အခန်း (၁) ငွေပြာဧကရာဇ်သွေးမျိုးဆက်ကို ခိုးယူခြင်း
ဧကရာဇ်ဝိညာဉ်ရွာ
ဟုတ်ပါတယ်... သင်နားမကြားမှားပါဘူး။ ‘သူတော်စင်ဝိညာဉ်ရွာ’ မဟုတ်ဘဲ ‘ဧကရာဇ်ဝိညာဉ်ရွာ’ ပါ။
ဤရွာကလေးသည် ဖာစီနိုပြည်နယ် နော့ဒင်မြို့တော်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး အိမ်ခြေတစ်ရာကျော်မျှသာ ရှိကာ သူတော်စင်ဝိညာဉ်ရွာနှင့်မူ လေးငါးမိုင်ခန့်သာ ဝေးကွာသည်။
ဒဏ္ဍာရီစကားအရ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤရွာနှစ်ရွာတွင် ယခုလို အမည်နာမများ မရှိခဲ့ကြချေ။ သို့သော် တစ်နေ့တွင် သူတော်စင်ဝိညာဉ်ရွာမှ အဆင့် (၈၀) ကျော် ဝိညာဉ်သူတော်စင်အဆင့်ရှိ ဝိညာဉ်သခင်ကြီးတစ်ပါး ထွက်ပေါ်လာခဲ့ရာမှ ထိုရွာသည် သူတော်စင်ဝိညာဉ်ရွာဟူ၍ အမည်တွင်ခဲ့သည်။ ထိုသတင်းထွက်ပြီး မကြာမီမှာပင် ဘေးချင်းကပ်လျက်ရှိသော ‘ငွေပြာရွာ’ (ယခု ဧကရာဇ်ဝိညာဉ်ရွာ) ကလည်း အရှုံးမပေးလိုသဖြင့် မိမိတို့ရွာမှလည်း ‘ဝိညာဉ်ဧကရာဇ်’ တစ်ပါး ထွက်ပေါ်ခဲ့ဖူးကြောင်း ကြုံးဝါးခဲ့ကြသည်။
ထိုအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်းမည်မျှကလဲ...။ ဝိညာဉ်သူတော်စင် သို့မဟုတ် ဝိညာဉ်ဧကရာဇ် အစစ်အမှန် ထွက်ပေါ်ခဲ့ခြင်း ရှိမရှိကိုမူ မည်သူမျှ တပ်အပ်မပြောနိုင်တော့ပေ။ သို့သော် ထိုအချိန်မှစ၍ ဤအိမ်နီးနားချင်း ရွာငယ်လေးနှစ်ရွာသည် ‘သူတော်စင်ဝိညာဉ်ရွာ’ နှင့် ‘ဧကရာဇ်ဝိညာဉ်ရွာ’ ဟူ၍ အပြိုင်အဆိုင် အမည်ပြောင်းလဲခဲ့ကြလေတော့သည်။
စမ်းချောင်းဘေးရှိ မြက်ခင်းစိမ်းပေါ်တွင် အသက်ငါးနှစ် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပေါ့ပေါ့ပါးပါးပင် လှဲလျောင်းနေသည်။ ပါးစပ်တွင် ငွေပြာမြက်ပင်လေးတစ်ပင်ကို ကိုက်ထားရင်း မျက်လုံးကို မှိတ်ကာ နေပူဆာလှုံရင်း ဇိမ်ခံနေသည်။ လက်နှစ်ဖက်ကို ခေါင်းအုံးလျက် ခြေထောက်ကလေးနှစ်ဖက်ကို တစ်ချက်ချက် လှုပ်ခါရင်း ကလေးကတစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုနေလေသည်။
"လုံ့လဝီရိယရှိတဲ့ မောင်အာလောင်... လွယ်အိတ်ကလေးလွယ်လို့ ကျောင်းတော်ကို သွားတယ်..."
