အခန်း (၄၀) - ရေခဲနှင့်မီး ယင်ယန်ရေကန်နှင့် အဆိပ်ဒဏ်ကြောင့် အလူးအလဲခံနေရသော တူကူပေါ်
ယွဲ့ကွမ်းသည် မိမိတို့ရှေ့မှောက်ရှိ ကျယ်ပြန့်လှသော အဆိပ်မြူခိုးထုကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရင်း ဆိုသည်။
"ဒီနေရာမှာ ဘာဖြစ်လို့ အဆိပ်မော်ကွန်းအစီအရင် ရှိနေရတာလဲ။ ပြီးတော့ ဒီအဆိပ်မြူတွေရဲ့ အရှိန်အဝါက တော်တော်လေး ရင်းနှီးနေပါလား။ ဟုတ်တယ်... ဒါ အဲ့ဒီအဆိပ်အိုကြီးရဲ့ လက်ချက်ပဲ"
ဟူပိုင် ရင်ထဲ၌ တိတ်တဆိတ် ဝမ်းသာသွားမိသည်။ နေဝင်ဆည်းဆာတောအုပ်ကြီးက တော်တော်လေး ကျယ်ပြောလှရာ နာရီအနည်းငယ်အတွင်း ဤနေရာကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ တကယ့်ကို ကံကောင်းလွန်းလှပေသည်။
"ဦးလေးယွဲ့... ကျွန်တော်တို့ကို ဒီအဆိပ်အစီအရင်ထဲကနေ ဖြတ်ကျော်ခေါ်သွားပေးနိုင်မယ့် နည်းလမ်းရှိလားခင်ဗျာ။ ကျွန်တော်တို့ ရှာနေတဲ့အရာက အထဲမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ ဦးလေး တူကူပေါ်က ဒီနေရာမှာ အဆိပ်အတားအဆီးတွေ ဒီလောက်တောင် သေချာလုပ်ထားတယ်ဆိုတော့ သူ့ရဲ့ ဆေးဥယျာဉ်က အထဲမှာ ရှိနေလို့ မဟုတ်ဘူးလား"
ယွဲ့ကွမ်းလည်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကာ -
"ဒီအဆိပ်အိုကြီး အဲ့လောက်အထိ စိုးရိမ်တကြီး ကာကွယ်ထားရအောင် ဒါက ဘယ်လိုမျိုး ဆေးဥယျာဉ်မလို့လဲ"
ယွဲ့ကွမ်းအနေဖြင့် ထိုအဆိပ်မြူခိုးများ၏ နောက်ကွယ်တွင် တူကူပေါ်အတွက် အလွန်အရေးကြီးသော တစ်စုံတစ်ခု ရှိနေရမည်ဟု တွေးတောမိလိုက်သည်။ သို့မဟုတ်ပါက ဤမျှအထိ အားစိုက်ထုတ်ထားစရာ အကြောင်းမရှိချေ။
နောက်တစ်ကိုယ်တွင်မူ ဂန္ဓာရ ဒိုလော့သည် သူ၏ ထူးခြားဆန်းပြားလှသော ဝိညာဉ်ဖြစ်သည့် 'အဖိုးတန် ကောင်းကင်ဂန္ဓာရပန်း' ကို ဆင့်ခေါ်လိုက်ပြီး ၎င်း၏ စွမ်းပကားဖြင့် သူတို့လေးဦးစလုံးကို လွှမ်းခြုံပေးနိုင်မည့် အကာအကွယ်ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဤသည်မှာ သူ၏ ပထမမြောက် ဝိညာဉ်စွမ်းရည် ‘ဂန္ဓာရပန်း ကိုယ်ခန္ဓာကာကွယ်ခြင်း’ ပင် ဖြစ်၏။
သို့သော်လည်း ယွဲ့ကွမ်းသည် ဤမျှလောက်ဖြင့် စိတ်မချသေးသဖြင့် သူ၏ ဒုတိယမြောက် ဝိညာဉ်စွမ်းရည် ဖြစ်သော ‘ဂန္ဓာရပန်း အလင်းတန်း’ ကိုပါ ထပ်မံဖြည့်စွက်လိုက်သည်။ ဤစွမ်းရည်နှစ်ခုမှာ သူပိုင်ဆိုင်သမျှ ထုထည်အကြီးမားဆုံးသော ကာကွယ်ရေး ဝိညာဉ်စွမ်းရည်နှစ်ခု ဖြစ်ပေသည်။
