အပိုင်း (၂၂) ပညာရပ်ဆိုသည်မှာ အဝတ်အစားကဲ့သို့ပင်
သို့သော်လည်း ကျူကျုံးသည် ထိုစိတ်လှုပ်ရှားစရာကောင်းပြီး အန္တရာယ်များလှသော အတွေးဆိုးကြီးကို ဆတ်ခနဲ ပြန်လည်ရုပ်သိမ်းလိုက်ရသည်။ ယခုအချိန်၌ သူသည် ဘောင်ကျော်၍ မိုက်ရူးရဲဆန်၍မဖြစ်သေးချေ။ အဘယ်ကြောင့်ဆိုသော်... ကမ္ဘာဖျက်မတတ် စွမ်းအားကြီးမားလှသော ‘တန်ဟောက်’ သည် သားဖြစ်သူ တန်ဆန်းကို အမှောင်ထဲမှနေ၍ အချိန်ပြည့် တိတ်တဆိတ် စောင့်ရှောက်နေနိုင်သည်ကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
ရန်သူနှင့် ယှဉ်နိုင်လောက်သော ခွန်အားမျိုး မရှိသေးသရွေ့... အမှောင်ရိပ်ထဲတွင် ငြိမ်ငြိမ်လေး ပုန်းအောင်းနေခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။
"စနစ်... ဆက်ပြီး ခိုးစမ်းကွာ"
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဒိုလော့တိုက်ကြီးရှိ ကုန်စုံဆိုင်တစ်ခုထဲမှ နှစ်တစ်ရာသက်တမ်းရှိ ‘ဝိညာဉ်အရက်’ တစ်ပုလင်းကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ ကုန်စုံဆိုင်ပိုင်ရှင်၏ မုန်းတီးမှုနှုန်းမှာ ၂၅ ရာခိုင်နှုန်းသို့ မြင့်တက်သွားပြီး... သူက ပိုင်ရှင်အား ပေါင် ၃၅၀ ကျော် ဝဖြိုးလှသော သူ၏သမီးရတနာနှင့် လက်ထပ်စေကာ သားသမက်အဖြစ် အိမ်ခေါ်ချင်နေပါသည်။ မုန်းတီးမှုရမှတ် ၂၅၀ ရရှိပါသည်။]
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဒိုလော့တိုက်ကြီးရှိ အဝတ်အထည်ဆိုင်တစ်ခုမှ နောက်ဆုံးပေါ် အမျိုးသားဝတ် အဝတ်အစား နှစ်စုံကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ အဝတ်အထည်ဆိုင်ပိုင်ရှင်၏ မုန်းတီးမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းသို့ မြင့်တက်သွားပြီး... ပိုင်ရှင်ကို သမက်တော်ချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်ပေါ်နေပါသည်။ (ထိုအဝတ်အထည်ဆိုင်ပိုင်ရှင်မှာ ကုန်စုံဆိုင်ပိုင်ရှင်၏ ပေါင် ၃၅၀ အလေးချိန်ရှိသော သမီးချောလေးဖြစ်ပြီး သူမသည် မရိုးမရွနှင့် ယောကျာ်းလေး ပျိုပျိုမြစ်မြစ်လေးများကို အလွန် စွဲလန်းတတ်သူလည်း ဖြစ်ပါသည်)။ မုန်းတီးမှုရမှတ် ၅၀၀ ရရှိပါသည်။]
ရင်းနှီးနေသော အသိပေးသံများကို ကြားလိုက်ရသဖြင့် ကျူကျုံးတစ်ယောက် ဦးစွာ ကြောင်အသွားခဲ့ရသည်။ ထို့နောက် သူက မိမိကိုယ်ပေါ်ရှိ အဝတ်အစားများနှင့် အိပ်ရာခင်းများကို ငုံ့ကြည့်လိုက်မိရာမှ... ဤအရာအားလုံးမှာ ထိုဆိုင်များဆီမှ ခိုးယူ... အာ... မဟုတ်ပါ ခဏ ‘ချေးငှား’ ခဲ့သော ပစ္စည်းများဖြစ်ကြောင်း ရုတ်ချည်း သဘောပေါက်သွားတော့သည်။
ကျူကျုံးတစ်ယောက် သွေးအန်မတတ် ခံစားလိုက်ရပြီး မျက်လုံးအိမ်ကြီး နာကျင်မတတ် မျက်စောင်းထိုးရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်"တောက်... ဘာလို့ ဒီဝတုတ်သားအဖနှစ်ယောက်နဲ့ပဲ လာတိုးနေရတာလဲ။ ငါမှတ်မိသလောက်ဆို လွန်ခဲ့တဲ့ သုံးလက အဲဒီမိန်းမက ပေါင် ၃၀၀ ပဲ ရှိသေးတာကို ဘယ်လိုဖြစ်လို့ ဒီလောက်တောက်တိုမယ်ရ အချိန်တိုလေးအတွင်းမှာ ၅၀ တိုးလာရတာလဲ။ လင်လိုချင်ရင် ဝိတ်ချရမှာ မဟုတ်ဘူးလား။ ပြီးတော့... ‘ယောကျာ်းလေး စွဲလန်းတာ’ ဟုတ်လား။ ငါက အရပ်ရှည်လာတယ်ဆိုပေမဲ့ အသက် ၆ နှစ်အရွယ် ကလေးလေးပဲ ရှိသေးတာကို..."
