အခန်း(၆)- မိုးကြိုးငရဲနွယ်ပင်ကို စုပ်ယူခြင်းနှင့် ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်
နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော ဘယ်ဘက်ခြေထောက်ရိုး တစ်ခုနှင့် ညာဘက်ခြေထောက်ရိုးတစ်ခုသည် အဖွဲ့ကို ဦးဆောင်လာခဲ့ကြသည့် ခေါင်းဆောင်သုံးဦးထဲမှ ရှဲ့ထျန်းနှင့် ဂန္ဓာရဒိုလော့ ယွဲ့ကွမ်းတို့အတွက် အလွန်တရာ ကိုက်ညီလှပေသည်။
အမည်ခံဒိုလော့တစ်ဦးအနေဖြင့် ယွဲ့ကွမ်းသည် ဤဝံပုလွေခိုးသား နှိမ်နင်းရေးစစ်ဆင်ရေးတွင် အဆုံးအဖြတ်ပေးနိုင်သော ကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် သူက အရည်အသွေး ပိုမိုမြင့်မားသည့် ညာဘက်ခြေထောက်ရိုးကို ရယူခဲ့ပြီး ဘယ်ဘက်ခြေထောက်ရိုးမှာမူ ရှဲ့ထျန်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ရှဲ့ထျန်းအနေဖြင့် ယင်းအပေါ် မည်သည့်ကန့်ကွက်မှုမျှမရှိသည်မှာ သဘာဝပင်။ တစ်ကြိမ်တည်းသော စစ်ဆင်ရေးအတွင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ အရိုးနှစ်ခုအထိ မမျှော်လင့်ဘဲ ရရှိခဲ့ခြင်းကပင် သူတို့အတွက် အလွန်တရာ ကံကောင်းလှပြီ ဖြစ်သည်။ အကယ်၍ တစ်ခုတည်းသာ ထွက်ပေါ်လာခဲ့ပါက ရှဲ့ထျန်းအနေဖြင့် ရရှိနိုင်စရာ အကြောင်းမရှိချေ။
ဂန္ဓာရဒိုလော့ ယွဲ့ကွမ်းသည်လည်း သဘောထားသေးသိမ်သူတစ်ဦး မဟုတ်ပေ။ သူသည် ရှဲ့ထျန်း၏သားဖြစ်သူ ဟူပိုင်က ဤစစ်ဆင်ရေးတွင် 'အရေးပါသော အခန်းကဏ္ဍ' မှ ကူညီပေးခဲ့ကြောင်း သိရှိထားသည်။ အကယ်၍ ဟူပိုင်၏ ထူးခြားဆန်းပြားသော အာရုံခံနိုင်စွမ်းသာ မရှိခဲ့ပါက ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့မှာ မသေလျှင်ပင် ဒုက္ခိတဖြစ်သွားကြမည်ဖြစ်ပြီး သူကိုယ်တိုင်လည်း အဖွဲ့ကို ဦးဆောင်လာရင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ အရိုးတစ်ခုကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
ဤသည်မှာ သူ၏ ပထမဆုံးသော ဝိညာဉ်ရိုးတွင်းခြင်ဆီ အရိုးပင် ဖြစ်၏။
ထိုအချိန်ကတည်းက ယွဲ့ကွမ်းသည် ဟူပိုင်ဟူသော ကလေးငယ်လေးအပေါ် စိတ်ဝင်တစား ရှိလာခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်တာ ပတ်သက်ဆက်နွှယ်ပြီးနောက်တွင် သူတို့၏ ဆက်ဆံရေးမှာလည်း အလွန်အမင်း ကောင်းမွန်လာခဲ့တော့သည်။
