အခန်း (၂) ထန်ဆန်း၏ ကံကြမ္မာအလှည့်အပြောင်း
သူတော်စင်ဝိညာဉ်ရွာနှင့် ကပ်လျက်ရှိသော မီတာတစ်ရာကျော်မျှသာ မြင့်သည့် တောင်ကုန်းငယ်ကလေးထက်တွင် ဖြစ်သည်။
ထန်ဆန်းသည် ကျောက်ဆောင်တစ်ခုပေါ်၌ တင်ပလ္လင်ခွေထိုင်ရင်း သူ၏ ‘လျှို့ဝှက်ကောင်းကင်ဘုံကျင့်စဥ်’ ကို အာရုံစူးစိုက်ကာ ကျင့်ကြံနေသည်။
ထိုစဥ် ရုတ်တရက်ဆိုသလို ထန်ဆန်း၏ ကျောရိုးတစ်ခုလုံး တုန်ခါသွားပြီး ခန္ဓာကိုယ်ကြီး ဆတ်ခနဲ လှုပ်ရှားသွားသည်။ တစ်ကိုယ်လုံးရှိ ခြေလက်အင်္ဂါများမှာ အားအင်ကုန်ခမ်းကာ နုန်းခွေသွားပြီး ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိလာတော့သည်။ ကွယ်ပျောက်နေသော အမှောင်ထုထဲတွင် မိမိ၏ အဖိုးတန်လှသော အရာတစ်ခုခုကို အဓမ္မလုယူခြင်း ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
ထန်ဆန်းမှာ အကာအကွယ်မဲ့နေစဥ် ဖြစ်၍ ကျောက်ဆောင်ပေါ်မှ လိမ့်ကျကာ ရွှံ့ဗွက်ထဲသို့ မျက်နှာဖြင့် စိုက်လျက်သား ပြုတ်ကျသွားတော့သည်။ အတန်ကြာမှသာ သူ၏ အာရုံများကို ပြန်လည်စုစည်းနိုင်ရှာသည်။
"ဖူး... ပလူး..."
ပါးစပ်ထဲသို့ ဝင်သွားသော မြေကြီးများနှင့် မြက်ပင်စများကို တံတွေးနှင့်အတူ ထွေးထုတ်လိုက်ရသည်။ ရင်ထဲတွင် အလိုလိုနေရင်းနှင့် လူလည်ခေါင် ကောင်စုတ်လေးတစ်ယောက်၏ ဖြဲစပ်စပ်မျက်နှာကြီးက ပြေးမြင်လာသည်။ ထိုမျက်နှာမှာ အခြားသူမဟုတ်... မကြာခဏဆိုသလို သူ့နောက်သို့ တကောက်ကောက်လိုက်ကာ မိမိကိုယ်ကိုယ် ‘ဘိုးဘေး’ ဟု ခေါ်ခိုင်းနေသည့် ဘေးရွာက ကောင်စုတ်လေး ‘ကျူကျုံး’ ပင် ဖြစ်သည်။
သူသည် လက်နှင့် အဝတ်အစားပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်ရင်း တွေးမိလေလေ ဒေါသထွက်လေလေ ဖြစ်လာတော့သည်။
"ဒီကောင်စုတ်လေး...။ မကြာသေးခင်က သူ ငါ့နောက်ကို တောက်လျှောက် လိုက်နှောင့်ယှက်နေလို့သာ ငါ့ရဲ့ လျှို့ဝှက်ကောင်းကင်ဘုံကျင့်စဥ် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာ အမှားအယွင်း ဖြစ်သွားရတာပဲ နေမှာ။ ဟွန်း... နောက်တစ်ခါသာ ငါနဲ့ ထပ်တွေ့လို့ကတော့..."
