ မင်းကို သတိပေးလိုက်မယ်... သေသေဝပ်ဝပ် နေစမ်းပါ အခု ချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားတော့။"
ထို့နောက်... သူက ကျူကျုံးနှင့် ရှောင်ဝူတို့ ရှိရာဆီသို့ လှည့်ကြည့်လိုက်ပြီး... သူတို့၏ အတွင်းအနက်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလား စူးစိုက်ကြည့်ကာ မေးလိုက်သည်။ "မင်းတို့လေးတွေ တော်တော်လေး စွမ်းဆောင်ရည်ကောင်းတာပဲ။ နာမည်တွေက ဘယ်လိုခေါ်ကြလဲ။"
ကျူကျုံးက တည်ငြိမ်စွာပင်— "ကျွန်တော့်နာမည်က ကျူကျုံးပါ ဒါကတော့ ကျွန်တော့်ရဲ့ ညီမလေး ရှောင်ဝူပါ။ ဒါက ကျွန်တော်တို့ရဲ့ ကျောင်းဝင်ခွင့် ဖိတ်ကြားစာတွေပါ ခင်ဗျာ။" ဟု ဆိုရင်း... ထူးခြားသော အမှတ်အသားများ ပါရှိသည့် စာအိတ်နှစ်အိတ်ကို စွန်းပုယွီထံသို့ ကမ်းပေးလိုက်၏။
"ကျူကျုံး... (တရုတ်လို ဘိုးဘေးဟု အဓိပ္ပာယ်ရ၍) " စွန်းပုယွီသည် စိတ်အေးလက်အေး ရှိလှသော ပညာတတ်တစ်ဦး ဖြစ်သော်လည်း... တစ်ဖက်လူထံမှ နှာခေါင်းတစ်ဖျား အမြတ်ထုတ်ခံလိုက်ရသည့် ထိုနာမည်မျိုးကို တစ်ခါမျှ မကြားဖူးချေ။ အကယ်၍ သူတို့ ကမ်းပေးလာသော ကျောင်းဝင်ခွင့် ဖိတ်ကြားစာများကိုသာ ကိုယ်တိုင်မတွေ့ရပါက... သူသည် လှည့်စားခြင်း ခံလိုက်ရသည်ဟု ဧကန်မုချ သံသယဝင်မိပေလိမ့်မည်။
စာအိတ်နှစ်အိတ်ကို ဖွင့်လှစ်ကြည့်ရှုလိုက်ပြီးနောက်... စွန်းပုယွီ၏ မျက်နှာအမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့ရ၏။ ကျူကျုံးနှင့် ရှောင်ဝူတို့အပေါ် ထားရှိသော သူ၏ အကြည့်များမှာလည်း သိသိသာသာ နူးညံ့ပျော့ပြောင်းသွားခဲ့သည်။
"ကောင်းပြီ... ငါ့နောက်ကို လိုက်ခဲ့ကြတော့ မင်းတို့ကို ကျောင်းတော် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဆီ ခေါ်သွားပေးမယ်။"
ကျူကျုံးက ခပ်ဖွဖွလေး ပြုံးလိုက်ရင်း တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်၏။ "ဒါဆိုရင်တော့ ဆရာစွန်းကို ဒုက္ခပေးရပါဦးမယ် ခင်ဗျာ။"
စွန်းပုယွီသည် ကျူကျုံးနှင့် ရှောင်ဝူတို့ကို ဦးဆောင်၍ ကောင်းကင် တော်ဝင်ကျောင်းတော်၏ စီမံခန့်ခွဲရေးကော်မတီ ခန်းမဆောင်ကြီးဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ဤခန်းမဆောင်ကြီး၏ ခမ်းနားထည်ဝါမှုကို မြင်လိုက်ရသည့်အခါ... ကျူကျုံး၏ စိတ်ထဲတွင် ‘ဇိမ်ခံနန်းတော်’ ဟူသော စကားလုံးမှတစ်ပါး အခြားဖော်ပြချက် မရှိတော့ချေ။ တစ်ထပ်တည်းသော အဆောက်အအုံ ဖြစ်သော်လည်း... အမြင့်မှာ မီတာဆယ်ဂဏန်းကျော်အထိ ရှိနေပြီး နော့တင်းမြို့ရှိ ဝိညာဉ်နန်းတော်တောင်မှ ဤမျှ ခမ်းနားခြင်း မရှိပေ။