အချို့သော အတိုင်းအတာတစ်ခုအထိ ယွဲ့ကွမ်းသည် အမျိုးသားများ၏ အလှအပဆိုင်ရာ အနုပညာကို ပိုမိုနှစ်သက်တတ်ကြောင်း လူသိများပြီး ဟူပိုင်ကလည်း ငယ်စဉ်ကတည်းကပင် ထူးခြားဆန်းပြားသော ရုပ်ရည်အဆင်းနှင့် စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားခြင်းက သူတို့၏ ကောင်းမွန်သော ပတ်သက်မှုကို ပိုမိုခိုင်မာစေခဲ့သည်။
ဤမစ်ရှင်ကို ဝိညာဉ်ကျောင်းတော်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း မစ်ရှင်အတွင်း ရရှိလာသမျှ အရာအားလုံးကို မိမိဘာသာ သိမ်းဆည်းပိုင်ခွင့် ရှိကြပြီး ကျောင်းတော်သို့ ပြန်လည်အပ်နှံရန် မလိုအပ်ချေ။
ရှဲ့ထျန်းသည် သူ၏ လမင်းဓားမြှောင်များကို ထုတ်ဖော်လိုက်ပြီး မိုးကြိုးငရဲနွယ်ပင်ဆီသို့ အလွန်တရာ မြန်ဆန်သော နှုန်းဖြင့် ပြေးဝင်သွားခဲ့သည်။ သူ၏ ပထမဆုံး ဝိညာဉ်ကွင်းက လင်းလက်သွားပြီး မျက်ဝန်းအစုံက နွယ်ပင်၏ အမြစ်ဆီသို့ စူးစိုက်ကြည့်လျက် တစ်ချက်တည်းဖြင့် အမြစ်မှ တူးထုတ်ရန် ရည်ရွယ်လိုက်၏။
နှစ်ပေါင်းငါးရာ သက်တမ်းရှိပြီဖြစ်သော မိုးကြိုးငရဲနွယ်ပင်သည် အသိဉာဏ် ရှိနေပြီဖြစ်ရာ ရန်သူက မိမိအနားသို့ ချဉ်းကပ်လာသည်ကို မည်သို့လျှင် ငြိမ်ခံနေပါအံ့နည်း။ မူလက မိမိ၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်နေသော ကောင်းကင်မိုးကြိုးများကို ၎င်းက တိုက်ရိုက် လမ်းကြောင်းလွှဲကာ ရှဲ့ထျန်းဆီသို့ ပစ်ခတ်လိုက်တော့သည်။
၎င်း၏ ပတ်ပတ်လည် ငါးမီတာ အကွာအဝေးအတွင်းတွင်လည်း မိုးကြိုးရေကန်ကြီးတစ်ခု ရှိနေသဖြင့် ခြေချမိသည်နှင့်အမျှ သေချာပေါက် သက်တောင့်သက်သာ ရှိလှမည် မဟုတ်ပေ။
သို့သော် မိုးကြိုးငရဲနွယ်ပင် ရင်ဆိုင်နေရသည်မှာ ဝိညာဉ်သူတော်စင်တစ်ဦး ဖြစ်၏။ ဤကောင်းကင်မိုးကြိုးများက ရှဲ့ထျန်းကို မည်သို့လျှင် လွယ်လွယ်ကူကူ ထိမှန်နိုင်ပါမည်နည်း။ ကောင်းကင်မိုးကြိုးများကို ရှောင်တိမ်းရင်း ရှဲ့ထျန်း၏ ဒုတိယမြောက် ဝိညာဉ်ကွင်းက လင်းလက်သွားခဲ့သည်.... "ကာကွယ်ခြင်း.."
ဤဝိညာဉ်စွမ်းရည်သည် သူ၏ ကာကွယ်ရေးစွမ်းအားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်သည်။ မိုးကြိုးရေကန်မှ စီးကူးလာသော လျှပ်စစ်ဓာတ်များမှာ သူ့အတွက်မူ လျှပ်စစ်ဓာတ်ကုထုံး ခံယူနေရသကဲ့သို့ အနည်းငယ် စိမ့်စိမ့်ယားယား ဖြစ်ရုံမျှသာ ရှိ၏။
"ဟတ်.. ခုတ်ချက်.."
