အခန်း (၁၈) ကတိပေးထားတဲ့ နှစ်သိန်းသက်တမ်း ဝိညာဉ်ကွင်းက ဘယ်ရောက်သွားတာလဲ အရမ်းမွှေးတာပဲ
နတ်ဘုရားလောက၏ ဗဟိုချက်မတွင် တည်ရှိပြီး ခန့်ညားထည်ဝါလွန်းလှသော နန်းတော်ကြီးတစ်ခုအတွင်း...
ကျူကျုံးသည် ခန်းမဆောင်ကြီး၏ အလယ်ဗဟိုရှိ ရွှေပလ္လင်ထက်တွင် ခန့်ညားစွာ စံပယ်နေပြီး သူ့အား ဆွဲဆောင်မှုကိုယ်စီဖြင့် လှပလွန်းလှသော ဇနီးမယားအပေါင်းက ဝန်းရံထားကြသည်။
ဒုတိယမြောက်ဇနီးဖြစ်သူ ချန်ရန်ရွှယ်က "မောင်လေး... မမ မင်းအတွက် စပျစ်သီးလေး အခွံနွှာပေးထားတယ် အဟား..."
ကျူကျုံးက ပလ္လင်ပေါ်မှနေ၍ ပျင်းရိစွာဖြင့် "ဟင့်အင်း... မမ နှုတ်ခမ်းလေးနဲ့ပဲ ခွံ့ကျွေးတာကို လိုချင်တာ။"
"လူဆိုးလေး... အမြင်ကတ်စရာ" ချန်ရန်ရွှယ်က မျက်စောင်းလေးခဲကာ... နှစ်ဦးသား ချိုမြိန်စွာ နမ်းရှိုက်လိုက်ကြတော့သည်။
တတိယမြောက်ဇနီး ဟူလီနာကလည်း မနာလိုစွာဖြင့် "မောင်လေး... မမလည်း တစ်ခါလောက် အနမ်းခံချင်တယ်"
စတုတ္ထမြောက်ဇနီး ကျူးကျူးချင်ကလည်း တိုးတိုးလေး ကပ်ပြောရှာသည် "ကျွန်မလည်း လိုချင်တယ်..."
ထိုအချိန်တွင် ပထမဇနီးဖြစ်သူ ဘီဘီတုန်းသည် တစ်ဖက်တွင် ထိုင်လျက် မွေးကင်းစကလေးငယ်ကို ပွေ့ချီထားရင်း လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေခဲ့သည်။ သူမသည် ခန္ဓာကိုယ်ကို အသာအယာလှည့်ကာ ကလေးနို့တိုက်ရန် အခန်းထဲသို့ ဝင်မသွားမီ မျက်ဝန်းတစ်ချက်ဝေ့ကာ ခပ်အေးအေး စကားတစ်ခွန်း ချန်ထားခဲ့သည် "ရွှယ်အာ... ဒီည ကလေးကို မင်းပဲ စောင့်ကြည့်ပေးလိုက်တော့။ မောင်လေး... ညကျရင် မမအခန်းကို လာခဲ့ဦး နောက်မကျစေနဲ့နော်" အထူးသဖြင့် နောက်ဆုံးစကားလုံးများကို လေးလေးနက်နက် ဖိပြောသွားသဖြင့် ကျူကျုံးနှင့် အခြားမိန်းကလေးများမှာ ကျောချမ်းကာ တုန်လှုပ်သွားရရှာသည်။
ညချမ်းအချိန်သို့ ရောက်သောအခါ ကျူကျုံးသည် ဘီဘီတုန်း၏ အိပ်ဆောင်သို့ အချိန်မှန် ရောက်ရှိလာခဲ့သည်။ သူ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အခန်းတစ်ခုလုံး၌ ယုန်ညှော်နံ့ကဲ့သို့ ထူးဆန်းသော အနံ့အသက်များ ဖုံးလွှမ်းနေသည်ကို သတိပြုမိလိုက်ရသည်။ ၎င်းက ဆိုးရွားလှသည်မဟုတ်ဘဲ နို့နံ့သင်းသင်းလေး စွက်နေသော်လည်း ကျူကျုံးအတွက်မူ အလွန် နေရခက်လှပေသည်။
အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်သော်လည်း ဘီဘီတုန်း၏ အရိပ်အယောင်ကို မတွေ့ရချေ။
