အခန်း (၁၃) ပထမဆုံး ဝိညာဉ်စွမ်းရည် အဆိပ်နဂါး တုပ်နှောင်ခြင်း
"ဘာလဲ... ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ရုတ်ချည်းဆိုသလို အဆင့် ၁၄ အထိ တက်သွားတာလား။"
ကျူကျုံးသည် ရင်ထဲမှ ဝမ်းသာအားရဖြစ်မှုကြောင့် အော်ဟစ်လိုက်မိတော့သည်။
သူ စဉ်းစားကြည့်လိုက်မိသည်။ သုံးလကျော်တိုင်တိုင် ဝိညာဉ်စွမ်းအားကို စဉ်ဆက်မပြတ် စုစည်းကျင့်ကြံခဲ့ရုံတင်မကဘဲ ယခုတစ်ကြိမ်တွင် မိမိ၏ ကန့်သတ်ချက်ထက် ကျော်လွန်သော အဆင့်မြင့် ဝိညာဉ်ကွင်းကိုပါ စုပ်ယူခဲ့ခြင်းဖြစ်ရာ ဝိညာဉ်စွမ်းအားသည် အဆင့် ၁၁ တွင်သာ ရပ်တန့်မနေမည်မှာ အမှန်ပင်။
သို့သော်လည်း တစ်ရှိန်ထိုး အဆင့် ၁၄ အထိ ခုန်တက်သွားလိမ့်မည်ဟုမူ သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဒါက တကယ့်ကို ကောင်းကင်ဘုံက ပေးလိုက်တဲ့ ဆုလာဘ်ကြီးပဲ မဟုတ်ပါလား။
"စနစ်... ငါ့ရဲ့ ကိုယ်ရေးအချက်အလက်ပြကွက်ကို ဖွင့်စမ်း။"
{ဒေါင်... ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်ပြကွက်ကို ဖွင့်လှစ်နေပါတယ် }
{ဒေါင် ပိုင်ရှင်အနေဖြင့် ‘ဝိညာဉ်သခင်’ ဟူသော ကွယ်ဝှက်ထားသည့် အောင်မြင်မှုကို ရရှိခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် လျှို့ဝှက်ခိုးယူခွင့် ၁၀ ကြိမ် ထပ်မံရရှိပါသည်}
{ပိုင်ရှင် : ကျူကျုံး}
{လိင် : ကျား}
{အသက် : ၆ နှစ်နှင့် ၃ လ (ဝိညာဉ်အသက် ၂၅ နှစ်)}
{ကိုယ်ပိုင်ဝိညာဉ် : ငွေပြာဧကရာဇ်နွယ်ပင် / ရှာရင်ဂန် မျက်ဝန်း}
{မွေးရာပါ ဝိညာဉ်စွမ်းအား : အဆင့် ၁၀}
{လက်ရှိ ဝိညာဉ်စွမ်းအား : အဆင့် ၁၄}
{အခြေခံခွန်အား : ၂၀၀ (သာမန် အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခွန်အားမှာ ၁၀ သာ ရှိသည်)}
{စနစ်သိုလှောင်ရုံ : ကူနိုင်ဓားမြှောင် ×၄၊ အဝတ်အစား ×၁}
{အဆင့်သတ်မှတ်ချက် : ပိုင်ရှင်အနေဖြင့် သာမန်လူတစ်ယောက်အဆင့်သို့ ရောက်ရှိသွားခြင်းကို ဝမ်းမြောက်စွာ ဂုဏ်ပြုပါသည်။}
{ကျန်ရှိသော ခိုးယူခွင့် : ၁၄ ကြိမ်}
{မုန်းတီးမှုအမှတ် : ၃၅၀၀ ပွိုင့်}
{ချိတ်ဆက်ထားသော ကမ္ဘာများ : ဝိညာဉ်ကုန်းမြေတိုက်ကြီး၊ နာရူတို — မှတ်ချက်: ပိုင်ရှင် ခိုးယူမည့်သူမှာ သေဆုံးသွားပြီဖြစ်၍ ကိုယ်တိုင် ကမ္ဘာကူးပြောင်း၍မရပါ။}
{ပိုင်ဆိုင်သော နယ်ပယ် : ငွေပြာနယ်ပယ် (ပထမအဆင့်)}
{ပိုင်ဆိုင်သော အောင်မြင်မှု : ဝိညာဉ်သခင်}
"ကျူကျုံး... ကျူကျုံးရေ... မင်း အသက်ရှင်သေးရဲ့လားကွ။ ငါပြောတာ ကြားရလားဟေ့..."