ရှဲ့ထျန်းသည် မိုးကြိုးငရဲနွယ်ပင် သေဆုံးမသွားစေရန် သူ၏ လမင်းဓားမြှောင်စွမ်းအားကို တတ်နိုင်သမျှ ထိန်းချုပ်ထားရသည်။ အကယ်၍ သေဆုံးသွားပါက မလွယ်ကူလှချေ.. ဤအရာသည် သူ ဤအနီးအနားတွင် တစ်ခုတည်းသော ရှာတွေ့ခဲ့သည့် မိုးကြိုးငရဲနွယ်ပင် ဖြစ်သည် မဟုတ်ပါလော။
၎င်းသည် သစ်ပင်စနစ်သုံး ဝိညာဉ်သားရဲ ဖြစ်သည့်အတွက် မည်မျှအထိ ဒဏ်ရာရရှိသွားလျှင် သေဆုံးသွားမည်ကို သူ သေချာ မပြတ်သားနိုင်ချေ။ အန္တရာယ်အကင်းဆုံး နည်းလမ်းမှာ ၎င်း၏ အမြစ်ကို တူးထုတ်လိုက်ပြီး မျှစ်စို့တစ်ခုလုံးကို နှစ်ပိုင်းမပြတ်သွားစေဘဲ ပတ်ပတ်လည်မှ ဖြတ်တောက်ရန် ဖြစ်သော်လည်း ဤအရာက သူ့အတွက် အနည်းငယ် ခက်ခဲလွန်းလှသည်။
အဝေးတစ်နေရာမှ ဟူပိုင်ကမူ နောက်ပိုင်းတွင် နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်နိုင်ရန်အတွက် သူ၏ ဝိညာဉ်စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနေခဲ့သည်။
နောက်ဆုံးတွင် နာရီဝက်ခန့် ကြာပြီးနောက် ရှဲ့ထျန်း၏ ခပ်ဆော့ဆော့ တိုက်ခိုက်မှုအောက်တွင် မိုးကြိုးငရဲနွယ်ပင်သည် တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခဲ့ပြီး ကောင်းကင်ယံမှ မိုးတိမ်တောင်ကြီးများလည်း လွင့်စင်သွားခဲ့တော့သည်။
ရှဲ့ထျန်းသည် ၎င်းကို ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံကာ ဟူပိုင်၏ ရှေ့မှောက်သို့ ဂရုတစိုက် သယ်ဆောင်လာခဲ့၏။ သူ၏ အဝတ်အစားများမှာလည်း အနည်းငယ် တူးလောင်နေခဲ့သည်.... "သား.. မြန်မြန်.. မင်းရဲ့ မီးဓာတ်စွမ်းအားကို သုံးပြီး သူ့ကို နောက်ဆုံးချက် တိုက်ခိုက်လိုက်.. ဒါဆိုရင် ဒီဝိညာဉ်ကွင်းက မင်းအပိုင် ဖြစ်ပြီ.."
ရှဲ့ထျန်းက အထူးတလည် ပြောရန်မလိုဘဲ သူ လျှောက်လာကတည်းကပင် ဟူပိုင်သည် သူ၏ နယ်ပယ်ကို ဖြန့်ကျက်ထားပြီး ဖြစ်ကာ လေထုထဲမှ မီးဓာတ်စွမ်းအင်များကို စုစည်းနေခဲ့သည်။ မြေခွေးမီးတောက်ကို သိပ်သည်းစေပြီးနောက် သူသည် မိုးကြိုးငရဲနွယ်ပင်ဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။
မိုးကြိုးငရဲနွယ်ပင်သည် လျှပ်စီးဓာတ်သတ္တိရှိသော်လည်း သစ်ပင်စနစ်သုံး ဝိညာဉ်သားရဲ ဖြစ်သည့်အတွက် သစ်သားဓာတ်သတ္တိကို ပိုင်ဆိုင်ထားရာ မီးဓာတ်နှင့် တွေ့ပါက တန်ပြန်ခြင်း ခံရမည် ဖြစ်၏။
အဆုံးစွန်၌ မိုးကြိုးငရဲနွယ်ပင်သည် မီးဒဏ်ကို မခံနိုင်ချေ။
မြေခွေးမီးတောက်၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် မိုးကြိုးငရဲနွယ်ပင်ထံမှ နက်မှောင်သော ဝါရောင်ဝိညာဉ်ကွင်းတစ်ခုသည် တရွေ့ရွေ့ မြင့်တက်လာခဲ့တော့သည်။ ဟူပိုင်သည် တုံ့ဆိုင်းမနေဘဲ ယင်းကို မိမိထံသို့ တိုက်ရိုက် လမ်းညွှန်ကာ စုပ်ယူကျင့်ကြံခြင်းကို စတင်လိုက်ချေတော့သည်။
ဝိညာဉ်ကျောင်းတော်..
