အခန်း (၁၁) ငွေပြာဧကရာဇ်နွယ်ပင်၏ ပထမဆုံး ဝိညာဉ်ကွင်း (အပိုင်း ၁)
ဖရန့်ကလင်သည် ကျူကျုံးကို ခေါ်ဆောင်ကာ ဝိညာဉ်သားရဲတောအုပ်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို သိသိသာသာ အကဲခတ်လျက် သတိအပြည့် ထားလိုက်တော့သည်။ ဤတောအုပ်သည် ‘ဝိညာဉ်သခင်ကြီး’ အဆင့်ရှိသော သူ့အတွက် အန္တရာယ်မရှိလှဟု ဆိုနိုင်သော်လည်း ဘေးနားတွင် ရှိနေသည့် ကျူကျုံးမှာမူ ယခုထက်ထိ "နုနယ်လွန်း" သေးသဖြင့် သူ မပေါ့ဆရဲချေ။
ကျူကျုံးကမူ အေးအေးလူလူပင် သူ၏ အိတ်ကပ်ထဲမှ ‘ကူနိုင်’ ဓားမြှောင်တစ်စင်းကို ဆွဲထုတ်လိုက်ပြီး စိတ်ထဲမှနေ၍ သူ၏ ကိုယ်ပိုင်ဝိညာဉ်ဖြစ်သော ‘ငွေပြာဧကရာဇ်နွယ်ပင်’ ကို ဆင့်ခေါ်လိုက်သည်။
ချက်ချင်းပင်... သူ၏ ညာဘက်လက်ဖဝါးထက်၌ ထူးဆန်းဆန်းပြားသော ရွှေရောင်လိုင်းများ ယှက်နွယ်နေသည့် နွယ်ပင်တစ်ပင် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် သာမန် ငွေပြာနွယ်ပင်များနှင့် လုံးဝမတူဘဲ မြင့်မြတ်လှသော အရှိန်အဝါတစ်ခုကို ဆောင်ကြဉ်းထားပေသည်။
သူသည် ‘ငွေပြာနယ်ပယ်’ ကို တိတ်တဆိတ် ပိတ်ဖွင့်လိုက်ရာ... တောအုပ်တစ်ခုလုံးတွင် ပေါက်ရောက်နေသော သာမန်ငွေပြာနွယ်ပင်များမှတစ်ဆင့် ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို ကျူကျုံး၏ အာရုံထဲ၌ ကွင်းကွင်းကွက်ကွက် မြင်တွေ့လာရတော့သည်။
‘အာ... ဟိုဘက်မှာတော့ တစ်ကောင်တည်း လျှောက်သွားနေတဲ့ ဝံပုလွေစပ် ကြောင်ရိုင်းတစ်ကောင် ရှိနေတယ်... ဟိုးအဝေးမှာတော့ အုပ်စုဖွဲ့နေတတ်တဲ့ သရဲဝံပုလွေတွေ... ပြီးတော့ တခြား ဝိညာဉ်သားရဲတွေ အများကြီးပဲ။’
သံသယဖြစ်စရာမလိုဘဲ ကျူကျုံး၏ အာရုံခံနယ်ပယ်အတွင်း၌ တွေ့ရသမျှ ဝိညာဉ်သားရဲများမှာ ဆယ်စုနှစ်သက်တမ်းရှိသော သားရဲများသာ ဖြစ်ကြပြီး ရာစုနှစ်သက်တမ်းရှိသော သားရဲဟူ၍ အလွန်ပင် ရှားပါးလှပေသည်။ အကယ်၍ ရှိလျှင်ပင် ၎င်းတို့မှာ ကျူကျုံးအတွက် အသုံးမဝင်လှသော အပင်အမျိုးအစား ဝိညာဉ်သားရဲများသာ ဖြစ်ကြသည်။
နာရီဝက်ခန့် လျှောက်လှမ်းပြီးနောက် ကျူကျုံးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။
"ခက်တာပဲ... ငါ့ရဲ့ ကံတရားက ဒီလောက်တောင် ညံ့ဖျင်းရော့သလား။ ဒီနားတစ်ဝိုက်မှာ ရာစုနှစ်သက်တမ်းရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်တောင် အရိပ်အယောင် မမြင်ရသေးဘူး။ ကြည့်ရတာ တောနက်ထဲကို ပိုပြီး တိုးဝင်ရမယ် ထင်တယ်"