ကျူကျုံး (ချမ်းသာသူများကို မနာလိုဖြစ်လျက်) : ‘ဒီ သွေးစုပ်မှူးမတ်တွေကတော့... လူတွေရဲ့ အသွေးအသားကို မညှာမတာ စုပ်ယူစားသောက်ထားကြတာပဲ။ တစ်နေ့ကျရင်တော့... ဒီရွှေငွေ ရတနာတွေကို ငါ့အိမ်ဆီ အကုန် သယ်သွားရမယ်။’
စီမံခန့်ခွဲရေး ခန်းမဆောင်ကြီးအတွင်းသို့ လှမ်းဝင်လိုက်သည့်အခါ... ထိုနေရာတွင် လူလေးဦးသာ ရှိနေသည်ကို ကျူကျုံး တွေ့လိုက်ရ၏။ အလယ်ဗဟို ပလ္လင်ထက်တွင် ဝတ်ရုံနက် ဆင်မြန်းထားသော အဖိုးအို သုံးဦး ထိုင်နေကြပြီး... ဘေးနားတွင်မူ အသက် ၃၀ ခန့်ရှိမည့် အလတ်တန်းစား လူကြီးတစ်ဦး မတ်တတ်ရပ်နေပေသည်။
ထိုအဖိုးအို သုံးဦးသည် ရိုးရိုးရှင်းရှင်းပင် ထိုင်နေကြသော်လည်း... သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် ဆန်းကြယ်လှပြီး သူတို့သည် ဤကျောင်းတော်ကြီးတစ်ခုလုံး၏ အဓိကကျောရိုးတိုင်ကြီးများ ဖြစ်ကြောင်း သိသာလှပေသည်။ သူတို့၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးများ ရှိနေသော်လည်း... အထွတ်အထိပ် ပညာရှင်ကြီးများ၏ ပင်ကိုယ်အရှိန်အဝါကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ကျူကျုံးက အသံကို နှိမ့်၍ တိုးတိုးလေး ကောက်ချက်ချလိုက်၏။ "ဒါတွေက... ကောင်းကင်ကျောင်းတော်ရဲ့ ‘ဝိညာဉ်ဒိုလော့’ အဆင့်ရှိတဲ့ ပညာရှင်ကြီးတွေပေါ့လေ တင်တင်စီးစီး သုံးယောက်တောင် ရှိတာပဲ။"
ဘေးနားတွင် ရပ်နေသော ရှောင်ဝူသည်... ကျူကျုံး၏ နှုတ်မှ ‘ဝိညာဉ်ဒိုလော့’ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ... စိတ်ထဲမှ ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရသည်။ အကြောင်းမှာ ထိုအဆင့်ရှိသော ပညာရှင်ကြီးများသည်... လူသားအသွင် ဖန်ဆင်းထားသော မိစ္ဆာသားရဲများကို အလွယ်တကူ ရိပ်မိနိုင်စွမ်း ရှိသောကြောင့်ပင်။ သူမသည် ကြောက်လန့်တကြားဖြင့်... ကျူကျုံး၏ ကျောပြင်နောက်ဆီသို့ ဗီဇအတိုင်း အသာလေး ပုန်းကွယ်လိုက်တော့သည်။
သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီနေပြီး... ဝတ်ရုံနက်နှင့် အဖိုးအို သုံးဦးကို မျက်လုံးထောင့်မှနေ၍ မကြာခဏ ခိုးကြည့်နေရှာသည်။ သူမသည် မိမိကိုယ်ကိုယ် သဏ္ဍာန်ပြောင်းဆေးလုံး စားသုံးထားပြီးဖြစ်၍ မိစ္ဆာအသွင် သဏ္ဍာန် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်းကိုပင် ထိတ်လန့်မှုကြောင့် ခေတ္တမျှ မေ့လျော့နေခဲ့၏။
