အခန်း (၁၆) ကျွန်မနာမည် ရှောင်ဝူ
ကျွန်မနာမည် ရှောင်ဝူပါ။ လူသားအသွင် ဖန်ဆင်းထားတဲ့ သက်တမ်းနှစ်ပေါင်း တစ်သိန်းချီ ကျင့်ကြံခဲ့တဲ့ ဝိညာဉ်သားရဲတစ်ကောင်ပေါ့။
မေမေ ပြောပြဖူးတာကတော့... သူ ကျွန်မကို ကိုယ်ဝန်ရှိခဲ့စဉ်က သက်တမ်းငါးသောင်း ရှိနေပြီတဲ့။ သုံးလလောက် ကိုယ်ဝန်ဆောင်ပြီးမှ ကျွန်မကို မွေးဖွားခဲ့တာပါ။
မေမေ အကြိမ်ပေါင်းများစွာ သားသမီးတွေ မွေးဖွားခဲ့ပေမဲ့... ကျွန်မတစ်ဦးတည်းသာ နှစ်ပေါင်းတစ်သိန်းသက်တမ်းအထိ ကောင်းမွန်စွာ သန္ဓေတည် အောင်မြင်ခဲ့လို့ မေမေ့အနားမှာ ဆက်ရှိနေခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ကျွန်မကိုယ်တိုင် လူသားတွေလို နှစ်ပေါင်းတစ်သိန်းလုံးလုံး မရှင်သန်ခဲ့ရသေးပေမဲ့... လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက မေမေ့လိုပဲ သားသမီး အမြောက်အမြားကို မွေးဖွားပေးခဲ့ပါတယ်။ အဲ့ဒီကလေးတွေအားလုံးက ကျွန်မကို ‘မေမေ’ လို့ ချစ်စနိုး ခေါ်ကြတာပေါ့။ အခုဆိုရင် ‘ကြယ်တာယာတောအုပ်ကြီး’ တစ်ခုလုံးမှာရှိတဲ့ ‘အရိုးပျော့ယုန်ကောင်’ တွေအားလုံးဟာ ကျွန်မနဲ့ မေမေတို့ကနေ ဆင်းသက်လာတဲ့ သားသမီးတွေချည်းပါပဲ။
ဒါပေမဲ့ စိတ်မကောင်းစရာကတော့... သူတို့တွေဟာ ကျွန်မလို နှစ်ပေါင်းတစ်သိန်းအထိ မကျင့်ကြံနိုင်ကြရှာဘူး။ အဲ့ဒါကြောင့် ကျွန်မ တကယ့်ကို အထီးကျန်ခဲ့ရပါတယ်။
ကံကောင်းတာကတော့... ကျွန်မအနားမှာ မေမေ ရှိခဲ့သလို ဒါမင် နဲ့ အာမင်တို့လည်း ရှိနေပေးလို့ ကျွန်မ အရမ်းပျော်ခဲ့ရပါတယ်။
ဒါပေမဲ့ မကြာခင်ကတင်... အရမ်းလှပတဲ့ လူသားအမျိုးသမီးတစ်ယောက်က မေမေ့ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးကို လုယူသွားခဲ့တယ်။
အဲ့ဒါကြောင့် ကျွန်မ လူသားတွေကို အရမ်းမုန်းတယ်။
ဒီနေ့မှာတော့ ကျွန်မ လူသားအသွင်ပြောင်းပြီး... ကျွန်မတို့ရဲ့ အစ်မတော် ‘ငွေပြာဧကရာဇ်’ လိုပဲ လူသားလောကထဲကို ခြေဆန့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ပါရမီအထူးချွန်ဆုံး လူသားတစ်ယောက်ကို ရည်းစားအဖြစ် ရွေးချယ်ပြီး သူ့ကိုအသုံးချကာ မေမေ့အတွက် ကက်ကက်လန်အောင် ကလဲ့စားချေပစ်မယ်။ အကောင်းဆုံးကတော့... စစ်ပွဲတွေဖြစ်အောင် ဆွပေးပြီး အဲ့ဒီလူသားတွေရဲ့ ဂိုဏ်းအဖွဲ့အစည်းတစ်ခုလုံးကို မြေလှန်ဖျက်ဆီးပစ်ဖို့ပဲ။
ငွေပြာဧကရာဇ်မမ သေဆုံးသွားခဲ့ရပေမဲ့... သူ့ကို အမဲလိုက်ခဲ့တဲ့ လူသားကိုလည်း သူ့ရည်းစားက အသေရိုက်သတ်ပေးခဲ့တယ် ကြားတယ်။ အင်း... ကြည့်ရတာ ဒီအရောင်းအဝယ်က မဆိုးဘူးပဲ။
(— အထက်ပါ စာသားများသည် အသက်တစ်သိန်းရှိသော ကလိန်ကလတ် ယုန်မလေးတစ်ကောင်၏ ကိုယ်တိုင်ရင်ဖွင့်ချက် ဖြစ်ပါသည်။ စာရေးသူ တမင်ဖန်တီးထားခြင်းဖြစ်၍ အတည်မယူကြပါရန်။)
.......................