ကျူကျုံးသည် အတွင်းအိပ်ဆောင်၏ လိုက်ကာစကို ဆွဲဖွင့်လိုက်သောအခါ... ဘီဘီတုန်းထက်ပင် မနိမ့်ကျသော အလှအပကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုအပြည့်ရှိသော ကောင်မလေးတစ်ယောက်သည် ဖျာနုနုပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အဆင်အပြင်နှင့် ညို့ဓာတ်ပြင်းလှသော ကိုယ်ဟန်အနေအထားက ကျူကျုံး၏ အကြည့်များကို ဖမ်းစားထားတော့သည်။ တင်ပါးအထိ ဝဲကျနေသော ကင်းမြီးကောက်အမြီးပုံစံ ကျစ်ဆံမြီးရှည်ကြီးနှင့်... ရေကန်အလား ဝိုင်းစက်လည်ပတ်နေသော မျက်ဝန်းအစုံက ဆွဲဆောင်မှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ဤမြင်ကွင်းကြောင့် ကျူကျုံးသည် သွေးသားများ ဆူပွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာရပြီး မသိစိတ်ဖြင့် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျက်မိသွားသည်။ သို့သော် နတ်ဘုရားလောက၏ ပိုင်ရှင်အဖြစ် သူ၏ စိတ်ဓာတ်က လွယ်လွယ်နှင့် ပြိုလဲမသွားဘဲ ရင်ထဲက အပူလှိုင်းကို အမြန် ပြန်လည်နှိပ်ကွပ်လိုက်သည်။
ထိုမိန်းကလေးသည် ကျူကျုံး ဝင်လာသည်ကို မြင်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ပို၍ပင် ညို့ဓာတ်ပြင်းစွာ ပြုံးပြလိုက်ရင်း— "အရှင်... အစ်မဘီဘီတုန်းက အရှင့်အတွက် ညစာ သွားပြင်ပေးနေတယ် မကြာခင် ပြန်လာလိမ့်မယ်။ စားပွဲပေါ်မှာလည်း ကျွန်မကိုယ်တိုင် ပြင်ဆင်ထားတဲ့ သစ်သီးလတ်လတ်ဆတ်ဆတ်လေးတွေ ရှိတယ်နော်။ အရှင်က... သစ်သီးကို အရင်စားမလား ညစာကို အရင်သုံးဆောင်မလား... ဒါမှမဟုတ်... ကျွန်မကို... အရင်... စား... မလားဟင်..."
မိန်းကလေး၏ နှုတ်မှ ထွက်ပေါ်လာသော ညို့စကားလုံးများသည် ကျူကျုံး၏ ရင်ထဲက နောက်ဆုံး ကျန်ရှိနေသော ကျိုးကြောင်းဆင်ခြင်စိတ် အပိုင်းအစကို လုံးဝ ချေဖျက်ဆီးပစ်လိုက်တော့သည်။ သူ ဘာမှ ထပ်မစဉ်းစားတော့ဘဲ သူမ၏အပေါ်သို့ ဝုန်းခနဲ ခုန်အုပ်လိုက်ကာ... အဟမ်း... ဆက်ရေးရင် ဇာတ်လမ်းက တခြားဘက် ရောက်သွားတော့မယ်။
မုန်တိုင်းထန်သော အချိန်များ ကုန်လွန်သွားပြီးနောက်... ထိုမိန်းကလေးသည် ကျူကျုံး၏ ရင်ခွင်ထဲ၌ နွဲ့နှောင်းစွာ လဲလျောင်းရင်း ကပ်ချွဲလိုက်သည် "အရှင်... ဒီနေ့ကစပြီး ရှောင်ဝူက အရှင့်ရဲ့ တကယ်တမ်း ပိုင်ဆိုင်တဲ့ ရှောင်ဝူလေး ဖြစ်ခွင့်ရပြီလားဟင်..."