ကျူကျုံးသည် သူ၏ ပထမဆုံး ဝိညာဉ်ကွင်းအတွက် မည်သည့်အရာကို ရွေးချယ်ရမည်နည်းဟူသော ကိစ္စအပေါ် ဝေခွဲမရဖြစ်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကြိုတင်သိမြင်မှု စွမ်းရည်ကြောင့် အခက်အခဲများစွာကို ရှောင်လွှဲနိုင်ခဲ့ပြီး ဖြစ်သည်။ မရေရာသော ကံတရားကို ကိုးစားနေမည့်အစား တိကျသေချာသော ပစ်မှတ်တစ်ခုကို ရွေးချယ်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ မူရင်းဇာတ်လမ်းထဲတွင် ထန်ဆန်း ရွေးချယ်ခဲ့သည့် သက်တမ်း လေးရာနီးပါးရှိသော ‘ဒါတူရာမြွေဟောက်’ မှာ တကယ့်ကို ကောင်းမွန်လှသော ရွေးချယ်မှုတစ်ခုပင် မဟုတ်ပါလား။
ထိုစဉ်... ဘေးနားတွင် လျှောက်လှမ်းနေသော ဖရန့်ကလင်၏ မျက်နှာကြီး တောင့်တင်းသွားရသည်။ ပတ်ဝန်းကျင်မှနေ၍ ရုတ်ချည်းဆိုသလို ပြင်းထန်လှသော သက်စောင့်အသက်စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်းတို့ဘေးနားသို့ ရိုက်ခတ်လာသောကြောင့် သူ၏ ခန္ဓာကိုယ်ကြီး တင်းမာသွားရခြင်း ဖြစ်သည်။
သူက ကျူကျုံး၏ လက်ထဲရှိ ငွေပြာဧကရာဇ်နွယ်ပင်ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်မိသည် "မင်းရဲ့ ဗီဇပြောင်း ငွေပြာနွယ်ပင်က တကယ့်ကို ထူးခြားဆန်းကြယ်လွန်းတာပဲ။"
"ငါက အပင်စနစ် ဝိညာဉ်သခင်တစ်ယောက် မဟုတ်ပေမယ့်လည်း... အပင်ကိုယ်ပိုင်ဝိညာဉ်တွေအကြောင်းကိုတော့ အနည်းအကျဉ်း သိထားပါတယ်။ အပင်တစ်ပင်ရဲ့ သက်စောင့်စွမ်းအားက ပိုပြီး ပြင်းထန်လေလေ... အဲ့ဒီဝိညာဉ်က ပိုပြီး အစွမ်းထက်လေလေပဲ။ ဒါက ငါ့ဘဝတစ်ခုလုံးမှာ မြင်ဖူးသမျှ သက်စောင့်စွမ်းအား အားအကောင်းဆုံး အပင်စနစ်ဝိညာဉ်ပဲ။"
"ဝိညာဉ်သခင်တစ်ယောက်က ဝိညာဉ်ကွင်းတစ်ခုကို စုပ်ယူပြီးသွားရင် နောက်တစ်ကြိမ် ပြန်လဲလှယ်လို့ မရတော့ဘူး။ ဒါကြောင့် ငါတို့ အလွန် သတိထားရမယ်။ သာမန် ဝိညာဉ်သခင်တစ်ယောက်ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းအတွက် ကျင့်ကြံခြင်းသက်တမ်း လေးရာဝန်းကျင်ဟာ အကန့်အသတ်ပဲ။ မင်းမှာ ဘာအကြံအစည် ရှိလဲ ကျူကျုံး။"
ထိုစကားကို ကြားလိုက်ရသောအခါ ကျူကျုံးက သဘောကျစွာ ပြုံးလျက် ပြန်ပြောလိုက်သည်။ "ကျွန်တော် ထင်တာတော့... ကျွန်တော့်ရဲ့ ဗီဇပြောင်းငွေပြာနွယ်ပင်က ငွေပြာနွယ်ပင်တွေအားလုံးရဲ့ ဘုရင် ဖြစ်နေလို့ ထင်တယ်။ ဝိညာဉ်ကွင်းအတွက်ကတော့... ကျင့်ကြံခြင်းသက်တမ်း လေးရာဝန်းကျင်လောက်ရှိပြီး အဆိပ်ပြင်းတဲ့ မြွေအမျိုးအစား ဝိညာဉ်သားရဲတစ်ကောင်ကို ရှာချင်ပါတယ် "
