အခန်း (၁၀) ဝိညာဉ်သားရဲအမဲလိုက်တောအုပ်ဆီသို့
ကျူကျုံးနှင့် ဌာနမှူး ဖရန့်ကလင်တို့ လိုအပ်သော ရိက္ခာနှင့် ပစ္စည်းပစ္စယများကို အိတ်သွန်ဖာမှောက် ဝယ်ယူပြင်ဆင်ပြီးချိန်တွင် မနက် ၁၀ နာရီပင် ထိုးလုနီးပါး ရှိနေပြီ ဖြစ်သည်။
၎င်းတို့ သွားရမည့် ‘ဝိညာဉ်သားရဲအမဲလိုက်တောအုပ်’ သည် နော့တင်းမြို့နှင့် အောက်ခြေမိုင်ပေါင်း လေးရာခန့် ကွာဝေးလှပေသည်။
လမ်းခရီးက အတန်ငယ် ဝေးကွာလွန်းလှသဖြင့် ဖရန့်ကလင်သည် သူ၏ကိုယ်ပိုင်ပိုက်ဆံအိတ်ကို နှိုက်ကာ မြင်းနှစ်ကောင်ဆွဲ ရထားလုံးကြီးတစ်စီးကို သီးသန့်ငှားရမ်း၍ ခရီးနှင်ခဲ့ကြသည်။
နော့တင်းမြို့တွင်း၌ ရှိစဉ်က လမ်းအခြေအနေမှာ အတန်ငယ် ပြေပြစ်ချောမွေ့သော်လည်း မြို့ပြင်သို့ ရောက်သည်နှင့် လမ်းခရီးသည် ကြမ်းတမ်းခက်ခဲလာတော့သည်။ တစ်နေ့ခင်းလုံး လှုပ်ခါနိမ့်မြင့် လိုက်ပါလာခဲ့ရသဖြင့် ယခင်ဘဝက ကားကောင်း ရထားကောင်းများသာ စီးဖူးသော ကျူကျုံးတစ်ယောက် တင်ပါးဆုံများပင် ကျိန်းစပ်ကာ မသက်မသာ ခံစားလာရတော့သည်။
ခရီးအကွာအဝေးက ရှည်လျားလှပြီး ငြီးငွေ့စရာ ကောင်းလွန်းလှသဖြင့် ဒုတိယမြောက်နေ့တွင် ကျူကျုံးက စကားစမြည် စတင်လိုက်သည်။
"ဌာနမှူးကြီး... ကျွန်တော့်ကို ဌာနမှူးကြီးရဲ့ ကိုယ်ပိုင်ဝိညာဉ်အကြောင်းလေး နည်းနည်းလောက် ပြောပြပေးပါလား ။"
ဌာနမှူး ဖရန့်ကလင်က နှုတ်ခမ်းထောင့်ကို တွန့်ကာ ခပ်ပြုံးပြုံး လုပ်လိုက်သည်။ ကျူကျုံးလေး၏ စိတ်ကူးကို ကြိုတင်ရိပ်မိနေသည့်အလား...
"ဟဲဟဲ... မင်းကောင်လေးက တော်တော်လည်း အောင့်အီးထားနိုင်တာပဲ။ ငါက မင်း ဘယ်လောက်အထိ အောင့်ထားနိုင်မလဲလို့ စောင့်ကြည့်နေတာ။ ကဲ... ဒါဆိုရင်လည်း ငါ့ရဲ့ ကိုယ်ပိုင်ဝိညာဉ်အကြောင်း မိတ်ဆက်ပေးရတာပေါ့။"
"ဝိညာဉ်ပူးကပ်ခြင်း — ‘မြစိမ်းရောင် နွားသိုးရိုင်း’ ... မူး..."
