အခန်း (၂၀) ငါမဝင်ရင် ဘယ်သူငရဲဝင်မလဲ
"ပန်းသူခိုး ဟုတ်လား..." ရှန်အာသည် ရေကန်အလား ဝိုင်းစက်လည်ပတ်နေသော မျက်ဝန်းကြီးများကို ပုတ်ခတ်လျက် ဇဝေဇဝါ ဖြစ်သွားရှာသည်။
အတန်ကြာတွင်... တံခါးအပြင်ဘက် ဆီမှနေ၍ ခပ်ဖွဖွ ခြေသံအချို့ ထွက်ပေါ်လာခဲ့သည်။
‘နတ်ဘုရား အီတာချီ’ ၏ အာရုံခံစွမ်းရည် အစိတ်အပိုင်းအချို့ကို ဆက်ခံထားသော ကျူကျုံးသည် အသံဗလံများကို အလွန် အကဲခတ်မိလွယ်လှသည်။ ထိုခြေသံများမှာ အလွန်တရာ ပေါ့ပါးလှပြီး ကလေးငယ်တစ်ဦး၏ ခြေသံဖြစ်ကြောင်း သိသာလှပေသည်။
ကျူကျုံး စိတ်ထဲကနေ ရေရွတ်လိုက်မိသည်— ... ... ဒါ ရှောင်ယန်များလား...
‘ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း’ မူရင်းဇာတ်လမ်းအရဆိုလျှင်... ရှောင်ယန်သည် ရှန်အာ ငယ်စဉ်ကာလက သူမ၏ ကိုယ်တွင်း အကြောအကွက်များကို ပြုစုပျိုးထောင်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် သုံးနှစ်တိုင်တိုင် ညစဉ်လာခဲ့ဖူးသည်။ ရှန်အာ၏ အသွင်အပြင်ကို ကြည့်ရသလောက် ယခုအချိန်တွင် သူမသည် လေးနှစ် ငါးနှစ်အရွယ်မျှသာ ရှိသေးရာ... ထိုညသည် ယနေ့ညပဲ ဖြစ်နေတော့မည်လား။
ကျူကျုံး : အောက်တန်းကျလိုက်တာ... ဒါက ကောင်မလေးအငယ်လေးရဲ့ ခန္ဓာကိုယ်ကို အခွင့်အရေးယူတာပဲ မဟုတ်လား။
စာရေးသူ : မင်းကလည်း သိပ်ပြီး ထူးမခြားနားပါဘူးကွာ မင်းလည်း စောစောကတင် သူမကို ဖိထားမိသေးတယ် မဟုတ်လား။
ကျူကျုံး : ငါက... ငါက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်တာမှ မဟုတ်တာ။
ထိုသို့ တွေးမိရင်း ကျူကျုံးသည် အခြေအနေကို အဆုံးအဖြတ်ပေးရန် ဆုံးဖြတ်လိုက်ပြီး သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟူသော စိတ်ဖြင့် လောင်းကြေးထပ်ရန် ပြင်လိုက်တော့သည်။
ကျူကျုံးက ရှန်အာ၏ နားအနားသို့ ကပ်ကာ တိုးတိုးလေး သတိပေးလိုက်၏— "ရှူး... တိုးတိုးနေ ကိုယ်တော်က ကာမရူးသူခိုးကို ဖမ်းဖို့ လာခဲ့တာ။ မကြာသေးခင်ကစလို့ ရှောင်မိသားစုထဲမှာ ကာမရူးသူခိုးတစ်ယောက် ပေါ်နေတယ် သူက ညဉ့်နက်သန်းခေါင်ဆိုရင် မိန်းကလေးတွေရဲ့ အိပ်ဆောင်ထဲကို အတင်းဝင်ရောက်ပြီး မင်းလို ကောင်မလေးတွေကို အခွင့်အရေးယူလေ့ရှိတယ်ကွ။"