အပင်စနစ် ဝိညာဉ်သခင်တစ်ဦး ဖြစ်ပါလျက်နှင့် တိရစ္ဆာန်အမျိုးအစား ဝိညာဉ်သားရဲကို စုပ်ယူမည်ဟု ပြောနေသော ကျူကျုံး၏ စကားကြောင့် ဖရန့်ကလင်တစ်ယောက် ဆံပင်ထောင်မတတ် အံ့သြသွားရသည်။ "မင်း... မဟာဆရာကြီးဆီမှာ သွားပြီး ပညာသင်ထားတာလား။"
ကျူကျုံးက ဘာမှမသိသည့်အလား ဟန်ဆောင်လျက် မေးလိုက်သည်။ "မဟာဆရာကြီးဆိုတာ ဘယ်သူလဲ" — တောက်... ငါက အဲ့ဒီလို လူလိမ်လူညာကြီးကို ဘယ်လိုလုပ် သိမှာလဲ
"အာ... မဟုတ်ပါဘူး ဘာမှမဟုတ်တော့ဘူး။ နောင်တစ်ချိန်ကျရင် မိမိကိုယ်မိမိ ‘မဟာဆရာကြီး’ လို့ ကြွေးကြော်နေတဲ့သူကို တွေ့ရင် ဝေးဝေးက ရှောင်ပစ်လိုက်... ဒါက မင်းအတွက် အကောင်းဆုံးပဲ"
ကျူကျုံးက မဟာဆရာကြီးကို မသိဟု ပြောလိုက်သဖြင့် ဖရန့်ကလင်တစ်ယောက် ရင်ထဲမှနေ၍ သက်ပြင်းအသာချလိုက်မိသည်။ ‘တော်သေးတာပေါ့... ဒီကလေး အဲ့ဒီလူရဲ့ အဆိပ်အတောက်တွေ မမိသေးလို့။’
ထို့နောက် သူက ဆက်မေးလိုက်သည်။ "မင်းက အဆင့်အတန်း အမြင့်မားဆုံး ဝိညာဉ်ကွင်းကို ရွေးချယ်တာကတော့ ကောင်းပါတယ် ဒါပေမဲ့ ဘာဖြစ်လို့ မြွေအမျိုးအစား ဝိညာဉ်သားရဲကိုမှ ရွေးချယ်ရတာလဲ ဆိုတာ ငါ့ကို ရှင်းပြပေးပါဦး။"
"ဒါက ရိုးရှင်းပါတယ် ဆရာကြီးရယ်။ ဝိညာဉ်သခင်တစ်ယောက်က ဝိညာဉ်သားရဲကို သတ်ဖြတ်ပြီး ဝိညာဉ်ကွင်းကို စုပ်ယူတဲ့အခါ... အဲ့ဒီဝိညာဉ်သားရဲရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေကို ရရှိဖို့ အခွင့်အလမ်း အလွန်များပါတယ်။"
"ကျွန်တော့်ရဲ့ ‘ငွေပြာနွယ်ပင်’ က ဗီဇပြောင်းလဲထားလို့ သာမန်ငွေပြာနွယ်ပင်တွေထက် အဆပေါင်းများစွာ ပိုပြီး ကြံ့ခိုင်သန်မာတယ်ဆိုပေမယ့်... လက္ခဏာအရတော့ အပင်တစ်ပင်ပဲ ဖြစ်နေတုန်းမို့ လှုပ်ရှားရုန်းကန်နိုင်စွမ်း အကန့်အသတ် ရှိနေသေးတယ်။"
"ဒါပေမဲ့ မြွေအမျိုးအစား ဝိညာဉ်သားရဲတွေကျတော့ မတူဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်က အလွန်ပင် ပျော့ပျောင်းရုန်းကန်နိုင်စွမ်း ရှိသလို... အဆိပ်လည်း ပြင်းကြတယ်။ အကယ်၍ ကျွန်တော့်ရဲ့ ‘ငွေပြာနွယ်ပင်’ က မြွေတွေလိုမျိုး ပိုပြီး ပျော့ပျောင်းကြံ့ခိုင်လာပြီး... အရှိန်အဟုန်လည်း မြန်ဆန်လာမယ့်အပြင် ပြင်းထန်တဲ့ အဆိပ်စွမ်းရည်ပါ ပါဝင်လာမယ်ဆိုရင်... အဆင့်တူ ဝိညာဉ်သခင်တွေထဲမှာတော့ ဒါက တကယ့်ကို ကြောက်မက်ဖွယ်ရာ လက်နက်ဆိုးကြီး ဖြစ်လာမှာ အမှန်ပဲ မဟုတ်လား။"