ဟိုးအဝေးဆီမှ ဖရန့်ကလင်၏ စိုးရိမ်တကြီး အော်ဟစ်ရှာဖွေနေသံကြီး ထွက်ပေါ်လာခဲ့သည်။
"သေစမ်း... ငါ ဌာနမှူးကြီးကို လုံးဝ မေ့သွားတာပဲ။" ကျူကျုံးသည် စိတ်ပျက်လက်ပျက်ဖြင့် မိမိနဖူးကို မိမိ ပြန်ရိုက်လိုက်မိသည်။
သူသည် လျှပ်စီးလက်သည့်အလား လျင်မြန်စွာဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး အမှောင်ရိပ်ထဲ၌ အကြိမ်အနည်းငယ် ဖျတ်ခနဲ လှုပ်ရှားကာ ဖရန့်ကလင်ရှိရာဆီသို့ ဦးတည်ပြေးထွက်ခဲ့တော့သည်။
ဖရန့်ကလင်သည် ဧရာမကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ထိုင်ရင်း နောင်တအပြည့်ဖြင့် ရင်ထုမနာ ဖြစ်နေခဲ့ရသည်။ 'ငါ ဘာလို့ အိပ်ပျော်သွားရတာလဲ။ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ဝိညာဉ်သားရဲတွေ ခြောက်လှန့်နေတဲ့ တောနက်ထဲမှာ ပျောက်ဆုံးသွားတာ... အသက်ရှင်ဖို့ လမ်းက တကယ်ကို မရှိသလောက်ပါပဲလား။'
ထိုသို့ တွေးမိသည်နှင့် ဖရန့်ကလင်၏ မျက်ဝန်းအစုံ နီမြန်းလာပြီး လည်ချောင်းထဲတွင် တစ်ဆို့လျက် ငိုသံစွက်ကာ ရေရွတ်လိုက်မိသည် "အိုး... ကျူကျုံးလေးရာ... မင်းလို ကောင်လေးကို ငါ လျစ်လျူရှုမိတာ... ငါ တကယ်ကို တောင်းပန်ပါတယ်ကွာ"
"ဌာနမှူးကြီး... ဘယ်သူ့ကို သွားပြီး တောင်းပန်နေတာလဲ။" ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်၏ အနောက်မှနေ၍ ပြာလဲ့လဲ့ ခေါင်းလေးတစ်ခေါင်း ပြူးထွက်လာခဲ့သည်။
"ဘယ်သူလဲကွ" ဖရန့်ကလင်သည် စိတ်မကောင်းဖြစ်နေချိန်တွင် လာရောက်နောက်ပြောင်ခံရသဖြင့် ဒေါသက ငယ်ထိပ်သို့ ဆောက်တည်မရ တက်သွားတော့သည်။ သို့သော် ချက်ချင်းပင် ထိုအသံမှာ အလွန်ရင်းနှီးနေကြောင်း သတိထားမိလိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ... သစ်ကိုင်းတစ်ခုတွင် ခြေထောက်နှစ်ဖက်ဖြင့် ဇောက်ထိုးဆွဲလျက် အေးအေးလူလူ ရှိနေသော အပြာရောင်ဆံပင်ရှည်နှင့် ကောင်လေးကို တွေ့လိုက်ရသည်။ သေသေချာချာ ကြည့်လိုက်မှ ထိုကလေး၏ ခြေဖဝါးများသည် မည်သည့်အရာကိုမျှ နင်းမထားဘဲ ဝိညာဉ်စွမ်းအားဖြင့် သစ်သားအုပ်ထက်၌ ကပ်ငြိထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ဖရန့်ကလင်၏ မျက်လုံးများ အံ့သြမှုကြောင့် တောက်ပသွားရသည် 'အဆင့်မြင့်လှတဲ့ ဝိညာဉ်စွမ်းအား ထိန်းချုပ်မှု သိုင်းကွက်ပါလား မိမိရဲ့ ဝိညာဉ်စွမ်းအားကို ဒီလောက်အထိ လွယ်လွယ်ကူကူ ထိန်းချုပ်ပြီး သစ်ပင်ပင်စည်မှာ ဇောက်ထိုး ကပ်ထားနိုင်တယ် တကယ့်ကို မယုံနိုင်စရာပဲ။'