ဝေးကွာလှသော နေရာမှနေ၍ အဖိုးအို တွမ်တစ်ယောက် ထိုကလေးငယ် တစ်ဖန် ပျင်းရိနေပြန်သည်ကို မြင်သောအခါ ထမ်းပိုးကိုဆွဲ၍ ဒေါသတကြီး ပြေးလာတော့သည်။
"ကျူကျုံး... မင်းကောင်စုတ်လေး တစ်ခါပြန်ပြီး ပျင်းနေပြန်ပြီပေါ့။ နောက်လဆိုရင် မင်းရဲ့ ဝိညာဉ်နိုးထခြင်း အခမ်းအနား ရောက်တော့မှာ။ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်မရှိရင် မင်း ဘယ်လိုလုပ် ဝိညာဉ်သခင် ဖြစ်လာမှာလဲ။ ငါ့အလှည့်ကျရင်တော့ မင်းကို အရိုးကျေအောင် ရိုက်တော့မှာပဲ"
ထိုအသံကို ကြားသည်နှင့် ကလေးငယ်သည် အခြေအနေမဟန်မှန်း ချက်ချင်းရိပ်မိသွားသည်။ သူသည် ကုန်းရုန်းထကာ နောက်ပြန်ကျွမ်းတစ်ချက်ပစ်လျက် ခြေဦးတည့်ရာသို့ အသက်လုပြေးတော့သည်။
"မလိုက်နဲ့တော့ အဘိုးတွမ်ရဲ့ နေ့တိုင်း လေ့ကျင့်ခန်းလုပ်နေလည်း ဘာထူးမှာလဲ။ ကျွန်တော်က ဝိညာဉ်သခင် ဖြစ်လာမှာလည်း မဟုတ်ဘဲနဲ့။"
"မင်းကောင်စုတ်လေး... မပြေးနဲ့ ရပ်လိုက်စမ်း"
အဘိုးအိုတွမ်မှာ အသက်ရှူမဝဘဲ တဟီးဟီးနှင့် အော်ဟစ်ကျန်ရစ်ခဲ့သည်။
"မရပ်ဘူး... ရပ်ရင် အဘိုးက ကျွန်တော့်ကို ထုဦးမှာ။"
သူသည် လုံးဝနားမထောင်ဘဲ ပြေးမြဲပြေးနေသည်။ အတိတ်က ထိုအဘိုးအို၏ ထမ်းပိုးနှင့် အရိုက်ခံခဲ့ရသည့် မှတ်ဉာဏ်များက အထင်အရှား ရှိနေသေးသည်မဟုတ်ပါလား။
ပြေးလွှားပြီး နာရီဝက်ခန့်အကြာတွင် နှစ်ယောက်သား မြေပြင်ပေါ်သို့ ပစ်လဲကျကာ အမောတကော အသက်ရှူနေကြရသည်။ အဘိုးအိုတွမ်သည် ကလေးငယ်၏ ခြေထောက်ကို ဖမ်းကိုင်ထားရင်း လေကို ဝဝရှူကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတော့ မိပြီပေါ့ ကောင်စုတ်လေး။ မင်း နောက်တစ်ခါ ပျင်းရဲသေးလား ကြည့်ကြသေးတာပေါ့။"
ဤအချိန်တွင် ကလေးငယ်မှာ စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။ အသက်ခြောက်နှစ်ပင်မပြည့်သေးသည့် ကလေးတစ်ဦးကို နာရီဝက်နီးပါး အရှိန်ကုန် ပြေးခိုင်းရသည်မှာ မည်မျှရက်စက်လိုက်သနည်း။
"မပြေးတော့ဘူး... မပြေးတော့ဘူး သတ်ရင်တောင် မပြေးတော့ဘူး။ သခင်လေး လုံးဝ ခြေကုန်လက်ပန်းကျသွားပြီ။"