နောက်တစ်နေ့ ညနေခင်းတွင် ကျူကျုံး ဖရန့်ကလင် ယွီရှောင်ကန်းနှင့် တန်ဆန်းတို့ လေးဦးသား နော့တင်းမြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုလေးဦး၏ မျက်နှာပေးမှာ တစ်ယောက်တစ်မျိုးစီ ဖြစ်နေသည်။ ကျူကျုံးကတော့ လမ်းတစ်လျှောက်လုံး သီချင်းတညည်းညည်းနှင့် အလွန် စိတ်ရွှင်လန်းနေပုံရသည်။
"မိန်းကလေးရဲ့ ခြေဖဝါးလေးက သေးသေးသွယ်သွယ်... ကျောက်စိမ်းရုပ်လေး ပန်းထိုးလို့ကွယ်... တစ်ယောက်ယောက်က လှမ်းဖမ်းတော့... ပျံသန်းလို့ ပြေးပြီကွယ်..."
ဖရန့်ကလင်ကတော့ ပညာတတ်ဆန်ဆန် တည်ကြည်သော ရုပ်ဖမ်းထားဆဲ ဖြစ်သော်လည်း... တစ်ခါတစ်ရံတွင် ယွီရှောင်ကန်းအား အထင်သေးသော အကြည့်များဖြင့် စောင်းငဲ့ကြည့်တတ်သေးသည်။
ဖရန့်ကလင်၏ အကြည့်များကို သတိပြုမိသောအခါ ယွီရှောင်ကန်းသည် ခေါင်းကိုသာ ငုံ့ထားမိတော့သည်။ သူ၏ တောင့်တင်းလှသော မျက်နှာကြီးမှာ နီမြန်းပူလောင်နေပြီး ဘေးတွင် လျှောက်လှမ်းလာသော တန်ဆန်းကို ကြည့်ကာ အပြစ်မကင်းသလို ခံစားနေရရှာသည်။
တန်ဆန်းကတော့ တစ်ညလုံး အိပ်မပျော်ထားသည့်အလား မျက်ဝန်းများ နီမြန်းကာ စိတ်ဓာတ်ကျဆင်းနေသည့်ပုံစံ ပေါက်နေသည်။
ဇာတ်ကြောင်းကို မနေ့မနက်ခင်းဆီသို့ ပြန်ကောက်ရလျှင်...
ယွီရှောင်ကန်း၏ "ဖိအားပေးမှု" ကြောင့် တန်ဆန်းသည် ကျူကျုံးအား "စိတ်ရင်းမှန်ဖြင့်" တောင်းပန်ခဲ့ရပြီး ‘ဘိုးဘေးကြီး’ ဟု အကြိမ်ကြိမ် အော်ဟစ်ခဲ့ရသည်။
ကျူကျုံးက မည်သူနည်း။ သူသည် ကိုယ်ကျင့်တရား ဉာဏ်ပညာ ကိုယ်ကာယ ပြည့်စုံပြီး... နောင်တစ်ချိန်တွင် ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် အချောမောဆုံးလူသား ဖြစ်လာမည့်သူ မဟုတ်ပါလား။ သူက သဘောထားကြီးစွာဖြင့် — "လိမ္မာတယ် မြေးလေး ဘိုးဘေးကြီး ခွင့်လွှတ်ပါတယ်" ဟု အကောင်းဆုံး တုံ့ပြန်ခဲ့ပြီး တန်ဆန်းအတွက် ဝိညာဉ်ကွင်း ရှာဖွေပေးမည်ဟုပင် ကတိပြုခဲ့သေးသည်။
ယွီရှောင်ကန်းမှာ ကျူကျုံး၏ သဘောထားကြီးမှုနှင့် အတ္တကင်းမှုကို မြင်ပြီး မျက်ရည်ပင် ဝဲရရှာသည်။
ကျူကျုံးသည် ကတိအတိုင်း ‘ငွေပြာနယ်ပယ်’ ကို အစွမ်းကုန် ဖွင့်လှစ်ပေးခဲ့ပြီး... နာရီဝက်ပင်မပြည့်မီမှာတင် တန်ဆန်းအတွက် သက်တမ်း ၁၁၉ နှစ်ရှိသော ‘မြွေစုတ်တစ်ကောင်’ ကို ရှာဖွေပေးခဲ့သည်။ ထိုမြွေမှာ အဆိပ်လည်းမရှိ ဘာအန္တရာယ်မှလည်းမပေးဘဲ ညဘက်ဆို ကြွက်ဖမ်း နေ့ဘက်ဆို နေပူစာလှုံပြီး အိပ်စက်တတ်သော ပျင်းရိသည့် မြွေအမျိုးအစား ဖြစ်သည်။