"စနစ်... ဆက်ပြီး ခိုး"
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ကျောင်းအုပ်ကြီး ဖလန်းဒါး၏ ရွှေဒင်္ဂါးပြား အားလုံး (စုစုပေါင်း ၅၈၂ ပြား) ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ ဖလန်းဒါး၏ မုန်းတီးမှုနှုန်းမှာ ၆၉.၉၉၉... ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး... သူသည် ပိုင်ရှင်အား အသားစိမ်းငါးစိမ်း ဝါးစားပစ်ချင်လောက်အောင် ဒေါသချောင်းချောင်း ထွက်နေပါသည်။ ပိုင်ရှင်အား ဂုဏ်ပြုပါသည်... မုန်းတီးမှုရမှတ် ၁၀,၀၀၀ တိတိ ရရှိပါသည်။]
ဖလန်းဒါးဟူသော အမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျူကျုံးသည် စနစ်သိုလှောင်ရုံထဲမှနေ၍ တောက်ပြောင်လှသော ရွှေဒင်္ဂါးအိတ်ကြီးကို ထုတ်ယူလိုက်မိသည်။ သူ၏ ခန့်ညားချောမောလှသော မျက်နှာလေးမှာ အနည်းငယ် ရှုံ့မဲ့သွားခဲ့ပြီး... ရွှေဒင်္ဂါးများစွာ ရလိုက်သော်လည်း လုံးဝ ဝမ်းမသာနိုင်ရှာချေ။
"ဒါက ဖလန်းဒါးကြီးကို သတ်လိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ သူ့ရဲ့ အသက်သခင်လို တန်ဖိုးထားတဲ့ ရွှေဒင်္ဂါးတွေကို အကုန်ခိုးလိုက်တာဆိုတော့... စိတ်နှလုံး ကြေကွဲသွားတော့မှာပဲ။ ဒီအဖိုးကြီးကတော့ ကပ်စေးနှဲပေမဲ့ တစ်ဖက်ကကြည့်ရင် ချစ်စရာတော့ ကောင်းသား။ ငါက သူ့ဆီကနေ အသားစိမ်းလိုက်လှီးသလို အကုန်ယူလိုက်တာတောင်... ငါ့ကို သတ်ပစ်ဖို့အထိတော့ မတွေးသေးဘူးပဲ။ ဒါပေမဲ့ မုန်းတီးမှုရမှတ်တွေက အလွန်အမင်း များပြားသွားပြီပဲ။ ထားလိုက်ပါတော့လေ... နောက်ခါ အခွင့်အရေးရရင် ဆိုင်တစ်ဆိုင်မှာ သူ့အတွက် ပိုက်ဆံတွေ တိတ်တဆိတ် ပြန်ထားပေးလိုက်ရုံပေါ့။"
.......................
ထိုအချိန်တွင်... ဘာလတ်ဘုရင်နိုင်ငံ သောတိုမြို့ ဆင်ခြေဖုံးအရပ်ရှိ ရှရက်ခ်အကယ်ဒမီအတွင်း၌...