အဘိုးအိုတွမ်သည် အမြဲတစေ လည်လွန်းလှသော ကောင်စုတ်လေး ဤမျှ သနားကမား ဖြစ်သွားသည်ကို မြင်သောအခါ သဘောကျစွာ ဟားတိုက်ရယ်မောလိုက်ပြီး
"မင်းလို လူလည်လေးလည်း အခန့်မသင့်ရင် ခံရတတ်တာပဲ။ ကဲ... ထားလိုက်ပါတော့ ဒီနေ့တော့ မင်းကို အမှတ်နဲ့ လွှတ်ပေးလိုက်မယ်။"
အတန်ကြာ အနားယူပြီးနောက် နှစ်ယောက်သား ရွာထဲသို့ ပြန်လာခဲ့ကြသည်။ လမ်းကလေးအတိုင်း ယှဉ်တွဲလျှောက်လှမ်းရင်း ကလေးငယ်က စိတ်ထဲတွင် ကာလရှည်ကြာ တွေးတောနေမိသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
"အဘိုးတွမ်... အဘိုးက ကျွန်တော့်ကို ဝိညာဉ်သခင် ဖြစ်စေချင်လှတာ ဘာဖြစ်လို့လဲဟင်။"
အဘိုးအိုတွမ်က သက်ပြင်းတစ်ချက်ချကာ
"ဟူး... ဘေးရွာက အဘိုးအို ဂျက်က သူတို့ရွာက ဝိညာဉ်သူတော်စင် ထွက်ခဲ့ဖူးတယ်ဆိုပြီး ခဏခဏ လာကြွားနေတာကွ။ ငါတို့ ဧကရာဇ်ဝိညာဉ်ရွာက သူတို့နောက်က လိုက်ရုံတင် လိုက်နိုင်တာ ဝိညာဉ်ဧကရာဇ် ထွက်ခဲ့တယ်ဆိုတာ အလကား အတုအယောင်ကြီးပါဆိုပြီး စော်ကားနေတာ။ ဟွန်း... အဲ့ဒီ မြေကြီးထဲ ခြေတစ်ဖက်လှမ်းနေတဲ့ အဖိုးကြီးကို မကျေနပ်ဘူး။ ဒါပေမဲ့ မင်းသာ ဝိညာဉ်သခင် ဖြစ်လာရင်... ငါ သူ့မျက်နှာကို ဖြတ်ခနဲနေအောင် ရိုက်ပြလို့ရပြီ"
အဘိုးအိုတွမ်သည် နောင်တစ်ချိန်တွင် အဘိုးအိုဂျက်နှင့် အပြိုင်အဆိုင် အငြင်းပွားပြီး ၎င်း၏မျက်နှာကို ပြန်လည်ရိုက်နှက်နိုင်မည့် အလှည့်ကို တွေးတောရင်း ကျေနပ်စွာ ရယ်မောနေတော့သည်။
ကလေးငယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူသည် အဘိုးအိုတွမ်ကို ကြည့်ကာ မျက်လုံးအဖြူသား ဖော်ပြလိုက်ရင်း
"အဘိုးကပဲ ပြောဖူးတယ်လေ... ကျွန်တော့်ရဲ့ ကွယ်လွန်သွားတဲ့ မိဘတွေရဲ့ ဝိညာဉ်က ‘ငွေပြာမြက်’ တွေချည်းပဲဆို။ ကျွန်တော်လည်း အဲ့ဒါပဲ နိုးထလာမှာပေါ့။ ငွေပြာမြက် ဆိုတာကြီးကတော့ မဟုတ်သေးပါဘူး။"
ကလေးငယ်၏ စိတ်ပျက်စရာ စကားကြောင့် အဘိုးအိုတွမ်၏ ရယ်သံများ ရုတ်ချည်း ရပ်တန့်သွားသည်။ သူသည် လက်ကိုမြှောက်ကာ ကလေးငယ်၏ ဦးခေါင်းကို ဒေါက်ခနဲနေအောင် ခေါက်လိုက်လေသည်။
"အား... နာတယ် နာတယ်..."