ချက်ချင်းပင်... သူ၏ ခန္ဓာကိုယ်ထက်မှ ပြင်းထန်လှသော အပြာရင့်ရောင် ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ဖရန့်ကလင်သည် လက်မောင်းနှစ်ဖက်ကို ဘေးသို့ ဆန့်ကားလိုက်ရာ ရင်ဘတ်ကြီးမှာ ရှေ့သို့ မို့မောက်တက်လာပြီး အရိုးအဆစ်များထံမှ တကောက်ကောက် မြည်ဟည်းသံများနှင့်အတူ ကြွက်သားကြီးများမှာ အင်္ကျီစုတ်ပြတ်လုမတတ် ဖောင်းကားလာတော့သည်။ ဝတ်စုံအောက်ရှိ အကြောပြိုင်းပြိုင်းထနေသော ကြွက်သားလုံးကြီးများသည် ကြောက်မက်ဖွယ်ရာ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အရှိန်အဟုန်ဖြင့် လှုပ်ခတ်သွားရသည်။
ရထားလုံးကြီးမှာလည်း ဘေးဘယ်ညာသို့ ပြင်းထန်စွာ တုန်ခါသွားရာ... အကယ်၍ ဖရန့်ကလင်ကသာ စွမ်းအားကို တမင်တကာ ထိန်းချုပ်မထားလျှင် ရထားလုံးတစ်ခုလုံး မြေပြင်ပေါ်၌ မှောက်ခုံလဲကျသွားလောက်ပေသည်။
သူ၏ နက်မှောင်သော ဆံနွယ်များသည်လည်း ခဏချင်းမှာပင် အပြာနှင့် ခရမ်းရောင် ရောယှက်နေသော အရောင်အသွေးအဖြစ် ပြောင်းလဲသွားပြီး နဖူးထက်တွင်မူ သန်မာထွားကျိုင်းလှသော နွားချိုတစ်စုံ ထွက်ပေါ်လာတော့သည်။
ဖရန့်ကလင်သည် ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းညွတ်လိုက်ရာ သူ၏ ညိုမှောင်သော မျက်ဝန်းအစုံသည် နက်မှောင်သော အပြာရောင်အဖြစ် ပြောင်းလဲသွားပြီး ကြည့်မိသူအား ရထားကြီးတစ်စင်း ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်လာသကဲ့သို့သော ဖိအားမျိုးကို ပေးစွမ်းနေတော့သည်။
သူ၏ ခြေဖဝါးအောက်မှနေ၍ တောက်ပလှသော ဝိညာဉ်ကွင်းသုံးကွင်းသည် တစ်စုံတစ်ရာသော အသံမျှမထွက်ဘဲ အစီအစဉ်တကျ ဆင့်ကဲ မြင့်တက်လာခဲ့သည် ‘အဖြူရောင် တစ်ကွင်း နှင့် အဝါရောင် နှစ်ကွင်း’။ ထိုဝိညာဉ်ကွင်းများ တရိပ်ရိပ် လည်ပတ်နေသည်နှင့်အမျှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအား ရိုက်ခတ်မှုလှိုင်းများသည် ရထားလုံး၏ ပြတင်းပေါက် လိုက်ကာများကိုပင် လေပြင်းတိုက်ခတ်ခံရသကဲ့သို့ တဖျတ်ဖျတ် လွင့်ပျံသွားစေတော့သည်။
သို့သော် ကျူကျုံးမှာမူ မည်သို့မျှ တုန်လှုပ်ခြင်းမရှိချေ။ မူရင်းဇာတ်လမ်းကို ကောင်းစွာ သဘောပေါက်ထားသူဖြစ်ရာ သူသည် ဝိညာဉ်စွမ်းအားများကို ခြေဖဝါးအောက်၌ အဆင်သင့် စုစည်းထားပြီးဖြစ်သဖြင့် ကိုယ်ထည်မှာ ကျောက်ဆောင်တစ်ခုပမာ ငြိမ်သက်နေခဲ့သည်။