ကျောင်းအုပ်ကြီး ဖလန်းဒါးသည် မိမိ၏ အဖိုးတန် ဝိညာဉ်သိုလှောင်ပစ္စည်းကို ရင်ခွင်ထဲ၌ အသေအလဲ ဖက်တွယ်ထားရင်း နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။ ယခင်က ရွှေဒင်္ဂါးများ မကြာခဏ ခိုးယူခံရဖူးသည့် သင်ခန်းစာကြောင့်... သူသည် လူတိုင်းကို သံသယဝင်လာခဲ့ပြီး လက်ရှိတွင် သူ၏ ရွှေဒင်္ဂါးအားလုံးကို ထိုဝိညာဉ်အိတ်ကပ်ထဲသို့သာ ထည့်သွင်းသိမ်းဆည်းထားတော့သည်။ ထိုသို့ လုပ်ဆောင်ပြီးမှသာ သူသည် စိတ်အေးလက်အေး ရှိနိုင်တော့ပြီး လပေါင်းများစွာ ကြာပြီးနောက်တွင်မှ စိုးရိမ်စိတ်များ လျော့ပါးကာ ကောင်းကောင်းမွန်မွန် အိပ်ပျော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးကြီးတစ်ခုကြောင့် ဖလန်းဒါးသည် လန့်နိုးလာခဲ့ရသည်။
"ဟေး... ငါ့ရဲ့ ရွှေဒင်္ဂါးတွေကို မခိုးနဲ့..."
ဖလန်းဒါးသည် မှုန်တေတေ မျက်လုံးများကို ဖွင့်လိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ... မိမိ၏ ဟောင်းနွမ်းစုတ်ပြတ်နေသော အိပ်ခန်းမျက်နှာကျက်ကို မြင်တွေ့လိုက်ရသဖြင့် သက်ပြင်းချနိုင်တော့သည်။
အင်း... စုတ်ပြတ်နေပေမဲ့လည်း ဒါ ငါ့ရဲ့ အိမ်အစစ်ပါပဲ။
သူသည် အကျီအိတ်ကပ်ထဲရှိ ဝိညာဉ်အိတ်ကို စမ်းကြည့်လိုက်ရင်း"တော်သေးတာပေါ့... ရှိနေသေးတယ်..." ဟု တွေးလိုက်မိသည်။
သို့သော်လည်း သူက စိတ်အေးစေရန် ထိုဝိညာဉ်အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ... တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရင်သွားပြီး ဆွံ့အသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အိတ်အောက်ခြေတွင် ခြောက်ကပ်ကာ ဘာတစ်ခုမျှ ရှိမနေတော့သောကြောင့် ဖြစ်ပေသည်။
"ဟင့်အင်း... မဖြစ်နိုင်တာ... အားးးးးး..."
ထိုညက ကျောင်းအုပ်ကြီး ဖလန်းဒါးတစ်ယောက် မည်မျှအထိ ရင်ကွဲမတတ် ခံစားလိုက်ရသည်ကို မည်သူမျှ မသိရှိနိုင်ကြချေ။ ထိုနေ့မှစ၍ သူသည် မိမိကိုယ်ကို အခန်းထဲ၌ ပိတ်လှောင်ထားခဲ့ပြီး တစ်လတိတိ ပြင်ပသို့ ထွက်မလာခဲ့တော့ချေ။ သို့သော် ဒါကတော့ နောက်ထပ် ဖြစ်ပေါ်လာမည့် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပေသည်။
.......................
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဒိုလော့တိုက်ကြီးရှိ တန်ဟောက်၏ ဘေးနားတွင် ချထားသော တန်ဖိုးနည်း အရက်အိုးစုတ်ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ တန်ဟောက်သည် လုံးဝကို အူကြောင်ကြောင် ဖြစ်သွားခဲ့ရသော်လည်း ပိုင်ရှင်အနေဖြင့် မုန်းတီးမှုရမှတ် ရရှိမည်မဟုတ်ပါ။]
ကျူကျုံးသည် စနစ်ဟင်းလင်းပြင်ထဲမှနေ၍ ညစ်ပတ်ပေရေနေသော အရက်အိုးစုတ်ကြီးကို လေဟာနယ်ထဲမှ လှမ်းဆွဲထုတ်လိုက်သည်။
သူက နှာခေါင်းလေး ရှုံ့ကာ နမ်းကြည့်လိုက်ရင်း—
"ဝေါ့... ဖူး... ဒါက ဘာအနံ့စုတ်ကြီးလဲ။ နံစော်နေတာပဲ"
ပြောပြောဆိုဆိုဖြင့် သူသည် ထိုအရက်အိုးစုတ်ကြီးကို တောအုပ်ထဲသို့ စက်ဆုပ်ရွံရှာစွာဖြင့် လွှင့်ပစ်လိုက်တော့သည်။
........