ထန်ဆန်းသည် စိတ်ထဲတွင် ကြုံးဝါးလိုက်မိသည်။ နောက်တစ်ကြိမ် ထိုကောင်စုတ်လေးနှင့် တွေ့ပါက အဝတ်လျှော်သလို ကောင်းကောင်းကြီး ပညာပေးလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
စနစ်၏ စွမ်းပကားနှင့် ကိုယ်ရေးအချက်အလက်
{တီ... ထန်ဆန်း၏ ‘ငွေပြာဧကရာဇ်’ သွေးမျိုးဆက်ကို ခိုးယူခြင်း ပြီးမြောက်ပါသည်။ ထန်ဆန်း၏ ငွေပြာမြက်ဝိညာဉ်သည် သာမန် ငွေပြာမြက်အဖြစ်သို့ လျော့ကျသွားပြီ ဖြစ်သည်။ ပစ်မှတ်၏ မုန်းတီးမှုအဆင့် (၅%) သို့ ရောက်ရှိသွားပြီး ပိုင်ရှင်သည် မုန်းတီးမှုအမှတ် (၅၀၀) ရရှိပါသည်။}
ကျူကျုံးသည် ထန်ဆန်းထံမှ ငွေပြာဧကရာဇ် သွေးမျိုးဆက်ကို ခိုးယူလိုက်နိုင်သော်လည်း မုန်းတီးမှုအဆင့်မှာ (၅%) မျှသာ တက်လာသဖြင့် အံ့အားသင့်သွားရသည်။ သူကတော့ ထန်ဆန်း၏ အရိုက်အနှက်ကို ခံရရန်ပင် အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။
"စနစ်... ငါ ထန်ဆန်းရဲ့ ငွေပြာဧကရာဇ် သွေးမျိုးဆက်ကို ခိုးလိုက်ပြီဆိုတော့ ငွေပြာဧကရာဇ်မရှိတဲ့ ထန်ဆန်းရဲ့ ငွေပြာမြက်က အသုံးမဝင်တဲ့ အမှိုက်ဝိညာဉ် သက်သက်ပဲ ဖြစ်ကျန်ခဲ့တော့မှာလေ။ ‘ယွီရှောင်ကန်း’ ရဲ့ အသုံးမကျတဲ့ သီအိုရီတွေနဲ့ ပေါင်းစပ်ရင်တောင် သူ့ရဲ့ စွမ်းအားက အများကြီး လျော့ကျသွားပြီး ပါရမီတစ်ဝက်လောက် ပျက်စီးသွားတာကို ဘာလို့ မုန်းတီးမှုအဆင့်က (၅%) ပဲ တက်ရတာလဲ။"
{တီ... အဘယ်ကြောင့်ဆိုသော် ထန်ဆန်းသည် နောင်တစ်ချိန်တွင် မိမိ၏ ဝိညာဉ်ကို ကောင်းမွန်စွာ နိုးထနိုင်ခြင်း ရှိမရှိကို လက်ရှိတွင် မသိသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငွေပြာဧကရာဇ်အပေါ် မုန်းတီးမှုအဆင့် နည်းပါးနေခြင်း ဖြစ်သော်လည်း ထန်ဆန်းသာ ဤအမှန်တရားကို သိရှိသွားပါက မုန်းတီးမှုအဆင့်သည် ချက်ချင်း (၇၀%) ကျော်သို့ ခုန်တက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာပါလိမ့်မည်။}
"ဒါဆို... ဒီမုန်းတီးမှုအမှတ်တွေကို ဘာအတွက် သုံးလို့ရလဲ။"
{ပိုင်ရှင်သည် ဤမုန်းတီးမှုအမှတ်များကို အသုံးပြု၍ စနစ်က ခိုးယူခဲ့ဖူးသော ကမ္ဘာအသီးသီးသို့ မိမိဆန္ဒအလျောက် ရွှေ့ပြောင်း သွားလာနိုင်ပါသည်။}