မူလက ယွီရှောင်ကန်းသည် ဤမြွေကို ငြင်းပယ်ချင်ခဲ့သည်။
သို့သော်လည်း... ကျူကျုံး၏ စိတ်ရင်းမှန်လွန်း၍ နီမြန်းနေသော မျက်ဝန်းများကို အမှတ်မထင် ကြည့်မိသွားချိန်တွင်...
သူသည် အလိုလိုနေရင်း ခေါင်းညိတ် သဘောတူမိသွားပြီး တန်ဆန်းအား လှည့်ပြောလိုက်မိတော့သည် — "တန်ဆန်းလေး ဒီမြွေကို အထင်မသေးနဲ့ကွ။ ဒါက သာမန်မြွေစုတ်ပုံစံ ဖြစ်နေပေမဲ့ တကယ်တော့ အစွမ်းထက်လှတယ်။ ဒါက သက်တမ်း ၄၁၉ နှစ်ရှိတဲ့ ဝိညာဉ်သားရဲပဲ ပထမဆုံး ဝိညာဉ်ကွင်းရဲ့ အမြင့်ဆုံး ကန့်သတ်ချက်နဲ့ အတော်လေး နီးစပ်တယ်။ မင်းအတွက် အကိုက်ညီဆုံးပဲ။ ဒါကို စုပ်ယူပြီးရင် မင်းရဲ့စွမ်းအားက ကျူကျုံးထက် နိမ့်ကျမှာ မဟုတ်ဘူး။"
ဘေးတွင် ရပ်ကြည့်နေသော ဖရန့်ကလင်မှာ ယွီရှောင်ကန်းအား ပို၍ပင် အထင်သေးသွားရသည်။ ‘ဒါတင်ပဲလား... ဆရာကြီးဆိုတာ။ သီအိုရီပိုင်း လောကအနိုင်ယူတာက ဒါလား။ သိသာထင်ရှားလှတဲ့ နှစ်တစ်ရာကျော်သက်တမ်း မြွေစုတ်ကို ၄၁၉ နှစ်ဆိုပြီး လိမ်ညာနေလိုက်တာ။’ သို့သော်လည်း သူ ဘာမှ ဝင်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တန်ဆန်းသည် ယွီရှောင်ကန်း၏ တပည့် ဖြစ်သွားပြီဖြစ်ရာ သူ ဝင်ပြောမိပါက နောက်ထပ် မြွေစုတ်တစ်ကောင်အတွက် သူပါ လိုက်လံရှာဖွေပေးရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့၏ ကျောင်းသားလေး တန်ဆန်းမှာမူ... သူ၏ ဆရာဖြစ်သူ၏ "အနှိုင်းမဲ့ သီအိုရီ" ကို ကြားသောအခါ မျက်ဝန်းများ တောက်ပသွားပြီး ထိုဗဟုသုတများကို လောဘတကြီး မှတ်သားလိုက်တော့သည်။ ဘာမှ ထပ်မစဉ်းစားတော့ဘဲ ဘိုးဘေးကြီးနှင့် ဌာနမှူးတို့၏ ကူညီမှုဖြင့် ထိုမြွေစုတ်ကို ချက်ချင်း အလဲထိုးကာ ဝါကျင့်ကျင့် ဝိညာဉ်ကွင်းကို သိမ်းပိုက်လိုက်တော့သည်။
ထို့ပြင် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ကျင့်စဉ်၏ အစွမ်းကြောင့် တစ်နာရီမပြည့်မီမှာတင် အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သေးသည်။
သို့သော်လည်း... မထင်မှတ်ထားသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တန်ဆန်း၏ ငွေပြာမြက်၏ ပထမဆုံး ဝိညာဉ်စွမ်းရည်မှာ မူရင်းဇာတ်လမ်းအတိုင်း ‘တုပ်နှောင်ခြင်း’ ပင် ဖြစ်သည်။