ရှန်အာသည် ရင်ထဲကနေ ခပ်အေးအေး နှာခေါင်းရှုံ့လိုက်မိသည်။ သူမက ငယ်သေးသည်ဆိုပြီး အလွယ်တကူ လှည့်စား၍ရမည်ဟု အထင်ရှိနေပုံရသည်။ သူမသည် အရေမရ အဖတ်မရ စကားများ လျှောက်ပြောနေသော ဤကောင်လေးကို အမိဖမ်းရန် အရိပ်ထဲက လင်ရင်ကို လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပင်... အရိပ်ထဲတွင် ပုန်းကွယ်နေသော လင်ရင်ထံမှ ဝိညာဉ်အသံလွှင့်ချက် ရောက်ရှိလာခဲ့သည် "သခင်မလေး... ဒီကောင်လေး ပြောတာ မှန်ပါတယ် သူခိုးတစ်ယောက် တကယ်ပဲ ခိုးကြောင်ခိုးဝှက် ဝင်လာနေပါပြီ။"
လင်ရင်၏ အတည်ပြုချက်ကြောင့် ရှန်အာသည် ကျူကျုံး၏ စကားကို တစ်ဝက်တစ်ပျက် ယုံကြည်သွားရတော့သည်။ သူမသည် ထိုလူငယ်လေး ဒီနေ့ ဘာတွေ ဆက်လုပ်မည်ကိုလည်း စောင့်ကြည့်ချင်မိသွားသည်။
ကျွိ... ကျွိ...
တံခါးချပ်ကို ခပ်ဖွဖွ တွန်းဖွင့်လိုက်ပြီး လေးနှစ် ငါးနှစ်အရွယ် ကောင်လေးတစ်ဦးသည် ခိုးကြောင်ခိုးဝှက် လှမ်းဝင်လာခဲ့သည်။
ထိုကောင်လေးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး အခန်းထဲတွင် တခြားလူမရှိသည်ကို သေချာသောအခါ... သူ၏ အကြည့်များကို ကုတင်ထက်ဆီသို့ မတ်တတ် စူးစိုက်လိုက်တော့သည်။
ကုတင်ထက်တွင်မူ... ရှန်အာသည် ကျူကျုံး ညွှန်ကြားထားသည့်အတိုင်း လဲလျောင်းလျက် အိပ်ချင်ယောင် ဆောင်နေခဲ့ပြီး ကျူကျုံးက တံခါးကွယ်တွင် ပုန်းကွယ်နေခဲ့သည်။ အကယ်၍ ထိုကောင်လေးသာ ရှန်အာ၏ ကုတင်အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာပါက... တစ်ဖက်လူသည် ပန်းသူခိုးအစစ် ဖြစ်ကြောင်း သေချာပေလိမ့်မည်။
ကောင်လေးသည် ကုတင်ထက်တွင် ငြိမ်သက်စွာ လဲလျောင်းလျက် အသက်ရှူသံ မှန်မှန်ဖြင့် အိပ်ပျော်နေသော ကောင်မလေးကို မြင်လိုက်ရချိန်၌... သူမ အိပ်ပျော်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ကုတင်အနားသို့ သတိကြီးစွာဖြင့် တိုးကပ်သွားတော့သည်။ လရောင်အောက်တွင် ရှန်အာ၏ ချစ်စရာကောင်းသော မျက်နှာလေးမှာ ထင်ရှားစွာ မြင်တွေ့နေရသည်။ ထိုကောင်လေးသည် စိတ်ကို ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ လက်ကို ဆန့်ထုတ်ကာ ရှန်အာ၏ ခန္ဓာကိုယ်ကို စမ်းသပ်ရန် ပြင်လိုက်တော့သည်။
အရိပ်ထဲတွင် ပုန်းနေသော ကျူကျုံးသည် ထိုကောင်လေးက ရှန်အာကို ဖျက်ဆီးတော့မည်ကို ဘယ်လိုမှ ကြည့်မနေနိုင်တော့ချေ။ သူသည် ချက်ချင်းပင် အနောက်ဘက်မှနေ၍ လျှပ်တစ်ပြက် ခုန်အုပ်လိုက်ပြီး... ကောင်လေး၏ ဂုတ်ပိုးဆီသို့ လက်ဝါးစောင်းဖြင့် ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်တော့သည်။ ကောင်လေးသည် မိမိ၏ အနောက်တွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသွားသော်လည်း... ခန္ဓာကိုယ်ကို ပြန်မလှည့်နိုင်မီမှာပင် ဂုတ်ပိုးထက်၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ မျက်စိပြူးလျက် သတိလစ်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