"သြော်... သဘောပေါက်ပြီ။ ဒါဆို ငါက ကမ္ဘာပေါင်းစုံကို ကူးသန်းပြီး စိတ္တဇတိုင်း လုပ်ချင်ရာလုပ်လို့ရတာပေါ့။ အကယ်၍ ငါ ဝိညာဉ်ကုန်းမြေတိုက်ကြီးမှာ အန္တရာယ်နဲ့ ကြုံလာရင် ဒီမုန်းတီးမှုအမှတ်တွေကို သုံးပြီး အခြားကမ္ဘာကို ထွက်ပြေးတိမ်းရှောင်လို့ ရတာပေါ့"
{ပိုင်ရှင်... သီအိုရီအရ ဖြစ်နိုင်သော်လည်း မိခင်ကမ္ဘာ (ဝိညာဉ်ကုန်းမြေတိုက်ကြီး) သို့ ပြန်လည်ရောက်ရှိမည့် တည်နေရာမှာ အတည်မပြုနိုင်ဘဲ ကျပန်းဖြစ်ပေါ်မည်ဖြစ်ရာ သတိပြု၍ အသုံးပြုပေးပါရန်။}
"အိုကေ... သိပြီ သိပြီ"
ထိုစဥ် စနစ်၏ အသိပေးသံသည် ကျူကျုံး၏ စိတ်ထဲတွင် တစ်ဖန် ပြန်လည်ပဲ့တင်ထပ်လာပြန်သည်။
{တီ... ပိုင်ရှင်ထံတွင် ခိုးယူထားသော ငွေပြာဧကရာဇ် သွေးမျိုးဆက် ရှိနေသည်ကို အာရုံခံမိပါသည်။ ပေါင်းစပ်ထည့်သွင်းမလား။}
"ပေါင်းစပ်ရမှာပေါ့... ဒါပေမဲ့ မလုပ်ခင် ငါ့ရဲ့ ကိုယ်ရေးအချက်အလက်လေး အရင်ပြပါဦး။"
{တီ... ကိုယ်ရေးအချက်အလက်ပြကွက် ဖွင့်လှစ်နေပါသည်...}
ပိုင်ရှင် : ကျူကျုံး
ကျား/မ : ကျား
အသက် : ၅ နှစ်နှင့် ၁၁ လ (ယခင်ဘဝ အသက် ၂၅ နှစ်)
ကိုယ်ပိုင်ဝိညာဉ် : ငွေပြာမြက် (နိုးထခြင်းမရှိသေး)
မွေးရာပါ ဝိညာဉ်စွမ်းအား : ၀
ဝိညာဉ်စွမ်းအားအဆင့် : ၀
အခြေခံခွန်အား : ၃ (သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခွန်အားမှာ ၁၀ ဖြစ်သည်)
စနစ်သိုလှောင်ရုံ : ငွေပြာဧကရာဇ် သွေးမျိုးဆက်
ခြုံငုံသုံးသပ်ချက် : အဖတ်ဆယ်မရသော အမှိုက်သရိုက် သက်သက်သာ ဖြစ်သည်။
ကျန်ရှိသော ခိုးယူခွင့်အရေအတွက် : ၀
မုန်းတီးမှုအမှတ် : ၅၀၀
ခိုးယူပြီးသော ကမ္ဘာ : ဝိညာဉ်ကုန်းမြေတိုက်ကြီး
မိမိ၏ ကိုယ်ရေးအချက်အလက်များကို မြင်လိုက်ရသောအခါ ကျူကျုံးတစ်ယောက် မျက်လုံးအဖြူသား ပေါ်အောင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ ငါက တကယ့်ကို အသုံးမကျတဲ့ကောင် ဖြစ်နေပါလား... စိတ်မကောင်းလိုက်တာ။
"စနစ်... ငါ့ကို ငွေပြာဧကရာဇ် သွေးမျိုးဆက်နဲ့ ချက်ချင်း ပေါင်းစပ်ပေးတော့။"
{တီ... ငွေပြာဧကရာဇ် သွေးမျိုးဆက်အား ပေါင်းစပ်နေပါပြီ...}
'အင်း... သေချာပေါက် အရမ်းနာကျင်ရမှာပဲ။ ဒါပေမဲ့ ငါကျူကျုံးလေးက အောင့်ခံနိုင်ပါတယ်။ မုန်တိုင်းတွေ ဝုန်းဒိုင်းကြဲပြီး ဝင်လာခဲ့စမ်းပါ' ဟု ကျူကျုံး စိတ်ထဲက ကြုံးဝါးနေမိသည်။
သို့သော် ဆယ့်ငါးမိနစ်ခန့် ကြာသွားသည့်တိုင်အောင် ကျူကျုံး စိတ်ကူးယဉ်ထားသလို ပြင်းထန်သော နာကျင်မှုမျိုး ရောက်မလာခဲ့ချေ။
