အခန်း(၇)- ချန်ရန်ရွှယ်နှင့် မိုးကြိုးဓာတ်စွမ်းအင် ထိန်းချုပ်မှု
လမင်းဓားမြှောင် ဝိညာဉ်နှင့် မြေခွေးညှို့ရှင် ဝိညာဉ် ပိုင်ဆိုင်ထားရုံမျှဖြင့် ဝိညာဉ် ပေါင်းစပ်ခြင်းစွမ်းရည်ကို အလိုအလျောက် ပိုင်ဆိုင်လာမည် မဟုတ်ပေ။ ယင်းက သွေးနှောမှုနှင့် ကံတရားအပေါ်တွင်သာ များစွာ မူတည်နေသေးသည်။
အကယ်၍ ဝိညာဉ်ချင်း ကိုက်ညီရုံဖြင့် ဝိညာဉ် ပေါင်းစပ်ခြင်းစွမ်းရည်ကို သုံးနိုင်ကြမည်ဆိုပါက ကြယ်တာရာလင်းယုန်အင်ပါယာရှိ လူတိုင်းသည် ငရဲဖြူကျားကို သုံးနိုင်ကြလိမ့်မည် မဟုတ်ပါလော။ ဒိုင်ဝေစီသည် ကျူးကျူးယွင်နှင့်သာ ပေါက်ကွဲပေါင်းစပ်နိုင်ပြီး ကျူးကျူးချင်းနှင့် မပေါင်းစပ်နိုင်ခြင်းမှာ ထိုအချက်ကြောင့်ပင် ဖြစ်၏။
"ဒါဆို သူတို့ ပြန်လာတဲ့အခါ တို့မောင်နှမ သုံးယောက်လုံး အတူတူ စမ်းသပ်ကြည့်ကြတာပေါ့.. သဘာဝကျကျ တွေးကြည့်ရင်တော့ နာနာ.. မင်းက ငါနဲ့တောင် ပေါင်းစပ်နိုင်သေးတာပဲ.. ရှောင်ပိုင်နဲ့လည်း သေချာပေါက် ပေါင်းစပ်နိုင်ရမယ်.. ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်က အမြွှာတွေပဲဥစ္စာ.. ပြီးတော့ မင်းနဲ့သူနဲ့လည်း သီးသန့် ပေါင်းစပ်နိုင်လောက်တယ်.."
ဝိညာဉ်ကိုးကွယ်ရာ နန်းဆောင်..
"အဖိုး.. အဖိုးပြောတော့ ရှောင်ပိုင်နဲ့ နာနာကို မေမေက တပည့်အရင်းအဖြစ် သိမ်းလိုက်တယ်ဆို.. မေမေက သူတို့ထဲက တစ်ယောက်ယောက်ကို နောင်ကျရင် အရှင်မင်းကြီးရာထူး လွှဲပေးဖို့ ကြံစည်နေတာလားဟင်.. သမီးက မွေးကတည်းက ရှိနေတာကို မေမေက ဘာလို့ သမီးကိုကျတော့ ကောင်းကောင်းမွန်မွန် တစ်ချက်လေးတောင် လှည့်မကြည့်ရတာလဲ.." ရှည်လျားသော ရွှေရောင်ဆံနွယ်များဖြင့် လှပလွန်းလှသည့် ရုပ်သေးရုပ်လေးနှင့်တူသော ကောင်မလေးက နှုတ်ခမ်းကို ဆူလိုက်ရင်း ချန်တောက်လျိုကို ဝမ်းနည်းပက်လက် ကြည့်ကာ မေးမြန်းလိုက်သည်။
"ဟူး.. ရှောင်ရွှယ်ရာ.. မင်းမေမေမှာလည်း သူ့အခက်အခဲနဲ့သူ ရှိရှာမှာပါ.. မေမေ့ရင်ထဲမှာ မင်းကို ချစ်နေလိမ့်မယ်လို့ မင်း ယုံကြည်ထားရမယ်နော်.. ကဲ.. ဒါနဲ့ မင်း ကောင်းကင်တျန်းသိုအင်ပါယာကို သွားဖို့ စိတ်ပိုင်းဖြတ်ပြီးပြီလား.. အကယ်၍ အဲဒီမှာ မင်း တစ်စုံတစ်ရာ အောင်မြင်အောင် လုပ်ပြနိုင်ရင် မေမေ့ရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ရင် ရရှိနိုင်မှာပေါ့.." ချန်တောက်လျိုက မျက်ဝန်းထဲတွင် နူးညံ့မှုများနှင့်အတူ ညင်သာစွာ ပြောလိုက်သော်လည်း သူ၏ မျက်ခွံအောက်ခြေ၌မူ မတတ်သာသည့် အရိပ်အယောင်များ ခိုအောင်းနေခဲ့သည်။