ကျူကျုံးက ခပ်အေးအေးပင် ဆိုလိုက်သည် "နောက်ထပ် နည်းနည်းလောက် စောင့်ဦးပေါ့။"
ကျူကျုံး ငြင်းပယ်လိုက်သည်ကို ကြားသောအခါ ရှောင်ဝူသည် ဒေါသတကြီးဖြင့် ဝူး ခနဲ အပြင်သို့ ပြေးထွက်သွားတော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင်မူ... ယုန်ကလေး ခုနစ်ကောင် ရှစ်ကောင်ခန့်သည် ကျူကျုံး၏ ကိုယ်ပေါ်တွင် ဟိုခုန် ဒီလွှား လုပ်နေကြပြီး "ဖေဖေ... ဖေဖေ..." ဟု အော်ဟစ်နေကြလေသည်။
ကျူကျုံးတစ်ယောက် လန့်ဖျပ်ကာ နိုးလာပြီ "ဘယ်သူကများ ဒီသခင်လေးကို ပြောပြနိုင်မလဲ... ဒီယုန်စုတ်တွေက ဘယ်ကနေ ရောက်လာတာလဲဟ။ ရွှယ်အာ... နာနာ... ကျူးချင်... တုန်းအာ..."
ထိုအချိန်တွင် ရှောင်ဝူသည် အပြုံးကြီး ပြုံးလျက် အခန်းထဲသို့ လှမ်းဝင်လာပြီး ဆိုလိုက်သည်— "မောင်ကြီး... အလကား အော်မနေပါနဲ့တော့။ ဒီနေ့တော့ မောင်ကြီး လည်ချောင်းကွဲမတတ် အော်ရင်တောင် ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး။ ကျွန်မနဲ့ အစ်မတွေအားလုံး ကမ္ဘာမြေကြီးပေါ်ကို ဈေးဝယ်ထွက်သွားကြတာလေ။ နတ်ပြည်မှာ တစ်ရက်က လူ့ပြည်မှာ တစ်နှစ် မဟုတ်လား။ ကျွန်မက ဒီနေ့ကိုပဲ တမင်ရွေးပြီး မောင်ကြီးဆီ လာခဲ့တာ။ မနေ့ညက ကျွန်မ ထွက်သွားပြီးတဲ့နောက် လူ့လောကထဲမှာ သုံးလလောက် (ယုန်တွေက သုံးလနဲ့ ကိုယ်ဝန်ဆောင်တာ မဟုတ်လား) သွားနေပြီးမှ အခုပဲ ပြန်လာတာလေ။"
"ကြည့်စမ်း... ဒါတွေအားလုံးက မောင်ကြီးရဲ့ သားသမီးလေးတွေချည်းပဲ"
"အား... ငါ ယုန်တွေကို အရမ်းမုန်းတာပဲ။"
ကျူကျုံးသည် မျက်လုံးများကို အတင်းဖွင့်ကာ လူးလဲထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဘေးပတ်ပတ်လည်တစ်ခုလုံး မှောင်အတိ ကျနေဆဲဖြစ်ပြီး... သူသည် အဆောင် (၇) တွင်သာ ရှိနေသေးကာ နတ်ဘုရားလောက၏ ပိုင်ရှင်လည်း ဖြစ်မလာသေးသလို ဇနီးမယားအမြောက်အမြားကိုလည်း မယူရသေးချေ။
ကျန်တဲ့လူတွေ အားလုံးကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ ဖြစ်သည်။
ကျူကျုံးသည် နဖူးထက်က ချွေးစေးများကို သုတ်လိုက်ရင်း"ဟူး... လန့်သေတော့တာပဲ။ အိမ်မက်ဆိုးကြီးပါလား။"
"မောင်လေးကျုံး... အာ မဟုတ်ဘူး သခင်ကြီး... ကျွန်မကို မောင်ကြီးရဲ့ နုဖတ်နေတဲ့ မြက်ပင်လေးတစ်ပွင့်လောက် ထပ်ပေးပါဦးလားဟင်..." ကျူကျုံး ငုံ့ကြည့်လိုက်မိသောအခါ... ရှောင်ဝူသည် သူ့ဘေးတွင် ကပ်အိပ်နေပြီး သွားရည်တမြုံ့မြုံ့ဖြင့် အိမ်မက်ယောင်နေရှာသည်— "မုန်လာဥနီ... မြက်နုလေး... စားလို့ အရမ်းကောင်းတယ်..."
၎င်းကို ကြားသောအခါ ကျူကျုံး၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွားရသည်— သူကတော့ တကယ့်ကို အစားကြီးတဲ့ ယုန်မလေးပဲ အိမ်မက်ထဲမှာတောင် စားဖို့ကို မမေ့ဘူး။
.......................
