အပိုင်း (၂၅) နေ့စဉ်ရက်ဆက် အရိုက်ခံရရှာသော အနွယ်တော် ရှုပင်း
ကျူကျုံးတို့ ဘာမှပင် မပြောရသေးမီမှာပင်... လမ်းပိတ်ထားသော ကျောင်းသားများထဲမှ တစ်ဦးက ရှေ့သို့ ဒေါသတကြီး တိုးထွက်လာပြီး အော်ဟစ်ငေါက်ငမ်းလေတော့သည်"သောက်ရူးတွေ မင်းတို့ ဘယ်လောက်တောင် သတ္တိရှိလို့ ငါတို့ရဲ့ အိမ်ရှေ့မင်းသား ‘ရှုပင်း’ကို စိန်ခေါ်ရဲတာလဲ။ မင်းကြီးရဲ့ သားတော်ကို မြင်တာတောင် ဒူးမထောက်ရဲဘူးလား"
ထို့နောက် သူက ခေါင်းဆောင်ဖြစ်ဟန်တူသော ဝိညာဉ်သခင်လူငယ်ကို ခါးညွတ်ကာ ဖားလိုက်သေးသည် "မင်းသားကြီး... ဒီလို တောသားရိုင်းနှစ်ယောက်က တကယ့်ကို အမြင်မရှိတာပဲ။ ကျွန်ုပ် မင်းသားကြီးကိုယ်စား သူတို့ကို ပညာနည်းနည်း ပေးလိုက်ရမလား။"
ထိုခေါင်းဆောင်ဖြစ်သူ ‘ရှုပင်း’ ကို ပထမဆုံး မြင်လိုက်ရသည်နှင့်... အလိုလိုနေရင်း ‘မင်းစိုးရာဇာ အသိုင်းအဝိုင်းမှ ဆိုးသွမ်းသော သခင်လေး’ ဟူသော အငွေ့အသက်ကို ခံစားရစေကာ ၎င်းမှာ အပေါ်ယံဟန်ဆောင်မှု မဟုတ်ဘဲ အရိုးထဲအသည်းထဲအထိ စွဲမြဲနေသော စရိုက်ဆိုးမျိုး ဖြစ်ပေသည်။
ကျူကျုံးသည် ရုတ်ချည်း သဘောပေါက်သွားပြီး စိတ်ထဲမှ တိုးတိုးလေး ကျိတ်ရယ်လိုက်မိသည် "အော်... ဒါကြောင့်မို့လို့ မြင်မြင်ချင်း ရင်းနှီးနေတာကိုး။ မူရင်းဇာတ်လမ်းရဲ့ အစပိုင်းတုန်းက တိုင်မုပိုင်ရဲ့ သေလုမတတ် အရိုက်ခံခဲ့ရတဲ့ မင်းသား ‘ရှုပင်း’ ကိုး။ ကြည့်ရတာ ဒီကောင်က သူ့ကိုယ်သူ အစွမ်းအစမရှိတဲ့ လူဖျင်းလူအအဖြစ် ဟန်ဆောင်ပြီး အသက်ဘေးက လွတ်အောင် ပုန်းနေတာပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တန်ဆန်းတို့က ‘ချန်ရန်ရွှယ်’ရဲ့ ရုပ်ဖျက်ထားမှုကို ဖော်ထုတ်ပေးခဲ့လို့... သူကပဲ ကောင်းကင်အင်ပါယာရဲ့ အကြီးမားဆုံး အမြတ်ထွက်သူဖြစ်ပြီး ရာဇပလ္လင်ကို ဆက်ခံခွင့်ရသွားတာ မဟုတ်လား။"
ရှုပင်းသည် အပြင်ပန်းတွင် လူမိုက်တစ်ဦးကဲ့သို့ ပြုမူနေသော်လည်း စင်စစ်၌မူ မိုက်မဲသူ မဟုတ်ချေ။ သူသည် ကောင်းကင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်သော်လည်း ဩဇာအာဏာ အနည်းဆုံးဖြစ်ပြီး... သူ၏ နောင်တော်များ တယောက်ပြီးတယောက် အချိန်မတိုင်မီ ကွယ်လွန်သွားခဲ့သည့် အဖြစ်အပျက်များကြောင့် နေ့စဉ်ရက်ဆက် အသက်ဘေးကို စိုးရိမ်နေရရှာသည်။ သို့ဖြစ်ရာ သူ၏ အသက်ကို အာမခံချက်ရှိစေရန် လုံးဝ သွားရောက်မပတ်သက်ရဲသော အင်အားစုအချို့ ရှိပေသည် ၎င်းတို့မှာ အထက်တန်းစား ဂိုဏ်းကြီးသုံးဂိုဏ်း ဝိညာဉ်နန်းတော် နှင့် သူ၏နောင်တော်ကြီးဖြစ်သော အိမ်ရှေ့မင်းသား ‘ရှုချင်းဟယ်’တို့ ဖြစ်ကြသည်။