သူ၏ မြေးမလေးသည် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသည်မှာ မကြာသေးဘဲ ယခုအခါတွင်မူ အမည်ခံဒိုလော့ နှစ်ဦး၏ စောင့်ရှောက်မှုဖြင့် ကောင်းကင်တျန်းသိုအင်ပါယာဆီသို့ လျှို့ဝှက်ထောက်လှမ်းရေး မစ်ရှင်တစ်ခု သွားရောက်လုပ်ဆောင်ရတော့မည် ဖြစ်ရာ ၎င်းက သူမအပေါ် အမှန်တကယ်ပင် ရက်စက်လွန်းလှပေသည်။
ယခုအချိန်တွင် ချန်ရန်ရွှယ်သည် အသက်ကိုးနှစ်ကျော်မျှသာ ရှိသေးသည် မဟုတ်ပါလော။ *(ဤနေရာတွင် မူရင်းဝတ္ထုထဲ၌ ချန်ရန်ရွှယ်၏ မစ်ရှင်သည် အသက်တစ်ဆယ်ဝန်းကျင်တွင် စတင်ခဲ့သည်ဟု သတ်မှတ်ထားပါသည်။)*
"ဒါပေမဲ့ သမီး ဒီမစ်ရှင်ကို သွားရင် မေမေ့ရဲ့ အသိအမှတ်ပြုမှုကို တကယ် ရနိုင်ပါ့မလားဟင်.. သမီး ရှောင်ပိုင်တို့ နာနာတို့နဲ့ မခွဲခွာချင်သေးဘူး.. သမီးမှာ သူငယ်ချင်းကောင်းတွေ ရခါစပဲ ရှိသေးတာကို.."
လွန်ခဲ့သော ရက်အနည်းငယ်က ဟူပိုင်၏ ဝိညာဉ်သည် ဗီဇပြောင်းလဲသွားပြီး မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် သခင်ဖြစ်လာကြောင်းနှင့် ဟူလီနာက မွေးရာပါ အဆင့်ကိုးခွဲရှိကြောင်း သိလိုက်ရသဖြင့် ချန်ရန်ရွှယ် အလွန် ဝမ်းသာခဲ့ရသည်။ သို့သော် သူတို့ နှစ်ဦးစလုံးကို ပီပီတုန်းက တပည့်အဖြစ် သိမ်းပိုက်လိုက်ပြီး သူတို့အတွက် ဝိညာဉ်သားရဲကို ကိုယ်တိုင် သွားရောက်ရှာဖွယ်ပေးမည်ဟု ကြားလိုက်ရသောအခါ သူမ ရင်ထဲတွင် မချိတင်ကဲ ဖြစ်သွားရရှာသည်။
ပီပီတုန်း၏ သွေးရင်းသမီးဖြစ်သော်လည်း သူမသည် ထိုကဲ့သို့သော ဆက်ဆံမှုကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။ သူမ၏ ဝိညာဉ်ကွင်း သုံးကွင်းစလုံးကို အဖိုးဖြစ်သူနှင့်အတူသာ ရယူခဲ့ရခြင်း ဖြစ်သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ချန်တောက်လျိုသည်လည်း ရင်ထဲတွင် ကသိကအောက် ဖြစ်သွားရရှာသည်။
သူ့ဘေးနားရှိ ရွှေမိကျောင်းဒိုလော့က စိတ်ချင်းဆက်သွယ်ကာ တိုးတိုးလေး ပြောလာ၏.... "ဝိညာဉ်ချုပ်ကြီး.. အကယ်၍ ရှောင်ရွှယ်က မသွားချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့.. ပြီးတော့ ဒီလို လှည့်စားတဲ့အလုပ်မျိုးက တို့ဝိညာဉ်ကျောင်းတော်အတွက် ဂုဏ်သိက္ခာရှိလှတာ မဟုတ်ဘူး.."