"တွေ့လား... ကိုယ်တော် ပြောသားပဲ ပန်းသူခိုး ရှိပါတယ်ဆိုတာကို။" ပြောပြောဆိုဆိုဖြင့် ကျူကျုံးသည် မြေပြင်ပေါ်တွင် လဲကျနေသော ကောင်လေးကို လက်ညှိုးထိုးပြရင်း ခြေထောက်ဖြင့် တစ်ချက် ဆောင့်ကန်လိုက်သေးသည်။
ကောင်လေး လဲကျသွားသည်ကို မြင်ရသောအခါ ရှန်အာသည် ကုတင်ပေါ်မှ ထလိုက်ပြီး အခန်းထဲက ဖယောင်းတိုင်များကို ထွန်းညှိလိုက်တော့သည်။
"ဒါ... ဒါ ရှောင်ယန်လား..." ရှန်အာတစ်ယောက် ဆွံ့အသွားရရှာသည်။
ရုတ်ချည်းဆိုသလို သူမသည် နေ့ခင်းဘက်က ထိုကောင်လေး မိမိအပေါ် မည်မျှပင် ကောင်းပြခဲ့သည်ကို ပြန်လည် သတိရသွားမိသည် တစ်ဖက်လူတွင် ယခုကဲ့သို့ ယုတ်ညံ့သော ရည်ရွယ်ချက်များ ရှိနေခဲ့သည် မဟုတ်ပါလား။ ထိုသို့ တွေးမိသည်နှင့် ရှန်အာ၏ မျက်နှာအမူအရာမှာ ပိုမို အေးစက်သွားရပြီး... နေ့ခင်းက ရှောင်ယန်အပေါ် ထားရှိခဲ့ဖူးသမျှသော ကောင်းသော အထင်အမြင်များမှာ လုံးဝဥဿုံ ကွယ်ပျောက်သွားရတော့သည်။
ရှန်အာ၏ အမူအရာကို အကဲခတ်နေသော ကျူကျုံးသည် သူမ၏ နှုတ်မှ ‘ရှောင်ယန်’ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် စိတ်ထဲကနေ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ကြည့်ရတာ ရှောင်ယန်တစ်ယောက် မကောင်းမှု မပြုမီမှာတင် လက်ပူးလက်ကျပ် အမိဖမ်းခံလိုက်ရခြင်း ဖြစ်ပေသည် သူ စိတ်ထဲကနေ ရေရွတ်လိုက်၏— "ရှောင်ယန်လေးရေ... ရှောင်ယန်လေး... ဒီလိုဖြစ်လာမှတော့ ငါလည်း ကံကြမ္မာအတိုင်းပဲ သွားရတော့မှာပေါ့..." ဒါက ဒိုချီလောက ကူးပြောင်းခြင်းရဲ့ နောက်ဆုံးအဆင့်ပဲ
(ဒိုချီတိုက်ကြီးသို့ ကူးပြောင်းခြင်း၏ အဓိက အင်္ဂါရပ်သုံးရပ်မှာ— ဆရာကြီးလုပ်ခြင်း၊ ကောင်မလေးများကို ဆွဲဆောင်ခြင်းနှင့် အခွင့်အရေးယူခြင်းတို့ ဖြစ်သည်။)
စနစ်က ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ပြန်လည် မခေါ်ဆောင်မီ မိနစ်နှစ်ဆယ်ခန့်သာ လိုတော့သဖြင့် ကျူကျုံးအနေဖြင့် အချိန်ဆွဲရန် လိုအပ်လှသည်။ သူသည် မျက်နှာကို ဒေါသထွက်နေဟန် ဖမ်းထားသော်လည်း ရင်ထဲတွင်မူ အတိုင်းမသိ ဝမ်းမြောက်လျက် ဆိုလိုက်သည် "ဩော်... မင်းတို့က သိနေကြတာကိုး ဒါဆိုရင်... ဒီပန်းသူခိုးကို ဘယ်လို စီရင်ကြမလဲ။"