သို့သော် ထိုစွမ်းရည်ကို ထုတ်ဖော်လိုက်ချိန်တွင်မူ... ငွေပြာမြက်ပင်များသည် အလွန်ကြမ်းတမ်း ရုပ်ဆိုးသွားပြီး ထိုမြွေစုတ်၏ အကြေးခွံခွာထားသော ပုံစံအတိုင်း ရေထဲက ဆွဲထုတ်လာကာ ပုပ်သိုးတော့မည့် နွယ်ပင်ကြီးများအလား တုန်လှုပ်ဖွယ်ရာ ဖြစ်ပေါ်လာသဖြင့် ကြည့်ရသည်မှာ အလွန် ရွံရှာဖွေရာ ကောင်းလှပေသည်။
ဒါက ထားလိုက်ပါဦးတော့... အနည်းဆုံးတော့ ခိုင်ခံ့မှုအပိုင်းက တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း ထိုမြွေစုတ်၏ အလေ့အထဆိုးများကိုပါ အမွေဆက်ခံမိသွားခြင်း ဖြစ်သည်။
ထုတ်ဖော်လိုက်သော ငွေပြာမြက်ပင်များသည် အလင်းရောင်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် လုံးဝ မလှုပ်မယှက်ဘဲ သေဆုံးနေသည့်အလား ဖြစ်သွားပြီး ညဘက်ရောက်မှသာ ပုံမှန်အတိုင်း ပြန်လည် လှုပ်ရှားနိုင်ကြသည်။ သို့သော် ၎င်း၏ စွမ်းအားမှာ သာမန်မျှသာဖြစ်၍ ကျူကျုံး၏ ‘အဆိပ်နဂါး တုပ်နှောင်ခြင်း’ နှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလှပေသည်။ အချို့သော အပိုင်းများတွင် ဆယ်စုနှစ်သက်တမ်းရှိ ဝိညာဉ်ကွင်းထက်ပင် ညံ့ဖျင်းနေသေးသည်။
အတိုချုပ်ရလျှင်... တန်ဆန်း၏ ငွေပြာမြက် ပထမဆုံး ဝိညာဉ်စွမ်းရည်မှာ —— သုံးစားမရသော အဆင့် ဖြစ်သွားခဲ့ပြီ။
........................
နော့တင်းအကေဒမီသို့ ဝင်ရောက်ပြီးနောက်... ထိုလေးဦးသည် စိတ်ကူးကိုယ်စီဖြင့် လမ်းခွဲလိုက်ကြတော့သည်။
ယွီရှောင်ကန်းသည် တန်ဆန်းအား နှစ်သိမ့်ဆွေးနွေးရန်အတွက် သူ၏ နေအိမ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဖရန့်ကလင်မှာမူ ကျောင်းသားရေးရာဌာနမှူး ဖြစ်သည့်အားလျော်စွာ လွန်ခဲ့သောရက်ပိုင်းက ပုံနေသည့် ကျောင်းလုပ်ငန်းများကို ရှင်းလင်းရုံတင်မက ယခုအကြိမ် ဝိညာဉ်အမဲလိုက်ခရီးစဉ်၏ ရလဒ်ကို ကျောင်းအုပ်ကြီးထံ အစီရင်ခံစာ တင်သွင်းရဦးမည် ဖြစ်သည်။
ကျူကျုံးကော... ဘာလုပ်မည်နည်း။ သူသည် မနေ့ကတင် ‘ပစ္စည်းခိုးယူခွင့်’ တစ်ဆယ့်လေးကြိမ် တိတိ ရရှိထားသည်ဖြစ်ရာ... အဆောင်သို့ အမြန်ပြန်ကာ တံခါးပိတ်၍ စနစ်ထံမှ ပစ္စည်းများ ခိုးယူရန်သာ စိတ်အားထက်သန်နေတော့သည်။
အဆောင်ထဲက အခြားလူတွေကော... ဟု မေးစရာ ရှိလာနိုင်သည်။ အဖြေကတော့ ရှင်းပါသည် — သူတို့ကို ကောင်းကောင်းကြီး ဆုံးမပြီးပြီ ဖြစ်သည်။ ကျူကျုံးသည် ထိုသူများအား ကျောင်းအနောက်ဘက် တောင်ကုန်းပေါ်သို့ သွားရောက်ကာ အချင်းချင်း တိုက်ခိုက်ရေးစွမ်းရည်များ လေ့ကျင့်နေရန် အမိန့်ပေးထားခဲ့သည်။