သူသည် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး ချောမောလှသော ကောင်လေး၏ မျက်နှာကို စိုက်ကြည့်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်မိတော့သည် "ကျူကျုံး... မင်း အသက်ရှင်သေးတာပဲ ငါသိသားပဲ... မင်းလို ကောင်လေးက အလွယ်တကူ သေမယ့်အထဲမှာ မပါဘူးဆိုတာ။"
ကျူကျုံးလည်း ရင်ထဲတွင် အံ့သြသွားရသည်။ လူချင်းသိသည်မှာ သုံးရက်ပင် မပြည့်သေးသော်လည်း မိမိအပေါ် ယခုကဲ့သို့ စစ်မှန်သော မေတ္တာဖြင့် စိုးရိမ်ပေးနေသည့် ဖရန့်ကလင်ကို မြင်ရသည်မှာ သူ့ကို အနည်းငယ် အားနာမိစေသည်။ စောစောက သူ တစ်ယောက်တည်း ထွက်လာခဲ့ခြင်းမှာ မိမိ၏ လက်ရှိစွမ်းအားကို စမ်းသပ်လို၍ ဖြစ်သလို... တစ်ဖက်တွင်လည်း ဤကျောင်းသားရေးရာဌာနမှူးကို လုံးလုံးလျားလျား မယုံကြည်သေး၍ ဖြစ်သည်။ လူ့ဘဝဆိုတာ တစ်ခါပဲ ရတာ မဟုတ်ပါလား။ အကယ်၍ သူ ဝိညာဉ်ကွင်း စုပ်ယူနေချိန်တွင် ဤလူက မကောင်းသောအကြံ ကြံစည်ခဲ့လျှင် မည်သို့လုပ်မည်နည်း။ သို့သော်ငြားလည်း သူ၏ အမြွှာဝိညာဉ်လျှို့ဝှက်ချက်ကို သူတစ်ပါးအား မသိစေချင်သေးသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းအပေါ် သူ နောင်တမရမိချေ။
ကျူကျုံးသည် ခြေဖဝါးရှိ ဝိညာဉ်စွမ်းအားများကို ရုပ်သိမ်းလိုက်ပြီး လေထဲတွင် နောက်ပြန်ဂျွမ်းတစ်ပတ် ပစ်ကာ ဖရန့်ကလင်၏ ရှေ့မှောက်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်တော့သည်။
"ဌာနမှူးကြီး... ကျွန်တော်က ကံကောင်းတတ်တဲ့သူမို့ ဘာမှမဖြစ်ပါဘူး"
ကျူကျုံး ဘာမှမဖြစ်သည်ကို မြင်လိုက်ရမှ ဖရန့်ကလင်၏ စိုးရိမ်စိတ်သည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး ကျူကျုံး၏ ခေါင်းကို လက်ဝါးစောင်းဖြင့် ခေါက် ခနဲ အားရပါးရ ထုပစ်လိုက်တော့သည်။
ကျူကျုံးတစ်ယောက် နာကျင်လွန်းသဖြင့် ခေါင်းကိုပွတ်ကာ မျက်ရည်များပင် ဝဲလာရသည် "...နာတယ်..."