ကျူကျုံးက ရှောင်ဝူ၏ လက်ဖဝါးနုနုလေးကို အသာအယာ ဆုပ်ကိုင် ညှစ်လိုက်ရင်း... စိုးရိမ်ပူပန်ခြင်း မရှိရန် အချက်ပြလိုက်သည်။ "စိတ်အေးအေးထားပါ... မစိုးရိမ်နဲ့ ဘာပြဿနာမှ မရှိစေရဘူး"
တကယ်တော့... ကျူကျုံးသည် မတိုင်မီကတည်းက စနစ်ကို အသုံးပြု၍ ရှောင်ဝူ၏ ခန္ဓာကိုယ်ကို စစ်ဆေးခဲ့ပြီးသား ဖြစ်သည်။ စနစ်၏ ပြသချက်အရ... ရှောင်ဝူသည် ယခုအခါတွင် ရာနှုန်းပြည့် လူသားစင်စစ် ဖြစ်နေပြီ ဖြစ်သောကြောင့်သာ ကျူကျုံးက သူမကို ဤနေရာသို့ ရဲရဲဝံ့ဝံ့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
စွန်းပုယွီက ပလ္လင်ထက်ရှိ အဖိုးအို သုံးဦးကို ဦးညွှတ်အရိုအသေပြုလိုက်ရင်း— "ကော်မတီဥက္ကဋ္ဌကြီး သုံးဦးခင်ဗျာ... ကျောင်းတော်ကနေ အသည်းအသန် ရှာဖွေနေတဲ့ ပါရမီရှင် လူငယ်တွေကို ခေါ်ဆောင်လာခဲ့ပါပြီ။" ဟု အစီရင်ခံလိုက်၏။ ထို့နောက် သူက ဘေးနားရှိ အလတ်တန်းစား လူကြီးကို ပြုံးပြလိုက်ရာ... ထိုလူကြီးကလည်း ခေါင်းငြိတ်၍ ပြုံးလျက် ပြန်လည်နှုတ်ဆက်ခဲ့ကြသည်။
အဖိုးအို သုံးဦးအနက်... အလယ်ဗဟိုတွင် ထိုင်နေသော ပိန်ပိန်ပါးပါးနှင့် အဖိုးအိုက သဘောကျစွာ တဟားဟား ရယ်မောရင်း မတ်တတ်ထရပ်လိုက်၏။ "ကောင်းတယ်... တကယ့်ကို ကောင်းမွန်လှပေတယ် ငါတို့ သုံးယောက်ရဲ့ အရှိန်အဝါကို ရင်ဆိုင်ရတာတောင်... စိုးစဉ်းမျှ ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်နေနိုင်တာကို ကြည့်ရင်... မင်းဟာ တကယ့်ကို အနာဂတ်ရှိတဲ့ ပါရမီရှင်တစ်ယောက်ပဲ ငါ့နာမည်က ‘မုန်းရှန်ကျီး’လို့ ခေါ်တယ်။ ဤစီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌကြီးပေါ့။ ငါ့ရဲ့ ဝိညာဉ်ကတော့ ‘အမှောင်မိစ္ဆာ’ဖြစ်ပြီး... အဆင့် ၈၆ ရှိတဲ့ ကွင်းရှစ်ကွင်း ပိုင်ရှင် ကာကွယ်ထိန်းချုပ်ရေးစနစ်ရဲ့ ‘တိုက်ပွဲဝင် ဝိညာဉ်ဒိုလော့’ တစ်ဦး ဖြစ်တယ်။ ကဲ... ကျန်တဲ့သူတွေကိုလည်း မိတ်ဆက်ပေးရဦးမယ်။"
သူက ဆိုလိုက်ရင်း... သူ၏ လက်ဝဲဘက်တွင် ထိုင်နေသော ပုပုဆုဆုနှင့် အဖိုးအိုကို ညွှန်ပြကာ— "ဒါကတော့... ဒုတိယဥက္ကဋ္ဌ ‘ပိုင်ပေါင်ရှန်း’ဝိညာဉ်ဒိုလော့ပဲ။ သူ၏ ဝိညာဉ်က ‘ကောင်းကင်နက္ခတ်မီးဖို’ဖြစ်ပြီး... အဆင့် ၈၅ ရှိတဲ့ ကွင်းရှစ်ကွင်း ပိုင်ရှင် ခံစစ်စနစ်ရဲ့ ‘တိုက်ပွဲဝင် ဝိညာဉ်ဒိုလော့’ ဖြစ်တယ်။"