"ကဲ... အထဲကို ဝင်ကြစို့" ယွဲ့ကွမ်းက ခပ်ဖွဖွ ပြုံးရင်း ဆိုလိုက်သည်။
ထိုကာကွယ်ရေး ဝိညာဉ်စွမ်းရည်နှစ်ခုကို မြင်လိုက်ရသည့်အခါမှပင် ဟူပိုင်သည် ဂန္ဓာရ ဒိုလော့တစ်ယောက် တူညီသောအဆင့်ရှိ ကျွမ်းကျင်သူများအကြား ဘာဖြစ်လို့ အလယ်အလတ်အဆင့်မှာပဲ ရှိနေရသလဲဆိုသည်ကို သတိရသွားတော့သည်။
ရိပ်မိသလောက်ဆိုလျှင် ယွဲ့ကွမ်းသည် မူလက ကာကွယ်ရေးလမ်းစဉ်ကို လျှောက်လှမ်းလိုခဲ့ပုံရသော်လည်း နောက်ပိုင်းတွင် တိုက်စစ်ဆင်နိုင်စွမ်း အားနည်းနေသည်ကို သတိပြုမိသွားသဖြင့် တိုက်စစ်ဝိညာဉ်ကွင်းများကိုပါ ရောနှောထည့်သွင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တိုက်စစ်စနစ်သုံး ဝိညာဉ်သခင်များအကြားတွင် ထူးထူးခြားခြား အစွမ်းထက်လှသူတစ်ဦး ဖြစ်မလာခဲ့ခြင်းပင်။
အကယ်၍ အဆင့် (၉၅) ရှိသော တိုက်မုပိုင်နှင့် ယွဲ့ကွမ်းတို့သာ တိုက်ခိုက်ကြမည်ဆိုပါက ယွဲ့ကွမ်း သေချာပေါက် ရှုံးနိမ့်သွားမည်မှာ အလွန်ပင် ထင်ရှားလှပေသည်။
ဟူပိုင်အတွက် အမှတ်ရဆုံးဖြစ်စေခဲ့သည်မှာ ယွဲ့ကွမ်း၏ ကိုးခုမြောက် ဝိညာဉ်စွမ်းရည် ဖြစ်သော ‘ဂန္ဓာရပန်းပွင့်ကြွေ မြေပြင်တစ်ခုလုံး ဒဏ်ရာဗရပွ၊ ပန်းကမ္ဘာကြွေလွင့် ရင်ကွဲနာကျခြင်း’ ပင်။ ဝိညာဉ်စွမ်းရည်၏ အမည်နာမကို ကြည့်ရုံမျှဖြင့် ထိုစွမ်းရည်သည် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေကြောင်း သိသာလှပေသည်။
အဓိကအချက်မှာ တိုက်စစ်စနစ်သုံး ဝိညာဉ်သခင်တစ်ဦး၏ အစွမ်းထက်ဆုံး ကိုးခုမြောက် ဝိညာဉ်စွမ်းရည်သည် တစ်ဦးတည်းကို ပစ်မှတ်ထားသော တိုက်ကွက်မဟုတ်ဘဲ အစုအဖွဲ့လိုက် တိုက်ခိုက်သည့် စွမ်းရည်ဖြစ်နေသဖြင့် တိုက်ခိုက်နိုင်စွမ်းအားကို လူခွဲလိုက်သလို ဖြစ်နေခြင်းပင်။
ယွဲ့ကွမ်း၏ လမ်းပြမှုအောက်တွင် ဟူပိုင်သည်လည်း သူ၏ နဖူးထက်မှ တတိယမြောက်မျက်ဝန်း (နတ်မျက်စိ) ကို တိတ်တဆိတ် ဖွင့်လှစ်လိုက်ပြီး ထူထပ်လှသော အဆိပ်မြူခိုးများကို ဖောက်ထွင်းကာ အတွင်းဘက်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်ရန် ကြိုးပမ်းလိုက်သည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့လေးဦးစလုံးသည် အဆိပ်မြူခိုးများကို ဖြတ်ကျော်ကာ အဆိပ်ငွေ့များ ကင်းစင်နေသည့် တောင်ကြားကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့ကြတော့သည်။