ကျူကျုံး : ဟိဟိ... ငါပြောတာ မှန်တာပေါ့။ ဘာပဲဖြစ်ဖြစ် မူရင်းဇာတ်လမ်းရဲ့ သီအိုရီအတိုင်းပဲဥစ္စာ။
ကျူကျုံး၏ စကားအဆုံးတွင် ဖရန့်ကလင်တစ်ယောက် လုံးဝကို ဆွံ့အသွားရတော့သည်။ ဤသို့သော အမြော်အမြင်ရှိသည့် အတွေးအခေါ်မျိုးသည် ကလေးတစ်ယောက်၏ နှုတ်မှ ထွက်ပေါ်လာစရာ အကြောင်း ရှိပါမည်လော။ ဤကလေးသည် တကယ့်ကို ပါရမီရှင်တစ်ဦးပင် ဖြစ်ပေသည်။ သီအိုရီအဆင့်အတန်းတွင် အနှိုင်းမဲ့ပါဟု အမြဲကြွားဝါနေပြီး မည်သည့်နေရာတွင် တော်နေမှန်းမသိသော ထိုမဟာဆရာကြီးထက် အဆပေါင်းများစွာ သာလွန်လှပေသည်။
သူက တုန်ရင်နေသော လေသံဖြင့် မေးလိုက်မိသည်။ "ကလေး... မင်းက မနေ့ကမှ နော့တင်းအကယ်ဒမီကို ရောက်တာလေ။ ဒါတွေကို မင်းကို ဘယ်သူက ပြောပြခဲ့တာလဲ။"
"ကျွန်တော့်ကို ‘တွမ်’ လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်က ပြောပြခဲ့တာ။" ကျူကျုံးက မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လိမ်ညာလိုက်တော့သည်။
ကျူကျုံး : အဖိုးကြီးရာ... ငါက မင်းကို ငါ့ရဲ့ ယခင်ဘဝအကြောင်းတွေ ကမ္ဘာကူးလာတဲ့အကြောင်းတွေ ဖွင့်ပြောရမှာလား။
တွမ် ငါ တစ်ခါမှ မကြားဖူးပါလား။
ကျိုးကြောင်းဆင်ခြင်ကြည့်ရင်... ဒီလိုမျိုး အသိပညာ ကြွယ်ဝတဲ့ ဝိညာဉ်သခင်တစ်ယောက်ဟာ လောကမှာ နာမည်မရှိဘဲ နေမှာမဟုတ်ဘူး။ သူကလည်း ဟို မဟာဆရာကြီးလို လူလိမ်လူညာကြီးများလား။
သို့သော် ဖရန့်ကလင်က ယဉ်ကျေးစွာဖြင့် ဆက်မေးလိုက်သည် "တွမ်... စီနီယာကြီးက တကယ့်ကို အစွမ်းထက်တဲ့ ဝိညာဉ်သခင်ကြီးတစ်ယောက် ဖြစ်ရမယ်" သူသည် ‘စီနီယာကြီး’ ဟူသော စကားလုံးကို အလွန်ပင် ရိုသေလေးစားစွာ သုံးနှုန်းလိုက်သည်။
ကျူကျုံးက လက်ကို အသာဝှေ့ယမ်းကာ ဆိုသည်။ "ကျွန်တော်လည်း သေသေချာချာတော့ မသိဘူး။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝိညာဉ်ကွင်း ခြောက်ကွင်း ပေါ်ထွက်နေတာကိုတော့ မြင်လိုက်ရတယ်။ ပထမဆုံး နှစ်ကွင်းက ဌာနမှူးကြီးဆီမှာ ရှိသလို အဝါရောင်နှစ်ကွင်း... အလယ်က နှစ်ကွင်းက ခရမ်းရောင် ဖြစ်ပြီး... နောက်ဆုံး နှစ်ကွင်းကတော့ နက်မှောင်နေတဲ့ အနက်ရောင်ကြီးတွေ။"
(ဝေးကွာလှသော ဝိညာဉ်တော်ကျေးရွာမှ အဘိုးအို တွမ် : "အာ... ငါက ‘ဝိညာဉ်ဧကရာဇ်’ အဆင့်ကြီးအထိ တောင် ရောက်သွားရတာလား...")