{တီ... ပေါင်းစပ်ခြင်း ပြီးမြောက်ပါပြီ။}
"စနစ်... ဘာလို့ ငါ့ခန္ဓာကိုယ်မှာ ဘာမှမပြောင်းလဲတာလဲ။ ငွေပြာဧကရာဇ် နိုးထလာရင် ဆံပင်တွေ အပြာရောင်ပြောင်းသွားရမယ် မဟုတ်ဘူးလား။ ခန္ဓာကိုယ် တည်ဆောက်ပုံ ကောင်းမွန်လာရင် ပိုပြီးတော့ ခန့်ညားလာရမှာလေ။"
{တီ... ပိုင်ရှင်၏ ဝိညာဉ်သည် နိုးထခြင်း အခမ်းအနား ပြုလုပ်ရန် လိုအပ်ပါသေးသည်။ သင်၏ ကိုယ်ရေးအချက်အလက်ကို ထပ်မံကြည့်ရှုလိုပါသလား။}
"အေး... ကြည့်မယ် ပြစမ်း"
{ ပိုင်ရှင် : ကျူကျုံး }
ကျား/မ : ကျား
အသက် : ၅ နှစ်နှင့် ၁၁ လ (ယခင်ဘဝ အသက် ၂၅ နှစ်)
ကိုယ်ပိုင်ဝိညာဉ် : ငွေပြာဧကရာဇ် (နိုးထခြင်းမရှိသေး)
မွေးရာပါ ဝိညာဉ်စွမ်းအား : အဆင့် ၁၀ (အမြင့်ဆုံး)
ဝိညာဉ်စွမ်းအားအဆင့် : ၀ (နိုးထခြင်းမရှိသေး)
အခြေခံခွန်အား : ၅ (သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခွန်အားမှာ ၁၀ ဖြစ်သည်)
စနစ်သိုလှောင်ရုံ : မရှိပါ
ခြုံငုံသုံးသပ်ချက် : အမှိုက်ပုံထဲမှ အသုံးဝင်မည့် အပိုင်းအစလေးတစ်ခု ဖြစ်လာပါပြီ။
ကျန်ရှိသော ခိုးယူခွင့်အရေအတွက် : ၀
မုန်းတီးမှုအမှတ် : ၅၀၀
ခိုးယူပြီးသော ကမ္ဘာ : ဝိညာဉ်ကုန်းမြေတိုက်ကြီး
"ဟားဟား... ငွေပြာဧကရာဇ်ကတော့ တကယ့်ကို နာမည်နဲ့လိုက်ဖက်စွာ ဟောက်ထျန်တူနဲ့ ယှဉ်နိုင်တဲ့ ဝိညာဉ်ပဲ။ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် (အဆင့် ၁၀) တောင် ပါလာတယ်ဟေ့။"
သို့သော် နောက်ထပ် တစ်လခန့် စောင့်ဆိုင်းရဦးမည် ဖြစ်ရာ ထိုအတောအတွင်း ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း ပိုမိုလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် အိမ်သာအိုကလေးထဲမှ ထွက်လာခဲ့သည်။ အော်... မဟုတ်ပါဘူး သက်ငယ်မိုး အိမ်အိုကလေးထဲက ဖြစ်သည်။
ယခုအခါ ကျူကျုံး၏ စိတ်အာရုံမှာ များစွာ ပေါ့ပါးသွားပြီး ဟန်ဆောင်အပြုံးများ ဆင်မြန်းထားရန် မလိုတော့ချေ။ သူသည် ပျင်းရိမြဲ ပျင်းရိနေဆဲ ဖြစ်သော်လည်း ပါးစပ်မှ သီချင်းတစ်ပုဒ်ကို လွတ်လပ်စွာ ကျူးရင့်နေမိသည်။
"မိန်းကလေးရဲ့ ခြေဖဝါးလေးက သေးငယ်ချွန်မြိန်လို့... ကျောက်စိမ်းငှက်ဖြူလေးကို ပန်းထိုးထားတယ်... တစ်ယောက်ယောက်က ဖမ်းဖို့ ကြိုးစားပေမဲ့... သူကတော့ ပျံသန်းလို့ ဝေးရာကို ပြေးသွားခဲ့ပြီ..."