"တို့ချန်မျိုးနွယ်စုရဲ့ သွေးနှောမှုအရ နောက်ဆုံးတော့ အိန်ဂျယ်နတ်ဘုရားရဲ့ ရွေးချယ်မှုကို ငယ်ငယ်ကတည်းက ခံထားရတဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်နှစ်ဆယ် ပါရမီရှင်လေးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဥစ္စာ.. ဒီလောက် ကောင်းမွန်တဲ့ ပါရမီကို ကောင်းကင်တျန်းသိုအင်ပါယာဆီ လျှို့ဝှက်လွှတ်လိုက်တာက နှမြောစရာကြီးဗျာ.."
"ကောင်းကင်တျန်းသိုအင်ပါယာရဲ့ အိမ်ရှေ့မင်းသား ရာထူးအတွက်နဲ့ ရှောင်ရွှယ်ကို အိမ်ရှေ့မင်းသားရွှေချင်းဟယ်အဖြစ် ဟန်ဆောင်ခိုင်းထားရင် နိုင်ငံရေး ကိစ္စတွေကြားထဲမှာ ကျင့်ကြံခြင်း အချိန်တွေ ဘယ်လောက်တောင် နှောင့်နှေးသွားမလဲ မသိနိုင်ဘူး.."
"ရှောင်ရွှယ်က အသက်ကိုးနှစ်နဲ့ ဝိညာဉ်သခင်ကြီးအဆင့်ကို ရောက်နေပြီဥစ္စာ.. သေချာ ကျင့်ကြံရင် ပီပီတုန်းထက်စောပြီး အမည်ခံဒိုလော့ ဖြစ်လာမှာ သေချာတယ်.. ပြီးတော့ အဲဒီ ဝိညာဉ်ရိုးတွင်းခြင်ဆီ အရိုးခြောက်ခုနဲ့သာ ရှောင်ရွှယ် နတ်ဘုရားဖြစ်သွားရင် ဒီတိုက်ကြီးပေါ်က အရာအားလုံးက တို့ဝိညာဉ်ကျောင်းတော်အပိုင် ဖြစ်မလာနိုင်ဘူးလားဗျာ.."
ရွှေမိကျောင်း ပြောသည့်အချက်များကို ချန်တောက်လျို မည်သို့လျှင် နားမလည်ဘဲ ရှိပါအံ့နည်း။ သို့သော် အခြေအနေများ ဤအတိုင်း ဆက်သွားနေပါက ပီပီတုန်းနှင့် ရှောင်ရွှယ်တို့ သားအမိကြား ဆက်ဆံရေးမှာ ပိုမိုဆိုးရွားသွားမည်ကို သူ စိုးရိမ်မိခြင်း ဖြစ်၏။
ချန်ရန်ရွှယ်ကို ပီပီတုန်းနှင့် ဝေးရာ ကောင်းကင်တျန်းသိုအင်ပါယာသို့ စေလွှတ်လိုက်ခြင်းက အမှန်တကယ်တော့ သူမ၏ ဘေးကင်းလုံခြုံရေးအတွက်လည်း ဖြစ်ပေသည်။
ခြင်္သေ့ဒိုလော့ကလည်း စိတ်ချင်းဆက်သွယ်ကာ ဝင်ပြောလာ၏.... "အစ်ကိုကြီး.. အစ်ကိုကြီးအနေနဲ့ ပီပီတုန်းကြောင့် ရှောင်ရွှယ် အန္တရာယ်တွေ့မှာကို စိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်.. တို့ခုနစ်ယောက်လုံးက တစ်လှည့်စီ ကာကွယ်ပေးထားရင် ပီပီတုန်းက ဘာမို့လို့လဲဗျ.. ကျွန်တော့်အမြင်အရတော့ ပီပီတုန်းက ဇီအာကို သတ်ခဲ့တာမို့လို့ သူ့အသက်နဲ့ ပြန်ပေးဆပ်သင့်တာ.. အစ်ကိုကြီးက သဘောထားကြီးလွန်းလို့သာ သူ့ကို အရှင်မင်းကြီး ရာထူးအထိ ပေးထိုင်ထားတာဥစ္စာ.."