အဆောင် (၇) ၏ ပိုင်ရှင်အဖြစ် သူသည် တကယ့်ကို အားစိုက်ထုတ်ခဲ့ရပေသည်။ နာမည်မရှိ အရှိန်အဝါမရှိဘဲ ဇာတ်ရံသက်သက် ဖြစ်နေရှာသော ထိုကျောင်းသားတစ်စုအတွက် သူ တကယ့်ကို လမ်းခွဲပေးခဲ့ခြင်း ဖြစ်ပေသည်။
(ဝမ်ရှန်းက အော်ဟစ်လိုက်သည် — "ကျွန်တော့်မှာ နာမည်ရှိပါတယ် နာမည်ရှိပါတယ်")
အဆောင် (၇) သို့ ပြန်ရောက်သောအခါ ကျူကျုံးသည် တံခါးလေး ဟစိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အတွင်း၌ လူတစ်ယောက် ရှိနေပြီး... ထူးဆန်းသော ပြင်ပလူတစ်ဦး ဖြစ်ပုံရသည်။ အားနည်းလှသော ဝိညာဉ်စွမ်းအား လှိုင်းတံပိုးတစ်ခု ထွက်ပေါ်နေပြီး ကျူကျုံးထက် အနည်းငယ် နိမ့်ကျနေသဖြင့် ဝိညာဉ်ကွင်းကို အခုမှ ရရှိထားသော ဝိညာဉ်သခင်အသစ်တစ်ဦး ဖြစ်ရပေမည်။
ထို့အပြင်... အာရုံခံစားချက်အရ ထိုသူသည် သူ၏ ကိုယ်ပိုင်ကုတင်ပေါ်တွင် လဲလျောင်းနေပုံရသည်။
ဒုန်း... ကျူကျုံးက တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ရင်း — "ဘယ်သူလဲကွ ဘယ်သူကများ သတ္တိကောင်းပြီး ငါ့ရဲ့ နဂါးကုတင်ပေါ်မှာ လာအိပ်နေရတာလဲ။"
လှပချောမောလွန်းသော ကောင်မလေးတစ်ယောက်သည် ကျူကျုံး၏ ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ သူမသည် ကျူကျုံးနှင့် အသက်အရွယ်တူလောက် ရှိပုံရပြီး အရပ်ကတော့ အနည်းငယ် ပုသည်။ သူမ၏ နုနယ်လှသော မျက်နှာလေးမှာ ဖြူစင်ဝင်းပနေပြီး ပါးပြင်ထက်တွင် ပန်းရောင်သန်းနေကာ... အမှည့်လွန်နေသော မက်မွန်သီးလေးတစ်လုံးပမာ ကိုက်စားပစ်ချင်စရာ ကောင်းလှပေသည်။ သာမန် ကျောင်းဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း အလွန် သပ်ရပ်သန့်ရှင်းလှသည်။
သူမ၏ ရှည်လျားလှသော ဆံပင်နက်ကြီးကို ကင်းမြီးကောက်အမြီးပုံစံ ကျစ်ဆံမြီး ကျစ်ထားပြီး... တင်ပါးအထိ ဝဲကျနေခဲ့သည်။ ရေကြည်လင်နေသည့်အလား ဝိုင်းစက်လှပသော မျက်ဝန်းအစုံဖြင့် ဝင်ရောက်လာသူအား စူးစမ်းစွာ စိုက်ကြည့်နေခဲ့သည်။
အမျိုးသားနှင့် အမျိုးသမီး... အကြည့်ချင်းဆုံကာ သံယောဇဉ်တွေ တရိပ်ရိပ် တက်လာကြရင်း... တောက် ခင်ဗျားတို့တွေ အတွေးလွန်နေကြပြန်ပြီ။
ကောင်မလေးသည် သူမ၏ မျက်ဝန်းကြီးများကို ပုတ်ခတ်လိုက်ပြီး... ကျူကျုံး၏ ရှည်လျားလှသော ငွေပြာရောင် ဆံနွယ်များနှင့် သူမထက်ပင် လှပနေသော မျက်နှာလေးကို မြင်လိုက်ရသောအခါ ချိုသာလှသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း ဆိုလိုက်သည် — "ဟဲလို ကျွန်မနာမည် ရှောင်ဝူ ပါ ကကွက်အက ရဲ့ ‘ဝူ’ ပါရှင်"