မြင်းရထားမောင်းသမားမှာမူ အခြေအနေ အတော်လေး ဆိုးဝါးသွားရှာသည်။ သူသည် ဖရန့်ကလင်၏ ဝိညာဉ်စွမ်းအား လေလှိုင်းဒဏ်ကြောင့် အဝေးသို့ပင် လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့ရပြီး မြင်းများပင်လျှင် လန့်ဖျန့်ကာ ရုန်းကန်ကုန်ကြသည်။
ရထားမောင်းသမားက အသည်းအသန် မျက်နှာပျက်လျက် လှမ်းအော်ရရှာသည် "အို... အမြင့်မြတ်ဆုံး ဝိညာဉ်သခင်ကြီး စွမ်းအားကို နည်းနည်းလောက် လျှော့ပေးပါဦး ။ မဟုတ်ရင် ကျွန်တော် မြင်းတွေကို ထိန်းလို့ရမှာ မဟုတ်တော့ဘူး"
အမှန်စင်စစ် ဖရန့်ကလင်သည် ကျူကျုံးအား မိမိ၏ အစွမ်းထက်ပုံကို ပြသကာ အထင်ကြီးအောင် လုပ်ချင်ရုံသာ ဖြစ်သည်။ သို့သော် ယခုအခါ ကျူကျုံးက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး မြင်းရထားမောင်းသမားသာ ဒုက္ခရောက်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအိုကြီးမှာ ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းသွားရတော့သည်။ သူသည် ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအားများကို အမြန်ပြန်လည် ရုပ်သိမ်းလိုက်သဖြင့် ရထားလုံးလေးမှာ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။
"အဟမ်း... ကဲ ဒါဆိုရင် ငါ့ကိုယ်ငါ တရားဝင် ထပ်မိတ်ဆက်ရတာပေါ့။ ငါက ဖရန့်ကလင်... အဆင့် ၃၂ ရှိတဲ့ တိုက်ခိုက်ရေးအသွင် ‘ဝိညာဉ်သခင်ကြီး (Spirit Elder)’ ပဲ ဖြစ်ပြီး ကိုယ်ပိုင်ဝိညာဉ်ကတော့ ‘မြစိမ်းနွားသိုးရိုင်း’ ပဲ ဖြစ်တယ်။"
"ငါ့ရဲ့ ပထမဆုံး ဝိညာဉ်စွမ်းရည်ကတော့ — ‘အဟုန်ပြင်းအမြန်နှုန်း ကျူးကျော်ခြင်း’ ဖြစ်ပြီး ပြိုင်ဘက်ရဲ့ အမြန်နှုန်းထက် နှစ်ဆမက တိုးမြင့်ပြီး ရှေ့သို့ တိုးဝင်တိုက်ခိုက်နိုင်စွမ်း ရှိတယ်။"
"ဒုတိယ ဝိညာဉ်စွမ်းရည်ကတော့ — ‘သံမဏိခွာ’ ပဲ။ ဒါက ငါ့ရဲ့ လက်ခြေတွေကို သံမဏိထက်မက မာကျောသွားစေနိုင်ပြီး တိုက်စစ်ရော ခံစစ်ပါ ဘက်စုံသုံးလို့ ရတယ်။"
"တတိယ ဝိညာဉ်စွမ်းရည်ကတော့ — ‘နွားချိုလျှပ်စီးအမြောက်’ ပဲ။ ဒါကတော့ ငါ့ရဲ့ ကံတရားက တော်တော်လေး ကောင်းခဲ့တယ်လို့ ပြောရမယ်။ ကျောင်းအုပ်ကြီးရဲ့ ကူညီမှုနဲ့အတူ နှစ်တစ်ထောင်သက်တမ်း နီးပါးရှိတော့မယ့် ‘လျှပ်စီးငှက်ရဲ’ ဆိုတဲ့ ရှားပါးဝိညာဉ်သားရဲကို အမဲလိုက်ပြီး ရရှိခဲ့တာ။ ဝိညာဉ်ပူးကပ်ထားတဲ့အချိန်မှာ နွားချိုနှစ်ဖက်ကြားကနေ ပြင်းထန်လှတဲ့ လျှပ်စီးလုံးကြီးကို ပစ်လွှတ်နိုင်စွမ်းရှိပြီး ဖျက်ဆီးအားကတော့ အံ့မခန်းပဲ။ တည့်တည့်ထိမှန်သွားရင် ‘ဝိညာဉ်သခင်ကြီး ’ အဆင့်တောင် အပြင်းအထန် ဒဏ်ရာရနိုင်တယ်။ ဒါပေမဲ့ ဝိညာဉ်စွမ်းအား သုံးစွဲမှုက အရမ်းများလွန်းလို့ လက်ရှိ ငါ့ရဲ့ အဆင့်နဲ့ဆိုရင် သုံးကြိမ်ပဲ ဆက်တိုက် သုံးနိုင်သေးတယ်"