သူသည် ဖြည်းညင်းစွာ လျှောက်လှမ်းရင်း ရွာလူကြီး အဘိုးအိုတွမ်၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ အလကား လာစားတာလား ဟု မေးစရာရှိသည်။ မဟုတ်ပါဘူး... သင် မှားသွားပါပြီ။ ဧကရာဇ်ဝိညာဉ်ရွာ၏ တစ်ခုတည်းသော မျှော်လင့်ချက် တိုင်းပြည်၏ အနာဂတ် ပန်းကောင်းတစ်ပွင့်ဖြစ်သော သူ့အတွက်မူ ဤအရာကို ‘အလကား လာနှိုက်စားခြင်း’ ဟု မခေါ်ဆိုအပ်ပေ။ သူသည် အနာဂတ်၏ လူမှုအသိုင်းအဝိုင်းကို ဆက်ခံမည့်သူ မဟုတ်ပါလား။
ကျေးလက်တောရွာရှိ လူများသည် ဖျော်ဖြေရေးကိရိယာ ထွေထွေထူးထူးမရှိသဖြင့် ညဘက်တွင် အိပ်ရာ အလွန်စောကြသည်။ နေမဝင်မီမှာပင် အဘိုးအိုတွမ်က ညစာကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ အဘိုးအိုတွမ်သည် ကျူကျုံးတစ်ယောက် ဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်ရှိလာတတ်သည်ကို အထူးအဆန်းမရှိတော့ဘဲ ပြုံး၍သာ ခေါင်းခါယမ်းလိုက်သည်။
လွန်ခဲ့သော ခြောက်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်ကြီးတစ်ခုအတွင်း ကျူကျုံး၏ မိဘများ ကွယ်လွန်သွားခဲ့ပြီးနောက် အသက်နှစ်လပင် မပြည့်သေးသော ကလေးငယ် ကျူကျုံးကို အဘိုးအိုတွမ်က တွေ့ရှိကာ မွေးစားခဲ့ခြင်း ဖြစ်သည်။ မနှစ်ကမှ ကျူကျုံး၏ ပြင်းပြသော တောင်းဆိုမှုကြောင့် တစ်ယောက်တည်း သီးသန့် နေထိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုဘေးအန္တရာယ်ကြောင့် အိမ်ခြေ လေးရာကျော်ရှိခဲ့သော ဧကရာဇ်ဝိညာဉ်ရွာကြီးမှာ ပျက်စီးခဲ့ရပြီး အချို့သေဆုံးကာ အချို့မှာလည်း ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ယခုအခါ အိုမင်းမစွမ်းသူများနှင့် နာမကျန်းသူများသာ ကျန်ရစ်တော့သည်။
အဘိုးအိုတွမ်က ကျူကျုံးအတွက် ထမင်းတစ်ပန်းကန်အပြည့် ခူးခက်ပေးရင်း စနောက်ကာ ဆူပူလိုက်သည်။
"မင်းကောင်စုတ်လေး... မြန်မြန်စားပြီး စောစောအိပ်တော့။ မနက်ဖြန် မနက်ကျရင် စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖို့ မမေ့နဲ့ဦး"
ကျူကျုံးက အားနာမနေဘဲ ထမင်းကို အငမ်းမရ စားသောက်ရင်း
"ကျေးဇူးပါပဲ အဘိုးတွမ်ရဲ့"
ကျူကျုံးတစ်ယောက် ဗိုက်ဆာနေသော ဝံပုလွေတစ်ကောင်လို အငမ်းမရ စားသောက်နေသည်ကို ကြည့်ရင်း အဘိုးအိုတွမ်မှာ အတိတ်ကို ပြန်လည်သတိရသွားရှာသည်။ သူသည် မီးဖိုချောင်ဘက်သို့ လှည့်သွားရင်း မသိလိုက်ဘာသာဖြင့် မျက်ရည်များ ဝဲတက်လာကာ
"ငါ့ရဲ့ မြေးလေး ဂျယ်ရီသာ အသက်ရှင်နေဦးမယ်ဆိုရင် အခုလောက်ဆို သူနဲ့ အသက်တူလောက်မှာပဲ..."