အချိန်ကို နေ့ခင်းဘက်ဆီသို့ ပြန်ကောက်ရလျှင်...
ရှောင်ဝူသည် ကျူကျုံး၏ ကုတင်ပေါ်တွင် အရှက်မရှိ အတင်းလဲလျောင်းနေပြီး... သူမ၏ ထူးခြားသော ‘မွှေးပျံ့လှသည့်’ စောင်ကို ကာကွယ်ရန်အတွက် သူမ၏ အပျိုစင်ဘဝကိုပင် စွန့်လွှတ်နိုင်ကြောင်း ကြုံးဝါးနေခဲ့သည်။
ကျူကျုံးက စောင်အသစ်တစ်ထည် ဝယ်ပေးမည်ဟု ကတိပြုသော်လည်း သူမက လုံးဝ ငြင်းပယ်ခဲ့သည်။ နောက်ဆုံးတွင် ကျူကျုံးက စိန်ခေါ်ပွဲတစ်ခု ကမ်းလှမ်းခဲ့ရသည် အနိုင်ရသူက ဤစောင်ကို ပိုင်ဆိုင်ခွင့်ရမည့်အပြင် အဆောင် (၇) ၏ ပိုင်ရှင်အစစ် ဖြစ်လာမည်ဟု ဖြစ်သည်။
သို့သော် ရလဒ်မှာမူ... ရှောင်ဝူတစ်ယောက် လုံးဝကို အလဲထိုး အရေးနိမ့်သွားခဲ့ရသည်။ သူမ၏ ဝိညာဉ်ကွင်းများသည်... ‘နတ်ဘုရား အီတာချီ’ ၏ သိုင်းပညာနှင့် ရှာရင်ဂန်ကို ပိုင်ဆိုင်ထားသော ကျူကျုံး၏ ရှေ့မှောက်တွင် ဟာကွက်အပြည့် ဖြစ်နေခဲ့ရသည်။ ကျူကျုံးသည် ‘အူချီဟာ’၏ ချုပ်ကွက်တစ်ခုကို အသုံးချကာ သူမ၏ အဆစ်အမြစ်များကို သော့ခတ်လျက် မြေပြင်ပေါ်သို့ ဖိနှိပ် ချုပ်ချယ်ပစ်လိုက်တော့သည်။
ရှုံးနိမ့်သွားပြီးနောက်... ရှောင်ဝူသည် ကျူကျုံးအပေါ် ပို၍ပင် တွယ်ကပ်လာပြီး နေ့ခင်းတစ်ခုလုံး သူ့နောက်သို့ တကောက်ကောက် လိုက်ပါကာ ကျူကျုံးက သူမအား နိုင်ထက်စီးနင်း လုပ်ပါသည်ဟု လူတိုင်းကို လျှောက်ပြောတော့သည်။ ထိုအချက်ကြောင့် ကျူကျုံး၏ ‘ချောမောလှပမှု’ ပေါ်တွင် စိတ်ဝင်စားနေကြသော ဘေးပတ်ဝန်းကျင်က မိန်းကလေးများသည်... ကျူကျုံးကို မြင်သည်နှင့်တစ်ပြိုင်နက် ရွံရှာသော အကြည့်များဖြင့် ကြည့်ကြပြီး ကျူကျုံးသည် မိန်းကလေးများ၏ ခံစားချက်ကို ကစားတတ်သော ‘လူယုတ်မာ’ တစ်ဦးဖြစ်ကြောင်း ကောလာဟလများ ဖြန့်ကြတော့သည်။
ကျူကျုံးအနေဖြင့် အခြားသူများ၏ အမြင်ကို ဂရုမစိုက်သော်လည်း... ကျောင်းသားရေးရာဌာနမှူး ဖရန့်ကလင်ပင်လျှင် သူ့ထံသို့ လာရောက်ကာ ဝါရင့်လူကြီးတစ်ယောက်၏ လေယူလေသိမ်းဖြင့် ဆုံးမရှာသေးသည် "ကျုံးအာ... မိန်းကလေးတွေကြားထဲမှာ ရေပန်းစားတာက ကောင်းတဲ့အချက် ဖြစ်ပေမဲ့... သူတို့ရဲ့ ခံစားချက်တွေကို အဲ့ဒီလိုမျိုး စနောက်ကစားလို့ မဖြစ်ဘူးလေကွယ်" (ဌာနမှူး၏ စိုးရိမ်ပူပန်နေသော မျက်နှာပေးကြီးနှင့်)။ ကျူကျုံးအနေဖြင့်မူ သူ့အား အမြဲ စောင့်ရှောက်ပေးတတ်သော ထိုလူကြီးကို ဘာမှ ပြန်မပြောမိခဲ့ချေ။