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဒိုလော့တိုက်ကြီးရှိ ‘ဝိညာဉ်နန်းတော်’ မှ ဟူလီနာ၏ ဝိညာဉ်အိတ်ထဲရှိ ‘အတွင်းခံဘောင်းဘီ’ ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ ဟူလီနာသည် တရားမှတ်ကျင့်ကြံနေဆဲ ဖြစ်သဖြင့် သတိမထားမိလိုက်ချေ။ ပိုင်ရှင်အနေဖြင့် မုန်းတီးမှုရမှတ် မရရှိပါ။]
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဒိုလော့တိုက်ကြီးရှိ ‘ဝိညာဉ်နန်းတော်’ ၏ အဓိပတိ ဘီဘီတုန်း၏ ဝိညာဉ်အိတ်ထဲရှိ ‘ခြေအိတ်ရှည်’ ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ ဘီဘီတုန်းသည် တရားမှတ်ကျင့်ကြံနေဆဲ ဖြစ်သဖြင့် သတိမထားမိလိုက်ချေ။ ပိုင်ရှင်အနေဖြင့် မုန်းတီးမှုရမှတ် မရရှိပါ။]
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဒိုလော့တိုက်ကြီးရှိ ‘ဝိညာဉ်နန်းတော်’ ၏ အဓိပတိ ဘီဘီတုန်း၏ ဝိညာဉ်အိတ်ထဲရှိ ‘အတွင်းခံဘောင်းဘီ’ ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ ဘီဘီတုန်းသည် တရားမှတ်ကျင့်ကြံနေဆဲ ဖြစ်သဖြင့် သတိမထားမိလိုက်ချေ။ ပိုင်ရှင်အနေဖြင့် မုန်းတီးမှုရမှတ် မရရှိပါ။]
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဘီဘီတုန်း ကိုယ်ပေါ်ရှိ...]
"တော်ပြီ တော်ပြီ တော်တော့... တားလိုက်တော့..." ကျူကျုံးက အလန့်တကြား အော်ဟစ်တားဆီးလိုက်ရသည်။
[ဒေါင်... ခိုးယူခြင်း မအောင်မြင်ပါ။ သို့သော် ယခုအကြိမ် ခိုးယူခွင့်ကို အသုံးပြုပြီးသားအဖြစ် သတ်မှတ်ပါမည်။]
ကျူကျုံးသည် နဖူးထက်မှ စီးကျလာသော ချွေးစေးများကို သုတ်လိုက်ရင်း ရင်တမမဖြင့် တွေးလိုက်မိသည်— "အကယ်၍ ငါသာ ဆက်ပြီး ခိုးနေရင်... မနက်ဖြန် မနက်ခင်းရဲ့ နေမင်းကြီးကို မြင်တွေ့ရတော့မှာ မဟုတ်ဘူး။"
ဤနေရာက ဒိုလော့တိုက်ကြီး ဖြစ်ပေသည်။ ကျူကျုံးတွင် စွန့်စားရလောက်အောင် မုန်းတီးမှုရမှတ်များ အမြောက်အမြား ရှိမနေသေးချေ။ အကယ်၍ ဘီဘီတုန်းသာ သိသွားပါက... သူသည် ကမ္ဘာပတ်ပြီး ထွက်ပြေးရမည်ဖြစ်ပြီး လှပသော မိန်းမလှလေးများကို အပိုင်ချီ ဖို့နေနေသာသာ... နေ့စဉ်ရက်ဆက် အသက်ဘေးကို စိုးရိမ်ရင်း သောကရောက်ရပေလိမ့်မည်။
[ဒေါင်... ပိုင်ရှင်တွင် နောက်ဆုံး ခိုးယူခွင့် တစ်ကြိမ် ကျန်ရှိပါသေးသည်။ ထပ်မံ ခိုးယူဦးမလား။]