စကားအဆုံးတွင် ဖရန့်ကလင်သည် ကျူကျုံးကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်လုံးကို အသာမှိတ်လိုက်သည်။ 'ဘယ်လိုလဲ... ကောင်လေး ငါ့ရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ ခွန်အားတွေကို မြင်ပြီး အထင်ကြီးသွားပြီ မဟုတ်လား။'
'ကဲ... လာလေ ငါ့ကို ဆရာအဖြစ် အမြန်ဆုံး ကန်တော့လိုက်စမ်းပါ ငါ ဖရန့်ကလင်က မင်းကို တပည့်အဖြစ် သေသေချာချာ လက်ခံပေးပါ့မယ်။'
သို့သော် အတန်ကြာသည်အထိ ကျူကျုံးထံမှ ဆရာအဖြစ် ကန်တော့မည့် စကားသံ ထွက်ပေါ်မလာသဖြင့် ဖရန့်ကလင် မျက်လုံးပွင့်လာခဲ့ရာ... ကျူကျုံးတစ်ယောက် ရထားလုံးပြတင်းပေါက်မှ ခေါင်းကို အပြင်သို့ ပြူးထွက်လျက် ပတ်ဝန်းကျင်ကိုသာ စိတ်ဝင်တစား ကြည့်ရှုနေသည်ကို မြင်လိုက်ရတော့သည်။
"ဟဲ့... ကျူကျုံး မင်းကောင်လေးက ဘာတွေကို အသည်းအသန် ကြည့်နေတာလဲ။"
ကျူကျုံးက ခေါင်းကို ပြန်လည်လှည့်လာရင်း ပြောလိုက်သည် "ဌာနမှူးကြီး... ကျွန်တော်တို့ ရောက်တော့မယ် ထင်တယ်။ အပြင်မှာ ဈေးဆိုင်တန်းတွေ အများကြီး တွေ့နေရပြီ။"
ဈေးကွက်ကြီးသဖွယ် ဖြစ်နေသော ဝိညာဉ်သားရဲတောအုပ်
ကျူကျုံး၏ စိတ်ကူးထဲတွင်မူ... ဝိညာဉ်သားရဲများ ရှိရာ တောအုပ်ဟူသည် သဘာဝတရား၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး တိတ်ဆိတ်အေးချမ်းကာ လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်... မိမိတို့ရှေ့မှောက်ရှိ ဝိညာဉ်သားရဲအမဲလိုက်တောအုပ်ကြီးမှာမူ...
တောအုပ်တစ်ခုနှင့် လုံးဝမတူဘဲ ကုန်ပစ္စည်းဟောင်းများ အရောင်းအဝယ်ပြုလုပ်သည့် ပွဲစားဈေးကွက်ကြီးတစ်ခုအလား လူအများဖြင့် ဆူညံအုတ်အော်သောင်းနင်း ဖြစ်နေခဲ့သည်။
တောအုပ်၏ အပြင်ဘက်တွင် ကြီးမားလှသော အဆောက်အအုံများနှင့် ကုန်စုံဆိုင်တန်းများစွာ ရှိနေပြီး နေရာအနှံ့အပြားမှ အော်ဟစ်ရောင်းချသံများ လူခေါ်သံများသည် ဆူညံစွာ ထွက်ပေါ်နေခဲ့သည်။ လူသားများ ဖန်တီးထားသော လမ်းမကျဉ်းလေးများသည်လည်း ကွန်ရက်တစ်ခုပမာ ရှုပ်ထွေးစွာ ဆက်သွယ်ထားကြသည်။
"ဝိညာဉ်သားရဲတွေကို အမဲလိုက်ဖို့အတွက် ‘ထိန်းချုပ်မှုစနစ်’ ဝိညာဉ်သခင်တစ်ယောက် လိုအပ်နေပါတယ်ဗျို့... နောက်ထပ် ၃ ယောက်ပဲ လိုပါတော့မယ်။"