သူသည် ကျူကျုံး၏ အဝတ်အစားများ သပ်ရပ်ကျနပြီး စွဲမက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေသည်ကို မြင်လိုက်ရသဖြင့်... အခြေအနေကို စမ်းသပ်လိုသောကြောင့် ရန်စလိုသည့် လေသံဖြင့် မေးလိုက်သည် "မင်းက ဘယ်မိသားစုကလဲ။"
ဘေးနားတွင် ရပ်နေသော ရှောင်ဝူမှာမူ လုံးဝ စိတ်မရှည်နိုင်တော့ချေ။ မိမိ ‘ချစ်သူလေး’ ၏ ကျောပြင်အိအိပေါ်တွင် သက်တောင့်သက်သာ မှီခိုနေရသည့် ပီတိလေးကို ဤလူရှုပ်များက လာရောက်ဖျက်ဆီးလိုက်သဖြင့်... သူမက ကြားဖြတ်၍ ဒေါသတကြီး ပြန်ပြောလိုက်၏— "မိသားစု ဟုတ်လား... ဘာမိသားစုမှ မဟုတ်ဘူး ငါတို့ကို ကောင်းကင်အကယ်ဒမီကို လာဖို့ ဖိတ်ခေါ်ထားလို့ လာခဲ့တာ"
ထိုစကားကို ကြားလိုက်ရသည့်အခါမှ ရှုပင်းသည် ရင်ထဲမှ သက်ပြင်းချနိုင်တော့သည်။ ကြည့်ရတာ... မြက်တောထဲက ထပျံလာတဲ့ သာမန်ရွှေဖူးစာငှက်လေးတွေပဲ ဖြစ်ရမယ် ဘာမှ ကြောက်စရာမလိုတဲ့ နောက်ခံမရှိသူတွေပေါ့။
သူ၏ မျက်နှာပေးက ချက်ချင်းပင် ရက်စက်အောက်တန်းကျသော အသွင်သို့ ပြောင်းလဲသွားပြီး— "ဟားဟား... မင်းတို့လို ကလေးကလားတွေကများ အိမ်မက်ကြီးချင်သေးတယ် ဒါက တော်ဝင်အကယ်ဒမီကွ... ကျီးကန်း တိုင်းကတော့ ရွှေဖူးစာငှက် ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့... ဒီကောင်မလေးကတော့ တော်တော်လေး ချစ်စရာကောင်းသားပဲ ငါ့အနားမှာ လာပြီး အဖော်လုပ်ပေးရင်တော့... ငါ စိတ်ကောင်းဝင်ပြီး မင်းတို့ကို အထဲဝင်ခွင့်ပေးလိုက်မယ်လေ... ဟားဟားဟား"
ပြောပြောဆိုဆိုဖြင့် ရှုပင်းသည် ကျူကျုံးကို လုံးဝမျက်ကွယ်ပြုကာ ရှောင်ဝူ၏အနားသို့ တိုးကပ်လာခဲ့သည်။ သူ၏ မျက်ဝန်းများထဲတွင် ယုတ်မာညစ်ထေးသော အရိပ်အယောင်များ ပြည့်နှက်နေပြီး... ဆိုးသွမ်းသော အနွယ်တော်တစ်ဦး၏ ပုံစံကို ကွက်ကွက်ကွင်းကွင်း ပုံဖော်နေတော့သည်။
ကျူကျုံးက ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်ထဲမှ မချိတင်ကဲ သက်ပြင်းချလိုက်မိသည်— "အင်းလေ... ဒါကလည်း သူ့ရဲ့ အသက်ရှင်သန်ရေးအတွက် ပြဇာတ်ကရတာကိုး။"
ကျူကျုံးသည် ရှုပင်းကို တားဆီးခြင်း မပြုခဲ့ချေ။ တစ်ဖက်လူက ကိုယ်တိုင် သေတွင်းတူးနေမှတော့... လွှတ်ထားလိုက်ရုံသာ ရှိတော့သည်။
အမှန်စင်စစ်... ရှောင်ဝူသည် လူတိုင်း ထင်မှတ်ထားသလို ရိုးအလှသည်မဟုတ်ချေ။ ကျူကျုံး ပေးအပ်ထားသော ရုပ်ပြောင်းဆေးလုံးနှင့် နေ့စဉ်ရက်ဆက် တိုက်တွန်းနှိုးဆော်မှုများကြောင့်... သူမ၏ လက်ရှိ ဝိညာဉ်စွမ်းအားမှာ မူရင်းဇာတ်လမ်းထက် များစွာမြင့်မားနေပြီး အဆင့် ၃၃ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရှုပင်း၏ လက်ညှိုးညစ်ညစ်က ရှောင်ဝူ၏ လုံးဝန်းနုနယ်သော ပါးပြင်လေးကို ထိတွေ့ရန် ကြံရွယ်လိုက်စဉ်... ရှောင်ဝူက သူ့ကို ကြည့်ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။ ရှုပင်းတစ်ယောက် မှင်တက်သွားခဲ့ပြီး စိတ်ထဲမှ— "အခြေအနေ ကောင်းပြီဟေ့..." ဟု တွေးလိုက်မိဆဲတွင်...