"အရှင်မင်းကြီး.. အမိန့်တော်အတိုင်း ကျွန်တော်မျိုး ရှဲ့မိသားစု အိမ်တော်ကို သွားခဲ့ပါတယ်.. ရှဲ့ယွဲ့ဆီကနေ ကြားသိရတဲ့ သတင်းအရတော့ ဟူလီနာက အဆင့်(၁၀) ဝိညာဉ်စွမ်းအားကို ဖောက်ထွက်ဖို့အတွက် အခန်းအောင်း ကျင့်ကြံနေတာကြောင့် ဧည့်သည်တွေနဲ့ တွေ့ဆုံဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်ဗျာ.." ယွဲ့ကွမ်းက ရိုသေလေးစားစွာဖြင့် အစီရင်ခံလိုက်သည်။
"ဟွန်း.." ပီပီတုန်းသည် သူမ၏ ရွှေစင်အာဏာပြတံကို မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဆောင့်ချလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်.... "ဟူလီနာကို တွေ့လို့မရဘူးဆိုရင်.. ရှဲ့ထျန်းကော ဘယ်ရောက်နေလဲ.. ဟူလျဲ့ယောင်ကော.. ပြီးတော့ ဟူပိုင်ကော ဘယ်မှာလဲ.."
ယွဲ့ကွမ်း၏ နဖူးပြင်ထက်မှ ချွေးစေးများပင် စီးကျလုနီးပါး ဖြစ်သွားရရှာသည်.... "ဒါက.."
အမှန်တကယ်တော့ ရှဲ့ယွဲ့က မည်သူ့ကိုမျှ မတွေ့နိုင်ကြောင်း ငြင်းဆိုခဲ့စဉ်ကတည်းက သူသည် သူ၏ စိတ်အာရုံစွမ်းအားကို သုံးပြီး အိမ်တော်တစ်ခုလုံးကို ခဏမျှ စူးစမ်းကြည့်ခဲ့ပြီး ဖြစ်ရာ ရှဲ့ထျန်းတို့ ဇနီးမောင်နှံနှင့် ဟူပိုင်တို့ သုံးဦးစလုံး အိမ်တွင် မရှိကြသည်မှာ အမှန်ပင် ဖြစ်၏။
သူ၏ ရင်ထဲတွင်လည်း အတွေးတစ်ခု ရှိနေခဲ့ပြီး ဖြစ်သည်.... သူတို့ နှစ်ယောက်စလုံးက ဟူပိုင်ကို ခေါ်ပြီး ပထမဆုံး ဝိညာဉ်ကွင်း ရယူပေးဖို့ ကြယ်တာရာတောအုပ်ကြီးဆီ တိုက်ရိုက် သွားလိုက်ကြတာများလား။
"မင်း ပြောစမ်း.. သူတို့တွေ ဝိညာဉ်သားရဲတွေ သွားရှာနေကြတာလား.." ပီပီတုန်းက အေးစက်စွာ ပြောလိုက်၏။
ယွဲ့ကွမ်းက ပြန်လည်မဖြေကြားချေ။ ပီပီတုန်းသည် မိမိအား မေးမြန်းနေခြင်း မဟုတ်ဘဲ မိမိဘာသာ ရေရွတ်နေခြင်း ဖြစ်ကြောင်း သူ သိရှိထားပြီး အခြေအနေမှာလည်း ထိုသို့ ဖြစ်နေရန် ရာခိုင်နှုန်း အလွန်များပြားလှပေသည်။
"ရှဲ့ထျန်းတို့ ပြန်လာတဲ့အခါ.. ဟူပိုင်နဲ့ ဟူလီနာကို ခေါ်ပြီး ငါ့ဆီ ချက်ချင်း လာတွေ့ခိုင်းလိုက်.."