အမလေး... ဘုရားရေ ဒါ ဟို ယုန်အိုမကြီး မဟုတ်လား။ တန်ဆန်းက အခု ဟိုလူလိမ်ဆရာကြီးနဲ့ နေနေတာဆိုတော့... သူတို့နှစ်ယောက် အခုထိ မဆုံရသေးတာပဲ
ကျူကျုံးအနေဖြင့် လွန်ခဲ့သော သုံးလကတည်းက ဤယုန်အိုမကြီး၏ နှစ်ပေါင်းတစ်သိန်းသက်တမ်း ဝိညာဉ်ကွင်းနှင့်... ဝိညာဉ်အရိုးကို ရယူရန် ကြံစည်ထားခဲ့သော်လည်း... ယခုအချိန်တွင်မူ သူ ဘယ်လိုမှ လက်မလှုပ်နိုင်ချေ။
ပထမဆုံးအနေဖြင့်... ယခုကဲ့သို့ ချစ်စရာကောင်းလှသော ကောင်မလေးတစ်ယောက်ကို သူ တကယ် ဝင်တိုက်ခိုက်ပါက သူ၏ အတွင်းစိတ်က ဘယ်လိုမှ ခွင့်ပြုမည် မဟုတ်ချေ။ အကယ်၍ တစ်ဖက်လူ၏ ပင်ကိုယ်အသွင်သဏ္ဌာန်မှာ အသက်တစ်သိန်းရှိသော ယုန်အိုကြီးတစ်ကောင် ဖြစ်နေဦးတော့...
ဒုတိယအနေဖြင့်... သူ တစ်ဖက်လူကို သတ်ဖြတ်နိုင်ခဲ့လျှင်တောင်မှ သူ၏ ယခု ကျင့်ကြံခြင်းအဆင့်ဖြင့် နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိ ဝိညာဉ်ကွင်းကို ဘယ်လိုမှ စုပ်ယူနိုင်မည်မဟုတ်ဘဲ အလကားသက်သက် ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
ကျူကျုံးက ခေါင်းညိတ်လိုက်ပြီး လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည် — "မင်းက ဘာဖြစ်လို့ ငါ့ကုတင်ပေါ်မှာ လာအိပ်နေရတာလဲ။"
ရှောင်ဝူသည် သူ၏စကားကို မကြားချင်ယောင်ဆောင်ကာ ကုတင်ပေါ်ကနေ ထမည့်ပုံမပြချေ။
၎င်းအစား... သူမသည် မျက်ဝန်းဝိုင်းကြီးများကို ပုတ်ခတ်လျက် ချိုသာစွာ ပြုံးပြကာ ဆိုလိုက်သည် — "ကျွန်မရဲ့ ဝိညာဉ်က ‘ယုန်’ လေးပါရှင်။ တကယ့်ကို ချစ်စရာကောင်းတဲ့ ယုန်ကလေးပေါ့။ မင်းကော ဘာလဲဟင်။" သူမ ပြုံးလိုက်ချိန်တွင် ပါးပြင်ထက်၌ ချစ်စရာကောင်းသော ပါးချိုင့်လေးနှစ်ဖက် ထွက်ပေါ်လာရာ... အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
ကျူကျုံးက ပြန်မဖြေဘဲ... သူ၏ ညာလက်ကို မြှောက်ကာ ‘ငွေပြာဧကရာဇ်’ ကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်တော့သည်။
"ဒါက..." ကောင်မလေးသည် ထိုအပင်ကို မြင်လိုက်ရချိန်တွင် သိသိသာသာ တုန်လှုပ်သွားရရှာသည်။
ကျူကျုံးသည် မျက်ဝန်းများကို အသာအယာ မှိတ်လိုက်ပြီး ရင်ထဲကနေ ခေါင်းညိတ်လိုက်မိသည်။ ‘ကြည့်ရတာ... ဒီယုန်အိုမလေးဟာ ငွေပြာဧကရာဇ်ရဲ့ အရှိန်အဝါကို တကယ်ပဲ မှတ်မိနေတာပဲ...’