"အလျင်နှုန်းမြင့် ဝိညာဉ်သားရဲတွေကို အမဲလိုက်ဖို့အတွက် ၇ ယောက်စာ ခွင့်ပြုမိန့်စာချွန်လွှာ ရှိပါတယ်... လိုက်ပါမယ့်သူတစ်ဦးကို ရွှေဒင်္ဂါး ၁၀ ပြားပဲ ကျသင့်ပါမယ်။"
အလားတူ အော်ဟစ်သံများသည် နေရာအနှံ့မှ ထွက်ပေါ်နေပြီး ဆိုင်အများစုမှာမူ လက်နက်မျိုးစုံ သံချပ်ကာများနှင့် စားသောက်ကုန် ရိက္ခာမျိုးစုံကို အပြိုင်အဆိုင် အရောင်းအဝယ် ပြုလုပ်နေကြသည်။
ဆိုင်ဘုတ်များပေါ်တွင် ရေးသားထားသော ကုန်ဈေးနှုန်းများကို ကြည့်ပြီး ကျူကျုံးတစ်ယောက် မျက်မှောင်ကြုတ်မိသွားတော့သည်။ အကယ်၍ သူသာ မနေ့က မြို့ထဲ၌ ဈေးဝယ်မထွက်ခဲ့လျှင် ဤနေရာ၏ ကုန်ဈေးနှုန်းများကို သတိထားမိမည် မဟုတ်ချေ။ ယခုမူ ဈေးနှုန်းချင်း နှိုင်းယှဉ်ကြည့်လိုက်သောအခါ အလွန်ပင် ကွာခြားလွန်းလှပေသည်။
အမလေး... သောက်ကျိုးနည်း။ ဒါက ယခင်ဘဝက ကမ္ဘာလှည့်ခရီးသွားနေရာတွေက ဈေးနှုန်းတွေထက်တောင် ပိုပြီး ဓားပြတိုက်နေတာပဲဥစ္စာ။ သာမန် ရေတစ်ပုလင်းကို ၅ ကျပ်လောက်ပဲ ရှိရမယ့်နေရာမှာ ဒီမှာကျတော့ ၁၀ ပြားတောင် တောင်းနေကြတာပဲ။
ကျူကျုံးက မချိပြုံး ပြုံးရင်း ရေရွတ်လိုက်မိသည် "ဝိညာဉ်သခင်တွေရဲ့ ပိုက်ဆံကို ဖြတ်စားရတာ တကယ်ကို လွယ်ကူလွန်းတာပဲ"
ကျူကျုံး၏ စကားကို ကြားလိုက်ရသောအခါ ဖရန့်ကလင်က ပါးစပ်ကြီး အစွမ်းကုန်ဟလျက် အော်ဟစ်ရယ်မောလိုက်တော့သည်။ သူ၏ ပုံမှန် ပညာတတ်ဟန်ပန်များ ပျောက်ကွယ်သွားပြီး တကယ့်ကို ပွင့်လင်းရိုးသားသော စရိုက်တစ်ခု ပေါ်ထွက်လာသည်။
"ဟားဟား... ဒါပေါ့ကွ ဝိညာဉ်သခင်ဆိုတာ ဝိညာဉ်ကုန်းမြေတိုက်ကြီးပေါ်မှာ အမြင့်မြတ်ဆုံးနဲ့ ဂုဏ်အရှိဆုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုပဲ။ အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက်ကို နေရာတိုင်းမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာကွ။"
"အဟမ်း... ငါ့ကိုပဲ ကြည့်လေ ငါက ‘ဝိညာဉ်သခင်ကြီး’ အဆင့်ရှိလို့သာ နော့တင်းအကယ်ဒမီက ဌာနမှူးအဖြစ် လစာအမြောက်အမြားနဲ့ ငှားရမ်းထားတာ ဖြစ်သလို... ဝိညာဉ်နန်းတော်ကနေလည်း လစဥ်ကြေးအဖြစ် ရွှေဒင်္ဂါး တစ်ရာ့ငါးဆယ်တိတိ အလကား ထောက်ပံ့ပေးနေတာကွ။"
ဘယ်လိုလဲ တကယ့်ကို အံ့သြစရာ ကောင်းတယ် မဟုတ်လား။ ဒါကြောင့် ငါ့ကို ဆရာအဖြစ် အမြန်ဆုံး ကန်တော့လိုက်စမ်းပါ ကောင်လေးရာ