"ကောင်းတဲ့ ပစ္စည်းတွေ မရသေးပေမဲ့ မုန်းတီးမှုရမှတ်တွေကတော့ တော်တော်လေး စုမိသွားပြီပဲ။ ကဲ... ဆက်ခိုးမယ် တကယ်လို့ အခြေအနေ မဟန်ရင် ချက်ချင်း ပြန်ဖျက်လိုက်ရုံပေါ့။" ဟု ကျူကျုံးက ခပ်ကြုံးကြုံး တွေးလိုက်သည်။ ကူဖုန်းနှင့် ဘီဘီတုန်းတို့၏ အဖြစ်အပျက်များကြောင့် သူသည် စနစ်၏ သဘောသဘာဝကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။ ထိုသဘောတရားမှာ... ယခုလောလောဆယ်တွင် ဒိုလော့တိုက်ကြီးအတွင်းရှိ စွမ်းအားကြီးမားလှသော ကျွမ်းကျင်သူများကို ဒုက္ခမရှာမိရန် အထူးသတိထားရမည် ဖြစ်ပြီး... အခြားသော ကမ္ဘာများမှ ပစ္စည်းများကိုမူ မုန်းတီးမှုရမှတ် အလုံအလောက်ရှိသရွေ့ စိတ်ကြိုက်ခိုးယူပြီး ထွက်ပြေးနိုင်ပေသည်။
[ဒေါင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ‘နဂါးနိုင်ဓား’ ကမ္ဘာရှိ မြောက်ဝံသတ္တဝါကြီး၏ ဝမ်းဗိုက်ထဲမှ 《ကိုးပါးသူရိယ နတ်မင်းသိုင်းကျမ်း 》 မူရင်းလက်ရေးစာအုပ်ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ မြောက်ဝံသတ္တဝါကြီး၏ ပိုင်ရှင်အပေါ် ကြည်ညိုမှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြင့်သွားသဖြင့်... ပိုင်ရှင်၏ မုန်းတီးမှုရမှတ် ၁,၀၀၀ ပြန်လည် လျော့နည်းသွားပါသည်။]
ထိုအချိန်တွင်... ကျူကျုံး၏ မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာခဲ့ရသည်။ သို့သော် ထိုမျက်ရည်များမှာ ဝမ်းနည်းခြင်းမျက်ရည်များ မဟုတ်ဘဲ ပီတိမျက်ရည်များသာ ဖြစ်ပေသည်။
"သုံးလ... သုံးလတိတိရှိပြီ ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲ မင်းတို့ သိကြလား။ ငါ မုန်းတီးရတဲ့ ထိုအောက်တန်းကျတဲ့ ဆရာကြီးရဲ့ ကော်ပီကူးထားတဲ့ အသုံးမကျတဲ့ ‘ဝိညာဉ်စွမ်းအား တရားမှတ်နည်းလမ်း’ ကို သုံးလတိတိ အောင့်အည်းပြီး သုံးခဲ့ရတာ အခုတော့... ငါ နောက်ဆုံးမှာ အဲဒီအမှိုက်တွေကို လွှင့်ပစ်နိုင်ပြီကွ... ဟားဟား"
ယွီရှောင်ကန်း (ဒေါသတကြီးဖြင့်) "မင်း ငါ့အပေါ် ထားခဲ့တဲ့ လေးစားမှုတွေကို ပြန်ပေးစမ်း နာရီဝက်ခန့်ကတင် ‘ငါ့ရဲ့’ တရားမှတ်နည်းလမ်းက အသုံးဝင်ပါတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
ကျူကျုံး (နှာခေါင်းရှုံ့ရင်း) "ပညာရပ်ဆိုတာ အဝတ်အစားလိုပဲ လဲချင်ရင် လဲပစ်ရမှာပဲလေ ခင်ဗျားရဲ့ ဖာရာပေါင်းစုံနဲ့ စုတ်ပြတ်နေတဲ့ အဝတ်စုတ်ကြီးကို ဒီသခင်လေးက အလကားပေးရင်တောင် မဝတ်ဘူး။"