"ဟွန်း... နာတတ်သေးတာပဲကိုး နောက်တစ်ခါ ကျရင် ဒီလိုမျိုး ဇွတ်အတင်း လျှောက်ပြေးရဲဦးမလား ကြည့်ကြသေးတာပေါ့။" ဖရန့်ကလင်က လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်လျက် မကျေမနပ် ဆိုလိုက်သည်။
ဖရန့်ကလင် : ဟိဟိ... တကယ့်ကို အားရစရာပဲ။ မင်း ပျောက်သွားလို့ ငါ့မှာ ငိုလိုက်ရတာ... အခုမှပဲ အကြွေးဆပ်ခွင့် ရတော့တယ်။
ကျူကျုံး : ဒီခေတ်က လူကြီးတွေဟာလေ... ကလေးတွေကိုဆို လက်ဝါးစောင်းနဲ့ပဲ လှမ်းလှမ်းထုတတ်ကြတာ အကျင့်ကို ဖြစ်လို့။
ကျူကျုံးသည် အပြစ်ပေးခံရပြီးနောက် ခေါင်းလေးငုံ့ကာ မိမိ၏ အမှားကို ဝန်ခံသည့်အလား ဆိုလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် ဌာနမှူးကြီး"
ဖရန့်ကလင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် "အေး... အမှားသိရင် ပြီးတာပဲ။ ကဲ... လာ... မင်းရဲ့ ပထမဆုံး ဝိညာဉ်ကွင်းကို ဆက်ပြီး ရှာဖွေကြစို့"
ပထမဆုံး ဝိညာဉ်ကွင်း ဟုတ်လား။ ကျွန်တော့်မှာ ရပြီးသားကြီးကို... ဒါပေမဲ့ ဒါကို ဌာနမှူးကြီးကို ဘယ်လိုပြောရမလဲ။ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ၅၆၀ နှစ် သက်တမ်းရှိတဲ့ နက်မှောင်အကြေးခွံ အဆိပ်မြွေနဂါးကို တစ်ယောက်တည်း သတ်ပစ်လိုက်တယ်လို့ ပြောရင်... သူ ယုံပါ့မလား။
အာ... ဟုတ်ပြီ အကြံရပြီ။
ကျူကျုံးသည် ချက်ချင်းပင် လှည့်ပတ်၍ ဆိုလိုက်တော့သည် "ဟိဟိ... ဌာနမှူးကြီး ဒါကို ကြည့်လိုက်ပါဦး။"
ပြောပြောဆိုဆိုဖြင့် ကျူကျုံးသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ... အရေပြားထက်၌ ဖြူလွလွ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက်... နက်မှောင်သော လိုင်းများ ယှက်နွယ်နေသည့် အပြာရောင် ငွေပြာဧကရာဇ်နွယ်ပင်သည် လက်ဖဝါးထက်မှ ရုန်းကြွထွက်ပေါ်လာခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခြေဖဝါးအောက်မှနေ၍ တောက်ပလှသော ဝါကျင့်ကျင့် ဝိညာဉ်ကွင်းတစ်ကွင်းသည် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှပစွာ လည်ပတ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ဝိညာဉ်သခင်တစ်ဦး ဖြစ်လာကြောင်း ပြသနေသည့် သက်သေပင်။
"ရာစုနှစ်သက်တမ်းရှိ ဝိညာဉ်ကွင်းပါလား" ဖရန့်ကလင်တစ်ယောက် အံ့သြလွန်းသဖြင့် အော်ဟစ်လိုက်မိတော့သည်။ 'ဒီကလေးက ရာစုနှစ်သက်တမ်းရှိ ဝိညာဉ်သားရဲကို တစ်ယောက်တည်း သတ်ပစ်လိုက်တာလား။ အကယ်၍ ဒါသာ အမှန်ဆိုရင်... သူက "ဝိညာဉ်သခင်ကြီး" အဆင့်နဲ့တောင် ယှဉ်နိုင်နေပြီ မဟုတ်လား။' သို့သော် ထိုအတွင်းစိတ်အတွေးကို သူ ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။