ရှန်အာက ခေါင်းခါပြသည် သူမအနေဖြင့် ရှေးဟောင်းကျောက်စိမ်းကို ရှာဖွေရန်အတွက် ရှောင်မိသားစုတွင် ဆက်လက် နေထိုင်ရဦးမည်ဖြစ်ရာ ရှောင်ယန်ကို သတ်ပစ်၍ မဖြစ်ချေ။ "သူက... ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ဦးလေး ရှောင်ကျန်ရဲ့ သားပဲလေ။ သူ့ကို သင်ခန်းစာတစ်ခုလောက်ပဲ ပေးလိုက်ပါ သတ်ဖို့တော့ မလိုပါဘူး။"
"ကောင်းပြီလေ" ဒါ ငါအသည်းအသန် စောင့်ဆိုင်းနေတဲ့ စကားပဲ။ အခုတော့... ငါ နှစ်ပေါင်းများစွာ လုပ်ချင်နေတဲ့ ကိစ္စကို လုပ်ခွင့်ရပြီဟေ့။
စကားဆုံးသည်နှင့် ကျူကျုံးသည် သတိလစ်နေသော ရှောင်ယန်ကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီကာ ဝန်းကြံပြင်ပသို့ ပြေးထွက်ခဲ့တော့သည်။ တံတိုင်းကို ခုန်ကျော်ကာ အပြင်ဘက်ရှိ ကောက်ကွေ့နေသော သစ်ပင်အိုကြီးတစ်ပင်ကို ရှာဖွေတွေ့ရှိသွားသည်။
သူသည် ကူနိုင်းဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
ကျူကျုံးသည် အူချီဟာပုံစံ ‘နွားတစ်ကောင်ကို အရေခွံနွှာခြင်း’ သိုင်းကွက်ကို အသုံးချလိုက်သည်။
ရှုခနဲ... ဝူးခနဲ...
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ယန်တစ်ယောက် သိုးဖြူကလေးတစ်ကောင်အလား တစ်ကိုယ်လုံး ဝတ်လစ်စလစ် အဝတ်ဗလာ ဖြစ်သွားရတော့သည်။
သူတို့သည် ရှောင်ယန်ကို အဝတ်အစားအားလုံး ချွတ်ပစ်လိုက်ပြီး သစ်ပင်ကြီးပေါ်တွင် ဇောက်ထိုး ဆွဲချိတ်ထားလိုက်ကာ... သူ၏ ကိုယ်ပေါ်တွင် စာလုံးကြီးကြီးအချို့ကို ရေးသားလိုက်တော့သည်— "နောက်တစ်ကြိမ် ထပ်ဖြစ်ရင်... မင်းရဲ့ ညီလေးကို ဖြတ်ပစ်မယ်။"
ဒါကတော့ ကျူကျုံး ဘလူးစတား (ကမ္ဘာမြေ) ဘဝတုန်းက စဉ်းစားခဲ့ဖူးသော ပြစ်ဒဏ်ပေးနည်းတစ်ခု ဖြစ်သည်။ ဤအဖြစ်အပျက် ပြီးသွားပါက ရှောင်ယန်တစ်ယောက် ဘဝတစ်ကွေ့တွင် ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်သလို ညဉ့်နက်သန်းခေါင် ဝင်ရောက်တိုက်ခိုက်ရန်လည်း ဘယ်တော့မှ ရဲတော့မည်မဟုတ်ချေ။
"ရှောင်ယန်လေးရေ... ရှောင်ယန် မင်းမဝင်ရင်... ဘယ်သူ ငရဲဝင်မလဲကွ"