နောက်ဆုံးတွင်... ကျူကျုံး၏ အလျှော့ပေးမှုဖြင့် ရှောင်ဝူအတွက် စောင်အသစ်တစ်ထည် ဝယ်ပေးခဲ့ပြီး... နေ့စဉ် ငွေပြာဧကရာဇ်၏ မြက်နုလေး သုံးပွင့် တိုက်ကျွေးမည်ဟု ကတိပြုလိုက်ရမှသာ ထိုပြဿနာ ပြီးဆုံးသွားခဲ့ရသည်။ သို့သော် ကျူကျုံးကလည်း အလကား အမြတ်ထုတ်ခံမည့်သူ မဟုတ်ရာ— ရှောင်ဝူအနေဖြင့် ငွေပြာဧကရာဇ် မြက်နုကို စားချင်ပါက သူ့ကို ‘သခင်ကြီး’ ဟု ခေါ်ရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ခဲ့သည်။
ထိုအချိန်မှစ၍... ၎င်းတို့နှစ်ဦးကြားရှိ ‘သခင်နှင့် ကျွန်’ ဆက်ဆံရေးကြီးမှာ စတင် ထူထောင်လိုက်ရတော့သည်။
ညအချိန်သို့ ရောက်သောအခါ... လွန်ခဲ့သော ရက်ပိုင်းက စုဆောင်းထားခဲ့ရသော ပင်ပန်းနွမ်းနယ်မှုများကြောင့် ကျူကျုံးတစ်ယောက် အိပ်ချင်မူးတူး ဖြစ်နေခဲ့သည်။ သို့သော် မထင်မှတ်ထားဘဲ... သူ အိပ်ယာထဲ လဲလျောင်းလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ဝူသည် ဝမ်ရှန်းတို့အုပ်စုကို အတင်းအဓမ္မ ခိုင်းစေကာ သူမ၏ ကုတင်ကို ကျူကျုံး၏ ကုတင်နှင့် လာရောက် ပူးကပ်ထားလိုက်တော့သည်။ သူမ၏ အဆိုအရမူ... ကျူကျုံး၏ စောင် (နှင့် ကျူကျုံး၏ ကိုယ်ပိုင်အနံ့) မှ ထွက်ပေါ်နေသော အနံ့အသက်များက သူမကို အလွန် နေရထိုင်ရ သက်သောင့်သက်သာ ဖြစ်စေသည်တဲ့။
"ဟူး... ဒါကတော့ တကယ့်ကို ကံကြမ္မာဆိုးပါပဲလား။" ကျူကျုံးက သက်ပြင်းချလိုက်မိသည်။
ယခု အိမ်မက်မှ နိုးလာခဲ့ပြီဖြစ်ရာ... ကျူကျုံးအနေဖြင့် ဆက်လက် အိပ်စက်ရန် စိတ်ကူးမရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော်... သူ၏ လက်ထဲတွင် စနစ်ထံမှ ‘ပစ္စည်းခိုးယူခွင့်’ ၁၄ ကြိမ် တိတိ ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။
.......................
ကျူကျုံးသည် ကုတင်ပေါ်မှ ဆင်းကာ အပြင်ဘက်သို့ ထွက်၍ ပစ္စည်းခိုးယူရန် ပြင်လိုက်စဉ်မှာပင်... ရှောင်ဝူ၏ အသံလေးကို ထပ်မံ ကြားလိုက်ရပြန်သည်။ ထိုအသံလေးမှာ အလွန် ညှိုးငယ်လွန်းလှပြီး ရှိုက်သံသင်းသင်းလေးပါ စွက်နေခဲ့၏— "မေမေ... ရှောင်ဝူ မေမေ့ကို အရမ်းလွမ်းတာပဲ..."