ထိုပုပုဆုဆုနှင့် အဖိုးအိုသည်... မျက်နှာထက်တွင် အမြဲတမ်း သဘောကောင်းလှသော အပြုံးများဖြင့် ပြည့်နှက်နေပြီး... ရယ်မောလိုက်တိုင်း သူ၏ ဖောင်းအိနေသော ပါးပြင်ကြီးနှစ်ဖက်က တုန်ခါသွားတတ်သည်။ မုန်းရှန်ကျီး၏ မိတ်ဆက်မှုကို ကြားရသောအခါ... သူက ကျူကျုံးနှင့် ရှောင်ဝူတို့ကို ကြည့်ကာ ခေါင်းငြိတ်ပြုံးပြလိုက်၏။
မုန်းရှန်ကျီးက နောက်ဆုံးကျန်ရှိနေသော အဖိုးအိုကို ဆက်လက်ညွှန်ပြရင်း— "ဒါကတော့... တတိယဥက္ကဋ္ဌ ‘ကျိလင်း’ ဝိညာဉ်ဒိုလော့ပဲ။ သူ၏ ဝိညာဉ်က ‘မိုးပြာရောင်နွယ်ပင်’ဖြစ်ပြီး... အဆင့် ၈၃ ရှိတဲ့ ကွင်းရှစ်ကွင်း ပိုင်ရှင် ထိန်းချုပ်ရေးစနစ်ရဲ့ ‘လက်နက်ဝိညာဉ်ဒိုလော့’ ဖြစ်တယ်...။"
ကျိလင်းသည်... မုန်းရှန်ကျီးနှင့် ပိုင်ပေါင်ရှန်းတို့ကဲ့သို့ ပြုံးရွှင်မနေပေ။ အမှန်တကယ်တော့... စွန်းပုယွီက ကျူကျုံးနှင့် ရှောင်ဝူတို့ကို ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည့် အချိန်မှစ၍... သူ၏ မျက်မှောင်ကြီးများမှာ တင်းတင်းကြပ်ကြပ် တွန့်ကွေးနေခဲ့ခြင်း ဖြစ်သည်။
အကြောင်းမူကား... သူ၏ နှလုံးသားထဲတွင် ထူးဆန်းလှသော ခံစားချက်တစ်ခု ကိန်းအောင်းလာခဲ့သောကြောင့်ပင်။ ထိုခံစားချက်မျိုးမှာ သူနှင့် မစိမ်းလှဘဲ... လွန်ခဲ့သော နှစ်ပေါင်းများစွာက အထွတ်အထိပ် ပညာရှင်ကြီးတစ်ဦးဖြစ်သော ‘ဂန္ဓမာဝိညာဉ်ဒိုလော့’ထံမှ ခံစားခဲ့ရဖူးသော အရှိန်အဝါမျိုး ဖြစ်နေသည်။
ထို့ပြင်... ထိုထူးဆန်းလှသော အရှိန်အဝါလှိုင်းတံပိုးများမှာ... သူ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေသော ဤလူငယ်လေးထံမှ စိမ့်ထွက်နေခြင်း ဖြစ်သည်။
ဝိညာဉ်ဒိုလော့ ကျီလင်းသည်လည်း နေရာမှ ထရပ်လိုက်ပြီး... တည်ငြိမ်လေးနက်လှသော လေသံဖြင့် ဆိုလိုက်၏။ "လူငယ်လေး... မင်းရဲ့ ဝိညာဉ်စွမ်းအားကို ဒီအဖိုးကြီးကို တစ်ချက်လောက် ထုတ်ပြလို့ ရမလား။"
ကျူကျုံးက ခေါင်းငြိတ်လိုက်ရင်း တည်ငြိမ်စွာပင်— "ကျွန်တော့်ရဲ့ ဝိညာဉ်က ‘ငွေပြာမြက်နွယ်’ ဖြစ်ပြီး... တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေးစနစ် ပေါင်းစပ်ထားတဲ့ အဆင့် ၃၇ ရှိတဲ့ လက်နက်ဝိညာဉ်သခင်တစ်ဦးပါ ခင်ဗျာ။"