ထိုမျှနှင့်တင် ကျူကျုံးတစ်ယောက် စိတ်မကျေနပ်သေးဘဲ... ရှောင်ယန်၏ ကိုယ်ပေါ်တွင် လိပ်ခွံပုံစံ သံခြေကျဉ်းတစ်ခုကို ထပ်မံဆင်မြန်းပေးလိုက်ပြီး စက္ကူဖြူတစ်ရွက်ကို ကပ်လျက် ရေးသားလိုက်ပြန်သည် "ဒီလူယုတ်မာသည်... ညဉ့်နက်သန်းခေါင်တွင် မကောင်းသော ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်၏ အိပ်ဆောင်အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာခဲ့သည်။ ကျွန်ုပ်က လက်ပူးလက်ကျပ် မိသဖြင့် အပြစ်ပေးထားခြင်း ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်မံ ကျူးလွန်ပါက... ကရုဏာမထားဘဲ မိန်းမစိုး ဘဝသို့ ပို့ဆောင်ပေးမည်။"
"ကဲ... ဒါဆိုရင်တော့ ပြီးပြည့်စုံသွားပြီ ဒါပေမဲ့ နှမြောစရာကောင်းတာက... ရှောင်ယန်ရဲ့ လက်စွပ်ကို မတွေ့ခဲ့ရတာပဲ။ သူ့ကို ဝတ်လစ်စလစ်အထိ ချွတ်ပစ်တာတောင် လက်စွပ်ကို ရှာမတွေ့ဘူး တကယ့်ကို ကံဆိုးတာပဲ။"
အမှန်အတိုင်း ပြောရလျှင် ရှောင်ယန်ကို နှိပ်စက်ရခြင်းက ပဓာနမဟုတ်ချေ။ အဓိကအချက်မှာ မူရင်းဇာတ်လမ်းထဲက ရှောင်ယန် ပိုင်ဆိုင်ထားသော လျှို့ဝှက်လက်စွပ်ကြီးကို ကျူကျုံးက မျက်စိကျနေခြင်း ဖြစ်သော်လည်း... ရှောင်ယန်က ငယ်သေးသဖြင့် ထိုလက်စွပ်ကို လက်ဝယ် မရရှိသေးပုံရပေသည်။
အိပ်ဆောင်အတွင်း၌မူ... ရှန်အာသည် လင်ရင်၏ လာရောက် သတင်းပို့ချက်ကို နားထောင်ရင်း ချစ်စရာကောင်းသော မျက်နှာလေးမှာ ရဲရဲနီမြန်းသွားရရှာသည်"ဒီအစ်ကိုကြီးကတော့... တကယ့်ကို လူဆိုးလေးပဲ..."
.......................
ဆယ်မိနစ်ခန့် ကုန်လွန်သွားသောအခါ ကျူကျုံးသည် သူ၏ ယုတ်ညံ့သော ပျော်ရွှင်မှုကို အားရကျေနပ်သွားပြီးနောက်... ရှန်အာ၏ အခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
စနစ်က ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ပြန်လည် မခေါ်ဆောင်မီ ဆယ်မိနစ်မျှသာ လိုတော့သဖြင့် ကျူကျုံးအနေဖြင့် ထွက်ပြေးရန် စိတ်ကူးမရှိတော့ချေ။ သူ ထွက်ပြေးလျှင်ပင် သူ၏ လက်ရှိ စွမ်းအားဖြင့် ရှောင်မိသားစုက ‘ဒိုရှီ’ တွေကိုသာ လှည့်စားနိုင်မည်ဖြစ်ပြီး ဒိုဟွမ် အထွတ်အထိပ်အဆင့် ရှိသော လင်ရင်ကိုမူ ဘယ်လိုမှ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
အိပ်ဆောင်အတွင်း၌ ရှန်အာတစ်ယောက်တည်းသာ ရှိနေဆဲဖြစ်ပြီး... လင်ရင်ကမူ အရိပ်ထဲသို့ ပြန်လည် ကွယ်ပျောက်သွားပုံရသည်။
ရုတ်ချည်းဆိုသလို... ကျူကျုံးသည် ရှန်အာ၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိလိုက်ပြီး သူမ၏ နဖူးထက်တွင် ချွေးစေးများ စိမ့်ထွက်နေသည်ကို မြင်လိုက်ရသည်။
ကျူကျုံးက စိုးရိမ်တကြီး မေးလိုက်သည် "ဘာဖြစ်လို့လဲ..."