ဖရန့်ကလင်သည် အလွန်အမင်း အံ့အားသင့်သွားပြီး အော်ဟစ်လိုက်မိတော့သည်။
"ဘုရားသခင်... ဒါက တကယ့်ကို ‘ဝိညာဉ်ဧကရာဇ်’ အဆင့်ကြီးပဲ။ ဒါတင်မကသေးဘူး... ဝိညာဉ်ကွင်း အစီအစဉ်ကလည်း အဆင့်မြင့်ဆုံး ထိပ်တန်းအပြင်အဆင်ကြီးပဲ"
နော့တင်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးကိုယ်တိုင်ပင် ‘ဝိညာဉ်သခင်ကြီး’ အဆင့်သာ ရှိပြီး... နော့တင်းမြို့ ဝိညာဉ်တော်နန်းတော်၏ အမှုဆောင်ချုပ်ပင်လျှင် ‘ဝိညာဉ်ဘုရင်’ အဆင့်သာ ရှိသည် မဟုတ်ပါလား။
တွမ်စီနီယာကြီးက တကယ့်ကို လောကအပြင်ဘက်က ကျွမ်းကျင်သူကြီးပဲ။ ငါက ဘာလို့ ဒီလိုမျိုး အစွမ်းထက်တဲ့သူတွေနဲ့ တစ်ခါမှ မဆုံဖူးရတာလဲ
ဖရန့်ကလင်က မေးမြန်းလိုက်သည် "ဒါဆို... အဲ့ဒီ စီနီယာကြီးက အခု ဘယ်ကို ကြွသွားပြီလဲ ကလေး။"
လိမ်ညာခြင်းအတွက် အခကြေးငွေ ပေးစရာမလိုသဖြင့် ကျူကျုံးက စိတ်ကြိုက် လျှောက်ပြောတော့သည် "ကျွန်တော်လည်း မသိဘူး... ကျွန်တော်တို့အိမ်က ရေကို သောက်ပြီးတာနဲ့ သူ့ရဲ့ ကျောပြင်ကနေ ကြီးမားလှတဲ့ အတောင်ပံကြီးတွေ ဖြန့်ပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားတာပဲ။ ဒါနဲ့... ဝိညာဉ်ဧကရာဇ်အဆင့်က တကယ်ပဲ အစွမ်းထက်လို့လား ဟင်။"
"အစွမ်းထက်တာပေါ့ကွ တကယ့်ကို အစွမ်းထက်တာ။ ငါတို့ရဲ့ ကျောင်းအုပ်ကြီးတောင် အဲ့ဒီ တွမ်စီနီယာကြီးရဲ့ ခြေဖျားကို မှီမှာမဟုတ်ဘူး။ ကြည့်ရတာ အဲ့ဒီစီနီယာကြီးက ရှားပါးလှတဲ့ ပျံသန်းရေးစနစ် ဝိညာဉ်ကို ပိုင်ဆိုင်ထားပုံပဲ။"
ကျူကျုံးသည် မျက်လုံးလေး ကလည်ကလည်ဖြင့် နှုတ်ခမ်းထောင့်ကို တွန့်ကာ အောင်နိုင်သူတစ်ယောက်ပမာ ပြုံးလိုက်ပြီး ဆိုသည်။
"ဒါပေမဲ့... ဌာနမှူးကြီးက ဒီမနက်တင်ပဲ မိမိကိုယ်မိမိ အတော်ဆုံးလို့ ကြွားနေတာ မဟုတ်လား။"
ဖရန့်ကလင် : ...ငါ့မှာ ပြောချင်တဲ့ စကားလုံးတွေ အများကြီး ရှိပေမယ့်... အခုအချိန်မှာ အောင့်ထားတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်။
လူနှစ်ဦးသည် တောနက်အတွင်းသို့ ပို၍ တိုးဝင်လာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် ရာစုနှစ်သက်တမ်းရှိသော ဝိညာဉ်သားရဲအချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျူကျုံးနှင့် ကိုက်ညီမည့် သားရဲတစ်ကောင်မျှ မတွေ့ရှိခဲ့ရချေ။