ကျူကျုံးက ရှုပင်းကို သနားဂရုဏာသက်သော မျက်လုံးများဖြင့် ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးလိုက်မိ၏— "မိုက်မဲလှတဲ့ မင်းသားလေးရာ... မင်းရဲ့ အရိုးတွေ မကျိုးဖို့သာ ကြိုပြီး ဆုတောင်းထားလိုက်တော့။"
ချက်ချင်းဆိုသလိုပင်... ရှုပင်း မှင်တက်နေသော ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် ရှောင်ဝူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုဖြင့် ရှုပင်း၏ လက်မောင်းကို ဆတ်ခနဲ လှမ်းဖမ်းလိုက်ပြီး... သူမ၏ အစွမ်းထက်လှသော ‘အဆင့်ဆင့် ပစ်ပေါက်ခြင်း သိုင်းကွက်’ ဖြင့် အရိုးကွဲမတတ် စတင်လွှဲပစ်လိုက်တော့သည်။
"အားးးးး... နာတယ်..."
"ကယ်ကြပါဦး..."
"လွှတ်ပါ... တောင်းပန်ပါတယ် ညီမလေးရာ..."
ရှုပင်း၏ အသည်းခွဲမတတ် အော်ဟစ်သံများနှင့် အသနားခံသံများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆူညံသွားခဲ့ရသည်။
ရှောင်ဝူသည် ရှုပင်းကို ထုထောင်းရသည်ကို ပို၍ပင် သဘောကျလာပုံရပြီး လက်ရောခြေပါ သုံးကာ မညှာမတာ ဆုံးမတော့သည်။ ယခင် နော့တင်းအကယ်ဒမီတွင် ရှိစဉ်က ကျူကျုံးမှလွဲ၍ မည်သူမျှ သူမကို မယှဉ်နိုင်ခဲ့ချေ။ သို့သော်လည်း ကျူကျုံးနှင့် ယှဉ်ပြိုင်သည့်အခါတိုင်းတွင်မူ သူမသည် လွယ်ကူစွာပင် မြေပြင်ပေါ်သို့ ဖိနှိပ်ခြင်း ခံရလေ့ရှိသည်။ ထို့အပြင်... ကျူကျုံး၏ နှုတ်မှ မကြာခဏ ကြားဖူးသော တန်ဆန်း၏ အကြောင်းများကို စဉ်းစားမိတိုင်း... သူမသည် တန်ဆန်းကို အော့နှလုံးနာဖွယ် သတ္တဝါတစ်ခုအလား ရှောင်ဖယ်ခဲ့သည်။ သူမ၏ စကားအရဆိုလျှင်— "သူ့ရဲ့ ‘ပထမဆုံး ဝိညာဉ်စွမ်းရည်’ နာမည်ကို ကြားရုံနဲ့တင် ရွံစရာကောင်းနေပြီ လူကလည်း ပိုပြီး ရွံစရာကောင်းမှာ သေချာတယ်။ ဟွန်း... အစ်ကိုကျုံး ပြောတာ လုံးဝမှန်တယ်။"
(တန်ဆန်း ဒေါသတကြီး ငိုကြွေးရင်း... "မင်းတို့ သစ္စာဖောက်တွေ ငါ့ရဲ့ ဇနီးလောင်းကို ခိုးယူရုံတင်မကဘူး... ငါ့ကို ဒီလောက်တောင် အပုပ်ချရဲတယ်ပေါ့။ ငါ မင်းတို့ကို အရှင်လတ်လတ် ဖမ်းဆီးပြီး အသားကို ဝါးစား အရေခွံကို ဆုတ်ပစ်မယ်။ သေဖို့သာ ပြင်ထားကြတော့..." ဟု အော်ဟစ်ပြီးနောက် ထပ်မံ၍ သတိလစ်လဲကျသွားပြန်သည်။)
လက်ဖက်ရည်တစ်ခွက်စာမျှ ကြာမြင့်ပြီးနောက်... ရှုပင်း၏ မျက်နှာတစ်ခုလုံး အဆမတန် ဖူးယောင်လာသည့် အချိန်ကျမှသာ ကျူကျုံးက ရယ်ကျဲကျဲဖြင့် ရှောင်ဝူကို လှမ်း၍ တားမြစ်လိုက်တော့သည်။
.......................