"ဘာ... ဘာမှမဖြစ်ပါဘူး အနာဟောင်း ပြန်ထတာပါ ခဏနေရင် သက်သာသွားမှာပါ..." ရှန်အာက အားတင်း၍ ပြောရှာသော်လည်း ကျူကျုံးအနေဖြင့် သူမ အလွန်အမင်း နာကျင်ခံစားနေရသည်ကို အကဲခတ်မိလှသည်။ အကယ်၍ သူသာ ဤနေရာတွင် မရှိပါက သူမတစ်ယောက် နာကျင်မှုကြောင့် ကုတင်ပေါ်တွင် သတိလစ်သွားလောက်ပေသည်။
"ဒါ... ဒါက ... အဆင့် (၄) ရှိတဲ့ ဆန်းပြားမီးတောက် ‘ရွှေဧကရာဇ် ကောင်းကင်လောင်မီးတောက်’ မဟုတ်လား" ကျူကျုံးပင်လျှင် စိတ်ထဲကနေ ထိတ်လန့်သွားရသည်။ ဆန်းကြယ်မီးတောက်ဆိုသည်မှာ သာမန်လူသားများ ခံနိုင်ရည်ရှိသော အရာမဟုတ်ချေ အထူးသဖြင့် အဆင့် (၄) ရှိသော မီးတောက်ဆိုလျှင်... ကောင်းကင်ကို လောင်ကျွမ်းစေပြီး ပင်လယ်ကို ဆူပွက်စေနိုင်သည်ဟု ပြောလျှင်ပင် ပုံကြီးချဲ့ရာ မကျပေ။
ဤမြင်ကွင်းကို ကြည့်ပြီး အချို့လူများက မေးကြပေလိမ့်မည် သနားစရာကောင်းပြီး သေလုမတတ် ဝေဒနာခံစားနေရတဲ့ လိုလီမလေးတစ်ယောက် မင်းဘေးမှာ ရှိနေရင် မင်း ဘာလုပ်မလဲ။
ငရုတ်ကောင်းစိမ်း : ဒါပေါ့... ပူတုန်းလေး အမိအရ အခွင့်အရေးယူရမှာပေါ့။
ကျူကျုံး : ဖျတ်... မင်းလို အောက်တန်းကျတဲ့ကောင် ငါ့ရဲ့ အဆိပ်နဂါးပတ်ကွက်ကို မြည်းစမ်းလိုက်စမ်း
"ကဲကွာ... ဖြစ်ချင်ရာဖြစ် သေတွင်းပဲဖြစ်ဖြစ် စမ်းကြည့်ရတာပေါ့။"
ကျူကျုံးသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးထဲတွင် ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည် "ငွေပြာဧကရာဇ် — ပွင့်လန်းစမ်း" အသက်စွမ်းအားများ ပြည့်နှက်နေသော ငွေပြာဧကရာဇ် တစ်ပင်သည် သူ၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ငွေပြာမြက်ပင်၏ နွယ်ကြိုးများသည် ရှန်အာ၏ ခန္ဓာကိုယ်ကို နူးညံ့စွာဖြင့် ဝန်းရံ ပတ်ဆိုင်းလိုက်တော့သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ..." ရှန်အာသည် ဆန်းကြယ်မီးတောက်၏ ဘေးထွက်ဆိုးကျိုးများကြောင့် တစ်ကိုယ်လုံး တုန်ရင်နေရှာသည်။ သို့သော် ဤစကားကို ပြောပြီးပြီးချင်းမှာပင်... သူမသည် နွေးထွေးလှသော အသက်ရှူလှိုင်းတစ်ခု တစ်ကိုယ်လုံးသို့ စိမ့်ဝင်ပြန့်နှံ့သွားသည်ကို ခံစားလိုက်ရပြီး နာကျင်မှုများမှာလည်း သိသိသာသာ လျော့ပါးသွားရတော့သည်။