မကြာမီ... နေဝင်ရိုးရီ အချိန်ကာလကို ကျော်လွန်ကာ လမင်း၏ ငွေရောင်အလင်းတန်းများသည် နေမင်း၏နေရာတွင် အစားထိုးဝင်ရောက်လျက် မြေပြင်ထက်သို့ ဖြာကျလာတော့သည်။
အခြားရွေးချယ်စရာ မရှိသဖြင့် လူနှစ်ဦးသည် စခန်းချကာ အနားယူရန် ပြင်ဆင်လိုက်ကြသည်။
ဖရန့်ကလင်သည် ပိုးမွှားနှင့် မြွေများ မလာနိုင်စေရန် အဆိပ်ပြယ်ဆေးမှုန့်အချို့ကို စခန်း၏ ပတ်ပတ်လည်တွင် ဖြူးလိုက်ရင်း ဆိုသည်။
"ကဲ... ဒီညတော့ ငါပဲ ကင်းစောင့်လိုက်မယ်။ မင်း သွားပြီး အနားယူတော့"
ကျူကျုံးက ခေါင်းညိတ် နာခံလိုက်ပြီး ငြင်းပယ်ခြင်း မပြုခဲ့ချေ။ သို့သော် သူသည် အိပ်ပျော်သွားခြင်း မရှိဘဲ တရားထိုင်ကျင့်ကြံခြင်း စိတ်အခြေအနေသို့ ဝင်ရောက်လိုက်ပြီး... နာရီဝက် သို့မဟုတ် တစ်နာရီခြားတစ်ခါ ‘ငွေပြာနယ်ပယ်’ ကို တိတ်တဆိတ် ဖွင့်လှစ်လျက် ပတ်ဝန်းကျင်ရှိ ဝိညာဉ်သားရဲများ၏ အရိပ်အယောင်ကို ရှာဖွေနေခဲ့သည်။
ဘဝနှစ်ဘဝကို ဖြတ်သန်းခဲ့ဖူးသော ကျူကျုံးသည် မိမိ၏ အသက်ကို သူတစ်ပါးလက်ထဲသို့ လုံးလုံးလျားလျား ပုံအပ်ထားတတ်သူ မဟုတ်ချေ။
နောက်တစ်နေ့ နံနက် မိုးမလင်းမီ သုံးနာရီ လေးနာရီဝန်းကျင် အချိန်ခန့်တွင်... ကင်းစောင့်နေသော ဖရန့်ကလင်တစ်ယောက် ငိုက်မြည်းလာခဲ့ပြီ ဖြစ်သည်။
ထိုစဉ် ကျူကျုံးသည် ‘ငွေပြာနယ်ပယ်’ ကို ထပ်မံ၍ ဖွင့်လှစ်လိုက်ပြန်သည်။
သူသည် ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းရှိ အရိပ်အယောင်များ ရုတ်ချည်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်ရှိ သာမန်ငွေပြာနွယ်ပင်များမှတစ်ဆင့် နယ်ပယ်၏ အစွန်အဖျားနေရာတွင် တစ်စုံတစ်ရာ ရှိနေကြောင်း သိလိုက်ရသည်။
ရှဲ... ရှဲ... ခနဲ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို ဖြတ်သန်းလာသော အသံသည် ကျူကျုံး၏ နားထဲသို့ အတိုင်းသား ဝင်ရောက်လာခဲ့သည်။ ထို့အပြင် လေထုထဲ၌ ညှီစို့စို့ အနံ့အသက်တစ်ခု လွင့်ပျံလာပြီး... ၎င်းအနံ့မှာ ပြင်းထန်ခြင်းမရှိဘဲ ခပ်ဖျော့ဖျော့ ချိုမြိန်သော လက်ဖက်ရည်ရနံ့မျိုး စိမ့်ဝင်နေခဲ့သည်။