တစ်ဖက်တွင်မူ... ရှုပင်းနှင့်အတူ ပါလာသော ကျန်ရှိသည့် ဝိညာဉ်သခင် ကိုးဦးမှာ ကြောက်လန့်တုန်ရင်နေကြပြီး နှစ်ဦး သုံးဦးခန့်သာ ဝိညာဉ်အသွင်ကို ဆင့်ခေါ်ကာ ခုခံကာကွယ်သည့် ပုံစံဖြင့် ရပ်နေကြသည်။
၎င်းတို့သည် ရှောင်ဝူ၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုအောက်တွင် အသည်းငယ်သွားခဲ့ကြပြီ ဖြစ်သည်။ အသက် ၁၂ နှစ် ၁၃ နှစ်အရွယ်မျှသာ ရှိသေးသော မိန်းကလေးတစ်ဦးက ဤမျှအထိ ဒေါသကြီးပြီး ရက်စက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။ သူမကား မိန်းကလေးမဟုတ်ဘဲ... တကယ့် ကျားမရိုင်းတစ်ကောင်နှင့် တူလှပေသည်။
ကျူကျုံးက ထိုသူများကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်ရင်း— "တကယ့်ကို ဖန်ပေါင်းချောင်ထဲမှာ ကြီးပြင်းလာတဲ့ ပန်းကလေးတွေပဲ။" ဟု မထီမဲ့မြင် ရေရွတ်လိုက်သည်။
အရိုက်ခံရလွန်းသဖြင့် မေ့မြောလုနီးပါး ဖြစ်နေသော ရှုပင်းသည် ရှောင်ဝူ လက်ဆုတ်လိုက်သည့် အခါမှသာ အသိပြန်ဝင်လာပြီး... သူ၏ အပေါင်းအပါများကို ဒေါသတကြီး အော်ဟစ်လေတော့သည်— "မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ။ အကုန် အလိုက်မသိဘူးလား ငါ့မှာ အရိုက်ခံနေရတာကို မမြင်ဘူးလား။ မြန်မြန် ဝိညာဉ်စွမ်းရည်တွေကို သုံးပြီး အဲဒီကောင်မလေးကို ဝိုင်းရိုက်ကြစမ်း ငါတို့လူအုပ်နဲ့ ဒီမိန်းကလေးတစ်ယောက်တည်းကို မနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး"
ရှုပင်း၏ အတွေးက လှပသော်လည်း လက်တွေ့ကမူ ရက်စက်လှပေသည်။
ရှောင်ဝူ၏ ကြောက်မက်ဖွယ်ကောင်းသော ပစ်ပေါက်သိုင်းကွက်ကြောင့်... သူ၏ အပေါင်းအပါများမှာ လှုပ်ရှားရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။ ရှုပင်းက ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သည်မှာ မှန်သော်လည်း... သူ့အတွက်ကြောင့်နှင့် မိမိတို့၏ အသက်ကို အန္တရာယ်ဇုန်ထဲသို့ လုံးဝ တွန်းမပို့လိုကြချေ။
နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်တော့မည်ကို သိလိုက်ရသည့်အခါ ရှောင်ဝူ၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး... သူမ၏ သေးငယ်သော လက်သီးနှစ်ဖက်ကို မြှောက်ကာ ချစ်စရာကောင်းသော်လည်း မာန်ပါပါဖြင့်— "ထပ်ပြီး ချချင်သေးတာလား... လာလေ ငါက အကြိုက်ဆုံးပဲ" ဟု ဆိုကာ ရှေ့သို့ တိုးရန် ပြင်လိုက်သည်။