ပီပီတုန်းသည် ဤအေးစက်သော အမိန့်တော်ကို ချန်ထားခဲ့ပြီးနောက် အရှင်မင်းကြီး နန်းဆောင်အတွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။
ယွဲ့ကွမ်းက 'ဟုတ်ကဲ့ပါ' ဟု ပြန်လည်ထူးလိုက်ပြီး ရင်ထဲတွင်မူ မချိတင်ကဲ ဖြစ်သွားရရှာသည်.... "ဟူပိုင်.. ငါ့တူလေးရာ.. မင်းက သာမန်အချိန်ဆို သိပ်ဉာဏ်ကောင်းတာပဲဥစ္စာ.. ဘာလို့ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ မိုက်မဲရတာလဲ.. ဝိညာဉ်ကွင်းတစ်ခု ရဖို့အတွက် နာရီဝက်၊ ရက်ဝက်လောက် နောက်ကျတာက တကယ့်ကို အဲဒီလောက်အထိ အရေးကြီးနေလို့လား.."
ယွဲ့ကွမ်းသည် သူ၏ လက်ထဲမှ ရရှိခဲ့ဖူးသော ဝိညာဉ်ရိုးတွင်းခြင်ဆီ အရိုးအကြောင်းကို တွေးတောမိလိုက်ပြီး နောင်တွင် သူတို့အတွက် အသနားခံပေးရန် ဆုံးဖြတ်လိုက်တော့သည်။ အဆုံးစွန်၌ ဤသည်မှာ ပထမဆုံး ဝိညာဉ်ကွင်းမျှသာ ဖြစ်သည် မဟုတ်ပါလော။ ဟူပိုင်၏ ပထမဆုံး ဝိညာဉ်စွမ်းရည်က စိတ်ဝိညာဉ်ညှို့ယူမှု ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်နေသရွေ့ ပီပီတုန်းအနေဖြင့်လည်း အလွန်အမင်း ဒေါသထွက်လိမ့်မည် မဟုတ်ချေ။
ရှဲ့မိသားစု အိမ်တော်..
ယွဲ့ကွမ်း ထွက်ခွာသွားပြီးနောက်တွင် ရှဲ့ယွဲ့သည် ဟူလီနာနှင့် တွေ့ဆုံလိုက်ပြီး သက်ပြင်းချလိုက်မိသည်.... "နာနာ.. တို့တွေ ဆက်ပြီး ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူး ထင်တယ်.. ဒါက ဒုတိယအကြိမ် ရှိပြီ.. ပထမအကြိမ်တုန်းက သာမန် အစောင့်တစ်ယောက်ပဲ ဆိုပေမဲ့ အခုတစ်ကြိမ်ကတော့ သက်တော်ရှည် ဂန္ဓာရကိုယ်တိုင် လာတာ.. တို့တွေရဲ့ လှည့်ကွက်လေးက အသုံးမဝင်တော့ဘူး.."
"ဟူး.. ဖေဖေတို့ မေမေတို့နဲ့ ညီလေးတို့ မြန်မြန် ပြန်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ.."