ကျူကျုံးကမူ ဖရန့်ကလင်ကို ကြည့်ပြီး စိတ်ထဲမှ မျက်ဖြူစိုက်ပြလိုက်မိသည်။ အကယ်ဒမီကျောင်းပြင်ပသို့ ရောက်ရှိလာကတည်းက ဖရန့်ကလင်သည် သူ၏ စည်းဘောင်များကို ချိုးဖျက်ကာ အစွမ်းကုန် လွတ်လပ်သွားခဲ့ဟန်ရှိပြီး ယခင်က ယဉ်ကျေးပျူငှာလှသော ပုံရည်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင်လည်း ဖရန့်ကလင်သည် မိမိ၏ အစွမ်းများကိုသာ တတွတ်တွတ် ကြွားဝါနေပြီး ကျူကျုံးကို သူ့ထံ၌ တပည့်ခံရန်သာ သွယ်ဝိုက်၍ စည်းရုံးနေခဲ့သည်။
ဟွန့် ငါက မင်းကို တကယ့်လူကြီးလူကောင်းတစ်ယောက် ထင်နေတာ... ကြည့်ရတာ မင်းကလည်း ငါ့ရဲ့ ခန့်ညားလှတဲ့ ရုပ်ရည်ကို မက်မောပြီး တပည့်အဖြစ် သိမ်းသွင်းချင်နေတာပဲကိုး။
ကျူကျုံးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ညာဘက်လက်ညှိုးဖြင့် ရှေ့သို့ ညွှန်ပြကာ ပြောလိုက်သည် "ဌာနမှူးကြီး... ကျွန်တော်တို့ ရောက်ပြီဗျ"
တောအုပ်တံခါးဝမှ သင်ခန်းစာနှင့် သားရဲနယ်မြေအတွင်းသို့ ခြေလှမ်းခြင်း
ရှေ့မှောက်ရှိ ဝိညာဉ်သားရဲတောအုပ်၏ ဝင်ပေါက်ကြီးကို မြင်လိုက်ရချိန်တွင် ဖရန့်ကလင်၏ အမူအရာသည် ချက်ချင်း တည်တံ့သွားပြီး မျက်ဝန်းအစုံမှာလည်း နက်ရှိုင်းကာ သူ၏ ပုံမှန် လေးနက်တည်ကြည်သော ပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သူသည် ကျူကျုံး၏ လက်ကလေးကို ဆွဲကိုင်ကာ အလွန်ပင် လေးနက်သော လေယူလေသိမ်းဖြင့် ဆိုလိုက်သည်။
"ကျူကျုံး... ဒီနေ့ကစပြီး ငါ မင်းကို ဝိညာဉ်သခင်တစ်ယောက်ရဲ့ ပထမဆုံး သင်ခန်းစာကို ပေးရတော့မယ်။ အခုအချိန်ကစပြီး ငါက မင်းရဲ့ အကယ်ဒမီက ဆရာမဟုတ်တော့ဘူး မင်းနဲ့အတူ အသက်ကို ဖက်နဲ့ထုပ်ပြီး တိုက်ပွဲဝင်မယ့် ရဲဘော်ရဲဘက်တစ်ယောက်ပဲ။ မင်း ငါ့ကို ယုံကြည်လို့ရပေမယ့်... အမြဲတမ်းတော့ သတိရှိနေရမယ်။ အကြောင်းကတော့ ဝိညာဉ်သားရဲတောအုပ်ထဲမှာ အကြောက်ရဆုံးအရာက ဝိညာဉ်သားရဲတွေ မဟုတ်ဘဲ လူတွေရဲ့ စိတ်နှလုံးပဲ ဖြစ်လို့ပဲ။ စည်းစိမ်ဥစ္စာက လူတွေရဲ့ စိတ်ကို ဖောက်ပြန်စေနိုင်တယ်။ အကယ်၍ မင်း တန်ဖိုးကြီးရတနာတစ်ခုခု တွေ့ခဲ့ရင်... မင်းရဲ့ ကျောပြင်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးမယ့်သူက မင်း အယုံကြည်ရဆုံးဆိုတဲ့ ရဲဘော်ရဲဘက် ဖြစ်နေတတ်တယ်"
"ကျွန်တော် နားလည်ပါတယ်... ဆရာကြီး ။"
ကျူကျုံးက လေးနက်စွာဖြင့် ခေါင်းညိတ် နာခံလိုက်သည်။