သို့သော် ငုံ့စားနေသော ကျူကျုံးတစ်ယောက် ဤစကားကို မကြားလိုက်ရချေ။
အချိန်ဟူသည် မြှားတစ်စင်းအလား တရိပ်ရိပ် ကုန်ဆုံးသွားပြီး တစ်လတာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
မနက်ခင်း အပြေးလေ့ကျင့်ခန်းကို ပြီးဆုံးပြီးနောက် ကျူကျုံးသည် ရွာလူကြီးအိမ်၌ အဘိုးအိုတွမ် ပြင်ဆင်ပေးထားသော မနက်စာ ကန်စွန်းဥဆန်ပြုတ်ကို ဇိမ်ရှိရှိ သောက်သုံးနေသည်။
"ရှူး... ပလူး..."
ကျူကျုံးမှာ အရသာရှိလှသော ဆန်ပြုတ်ကို မြိန်ရှက်စွာ သောက်နေဆဲ ဖြစ်သည်။ အဘိုးအိုတွမ်က ကျူကျုံးကို စိုက်ကြည့်ရင်း
"ကောင်စုတ်လေး... မြန်မြန်သောက်စမ်း။ ငါ မင်းကို သူတော်စင်ဝိညာဉ်ရွာက ဝိညာဉ်နန်းတော်ဆီ ခေါ်သွားပြီး ဝိညာဉ်နိုးထခြင်း အခမ်းအနား သွားလုပ်မလို့။"
"ဟုတ်ကဲ့ပါ အဘိုးတွမ်ရဲ့"
ကျူကျုံးသည် ချဉ်ဖတ်တစ်တုံးကို လျင်မြန်စွာ ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ကန်စွန်းဥဆန်ပြုတ်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် မော့သောက်လိုက်တော့သည်။
စားသောက်ပြီး မကြာမီမှာပင် အဘိုးအိုတွမ်က ပန်းကန်ခွက်ယောက်များကို အမြန်သိမ်းဆည်းကာ ကျူကျုံးကို ခေါ်ဆောင်၍ သူတော်စင်ဝိညာဉ်ရွာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ ယနေ့မနက် ကန်စွန်းဥဆန်ပြုတ်မှာ အလွန်အရသာရှိလှသည့်အပြင် ဝိညာဉ်နိုးထခြင်း အခမ်းအနားကိုလည်း ချက်ချင်း ပြုလုပ်ရတော့မည် ဖြစ်သည်။ တစ်လတိုင်တိုင် မိမိ၏ စွမ်းရည်များကို ဖုံးကွယ်ထားခဲ့ရသော ကျူကျုံးသည် စိတ်လှုပ်ရှား ပျော်ရွှင်နေပြီး အဘိုးအိုတွမ်ကို ပြုံး၍ မေးလိုက်သည်။
"အဘိုးတွမ်... ကျွန်တော်တို့က ဘာလို့ သူတော်စင်ဝိညာဉ်ရွာကို သွားပြီး ဝိညာဉ်နိုးထရတာလဲဟင်။ ဝိညာဉ်သခင်ကြီးက ကျွန်တော်တို့ရွာကို ကိုယ်တိုင်လာရမှာ မဟုတ်ဘူးလား။"
အဘိုးအိုတွမ်က စိတ်မကောင်းစွာဖြင့် ဆိုလာသည်။