သူက ဆိုလိုက်ရင်း... ရှောင်ဝူကို အနောက်သို့ အနည်းငယ် ဆုတ်ခွာသွားရန် လက်ဟန်ပြလိုက်ပြီးနောက်... သူ၏ လက်ယာဘက် လက်ဖဝါးကို မြှောက်လိုက်သည်။ သူ၏ ဝင်းပသော အသားအရေထက်တွင် ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး... ရုတ်ချည်းပင် နက်မှောင်သော အပြာရောင်လုနီးပါး ရှိပြီး ဆန်းကြယ်လှသော ရွှေရောင်လိုင်းများဖြင့် ဖုံးလွှမ်းနေသည့် ‘ငွေပြာဧကရာဇ်’နွယ်ပင်ကြီးများက သူ၏ လက်ဖဝါးထက်မှနေ၍ ရုန်းကြွထွက်ပေါ်လာခဲ့တော့သည်။
တစ်ဆက်တည်းမှာပင်... အဝါ အဝါ ခရမ်း ဟူသော တောက်ပပြတ်သားလှသည့် ဝိညာဉ်ကွင်းသုံးကွင်းစလုံးက သူ၏ ခြေဖဝါးအောက်မှနေ၍ ပေါ်ထွက်လာပြီး ခန္ဓာကိုယ်ကို ဝဲပျံရစ်ပတ်လျက် ရှိနေတော့သည်။ ဤသည်ကား... ဝိညာဉ်သက်ကြီးတစ်ဦး၏ ထင်ရှားလှသော သက်သေအမှတ်အသားပင် ဖြစ်ချေသည်။
ကျူကျုံးသည်... သူ၏ ဝိညာဉ်ကွင်းပုံစံနှင့် အပြာရောင်ငွေဧကရာဇ်ကို ထုတ်ဖော်လိုက်ရုံသာမက သူ၏ ဝိညာဉ်အဆင့်ကိုလည်း ဆက်လက်ဖုံးကွယ်ထားရန် စိတ်ကူးမရှိတော့ပေ။ ဘာပဲဖြစ်ဖြစ်... သူသည် ကောင်းကင် တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ... သူ၏ အဆင့်အမှန်ကို သိရှိသွားကြမည်မှာ အချိန်ပိုင်းမျှသာ ဖြစ်သည်။ နောက်မှ သိသွားကြမည့်အစား... ယခုကတည်းက ကိုယ်တိုင်ထုတ်ပြလိုက်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။
ထိုနေရာတွင် ရှိနေကြသော လူအားလုံးမှာမူ... ကျူကျုံး၏ အစွမ်းကို ကြိုတင်သိရှိထားပြီးဖြစ်သော ရှောင်ဝူမှလွဲ၍... အားလုံး အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
ကျောင်းဝင်ခွင့် ဖိတ်ကြားစာကို ကိုင်ဆောင်ထားသော ဆရာစွန်းပုယွီမှာမူ... အံ့သြလွန်းသဖြင့် မေးရိုးပင် ပြုတ်ထွက်လုမတတ် ဖြစ်သွားခဲ့ရရှာသည်။ သူသည် အသက် ၁၃ နှစ်မပြည့်သေးဘဲ ဝိညာဉ်သက်ကြီးအဆင့်သို့ ရောက်ရှိနေသော ကျူကျုံးနှင့် ရှောင်ဝူတို့ကို မြင်လိုက်ရကတည်းက မှင်တက်ခဲ့ရသော်လည်း... ယခုအခါတွင် ကျူကျုံးက အဆင့် ၃၇ အထိ ရှိနေလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ ထိုသို့ဆိုလျှင်... ကျူကျုံးသည် အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်အရွယ်ကတည်းက ဝိညာဉ်သက်ကြီး ဖြစ်ခဲ့သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်ရာ... တကယ့်ကို တုန်လှုပ်ချောက်ချားစရာကောင်းလှသော ပါရမီပင် ဖြစ်ပေတော့သည်။