ကျူကျုံးသည် အပြုံးများကို ရုပ်သိမ်းလိုက်ပြီး တည်ကြည်သော မျက်နှာပေးဖြင့် ဆိုလိုက်သည် "မင်းရဲ့ အခြေအနေက အခု အရမ်းဆိုးနေတာ။ ဒါက ငွေပြာဧကရာဇ်ပဲ သူက ပြင်းထန်တဲ့ အသက်စွမ်းအားတွေကို ပိုင်ဆိုင်ထားလို့... မင်းရဲ့ ဒဏ်ရာတွေကို ပြန်လည် ကုစားပေးနိုင်လိမ့်မယ်။"
ရှန်အာသည် သူမ၏ ချစ်စရာကောင်းသော ခေါင်းလေးကို မသိမသာ ညိတ်ပြရှာသည်။
အရိပ်ထဲတွင် ပုန်းနေသော လင်ရင်၏ နှလုံးသားမှာလည်း ရင်ဘတ်ထဲကနေ လွင့်ထွက်မတတ် ထိတ်လန့်နေခဲ့သည်။ သူသည် ရှန်အာ၏ ခန္ဓာကိုယ် အခြေအနေကို ကောင်းကောင်းသိသော်လည်း... ရှေးဟောင်းမျိုးနွယ်စုက အကြီးအကဲအမြောက်အမြားပင် ဖြေရှင်းနိုင်ခြင်း မရှိရာ သူက ပို၍ပင် တတ်နိုင်စွမ်း မရှိခဲ့ချေ။ ယခု ဤလျှို့ဝှက်ဆန်းကြယ်လှသော လူငယ်လေးက... ရှန်အာ၏ ဆန်းကြယ်မီးတောက် ဘေးထွက်ဆိုးကျိုးကို တကယ်ပဲ နှိပ်ကွပ်ပေးနိုင်သည်ကို မြင်ရသောအခါ သူ ဘယ်လိုမှ မယုံနိုင်အောင် ဖြစ်ရတော့သည်။
ကျူကျုံး၏ အသက်စွမ်းအား ပြည့်နှက်နေသော ဝိညာဉ်စွမ်းရည်များသည် ငွေပြာဧကရာဇ် နွယ်မြက်များမှတစ်ဆင့် ရှန်အာ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စိမ့်ဝင်သွားပြီး သူမ၏ အကြောအကွက်များကို ပြုစုပျိုးထောင်ပေးနေခဲ့သည်။ ဝိညာဉ်စွမ်းအားဆိုသည်မှာ ဒိုချီသိုင်းကွက်များနှင့် မတူညီချေ သူ၏ အဖျက်စွမ်းအားမှာ အဆင့်မြင့် ဒိုချီသိုင်းကွက်များကို မမီသော်လည်း ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးရာတွင်မူ ထူးခြားသော စွမ်းရည်ရှိပေသည်။ ထို့ကြောင့်ပင် ဝိညာဉ်ကုန်းမြေတိုက်ကြီးက ပါရမီရှင် ဝိညာဉ်သခင်များသည် အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်မှာတင် လူကြီးအရပ်အမောင်းသို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။ အထူးသဖြင့် ငွေပြာဧကရာဇ်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားဆိုလျှင် ပို၍ပင် ထူးခြားလှပေသည်။
ကျူကျုံးကိုယ်တိုင် သတိမထားမိခဲ့သည်ကတော့... ငွေပြာဧကရာဇ်သည် ရှန်အာ၏ အကြောအကွက်များကို ပြုစုပေးနေစဉ်မှာပင် ‘ရွှေဧကရာဇ် ကောင်းကင်လောင်မီးတောက်’ ၏ မီးတောက်အဆီအနှစ် အပိုင်းအစအချို့ကိုပါ မသိမသာ စုပ်ယူမိသွားခြင်း ဖြစ်သည်။ ဒါကတော့ နောင်တစ်ချိန်မှ ပြောရမည့် ဇာတ်လမ်း ဖြစ်ပေသည်။