ထိုစကားကြောင့် ကျူကျုံး၏ နှလုံးသားတစ်နေရာ ရုတ်ချည်း တုန်လှုပ်သွားရပြီး ရင်ထဲတွင် ထူးဆန်းသော ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသည်။ ဤဘဝတွင် မိဘများ၏ ရုပ်သွင်ကို သူ ကောင်းကောင်း မမှတ်မိတော့သော်လည်း မွေးကင်းစအရွယ်က တစ်ကြိမ်သာ မြင်ဖူးပြီး အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သော်လည်းမိမိ ချစ်ရသူကို ဆုံးရှုံးရသော နာကျင်မှုကိုမူ သူ အပြည့်အဝ နားလည်လှပေသည်။ အနည်းဆုံးတော့ ဤဘဝက သူ၏ မိဘများသည် သူ့ကို ကာကွယ်ရင်း သေဆုံးသွားခဲ့ကြခြင်း မဟုတ်ပါလား။
သူသည် ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်ပြီး စောင်ကို ရှောင်ဝူ၏ ကိုယ်ပေါ်သို့ သေသေချာချာ ခြုံပေးလိုက်ကာ... မိမိ၏ ကိုယ်ပိုင်စောင်ကိုလည်း သူမ၏ ခေါင်းအုံးဘေးနားတွင် အသာအယာ ချထားပေးခဲ့ပြီးမှ အပြင်သို့ ထွက်ခွာခဲ့တော့သည်။
အဆောင် (၇) ၏ တံခါးမကြီးကို ဖွင့်ကာ ခြေဖွဖွနင်းလျက် အပြင်သို့ လှမ်းထွက်လိုက်ပြီး ကောင်းကင်ထက်က ကြယ်တာရာများကို မော့ကြည့်လိုက်သည်။ လရောင်သည် ပိုးဖဲကြိုးတစ်မျှင်အလား... နူးညံ့လှသော လရောင်ဝါဝါသည် တောက်ပနေသော ကျောက်မျက်ရတနာတစ်ပါးပမာ ဆင်းသက်နေခဲ့သည်။ မှုန်ရီဝေဝါးနေသော လရောင်အောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သဲပွင့်လေးများ ဖြန့်ခင်းထားသည့်အလား ထင်ထင်ရှားရှား မမြင်တွေ့ရချေ။
ကောင်းကင်ယံထက်တွင် ဥက္ကာပျံတစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရချိန်၌ ကျူကျုံးက သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်မိသည်— "ငါတို့တွေ... ဒီဝိညာဉ်ကွင်းကို မလိုချင်တော့ဘူး"
"စနစ်... ပစ္စည်းခိုးယူခြင်းကို စတင်လိုက်စို့"
{ဒေါင် ပိုင်ရှင် သခင်ကြီးအား ဂုဏ်ပြုပါသည်... ‘ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း’ လောကမှ အဆင့် (၆) ဆေးဖော်စပ်သူ ဂုရုကြီး ‘ဖူကူဝါ’ ၏ လက်ထဲမှ အဆင့် (၇) ရှိသော ‘ရုပ်သွင်ပြောင်းလဲခြင်း ဆေးလုံး’ ကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့ပါသည်။ သေမင်း၏ နှုတ်ခမ်းဝမှ ပစ္စည်းအလုခံလိုက်ရသဖြင့် ဂုရုကြီး ဖူကူဝါသည် ပိုင်ရှင်အား သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ ရန်ငြိုးတန်ဖိုးမှာ ၂၀၀% သို့ မြင့်တက်သွားပြီး ရန်ငြိုးရမှတ် ၂၀,၀၀၀ ရရှိပါသည်။ ဇာတ်လိုက်မင်းသားအနေဖြင့် ပြင်ဆင်ထားပါ။ နောက်ထပ် ဆယ်စက္ကန့်အတွင်း ပိုင်ရှင်အား ဂုရုကြီး ဖူကူဝါ၏ ယာဉ်တန်း တည်ရှိရာ တစ်ကီလိုမီတာ အကွာအဝေးအတွင်းသို့ တစ်နာရီကြာအောင် ကျပန်း တယ်လီပို့ ပို့ဆောင်ပေးတော့မည် ဖြစ်သည်။ ၁၀ ၉ ၈...}
"သေစမ်း... လှေလူးပြီဟေ့ ကယ်ကြပါဦး"
{၃ ၂ ၁... တယ်လီပို့ စတင်ပါပြီ။}
"အား............."
{ဝူး... တယ်လီပို့ခြင်း အောင်မြင်ပါသည်။}