ထိုစဉ် ကျူကျုံးက လက်လှမ်း၍ ရှောင်ဝူကို သူ့နောက်သို့ ဆွဲခေါ်ကာ တားဆီးလိုက်ရင်း— "တော်ပြီ... စိတ်ပြေလက်ပျောက် ရိုက်ပြီးပြီပဲ။ မိန်းကလေးဆိုတာ တစ်နေ့ကုန် ရန်ပွဲတွေချည်းပဲ စိတ်ဝင်စားမနေသင့်ဘူး... မဟုတ်ရင် နောက်ကျရင် ယောကျာ်းရမှာ မဟုတ်ဘူး။" ဟု ဆိုလိုက်သည်။
ထို့နောက်... သူက ကျန်ရှိနေသော ကျောင်းသားကိုးဦးကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ— "မင်းတို့က တကယ်ပဲ လက်ရည်စမ်းချင်တာ သေချာလား။ ငါက ရှောင်ဝူလို မဟုတ်ဘူး... အချိန်အကြာကြီး ပေးမှာမဟုတ်ဘူးနော်။"
(ကျူကျုံး ရင်ထဲ၌ မွမ်းကြပ်စွာဖြင့်... "အသက်ရှူရတာ ခက်လိုက်တာ... နောက်ဆုံးတော့ အူချီဟာ အီတာချီရဲ့ ဂန္ထဝင် စကားစုကြီးကို ပြောခွင့်ရသွားပြီ။")
(အီတာချီ ဒေါသတကြီးဖြင့်... "မင်းကို တကယ့်ကို ကျေးဇူးတင်ပါတယ်ကွာ")
ရှောင်ဝူသည် ကျူကျုံး၏ "နောက်ကျရင် ယောကျာ်းရမှာ မဟုတ်ဘူး" ဟူသော စကားကို ကြားလိုက်ရသည့်အခါတွင်... တစ်ခုခုကို သဘောပေါက်သွားပုံရပြီး မျက်နှာလေးတစ်ခုလုံး ရဲခနဲ နီမြန်းသွားခဲ့ကာ ဆက်လက် တိုက်ခိုက်ရန် စိတ်ကူးကို ချက်ချင်းပင် လက်လွှတ်လိုက်တော့သည်။
ထို ‘ကျားမရိုင်း’ လေးကို လူငယ်လေးက တားဆီးလိုက်သည်ကို မြင်ရသည့်အခါမှ ကျောင်းသားအားလုံး ရင်ထဲမှ သက်ပြင်းချနိုင်တော့သည်။ ကျူကျုံးကိုမူ ၎င်းတို့က လုံးဝ အရေးမစိုက်ကြချေ။ ၎င်းတို့၏ အမြင်တွင်မူ မိန်းမတစ်ဦး၏ နောက်ကွယ်၌ ပုန်းအောင်းနေသော ယောကျာ်းတစ်ဦးသည် မည်မျှအထိ စွမ်းအားကြီးနိုင်မည်နည်း။
"ညီအစ်ကိုတို့... ဝိညာဉ်စွမ်းအားတွေကို သုံးပြီး အဲဒီကောင်ကို အမှုန့်ကြိတ်ကြစမ်း"
ပထမဆုံးတစ်ဦးက စတင်လှုပ်ရှားလိုက်သည်နှင့် အခြားသူများကလည်း နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါလာကြတော့သည်။ ဝိညာဉ်ကွင်း ကိုးကွင်းလုံး တစ်ပြိုင်နက်တည်း လင်းလက်လာခဲ့ပြီး... ၎င်းတို့အားလုံးမှာ ‘ဝိညာဉ်သခင်ကြီး’ သို့မဟုတ် ‘ဝိညာဉ်သက်ကြီး’ အဆင့်များ ဖြစ်ကြသည်။
ကျူကျုံးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး... မူလနေရာမှနေ၍ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ထိုကျောင်းသားကိုးဦးစလုံးမှာ မြေပြင်ပေါ်သို့ ဒူးထောက်လဲကျကုန်ကြပြီး မိမိတို့၏ ဝမ်းဗိုက်ကို လက်ဖြင့်အုပ်ကာ နာကျင်စွာဖြင့် အော်ဟစ်ညည်းတွားနေကြရတော့သည်။
"အားးး... နာလိုက်တာ..."