တိုတောင်းလှသော ဆယ်မိနစ် အချိန်သည် ကုန်လွန်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သော်လည်း... ကျူကျုံးအတွက်မူ နှစ်ပေါင်း ၂၀ ခန့် ကြာမြင့်သွားသလို ခံစားရပြီး သူ၏ ဝိညာဉ်စွမ်းအားများအားလုံး ခန်းခြောက်သွားခဲ့ရသည်။ သူသည် နောက်ဆုံး ကျန်ရှိနေသော ဝိညာဉ်စွမ်းအား အပိုင်းအစကို အသုံးပြုကာ... မိမိလက်ထဲက ငွေပြာဧကရာဇ် အပင်ပေါက်လေးကို ရှန်အာ၏ အိပ်ဆောင်ထဲရှိ ပန်းအိုးလေးတစ်ခုအတွင်းသို့ အသာအယာ အမြစ်တွယ် စိုက်ပျိုးပေးခဲ့တော့သည်။
ကျူကျုံးက မှာတမ်းခြွေလိုက်သည်"နောက်နောင်ကျရင်... ဒီငွေပြာမြက်ပင်လေးကို သေသေချာချာ ဂရုစိုက်ပေးပါ။ သူက မင်းရဲ့ ဝေဒနာတွေကို ထိရောက်စွာ သက်သာစေနိုင်လိမ့်မယ်။"
{ဒေါင် အချိန်ပြည့်ပါပြီ။ ပိုင်ရှင်အား ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ပြန်လည် တယ်လီပို့ပေးတော့မည် ဖြစ်သည်။ ၁၀ ၉...}
စိတ်ထဲက စနစ်၏ အသိပေးသံကို ကြားလိုက်ရချိန်တွင်... ကျူကျုံးသည် စိတ်ကို အေးအေးထားလိုက်ပြီး နူးညံ့စွာ ပြုံးပြလျက် ဆိုလိုက်တော့သည် "ကဲ... ဒါဆိုရင်တော့... နောင်တစ်နေ့ကျမှ ပြန်ဆုံကြတာပေါ့။"
ဟင်းလင်းပြင်ကြီးသည် တွန့်ကွေးသွားခဲ့ပြီး... ကျူကျုံး၏ ခန္ဓာကိုယ်သည် ရှန်အာ၏ မျက်စိရှေ့မှောက်တွင် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ကျူကျုံး ပျောက်ကွယ်သွားခဲ့သော်လည်း... ရှန်အာသည် အတန်ကြာအောင် နှုတ်ဆိတ်နေမိပြီး သူ ချန်ထားခဲ့သော ငွေပြာမြက်ပင်လေးကိုသာ ငေးမောကြည့်နေမိတော့သည်။
"ဘာဖြစ်လို့လဲ... သူက ဘာလို့ ကျွန်မရဲ့ အခန်းထဲကို ရုတ်တရက် ပေါ်လာပြီး အဲ့ဒီလိုမျိုး လုပ်ခဲ့ရတာလဲ။ ပြီးတော့... သူက ဘယ်လိုလုပ် သိနေတာလဲ။" ရှောင်ယန်က ဘာဖြစ်လို့ ညဉ့်နက်သန်းခေါင်မှာ မိမိကို လာရောက် တိုက်ခိုက်ဖို့ ကြံစည်ခဲ့ရတာလဲ။ ပြီးတော့ ထိုလူငယ်လေးက ဘာဖြစ်လို့ မိမိအပေါ် ဒီလောက်တောင် ကောင်းပြပြီး ဝေဒနာတွေကို သက်သာအောင် အသက်နဲ့လဲပြီး ကူညီပေးခဲ့ရတာလဲ။ ပြီးတော့... သူခေါ်တဲ့ အမည်ကကော ဘယ်လိုလဲ။
ထိုမေးခွန်းပေါင်းများစွာဖြင့်... ရှန်အာသည် အတွေးကမ္ဘာထဲတွင် နစ်မျောနေမိပြီး ယနေ့ညသည် သူမအတွက် ညမအိပ်နိုင်သော ညတစ်ည ဖြစ်ရတော့မည်မှာ သေချာလှပေသည်။