ကျူကျုံး၏ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ... ဝိညာဉ်ဒိုလော့ ကျိလင်း၏ နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်မှာ လက်တွေ့ဘဝအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏— ၎င်းမှာ ဝိညာဉ်အချင်းချင်း ဖိနှိပ်ခြင်းပင် ဖြစ်သည်။
"ဒါဟာ... ဝိညာဉ်အချင်းချင်း ဖိနှိပ်တဲ့ အရှိန်အဝါပဲ ငါ့ရဲ့ ‘မိုးပြာရောင်နွယ်ပင်ဝိညာဉ်’ က... ဒီကောင်လေးရဲ့ ဝိညာဉ်အောက်မှာ ဖိနှိပ်ခြင်း ခံနေရတာလား" ဝိညာဉ်ဒိုလော့ ကျိလင်းသည် စိတ်ထဲမှ တုန်လှုပ်ခြောက်ချားစွာ ရေရွတ်လိုက်မိတော့သည်။
ရုတ်ချည်းပင်... ကျိလင်း၏ ဝိညာဉ်ဒိုလော့ ဂုဏ်ပုဒ်ကို ဆောင်ထားသော အနက်ရောင်ဝတ်ရုံကြီးမှာ လေမတိုက်ဘဲ လှုပ်ရှားလာခဲ့၏။ သူသည် ရိုးရိုးရှင်းရှင်းပင် ရပ်နေသော်လည်း... ကျူကျုံးသည် မိမိ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်ရသော ဖိအားလှိုင်းတံပိုးများက တစ်စစနှင့် ပိုမိုပြင်းထန်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပေသည်။
ကျူကျုံး၏ အပြင်ပန်းအမူအရာမှာ မပြောင်းလဲဘဲ တည်ငြိမ်နေသော်လည်း... စိတ်ထဲတွင်မူ နှာခေါင်းရှုံ့လိုက်မိ၏။ ‘တောက်... ဒီအဖိုးကြီး ကျိလင်းကတော့ကွာ... ဘာဖြစ်လို့ လူငယ်တွေကို စမ်းသပ်တဲ့အခါကျရင် ဒီလိုမျိုး ဖိအားပေးပြီး စမ်းသပ်ရတာကို ဒီလောက်တောင် ဝါသနာပါနေရတာလဲ။ မူရင်းဝတ္တုထဲမှာ တန်ဆန်းနဲ့ စတွေ့တုန်းကလည်း ဒီအတိုင်းပဲ... အခု ငါ့အလှည့်ကျတော့လည်း ဒီလိုပဲ လုပ်ပြန်ပြီ။ ပြီးတော့... အဆင့် ၃၅ ရဲ့ ဖိအားကနေ စတင်နေတာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဒီလောက် ဖိအားမျိုးကိုတော့ ငါ အေးဆေး တောင့်ခံနိုင်ပါတယ်...။’
ကျီလင်းသည် သူ၏ မှုန်ဝါးနေသော မျက်ဝန်းအစုံကို ကျဉ်းမြောင်းလိုက်ရင်း... စိတ်ထဲမှ အလွန်အမင်း အံ့အားသင့်သွားခဲ့ရပြီး ဖိအားလှိုင်းများကို တဖြည်းဖြည်း တိုးမြှင့်လိုက်တော့သည်။
အဆင့် ၃၆... အဆင့် ၃၇... အဆင့် ၃၈... အဆင့် ၄၀ အထိ ဖိအားများ မြင့်တက်လာခဲ့သော်လည်း... ကျူကျုံးမှာမူ ဘာမှမဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာပင် ရပ်မြဲတိုင်း ရပ်နေဆဲဖြစ်၏။
ကျူကျုံး : ‘ဒါပေါ့... ငါ့ရဲ့ငွေပြာဧကရာဇ် ဝိညာဉ်က အပြင်ကို ထွက်နေတာပဲ။ မင်းရဲ့ ဝိညာဉ်ဖိအားလောက်နဲ့ ငါ့ကို တစ်ခုခု ဖြစ်သွားအောင် လုပ်နိုင်ရင်... အဲဒါမှ ထူးဆန်းတာပေါ့။’