"အခြေအနေတွေက အရင်လိုမဟုတ်တော့ဘူးကွ။ ငါတို့ ဧကရာဇ်ဝိညာဉ်ရွာက လွန်ခဲ့တဲ့ ခြောက်နှစ်က ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားခဲ့တာ။ အချို့သေ အချို့ပြေးကြနဲ့... ဒီနှစ် ရွာထဲမှာ အသက်ခြောက်နှစ်ပြည့်တာ မင်းတစ်ယောက်တည်း ရှိတော့တယ်။ ဝိညာဉ်နန်းတော်က ဝိညာဉ်သခင်ကြီးကို ငါတို့ရွာအထိ သီးသန့်သက်သက် လာခိုင်းဖို့ကလည်း အားနာစရာကောင်းလွန်းလို့လေ။ အဲ့ဒါကြောင့် သူတော်စင်ဝိညာဉ်ရွာနဲ့လည်း မဝေးတာမို့ အဲ့ဒီမှာပဲ ပေါင်းပြီး ဝိညာဉ်နိုးထဖို့ စီစဉ်လိုက်ရတာ။"
ကျူကျုံးက ခေါင်းညိတ်လိုက်ရင်း စိတ်ထဲတွင်မူ ကျယ်လောင်စွာ အော်ဟစ်နေမိသည်။
'လွန်ခဲ့တဲ့ ခြောက်နှစ်က ဘေးအန္တရာယ်ဆိုတာ... သေချာပေါက် ‘ထန်ဟောက် ’ နဲ့ ဝိညာဉ်နန်းတော်တို့ တိုက်ခိုက်ခဲ့တဲ့ ပွဲပဲ ဖြစ်ရမယ် ငါ့ရဲ့ မိဘတွေက အဲ့ဒီပွဲမှာ သေဆုံးခဲ့ရတာပေါ့။ တရားခံတွေထဲက တစ်ယောက်ဖြစ်တဲ့ ‘ချန်ရွှန်ကျီ’ ကတော့ သေသွားပြီဆိုတော့ အခု ကျန်နေတာ ထန်ဟောက် တစ်ယောက်တည်းပဲ ရှိတော့တယ်။'
ထိုအကြောင်းကို တွေးမိသည်နှင့် ကျူကျုံးသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်ဝန်းထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် သူသည် လက်ကို ပြန်လည်ဖြေလျော့လိုက်သည်။ ရန်သူကို ယှဥ်နိုင်လောက်သည့် အင်အားမျိုး မရှိသေးမီအချိန်အထိ မိမိကိုယ်ကို ဖုံးကွယ်ထားခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။
အဘိုးအိုတွမ်သည် ကျူကျုံး ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကလေးငယ်တစ်ယောက် ဝိညာဉ်စွမ်းအား နိုးထမလာမည်ကို စိုးရိမ်နေသည်ဟု ထင်မှတ်ကာ ကြင်နာစွာဖြင့် နှစ်သိမ့်ပေးရှာသည်။
"ကောင်စုတ်လေး... မင်း ဝိညာဉ်စွမ်းအား နိုးထမလာရင်လည်း စိတ်မပူပါနဲ့။ ဘာမှမဖြစ်ဘူး...။ ငါ အသက်ရာကျော်လို့ သေသွားတဲ့အခါ မင်းပဲ ဧကရာဇ်ဝိညာဉ်ရွာရဲ့ ရွာလူကြီးရာထူးကို ဆက်ခံလိုက်ပေါ့။"
ကျူကျုံးတစ်ယောက် စိတ်ပျက်သွားမိသည်။ ဒါပဲလား...။ တကယ့်ကို မြင့်မြတ်လှတဲ့ ရာထူးကြီးပါပေတယ် အဘိုးတွမ်ရာ။