လူနှစ်ဦးသည် တောအုပ်၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ကြရာ တောအုပ်ဘက်မျက်နှာမူလျက် ထက်မြက်လှသော သံချွန်များစွာ တပ်ဆင်ထားသည့် ကြီးမားထည်ဝါလှသော သံမဏိခြံစည်းရိုးကြီးကို မြင်တွေ့လိုက်ရသည်။ ထိုခြံစည်းရိုးကြီးမှာ အမြင့်မီတာ ဆယ်ဂဏန်းမက မြင့်မားလှပြီး အလွန်ပင် ခိုင်ခံ့ထွားကျိုင်းလှပေသည်။
ဒါတင်မကသေးချေ... ခြံစည်းရိုး၏ အပြင်ဘက်တွင် သံချပ်ကာအပြည့် ဆင်မြန်းထားပြီး လှံရှည်များကို ကိုင်ဆောင်ထားသည့် စစ်သည်တော် အင်အားတစ်ရာခန့်ရှိသော စစ်ကြောင်းတစ်ခုက ကင်းလှည့် စောင့်ကြပ်နေကြသည်။ ထိုစစ်သည်တော်များ၏ စစ်ရေးစစ်ရာ ပြောင်မြောက်မှုနှင့် သံမဏိစစ်သည်များ စုပေါင်းရပ်တည်နေမှုသည် ကြည့်မိသူတိုင်းကို လေးနက်တုန်လှုပ်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ပေးစွမ်းနေတော့သည်။
ဖရန့်ကလင်သည် သူ၏ ရင်ဘတ်အိတ်ထဲမှ ခြောက်ထောင့်ပုံသဏ္ဌာန်ရှိသော ခွင့်ပြုမိန့်စာချွန်လွှာကို ထုတ်ယူလိုက်သည်။ ကျူကျုံးက လှမ်းကြည့်လိုက်ရာ ၎င်းပေါ်တွင် ထူးခြားသော အမှတ်အသားတစ်ခုသာ ပါရှိသဖြင့် တစ်ကြိမ်တည်းသုံး ခွင့်ပြုချက်စာရွက် ဖြစ်ဟန်တူပေသည်။
ဦးဆောင်လာသော စစ်ဗိုလ်သည် ခွင့်ပြုချက်ကို သေသေချာချာ စစ်ဆေးပြီးနောက် ဖရန့်ကလင်ထံသို့ ပြန်လည်ပေးအပ်လိုက်ပြီး ကျူကျုံးကို တစ်ချက်ကြည့်ကာ အခြေအနေကို သဘောပေါက်သွားခဲ့သည်။ သူသည် မည်သည့်စကားမျှ ထပ်မံမဆိုတော့ဘဲ ခက်ထန်အေးစက်သော လေယူလေသိမ်းဖြင့် ပုံမှန်အတိုင်း အမိန့်ပေးလိုက်သည်။
"ပထမတန်းစား ခွင့်ပြုချက်... ဖြတ်သန်းခွင့်ပြုလိုက်။"
ကျွိ... ခနဲ အသံနှင့်အတူ ကြီးမားလှသော သံတံခါးကြီး ပွင့်ဟသွားတော့သည်။
ကျူကျုံးနှင့် ဖရန့်ကလင်တို့ မြေးအဘိုးသဖွယ် လူကြီးတစ်ယောက်နှင့် ကောင်လေးတစ်ယောက်သည် ခြေလှမ်းများကို တစ်ပြိုင်နက်တည်း လှမ်းလျက် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ပတ်ဝန်းကျင်မှ လတ်ဆတ်လှသော သဘာဝတရား၏ အငွေ့အသက်များနှင့်အတူ ပြင်ပကမ္ဘာထက် အဆပေါင်းများစွာ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများကို ကျူကျုံးတစ်ယောက် သိသိသာသာ ခံစားလိုက်ရသည်။
ကျူကျုံးသည် သူ၏ လက်သီးကို တင်းတင်းဆုပ်ကာ ရင်ဘတ်ထက်၌ တင်လျက် စိတ်ထဲမှနေ၍ ပြင်းထန်စွာ ကြွေးကြော်မိတော့သည် 'အစွမ်းထက်ဆုံးသူတွေ သာ လျှောက်လှမ်းမယ့် နတ်ဘုရားလမ်းစဉ်ကြီး... ငါ့အတွက်တော့ အခုမှ တရားဝင် စတင်ခဲ့ပြီ ဖြစ်ရမယ်'