"မခံနိုင်တော့ဘူး..."
"ငါ့ရဲ့ ဝမ်းဗိုက်လေးတော့ ကြေပြီ..."
မြေပြင်ပေါ်တွင် လဲကျနေသော ရှုပင်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားခဲ့ရ၏— "ဒါ... ဒါက ဘာလို အရှိန်အဝါမျိုးလဲ။ သူက လူလား တစ္ဆေလား... မဖြစ်နိုင်တာ..."
ထိုမျှနှင့်တင် မပြီးသေးချေ။ ကျူကျုံးက ထိုကျောင်းသားများထဲမှ တစ်ဦးကို ခြေထောက်ဖြင့် ပင့်ကန်လိုက်ရာ... ထိုလူသည် လေထဲသို့ မြောက်တက်သွားပြီး ရှုပင်း၏ ကိုယ်ပေါ်သို့ ‘နွားချေးပုံ’ အလား ထပ်လျက်သား ပြုတ်ကျသွားတော့သည်။
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေကြသော ကျောင်းသားများအားလုံးမှာလည်း ပါးစပ်အဟောင်းသားဖြင့် ဆွံ့အကုန်ကြရသည်။ ၎င်းတို့က ကျူကျုံးအား ကြည့်သော မျက်လုံးများမှာ ယခင်ကကဲ့သို့ သာမန်မျက်လုံးများ မဟုတ်တော့ဘဲ... ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်ကို ကြည့်နေသကဲ့သို့ ပြောင်းလဲသွားခဲ့ကြသည်။ (အထူးသဖြင့် အမျိုးသား ကျောင်းသားများ ဖြစ်သည်။)
အမျိုးသမီး ကျောင်းသား အများစုမှာမူ... ၎င်းတို့၏ မျက်ဝန်းများထဲတွင် အားကျအတုယူဖွယ် အလင်းတန်းများဖြင့် တောက်ပနေကြတော့သည်။
ရှောင်ဝူသည် ဘေးနားမှနေ၍ ဝမ်းသာအားရ ပြေးလာခဲ့ပြီး ကျူကျုံး၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ သူ၏ လည်ပင်းကို သိုင်းဖက်လိုက်ရင်း အော်ဟစ်လိုက်၏— "ဝါး... အစ်ကိုကျုံး မင်းက တကယ့်ကို အစွမ်းထက်တာပဲ။ ခုနက သုံးလိုက်တာ ဘာဝိညာဉ်စွမ်းရည်လဲဟင်... ငါ့ရဲ့ တတိယ ဝိညာဉ်စွမ်းရည်နီးပါးလောက်ကို ခံစားရတာပဲ"
ကျူကျုံးက မချိပြုံး ပြုံးလိုက်ရင်း ခပ်ဖွဖွလေး ပြောလိုက်သည်— "ကဲပါ... အထဲကိုဝင်ပြီး စာရင်းသွင်းကြရအောင်။"
(စာရေးသူ: မင်းကတော့ ဟန်ဆောင်ကောင်းနေတုန်းပဲ။)
(ကျူကျုံး : ပေါက်ကရတွေ... ငါ နောက်ဆုံးမှာပြခွင့်ရတာကို မင်းက ဝမ်းသာပေးမယ့်အစား ဘာလို့ လာပြီး ဖျက်နေရတာလဲ။)
ထိုစဉ်... တောအုပ်လေးထဲမှနေ၍ တည်ကြည်ခန့်ညားသော အသံကြီးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့၏— "ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ။"
တောင်ကုန်းပေါ်ရှိ သစ်ပင်ငယ်များကြားမှနေ၍ လူရိပ်တစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ သူသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၅၀ ခန့်ရှိမည့် အသွင်ရှိကာ... ဝိုင်းစက်သော မျက်နှာ ထူထဲသော မျက်ခုံးများနှင့် ကြီးမားသော မျက်ဝန်းများ ရှိပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားပုံမှာ တကယ့် ‘သိုင်းပညာရှင်ကြီး’ တစ်ဦး၏ အရှိန်အဝါမျိုးကို ဆောင်နေပေတော့သည်။