ချန်တောက်လျိုသည် ခြင်္သေ့ဒိုလော့ကို ပြုံးလျက် လှမ်းကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ ထုတ်ဖော်လိုက်သော ဖိအားမှာမူ အလွန်တရာ အန္တရာယ်ရှိလှပေသည်။
ခြင်္သေ့ဒိုလော့၏ ရင်ဘတ်ထဲက နှလုံးခုန်သံပင် တစ်ချက် ရပ်တန့်သွားရရှာသည်။ ချန်တောက်လျို၏ ဤကဲ့သို့သော ပုံစံမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ.... သူ အမှန်တကယ်ပင် ဒေါသထွက်သွားခြင်း ဖြစ်၏။
ထို့နောက်တွင်မှ ချန်တောက်လျိုသည် ရင်ထဲ၌ သက်ပြင်းတစ်ချက်ချကာ စိတ်ချင်းဆက်သွယ်လျက် ပြန်ပြောလိုက်သည်.... "ကဲ.. တော်ကြတော့.. ဒီကိစ္စကို နောင်ဘယ်တော့မှ ပြန်မပြောကြနဲ့တော့.. ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိပြီးသားပဲ.. ရှောင်ရွှယ်က ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးပြီ ဖြစ်လို့ မိခင်ဖြစ်သူကိုပါ ထပ်ပြီး မဆုံးရှုံးစေနိုင်ဘူး.. ရှောင်ရွှယ်က လောလောဆယ် မသွားချင်သေးဘူးဆိုရင်လည်း ထားလိုက်ပါဦး.."
ကြယ်တာရာတောအုပ်ကြီး..
သုံးနာရီခန့် ကြာပြီးနောက်တွင် နောက်ဆုံး၌ ဟူပိုင်သည် သူ၏ ပထမဆုံး ဝိညာဉ်ကွင်းကို စုပ်ယူကျင့်ကြံခြင်း ပြီးဆုံးသွားခဲ့ပြီး သူ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားမှာလည်း အဆင့်(၁၂)သို့ တိုက်ရိုက် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
"ဘယ်လိုလဲသား.. အောင်မြင်ရဲ့လား.." ရှဲ့ထျန်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။
အမှန်အတိုင်း ပြောရလျှင် အမြီးကိုးချောင်းကောင်းကင်မြေခွေး ဝိညာဉ် ပိုင်ဆိုင်ထားသော ဟူပိုင်အား သစ်ပင်စနစ်သုံး ဝိညာဉ်သားရဲကို စုပ်ယူခိုင်းခြင်းမှာ အလွန်တရာ ရဲရင့်လှသော စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။
ဝိညာဉ်ကျောင်းတော်၏ သမိုင်းကြောင်းတွင် သစ်ပင်စနစ်သုံး ဝိညာဉ်ပိုင်ရှင်များက တိရစ္ဆာန်စနစ်သုံး ဝိညာဉ်သားရဲများကို စုပ်ယူခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသော်လည်း သားရဲဝိညာဉ်သခင်တစ်ဦးက သစ်ပင်စနစ်သုံး ဝိညာဉ်သားရဲ၏ ဝိညာဉ်ကွင်းကို စုပ်ယူသည်ဟူ၍ သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
ထိုသို့ဖြစ်ရခြင်းတွင် အကြောင်းရင်း နှစ်ခုရှိပြီး ပထမတစ်ခုမှာ သစ်ပင်စနစ်သုံး ဝိညာဉ်သားရဲများ၏ ဝိညာဉ်ကွင်းမှာ အလွန်အားနည်းလွန်းခြင်း ဖြစ်ကာ ဒုတိယတစ်ခုမှာမူ ဓာတ်သတ္တိချင်း ဆန့်ကျင်ကွဲလွဲမှု ဖြစ်ပွားနိုင်ခြင်းကြောင့် ဖြစ်၏။