ကျူကျုံးသည် လေဟာနယ်ထဲသို့ လက်လှမ်းလိုက်ရင်း... ယနေ့အတွက် အသုံးအဝင်ဆုံးဖြစ်သော အဖိုးတန်ပစ္စည်း နှစ်မျိုးကို စနစ်သိုလှောင်ရုံထဲမှ ထုတ်ယူလိုက်သည်။ ထိုအရာများမှာ 《ကိုးပါးသူရိယ နတ်မင်းသိုင်းကျမ်း》 နှင့် ရုပ်ပြောင်းဆေးလုံး တို့ ဖြစ်ကြပေသည်။
"ဖျတ်..." ခနဲ အလင်းရောင်တစ်ခုနှင့်အတူ... ကျူကျုံး၏ လက်ထဲသို့ ပန်းရောင်သန်းနေသော ချစ်စရာကောင်းသည့် မြေခွေးရုပ်ကလေး ပန်းထိုးထားသည့် အတွင်းခံဘောင်းဘီလေးတစ်ထည် ရောက်ရှိလာခဲ့သည်။
"အယ်... ဆောရီး ပစ္စည်းမှားထုတ်မိလို့"
သူက နှာခေါင်းလေး ရှုံ့ကာ နမ်းကြည့်လိုက်မိပြီး
"ဟွန်း... တကယ့်ကို မွှေးပျံ့နေတာပဲ ဟူလီနာဆိုတဲ့ မြေခွေးမလေးရဲ့ ပစ္စည်း ဖြစ်ရမယ်။" ပြောပြောဆိုဆိုဖြင့် ထိုပန်းရောင်အတွင်းခံလေးကို စနစ်သိုလှောင်ရုံထဲသို့ ခပ်ပေါ့ပေါ့ပင် ပြန်လည်ထည့်သွင်းလိုက်တော့သည်။
"အင်း... ဒီတစ်ခါတော့ အမှန်ပဲ။"
တန်ဖိုးကြီးလှသော ဖန်ကျောက်ဘူးကလေးတစ်ခု ကျူကျုံး၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ သူက ဘူးဆို့ကို ဖွင့်လိုက်သည်နှင့်... သင်းပျံ့လှသော ဆေးရနံ့များ ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားခဲ့ပြီး စိတ်အာရုံကို လန်းဆန်းသွားစေကာ... သူ၏ ခန္ဓာကိုယ်ထဲရှိ မောပန်းနွမ်းနယ်မှု အားလုံးကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားစေတော့သည်။
"အဆင့် ၇ ရှိတဲ့ ဆေးလုံးပီပီ တကယ့်ကို အစွမ်းထက်လှတာပဲ..." ‘ရုပ်ပြောင်းဆေးလုံး’ ၏ တန်ဖိုးမှာ အတိုင်းအတာတစ်ခုအထိ ကြီးမားလှပေသည်။ အဘယ်ကြောင့် ကူဖုန်းတစ်ယောက် မိမိကို သတ်ချင်လောက်အောင် ဖြစ်ခဲ့ရသည်ကို သူ နားလည်သွားတော့သည်။ အကယ်၍ ဤဆေးလုံးကို မိစ္ဆာသားရဲတစ်ကောင်အား ကျွေးလိုက်ပါက... ၎င်းသည် လူသားအသွင်သို့ လုံးဝ ပြောင်းလဲသွားနိုင်ပေသည်။ သို့သော်... ဤအရာသည် ‘ဝိညာဉ်သားရဲ’ များအပေါ်တွင်ရော အာနိသင်ရှိနိုင်ပါ့မလား။ ထို ‘ယုန်အိုမလေး’ ကို ကျွေးကြည့်ရမလား...။
ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျူကျုံးသည် ခေါင်းကို ဆတ်ဆတ်ခါကာ ပြန်လည်ငြင်းပယ်လိုက်သည်။ သူက ဘယ်လိုလူမျိုးလဲ။ သူနှင့် သိကျွမ်းသည်မှာ နှစ်ရက်ပင်မပြည့်သေးသော နှစ်တစ်သိန်းသက်တမ်းရှိ သတ္တဝါကြီးတစ်ကောင်အား... ဤကဲ့သို့ အဖိုးတန်လှသော ရတနာကို အလကားသက်သက် ပေးပစ်စရာ အကြောင်းမရှိချေ။ အကယ်၍ ထိုသို့ ပေးလိုက်ပါက... သူသည် မိန်းမနောက် လိုက်တတ်သော ဘူးသမားကြီးတစ်ဦး ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။