ကလေးငယ်သည် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် ဟန်ဆောင်ငိုကြွေးလေတော့သည်။ ထိုရွှေပြတ်ကွက်ကို မြင်ရသောအခါ အဘိုးအိုတွမ်က ခေါင်းကို ခါယမ်းကာ ခါးသက်သက် ပြုံးလိုက်ရင်း
"တော်စမ်း... ဟန်ဆောင်မနေနဲ့ ငါ အားသိပ်မသုံးထားပါဘူး။"
ခဏမျှ စဉ်းစားပြီးနောက် အဘိုးအိုတွမ်က ကျူကျုံးကို ထပ်မံပြောကြားသည်မှာ
"မနှစ်က ငါ ဝိညာဉ်သခင်ကြီး စူးယွင်ထောင်းကို မေးကြည့်ဖူးတယ်။ ဝိညာဉ်တွေက တစ်ခါတလေကျရင်... ဘာတဲ့ ဟုတ်တယ်... ‘ဝိညာဉ် ဗီဇပြောင်းလဲခြင်း’ ဖြစ်တတ်တယ်တဲ့။ မင်းလည်း ကံကောင်းရင် ကောင်းမွန်တဲ့ ဝိညာဉ်အဖြစ် ဗီဇပြောင်းလဲသွားနိုင်တာပဲ မဟုတ်လား။"
အဘိုးအိုတွမ်၏ စကားကြောင့် ကလေးငယ်သည် နာကျင်ချင်ယောင်ဆောင်နေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် သက်ပြင်းတစ်ချက်ချကာ မတ်တတ်ရပ်ပြီး မိမိ၏ ယိုယွင်းပျက်စီးနေသော အိမ်အိုကလေးဆီသို့ ပြန်လျှောက်သွားတော့သည်။ မထွက်ခွာမီ လက်ကလေးကို မြှောက်ကာ အဘိုးအိုတွမ်ကို နှုတ်ဆက်လိုက်သေးသည်။
ဝိညာဉ် ဗီဇပြောင်းလဲခြင်း ဟုတ်လား...။ ထိုအရာက ဘယ်လောက်တောင် ခက်ခဲလိုက်သနည်း။ အထူးသဖြင့် ငွေပြာမြက်အတွက်မူ ပို၍ပင် မဖြစ်နိုင်ချေ။ သူသည် ထန်ဆန်းကဲ့သို့ ‘ငွေပြာဧကရာဇ်’ ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်မှ မဟုတ်ဘဲ။
ဟုတ်ပါသည်။ ဤကလေးငယ်သည် အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ဦး ဖြစ်သည်။
ယခင်ဘဝက သူသည် ကမ္ဘာမြေပေါ်ရှိ ကုမ္ပဏီတစ်ခု၏အလုပ်သမားတစ်ဦးဖြစ်ပြီး ညလုံးပေါက် ‘ဝိညာဥ်ကုန်းမြေတိုက်ကြီး’ ဝတ္ထုကို ဖတ်ရှုရင်း နောက်တစ်နေ့ နံနက်တွင် ခုတင်ပေါ်၌ ရုတ်တရက် အသက်ပျောက်သွားခဲ့ရသည်။ ပြန်လည်နိုးထလာသောအခါတွင်မူ ကလေးငယ်တစ်ဦးအဖြစ် ရောက်ရှိနေခဲ့သည်။
သူ ကြီးပြင်းလာသည်နှင့်အမျှ ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ ဘာသာစကားကို နှစ်နှစ်ခန့် သင်ယူခဲ့ရပြီး မိမိတွင် အလွန်အစွမ်းထက်သလိုနှင့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အမည်တစ်ခု ရှိနေမှန်း သိလိုက်ရသည်။ ၎င်းမှာ ‘ကျူကျုံး (ဘိုးဘေး)’ ဟူ၍ ဖြစ်သည်။