မိုးကြိုးငရဲနွယ်ပင်၏ ဝိညာဉ်ကွင်းအနေဖြင့်မူ အားနည်းခြင်းမရှိသည်မှာ သေချာသော်လည်း အမြီးကိုးချောင်းကောင်းကင်မြေခွေးနှင့် ဓာတ်သတ္တိချင်း ကွဲလွဲမှု ရှိမရှိဟူသော အချက်ကမူ သူ့အတွက် ကြီးမားသော မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလော။
ဟူပိုင်သည် သဘာဝဓာတ်ကြီးများကို ထိန်းချုပ်နိုင်စွမ်း ရှိသည့်အတွက် မိုးကြိုးငရဲနွယ်ပင်၏ ဝိညာဉ်ကွင်းအတွင်း ပါရှိသော မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်ပါမည်လော။
ယခုအခါ ဟူပိုင် အောင်မြင်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည်လည်း နောက်ဆုံးတွင်မှ ရင်ထဲက သက်ပြင်းကို အသာချနိုင်တော့သည်။
ဟူပိုင်သည် မတ်တတ်ရပ်လိုက်ပြီး သူ၏ ပထမဆုံး ဝိညာဉ်ကွင်းကို ထုတ်ဖော်ပြသလိုက်ရာ သူ၏ ညာလက်ဝါးထက်တွင် မိုးကြိုးဓာတ်စွမ်းအင် အမြောက်အမြား သိပ်သည်းသွားခဲ့ပြီး ကြာပွတ်တစ်ခုအသွင် ပြောင်းလဲသွားခဲ့တော့သည်.... "ဖေဖေ.. မေမေ.. သား အောင်မြင်ပြီ.. သားရဲ့ ပထမဆုံး ဝိညာဉ်စွမ်းရည်ကို 'မိုးကြိုးဓာတ်စွမ်းအင် ထိန်းချုပ်မှု' လို့ ခေါ်တယ်.. သူ့ရဲ့ တွဲဖက်စွမ်းရည်ကတော့ သားရဲ့ မိုးကြိုးဓာတ်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ ကြီးကြီးမားမား မြှင့်တင်ပေးတာ ဖြစ်ပြီး.. အဓိက သုံးစွဲနိုင်တဲ့ စွမ်းရည်ကတော့ မိုးကြိုးဓာတ်စွမ်းအင်ရဲ့ အဖျက်စွမ်းအားကို တိုက်ရိုက် ရာခိုင်နှုန်း တစ်ရာအထိ မြှင့်တင်ပေးတာ ဖြစ်ပါတယ်.."
"ဘာ.. ရာခိုင်နှုန်း တစ်ရာ ဟုတ်လား.." ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့ ဇနီးမောင်နှံ အချင်းချင်း လှမ်းကြည့်လိုက်ကြပြီး တစ်ဦးမျက်ဝန်းထဲတွင် တစ်ဦး အံ့အားသင့်မှုများကို မြင်တွေ့လိုက်ကြရတော့သည်။
သာမန် နှစ်ရာချီ သက်တမ်းရှိသော မြှင့်တင်ရေး ဝိညာဉ်စွမ်းရည်များမှာ ရာခိုင်နှုန်း ငါးဆယ်ဝန်းကျင်မျှသာ မြှင့်တင်ပေးနိုင်သော်လည်း သူတို့သား၏ စွမ်းရည်မှာမူ ရာခိုင်နှုန်း တစ်ရာတောင် ဖြစ်နေသည် မဟုတ်ပါလော။
သို့သော်လည်း သူတို့ ချက်ချင်းပင် သဘောပေါက်သွားကြသည်မှာ ဤဝိညာဉ်ကွင်းသည် မည်သည့် တိုက်စစ် သို့မဟုတ် ခံစစ် ဝိညာဉ်စွမ်းရည်ကိုမျှ တိုက်ရိုက် ပေးစွမ်းခြင်း မရှိဘဲ မိုးကြိုးဓာတ်စွမ်းအင် ထိန်းချုပ်မှုကိုသာ မြှင့်တင်ပေးပြီး ယင်း၏ အဖျက်စွမ်းအားကို ပေါက်ကွဲစေခြင်း ဖြစ်ပေသည်။