"ကျူကျုံး... မင်းကို ဘယ်သူက ဝိညာဉ်ကွင်း ရှာပေးခဲ့တာလဲ။" ဖရန့်ကလင်သည် တစ်စုံတစ်ယောက်က ကူညီခဲ့သည်ဟုသာ တထစ်ချ ယုံကြည်နေဆဲ ဖြစ်သည်။ မဟုတ်လျှင် ကျူကျုံးလေး တစ်ယောက်တည်းနှင့်မူ အသက်ပျောက်သွားသည်မှာ ကြာပြီ မဟုတ်ပါလား။
"ကျွန်တော် အရင်က ပြောဖူးတဲ့ အဘိုးကြီး တွမ် လေ မနေ့ညက ကျွန်တော် အပေါ့အပါးသွားချင်လို့ ထလာရင်းနဲ့ တောထဲမှာ လမ်းပျောက်သွားတာ... အဘိုးကြီး တွမ်နဲ့ မတော်တဆ ဆုံခဲ့တာ။ ဒါနဲ့ သူကပဲ ကျွန်တော့်အတွက် ပထမဆုံး ဝိညာဉ်ကွင်းကို အမဲလိုက် ရှာဖွေပေးခဲ့တာ။" ကျူကျုံးသည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ဇာတ်လမ်းဆင်ကာ လိမ်ညာလိုက်တော့သည်။
ထိုမှသာ ဖရန့်ကလင်တစ်ယောက် နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်တော့သည်။ တွေးကြည့်လျှင်လည်း ဟုတ်ပေသည်။ ကျူကျုံးသည် ရွာငယ်လေးတစ်ရွာမှ လာသူဖြစ်ရာ တခြား အစွမ်းထက်သော ဝိညာဉ်သခင်များကို သိစရာ အကြောင်းမရှိချေ။ ထို့အပြင် အစွမ်းထက်သော ဝိညာဉ်သခင်ကြီးများသည် အလွန် မာနကြီးကြသဖြင့် မသိကျွမ်းသော ခြောက်နှစ်အရွယ် ကလေးတစ်ဦးကို အလကားသက်သက် ကူညီကြလိမ့်မည် မဟုတ်ချေ။
"ဩော်... ဒါဆိုရင်တော့ ဟုတ်နိုင်ပါတယ်။ အဲ့ဒီ တွမ်စီနီယာကြီးသာ ဆိုရင်တော့ ဒါက အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါနဲ့... ကလေး မင်းရဲ့ ပထမဆုံး ဝိညာဉ်စွမ်းရည်က ဘာလဲဆိုတာ ငါ့ကို ပြပါဦး။"
ဝိညာဉ်သခင်တစ်ဦးသည် ဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက် ၎င်း၏ ပင်ကိုယ်အရည်အချင်းအပေါ် မူတည်၍ ဝိညာဉ်စွမ်းရည်များသည် အသွင်ပြောင်းလဲ ထွက်ပေါ်လာလေ့ ရှိသည်။ ကိုယ်ပိုင်ဝိညာဉ် မတူညီပါက ဝိညာဉ်ကွင်းတစ်ခုတည်းမှပင် မတူကွဲပြားသော သိုင်းကွက်များ ထွက်ပေါ်လာနိုင်သလို... ဝိညာဉ်ကွင်း၏ သက်တမ်း မတူညီပါကလည်း စွမ်းရည်ချင်း ကွာခြားသွားတတ်ပေသည်။
ကျူကျုံးက ရှင်းပြလိုက်သည် — "ကျွန်တော့်ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက သက်တမ်း လေးရာဝန်းကျင်လောက်ရှိတဲ့ ‘နက်မှောင်အကြေးခွံ အဆိပ်မြွေနဂါး’ ဆီကနေ ရရှိခဲ့တာ (ရင်တွင်းစကား : ဟိဟိ... ၅၆၀ နှစ် သက်တမ်းရှိတာကိုတော့ ငါ အမှန်အတိုင်း မပြောဘူးပေါ့)။ ကျွန်တော် အရင်က တွေးခဲ့တဲ့အတိုင်းပဲ... ‘ငွေပြာနွယ်ပင်’ က အဲ့ဒီမြွေနဂါးကြီးရဲ့ ကြောက်မက်ဖွယ်ရာ ခွန်အား အရှိန်အဟုန်နဲ့ ကြံ့ခိုင်မှုတွေကို အပြည့်အဝ ဆက်ခံရရှိခဲ့တဲ့အပြင်... ပြင်းထန်လှတဲ့ တိုက်စားနိုင်စွမ်းရှိတဲ့ အဆိပ်စွမ်းရည်ပါ ရရှိခဲ့ပါတယ် "