အဘိုးအိုတွမ်သည် ကျူကျုံးကို သူတစ်ပါးနှင့် မိတ်ဆက်ပေးသည့်အခါတိုင်း အမြဲတမ်း အခက်တွေ့ရသဖြင့် နောက်ပိုင်းတွင် ‘ကောင်စုတ်လေး’ ဟုသာ ခေါ်ဝေါ်တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သူ့အမည်ရင်းကိုပင် မေ့လျော့ကုန်ကြသည်။
ရွာလူကြီး အဘိုးအိုတွမ်၏ အဆိုအရ သူ၏ ကွယ်လွန်သူဖခင် အမည်မှာ ‘ကျူဝမ် ( မျိုးနွယ်စုဘုရင်)’ ဖြစ်ပြီး ထိုအမည်ကို သူ၏အဘိုး ‘ကျူဟွမ် (မျိုးနွယ်စုဧကရာဇ်)’ က ပေးခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူအား အနည်းဆုံး ‘ဝိညာဉ်ဘုရင်’ အဆင့်အထိ ရောက်ရှိစေရန် မျှော်လင့်ချက်ဖြင့် ပေးခဲ့သော်လည်း ဖခင်ဖြစ်သူမှာ ဝိညာဉ်စွမ်းအားပင် မရှိခဲ့ချေ။
ကျူကျုံး၏ မျိုးဆက်သို့ ရောက်သောအခါ မျှော်လင့်ချက်ကို ပိုမိုလျှော့ချလိုက်ပြီး သားဖြစ်သူကို ‘ဝိညာဉ်ဘိုးဘေး’ မျှသာ ဖြစ်လာစေရန် ရည်ရွယ်၍ ကျူကျုံး (ဘိုးဘေး) ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ကျူကျုံးသည် ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းရောက်ရှိလာမှန်း သိစဥ်က အလွန်စိတ်လှုပ်ရှားခဲ့ပြီး အဓိကဇာတ်ကောင် ‘ထန်ဆန်း’ နှင့် တွေ့ဆုံရန် ဘေးချင်းကပ်လျက်ရှိသော သူတော်စင်ဝိညာဉ်ရွာသို့ပင် ပြေးသွားခဲ့ဖူးသည်။ အငြင်းပွားဖွယ်ရာကောင်းလှသော ဤဇာတ်ကောင်သည် အပြင်မှာ မည်သို့ရှိမည်နည်းဟု သူ သိလိုလှသည်။
သို့သော် တွေ့လိုက်ရသည့်အခါတွင်မူ... ‘ဟက်ခနဲ’ သာ စိတ်ပျက်မိတော့သည်။ ရုပ်ရည်မှာ အလွန်ပင် ရိုးရှင်းလှပြီး သူ့ရုပ်ရည်၏ ထက်ဝက်မျှပင် မခန့်ညားချေ။ (စာရေးသူ၏ မှတ်ချက် မင်းလည်း ရုပ်ဆိုးတာပါပဲ။)
သို့သော် သူသည် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြိုးပမ်းခဲ့သေးသည်။ အခြားနည်းလမ်းမရှိပေ... မိမိ၏ ကွယ်လွန်သူ မိဘနှစ်ပါးစလုံးမှာ အသုံးမဝင်လှသည့် ငွေပြာမြက် ဝိညာဉ်ရှင်များသာ ဖြစ်ကြသည်။ အကယ်၍ သူ ကျင့်ကြံလိုပါက နည်းလမ်းတစ်ခုခု ရှာရမည်ဖြစ်သည်။ ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် ကျင့်စဥ်များမှာ အလွန်ရှားပါးလှပြီး ထန်ဆန်း၏ ‘လျှို့ဝှက်ကောင်းကင်ဘုံကျင့်စဥ်’ ကို ရရှိရန်သာ လမ်းစရှိသည်။