ဟူလီနာက အနည်းငယ် စိုးရိမ်ပူပန်နေသည်.... "အစ်ကိုကြီး.. အကယ်၍ ဆရာက အလွန်အမင်း ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲဟင်.. အစ်ကိုပိုင်ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက ဆရာ့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေရင်တော့ အဆင်ပြေမှာ ဖြစ်ပေမဲ့ အကယ်၍ မကိုက်ညီရင်တော့...."
ရှဲ့ယွဲ့က ခေါင်းကို ခါယမ်းလိုက်ရင်း.... "ရှောင်ပိုင်က အနည်းဆုံးတော့ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် သခင်ပဲဟာ.. အရှင်မင်းကြီးက သူ့ကို ဘာမှ လုပ်မှာမဟုတ်ပါဘူး.. အလွန်ဆုံး ရှိလှရင် ဒေါသထွက်ရုံပဲ ရှိမှာပါ.."
ရုတ်တရက် ရှဲ့ယွဲ့သည် တစ်စုံတစ်ခုကို တွေးတောမိသွားပြီး ဟူလီနာကို လေးနက်စွာ ကြည့်လိုက်သည်.... "နာနာ.. မင်း ပြောဖူးတယ် မဟုတ်လား.. တို့နှစ်ယောက်ကြားမှာ ဝိညာဉ် တုန်ခါမှု တူညီမှု ရှိတယ်ဆိုတော့ ရှောင်ပိုင်နဲ့ကော အဲဒီလို တူညီမှု ရှိနိုင်မလား.. မင်းနဲ့သူက အမြွှာမောင်နှမတွေပဲဥစ္စာ.. မင်းဆီမှာ အဲဒီလို အာရုံခံစားချက်မျိုး ရှိလား.."
ဟူလီနာမှာ အနည်းငယ် ကြောင်အသွားရရှာသည်.... "ဒါက.... ညီမ တကယ် သတိမထားမိဘူး အစ်ကိုကြီး.. ဝိညာဉ် နိုးထလာပြီးတဲ့နောက်မှာ အမြီးကိုးချောင်းကောင်းကင်မြေခွေးဆီကနေ ဖိနှိပ်မှုကို ခံစားရတာကလွဲလို့ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် မထင်မရှား တုန်ခါမှု တူညီမှုတစ်ခု ရှိခဲ့သလိုပဲ.. ဒါပေမဲ့ ညီမက အဲဒါကို အစ်ကိုကြီးနဲ့ ရှိနေတာလို့ပဲ ထင်နေခဲ့တာ.."
ရှဲ့ထျန်းတို့ ထွက်ခွာသွားပြီးနောက်တွင် ရှဲ့ယွဲ့နှင့် ဟူလီနာတို့ မောင်နှမ နှစ်ဦးသည် ဝိညာဉ် ပေါင်းစပ်ခြင်း စွမ်းရည်ကို လျှို့ဝှက်စွာ စမ်းသပ်ကြည့်ခဲ့ကြပြီး အမှန်တကယ်ပင် အောင်မြင်ခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း ဟူလီနာ၏ ဝိညာဉ်စွမ်းအား နိမ့်ကျလွန်းနေသေးခြင်းကြောင့် ပေါက်ကွဲပေါင်းစပ်ပြီး သုံးစက္ကန့်ပင်မပြည့်မီမှာပင် အလိုအလျောက် ပြန်လည်ကွဲကွာသွားခဲ့ရပြီး သူတို့ မောင်နှမ နှစ်ဦးစလုံး၏ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားခဲ့ရရှာသည်။
သို့သော်ငြားလည်း သူတို့ အလွန် ဝမ်းသာမိကြသည်မှာ အမှန်ပင် ဖြစ်၏။ သူတို့၏ မိဘများတွင် ဝိညာဉ် ပေါင်းစပ်ခြင်းစွမ်းရည် ရှိခဲ့ကြသကဲ့သို့ ယခုအခါ သူတို့ မောင်နှမ နှစ်ဦးတွင်လည်း ရှိနေခဲ့ပြီ မဟုတ်ပါလော။