"ပထမဆုံး ဝိညာဉ်စွမ်းရည် —— အဆိပ်နဂါး တုပ်နှောင်ခြင်း"
ပြောပြောဆိုဆိုဖြင့် ကျူကျုံးသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ငွေပြာဧကရာဇ်နွယ်ပင်၏ ပထမဆုံး ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်တော့သည်။
ချက်ချင်းပင်... အနက်ရောင် အလင်းတန်းများ ဖြာထွက်နေသည့် အပြာရောင် ငွေပြာဧကရာဇ်နွယ်ပင် အခက်အလက် ဒါဇင်ပေါင်းများစွာ ရာပေါင်းများစွာသည် မြေပြင်ပေါ်ရှိ ချုံနွယ်များအတွင်းမှနေ၍ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီး... ဘေးနားရှိ လူနှစ်သုံးယောက် ဖက်ရလောက်အောင် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှပ်တစ်ပြက်အတွင်း ပြေးဝင်ရစ်ပတ်တော့သည်။ ထိုနွယ်ပင်များသည် မိုင်အနည်းငယ်အတွင်းရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို ပင့်ကူအိမ်သဖွယ် ဖုံးလွှမ်းသွားရာ... ၎င်းနယ်ပယ်အတွင်းရှိ မည်သည့်ရန်သူမျှ ရှောင်လွှဲနိုင်စရာ လမ်းမရှိတော့ချေ။
မျက်တောင်ခတ်အတွင်းမှာပင်... ဧရာမ သစ်ပင်ကြီးတစ်ပင်လုံးကို ငွေပြာဧကရာဇ်နွယ်ပင်များက တင်းကျပ်စွာ ရစ်ပတ်ချုပ်နှောင်ထားပြီး ဖြစ်သည်။
နွယ်ပင်များ၏ ပြင်းထန်လှသော ရစ်ပတ်အားကြောင့် သစ်ပင်ကြီး၏ ပင်စည်မှာ ဂျွတ်... ဂျွတ်... ခနဲ မြည်ဟည်းလျက် ပျက်စီးလုနီးပါး ဖြစ်လာခဲ့ရသည်။
တစ်ပြိုင်နက်တည်းမှာပင်... ငွေပြာနွယ်ပင်များ၏ မျက်နှာပြင်ထက်၌ နက်မှောင်သော အကြေးခွံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ မြွေနဂါးကြီးဆီမှ ဆက်ခံရရှိထားသော အလွန် မာကျောလှသည့် အကြေးခွံများ ဖြစ်ကြသည်။ (ကျူကျုံး ဤနေရာသို့ မလာခင်ကပင် ကူနိုင်ဓားမြှောင်ဖြင့် စမ်းသပ်ခုတ်ဖြတ်ခဲ့သော်လည်း စိုးစဉ်းမျှ ပဲ့ကြွေခြင်း မရှိခဲ့ချေ။) ထိုအကြေးခွံများ၏ ကြားမှနေ၍ ခရမ်းရောင် အဆိပ်ရည်များ စိမ့်ထွက်လာပြီး... ၎င်းအဆိပ်ရည်များ သစ်ပင်ပင်စည်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ရှဲ... ခနဲ အသံနှင့်အတူ မီးခိုးဖြူများ ထွက်ပေါ်လာကာ... သစ်သားများအားလုံး တိုက်စားခံရပြီး မီးသွေးခဲများပမာ မည်းမှောင်သွားတော့သည်။
ဒိုင်း... ဒိုင်း...