သို့သော် ထန်ဆန်းက မည်မျှအကွက်မြင်လိုက်သနည်း။ ကျူကျုံးကို မြင်သည့်အချိန်တိုင်း သူ၏ ဘိုးဘေးအစစ်ကို မြင်တွေ့လိုက်ရသည့်အလား ဝေးဝေးသို့ ပြေးရှောင်တတ်သည်။ နုနယ်လှသော ကျူကျုံးသည် ထန်ဂိုဏ်း၏ အမြင့်ဆုံးသိုင်းပညာရပ်များကို လေ့ကျင့်နေသော ထန်ဆန်းကို မယှဉ်နိုင်သဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။
ဆင်းရဲလှသော သက်ငယ်မိုးအိမ်လေးအတွင်းရှိ ပျက်စီးနေသော ခုတင်ပေါ်တွင် လှဲလျောင်းရင်း ရိုးအီနေပြီဖြစ်သော သက်ငယ်ခေါင်မိုးကို ကြည့်ကာ ကျူကျုံးတစ်ယောက် သက်ပြင်းတဟူးဟူး ချနေမိသည်။
"ဟူး... ဝိညာဉ်ကုန်းမြေတိုက်ကြီးကို ရောက်လာရင် ဇာတ်ကောင်ကို နှိမ်မယ် ဟောက်ထျန်ဂိုဏ်းကို ကန်ကျောက်မယ် ပြီးတော့ ချမ်းသာပြီး လှပတဲ့ မိန်းမလှလေးတွေကို လက်ထပ်မယ်လို့ တွေးထားတာ... (အဟမ်း... ပါးစပ်လွန်သွားပြီ)။ မထင်မှတ်ဘဲ ကျင့်ကြံခြင်းဆိုတာက ဝေးလံတဲ့ အိမ်မက်တစ်ခု ဖြစ်နေပြီး နောက်လဆိုရင် ဝိညာဉ်နိုးထခြင်း အခမ်းအနား ရောက်တော့မယ်။ ငါ ကျူမျိုးနွယ်စုရဲ့ သားကောင်းတစ်ယောက်ဟာ ဒီဧကရာဇ်ဝိညာဉ်ရွာမှာပဲ အိုမင်းပြီး သေဆုံးသွားရတော့မှာလား။"
ထိုစဥ်... ကျူကျုံး၏ စိတ်အာရုံထဲတွင် အသံတစ်ခု ရုတ်ချည်း ပဲ့တင်ထပ်သွားသည်။
{တီ... ပိုင်ရှင်၏ မကျေနပ်မှုကို အာရုံခံမိပါသည်။ လောကတစ်သောင်း ခိုးယူခြင်းစနစ် စတင် အလုပ်လုပ်နေပါပြီ။ ၁၀ ၉ ၈...}
"အမလေး ဘုရားရေ"
"အမလေး ဘုရားရေ"
"အမလေး ဘုရားရေ"
ဘာသာစကား ကြွယ်ဝမှုမရှိသော ကျူကျုံးတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ‘အမလေး ဘုရားရေ’ ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်မိတော့သည်။
"ဟားဟား... ငါ သခင်လေး နောက်ဆုံးတော့ အလှည့်အပြောင်း ရောက်လာပြီဟေ့။ အဲ့ဒီအချိန်ကျရင် ထန်ဆန်းဆိုတဲ့ ကောင်စုတ် ငါ့အနားကနေ ဝေးဝေးကို သွားလို့ရပြီ"
{တီ... စနစ် အလုပ်လုပ်ခြင်း ပြီးဆုံးပါပြီ။ ယခု ချိတ်ဆက်မလား။}
"မြန်မြန်လုပ်... သခင်လေးနဲ့ ချက်ချင်း ချဆက်လိုက်"
{လောကတစ်သောင်းခိုးယူခြင်းစနစ် ချိတ်ဆက်ပြီးပါပြီ။ အသုံးပြုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။}