သို့သော်ငြားလည်း ဤအရာက အလွန်တရာ အရည်အသွေး မြင့်မားလွန်းလှသည်မှာ အမှန်ပင် ဖြစ်၏။
ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့ နှစ်ဦးစလုံးသည် အစွန်းရောက်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသူများ ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ ရှဲ့ထျန်း၏ ဝိညာဉ်ကွင်းတိုင်းသည် သူ၏ လမင်းဓားမြှောင် တိုက်စစ်စွမ်းအား၊ အကာအကွယ်ဖောက်ထွင်းနိုင်စွမ်း၊ ကြံ့ခိုင်မှုနှင့် ကိုယ်ပိုင်ခံစစ်စွမ်းအားတို့ကို မြှင့်တင်ပေးနိုင်သော စွမ်းရည်များ ဖြစ်ကြသည်။
သို့သော် သူ၏ ပထမဆုံး ဝိညာဉ်စွမ်းရည်မှာပင် ရာခိုင်နှုန်း ငါးဆယ်မျှသာ မြှင့်တင်ပေးနိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် သူတို့ အလွန်အမင်း မဝမ်းသာရသေးမီမှာပင် ဟူပိုင်၏ စကားသံကို ထပ်မံ ကြားလိုက်ရပြန်သည်.... "ဒါပေမဲ့ အခု ပြဿနာတစ်ခု ရှိနေတာကတော့.. သားအနေနဲ့ ဓာတ်စွမ်းအင်မျိုးစုံကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ဖို့အတွက် ဝိညာဉ်စွမ်းအားရဲ့ ထောက်ပံ့မှုတင်မကဘဲ စိတ်အာရုံစွမ်းအားကလည်း မရှိမဖြစ် လိုအပ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တာပဲဗျ.. ဒီမိုးကြိုးဓာတ်စွမ်းအင်ကို ကြာပွတ်ပုံစံ ဖန်တီးလိုက်ရုံတင် ရှိသေးတယ်.. သားရဲ့ စိတ်အာရုံစွမ်းအား အတော်လေး ကုန်ဆုံးသွားတာကို ခံစားလိုက်ရတယ်.."
မူလက ဟူပိုင်၏ အစီအစဉ်မှာ သူ၏ ဝိညာဉ်ကွင်းအားလုံးကို သဘာဝဓာတ်မျိုးစုံဖြင့်သာ ရယူရန် ဖြစ်သော်လည်း ယခု ကြည့်ရသည်မှာမူ သူသည် စိတ်အာရုံစွမ်းအားကို သီးသန့်မြှင့်တင်ပေးနိုင်သော ဝိညာဉ်စွမ်းရည်မျိုးကိုလည်း ရယူရန် လိုအပ်နေဦးမည် ဖြစ်၏။
နောင်တွင် အကယ်၍ သူက ဓာတ်စွမ်းအင်ချင်း ပေါင်းစပ်လိုပါက (ဥပမာ- သူ၏ ဒုတိယမြောက် ဝိညာဉ်စွမ်းရည်က မီးဓာတ်ထိန်းချုပ်မှု ဖြစ်လာပြီး သူက မိုးကြိုးနှင့် မီးဓာတ်ကို ပေါင်းစပ်ကာ ဝန်ပိုကဲ တိုက်ခိုက်မှု ပြုလုပ်လိုပါက) အားကောင်းသော စိတ်အာရုံစွမ်းအား၏ ထောက်ပံ့မှု မရှိပါက သူကိုယ်တိုင်ပါ ပေါက်ကွဲသွားနိုင်သည် မဟုတ်ပါလော။
"သတိထား.." ရုတ်တရက် ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့ ဇနီးမောင်နှံ တစ်စုံတစ်ခုကို အာရုံခံမိသွားကြသည်။ သူတို့သည် ဟူပိုင်ကို သူတို့၏ နောက်ကွယ်တွင် ချက်ချင်း ကာကွယ်ပေးလိုက်ကြပြီး ပတ်ပတ်လည်ကို သတိကြီးစွာဖြင့် စူးစိုက်ကြည့်လိုက်ကြတော့သည်။