ကြီးမားလှသော ရစ်ပတ်အားနှင့် ပြင်းထန်လှသော တိုက်စားမှု အဆိပ်စွမ်းရည်တို့ ပေါင်းစပ်မှုကြောင့်... သစ်ပင်ကြီး၏ ပင်စည်သည် တစ်စစီ အက်ကွဲသွားရပြီး... လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်းမှာပင် အလယ်မှနေ၍ ဝုန်းခနဲ ကျိုးပြတ်လဲပြိုသွားရတော့သည်။
ဘေးတွင် ရပ်ကြည့်နေသော ဌာနမှူး ဖရန့်ကလင်တစ်ယောက် အံ့သြလွန်းသဖြင့် ပါးစပ်ကြီး အဟောင်းသား ဖြစ်ကာ မေးရိုးပင် ပြုတ်ကျမတတ် ဆွံ့အသွားရတော့သည်။
‘မင်းက ငါ့ကို ဒါက ပထမဆုံး ဝိညာဉ်စွမ်းရည်လို့ ပြောနေတာလား။ အကယ်၍ ငါသာ ငါ့ရဲ့ တတိယမြောက် ဝိညာဉ်စွမ်းရည်ကို အသုံးမပြုရင်... ဒီတိုက်ကွက်အောက်မှာ ငါကိုယ်တိုင်တောင် အသက်ရှင်ဖို့ လမ်းမရှိဘူး။ အဲ့ဒီ တိုက်စားနိုင်စွမ်းရှိတဲ့ အဆိပ်က တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။’
အချိန်အတော်ကြာမှ ဖရန့်ကလင်တစ်ယောက် စိတ်ကို ပြန်လည်စုစည်းနိုင်တော့သည်။
"အဟမ်း... ဒီဝိညာဉ်စွမ်းရည်က တကယ့်ကို မဆိုးပါဘူး။ တွမ်စီနီယာကြီးက တကယ့်ကို ပါရမီရှင်တစ်ဦးပဲ... မင်းအတွက် ဒီလောက်ကောင်းတဲ့ ဝိညာဉ်ကွင်းကို ရှာပေးနိုင်ခဲ့တာကိုး။"
သူ၏ ရင်တွင်းခံစားချက်အရဆိုလျှင် ဖရန့်ကလင်သည် ဤသို့သာ ချီးကျူးစကား ဆိုမိပေလိမ့်မည်။
သို့သော်လည်း... သူသည် ကျောင်းသားရေးရာဌာနမှူး တစ်ဦး မဟုတ်ပါလား။ မိမိ၏ တပည့်ကျောင်းသားရှေ့တွင် မည်သို့လျှင် အရှက်ကွဲခံနိုင်ပါမည်နည်း။ ထို့ကြောင့် သူက တည်ငြိမ်နက်ရှိုင်းသော ဟန်ပန်ကို ဖန်တီးလျက် ကျူကျုံးအား ဆိုလိုက်သည်။
"ဒီဝိညာဉ်စွမ်းရည်က မဆိုးပါဘူး... ငါ့ရဲ့ ငယ်စဉ်က ပုံစံမျိုးနဲ့တောင် နည်းနည်း ဆင်တူနေသေးတယ်။ ဒါပေမဲ့ မင်းအနေနဲ့ နောက်နောင် ပိုပြီး ကြိုးစားရဦးမယ်။"
ကျူကျုံးက ဖရန့်ကလင်ကို ကြည့်ကာ မျက်လုံးလေး ကလည်ကလည် လုပ်မိတော့သည်။ 'စောစောက အံ့သြလွန်းလို့ ပါးစပ်ကြီး အဟောင်းသား ဖြစ်နေတာ ဘယ်သူပါလိမ့်။'
"ဌာနမှူးကြီး ပြောတာ တကယ့်ကို မှန်ပါတယ်..." ကျူကျုံးကလည်း အားနာမှုကြောင့် ဌာနမှူးကြီး၏ ဂုဏ်သိက္ခာကို ထိန်းပေးသည့်အနေဖြင့် လေသံအလိုက် ပြန်လည်ပြောဆိုလိုက်တော့သည်။