ခိုးယူခြင်းဆိုင်ရာ အွန်လိုင်းဝတ္ထုပေါင်းများစွာကို ဖတ်ရှုဖူးသော ကျူကျုံးသည် ရင်ခေါင်းထဲမှ အော်ဟစ်ခြင်းမပြုဘဲ စိတ်ထဲကနေသာ တိုးတိုးလေး မေးမြန်းလိုက်သည်။
"စနစ်... မင်းမှာ ဘာစွမ်းဆောင်ရည်တွေ ရှိလဲ။"
{ပိုင်ရှင်... ဤစနစ်၏ အဓိကလုပ်ဆောင်ချက်မှာ စကြာဝဠာအသီးသီးမှ ရတနာမျိုးစုံကို ခိုးယူရန် ဖြစ်သည်။ ထိုအရာများတွင် စွမ်းရည်များ ကျင့်စဥ်များ ပါရမီရှင်တို့၏ လက်နက်များ သွေးမျိုးဆက်များနှင့် အခြားအရာများစွာ ပါဝင်သည်။}
"ဟားဟား... ကျူကျုံးလေး ငါတော့ အခွင့်အထူးရပြီဟေ့"
‘ကျူကျုံးလေး’ ဆိုသည်မှာ သူ မိမိကိုယ်ကို ခေါ်ဝေါ်ရန် အသစ်ပြောင်းလဲလိုက်သော နာမ်စားဖြစ်သည်။ အခြားသူများက ‘သခင်လေး’ ဟု ခေါ်ဝေါ်ကြသော်လည်း သူကမူ နောင်တစ်ချိန်တွင် စကြာဝဠာအနှံ့ ကျင်လည်မည့်သူဖြစ်ရာ ထူးခြားသော နာမ်စားတစ်ခု လိုအပ်သည်မဟုတ်ပါလား။
{တီ... ပိုင်ရှင် အလွန်အကျွံ စိတ်မလှုပ်ရှားပါနှင့်ဦး။ ခိုးယူခြင်းတွင် ကန့်သတ်ချက်နှင့် စွန့်စားရမှုများ ရှိပါသည်။ သင်သည် တစ်နှစ်လျှင် တစ်ကြိမ်သာ ခိုးယူခွင့်ရှိပြီး ဝိညာဉ်စွမ်းအား တစ်ဆင့်တက်တိုင်း နောက်ထပ် တစ်ကြိမ် ခိုးယူခွင့် ရရှိမည်ဖြစ်သည်။ သို့သော် အကယ်၍ ပစ်မှတ်ထားသူ၏ မုန်းတီးမှုအဆင့် အမြင့်ဆုံးသို့ ရောက်ရှိသွားပါက ပိုင်ရှင်သည် ထိုပစ်မှတ်၏ ပတ်လည် တစ်မိုင်အတွင်းသို့ တစ်နာရီကြာ ရုတ်တရက် ရွှေ့ပြောင်း
ခံရမည်ဖြစ်သည်။}
"ဟာ... ဒါက အလွန်အန္တရာယ်များတာပဲ။ အကယ်၍ ငါက ဘီဘီတုန်းရဲ့ အတွင်းခံကို မှားခိုးမိလို့ ဝိညာဉ်နန်းတော်ထဲကို ရွှေ့ပြောင်းခံလိုက်ရရင် ဒုက္ခလှလှတွေ့မှာပဲ"
{တီ... ပိုင်ရှင် မှားယွင်းနေပါသည်။ ဒုက္ခတွေ့ရုံတင်မကဘဲ ‘သေချာပေါက် အသက်ပျောက်သွားနိုင်ပါသည်’။}
"မင်း ပြောစရာမလိုပါဘူး... ငါ သိတာပေါ့"
{တီ... ပိုင်ရှင်တွင် ယခုနှစ်အတွက် ခိုးယူခွင့် အခွင့်အရေး ကျန်ရှိနေသေးသည်။ ခိုးယူမလား။}
"ခိုးမယ်... ဘာလို့မခိုးရမှာလဲ။ သတ္တိရှိမှ စားရမှာပေါ့"
{တီ... စနစ် ခိုးယူနေပါသည်...}
{ဒင် ပိုင်ရှင်အား ဂုဏ်ပြုပါသည်... ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ အဓိကဇာတ်ကောင် ထန်ဆန်းထံမှ ‘ငွေပြာဧကရာဇ်’ ဝိညာဉ်သွေးမျိုးဆက်ကို အောင်မြင်စွာ ခိုးယူပြီးပါပြီ။}
"အမလေး... ဘုရားရေ"