‘ကြည့်ရတာ အဆိပ်ပြင်းမြွေတစ်ကောင်ပဲ ဖြစ်ရမယ်။ မဟုတ်မှလွဲရော... မူရင်းဇာတ်လမ်းထဲက ဒါတူရာမြွေဟောက်များလား’
ကျူကျုံးသည် တဲအတွင်းမှ အသာအယာ ခြေလှမ်းပြင် ထွက်လာခဲ့ပြီး ငိုက်မြည်းနေသော ဖရန့်ကလင်ကို တစ်ချက်ကြည့်ကာ စခန်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ သူသည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ထက်သို့ ခက်ခက်ခဲခဲမရှိဘဲ ဖျတ်ခနဲ ခုန်တက်လိုက်ပြီး ခဏချင်းမှာပင် အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
လူနှင့် မြွေ... တစ်ဦးနှင့်တစ်ဦးသည် အမဲလိုက်ပစ်မှတ်အဖြစ် သဘောထားလျက် အပြန်အလှန် ချဉ်းကပ်လာခဲ့ကြရာ...
အမွှေးတိုင်တစ်ဝက်ခန့် လောင်ကျွမ်းပြီးချိန်တွင်မူ... ၎င်းတို့နှစ်ဦး ထိပ်တိုက် ဆုံတွေ့ခဲ့ကြပြီ ဖြစ်သည်။
လမင်း၏ ငွေရောင်အလင်းအောက်တွင်... တစ်ကိုယ်လုံး နက်မှောင်လှသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် ကြီးမားလှသော မြွေနဂါးကြီးတစ်ကောင်ကို ကျူကျုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။
‘အာ... ဒါက မူရင်းဇာတ်လမ်းထဲက ဖော်ပြချက်နဲ့ လုံးဝမတူပါလား စနစ်... ငါ့ရှေ့က မြွေရဲ့ အချက်အလက်တွေကို ချက်ချင်း စစ်ဆေးပေးစမ်း။’
{ဒေါင်... စာမျက်နှာ လေးမျက်နှာတောင် ရှိသွားပြီ ဖြစ်တဲ့အတွက် ပိုင်ရှင်က နောက်ဆုံးတော့ ကျွန်တော်မျိုးလေးကို သတိရလာခဲ့ပြီပေါ့နော်}
"စကားမရှည်နဲ့... အခု ချက်ချင်း စစ်ဆေးပေးစမ်း။"
{ဟုတ်ကဲ့ပါ... ဝိညာဉ်သားရဲ အချက်အလက်ပြကွက်ကို ဖွင့်လှစ်နေပါတယ်....}
{ဝိညာဉ်သားရဲ : နက်မှောင်အကြေးခွံ အဆိပ်မြွေနဂါး }
{ကျင့်ကြံခြင်းသက်တမ်း : ၅၆၀ နှစ်}
{ဝိသေသလက္ခဏာ : ခွန်အား အရှိန်အဟုန် ကြံ့ခိုင်မှု ပြင်းထန်သောအဆိပ် ခံစစ်စွမ်းအား}
{ဝိညာဉ်စွမ်းရည် : ‘အဆိပ်နဂါး တုတ်နှောင်ခြင်း’ ကြီးမားလှသော ခန္ဓာကိုယ်ဖြင့် သားကောင်ကို ရစ်ပတ်ကာ... အရေပြားမှတစ်ဆင့် တိုက်စားနိုင်စွမ်းရှိသော အဆိပ်အတောက်များကို စိမ့်ထွက်စေခြင်း။}
ထိုအချက်အလက်များကို မြင်လိုက်ရချိန်တွင် ကျူကျုံးတစ်ယောက် ရင်ထဲမှနေ၍ ဆဲရေးလိုက်မိတော့သည် ‘ဒါက ဘယ်လိုလုပ် ဒါတူရာမြွေဟောက် ဖြစ်နိုင်မှာလဲ... သောက်ကျိုးနည်း။’