ထိုနေရာကို ရောက်ရှိသွားချိန်တွင် သူတို့ မြင်တွေ့လိုက်ရသည်မှာ လှပဆန်းပြားလှသော ‘ပန်းပင်လယ်ကြီး’ တစ်ခုပင်။ ယွဲ့ကွမ်း၏ မျက်ဝန်းများ ဝင်းပသွားရပြီး မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
"ဒီအဆိပ်အိုကြီးမှာ ဒီလိုမျိုး ဆန်းကြားလှတဲ့ ရတနာမြေကြီး ရှိနေလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး"
သို့သော်လည်း ယွဲ့ကွမ်း စကားမဆုံးမီမှာပင် တောင်ကြား၏ ဗဟိုချက်မ၌ ဆံပင်အစိမ်းရောင်နှင့် အဖိုးအိုတစ်ဦးက တင်ပျဉ်ခွေထိုင်နေပြီး ၎င်း၏မျက်နှာမှာ အလွန်ပင် နာကျင်ပူဆွေးနေဟန် ရှိသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ နောက်ကွယ်တွင်မူ ‘မြစိမ်းရောင် အဆိပ်မြွေဟောက်’ ဝိညာဉ်ပုံရိပ်ကြီးက အားနည်းစွာဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေ၏။
တူကူပေါ်သည် တစ်စုံတစ်ဦးက သူစီရင်ထားသော အဆိပ်အတားအဆီးကို ဖောက်ထွင်းဝင်ရောက်လာကတည်းက သိရှိထားသော်လည်း သူ၏ လက်ရှိအခြေအနေအရ မည်သို့မျှ ခုခံနိုင်စွမ်း မရှိချေ။ သူ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ရောက်လာသူမှာ ဂန္ဓာရပတ် ယွဲ့ကွမ်းဖြစ်ကြောင်း မြင်လိုက်ရသည့်အခါတွင်မူ အကြောင်းရင်းမရှိဘဲ ရင်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိရှာသည်။
"ဂန္ဓာရပတ်... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" တူကူပေါ်က ခန္ဓာကိုယ်တွင်းမှ ပြင်းထန်လှသော နာကျင်မှုကို အောင့်အီးသည်းခံရင်း ဖြူဖျော့လှသော မျက်နှာဖြင့် မေးမြန်းလိုက်သည်။
"အဆိပ်အိုကြီး... မင်း ကိုယ်တိုင်ပဲ အဆိပ်မိနေတာလား။ လောကမှာ အဆိပ်ပညာနဲ့ နာမည်ကြီးလှတဲ့ အဆိပ်ဒိုလော့က မိမိရဲ့ ကိုယ်ပိုင်ဝိညာဉ်အဆိပ် ဒဏ်ပြန်ချက်ကြောင့် အလူးအလဲ ခံနေရတယ်ပေါ့။ မင်း အခုအချိန်အထိ အသက်ရှင်နေသေးတာကိုက တကယ့်ကို အံ့ဩစရာပဲ။ အော်... မဟုတ်သေးပါဘူး၊ အကယ်၍ ဒီနေရာသာ မရှိရင် မင်း ဒီနေ့အထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး မလား"
ယွဲ့ကွမ်း၏ အကဲခတ်ဉာဏ်ဖြင့် တူကူပေါ် အဘယ်ကြောင့် အဆိပ်မိနေရသနည်းဟူသည်ကို သဘာဝကျကျပင် မြင်တွေ့နိုင်ပေသည်။ ယခင်က တိုက်ပွဲများစွာ ဆင်နွှဲခဲ့စဉ်အတွင်း သူ သတိမထားမိခဲ့ခြင်းမှာ တူကူပေါ်က ထိုဒဏ်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး အဆိပ်ဒဏ် မပေါ်ပေါက်သေးသောကြောင့်သာ ဖြစ်၏။
"ဟွန့်... လာပြီး ခနဲ့မနေနဲ့။ ငါ့ရဲ့ လက်ရှိအခြေအနေအရ မင်း ငါ့ကို သတ်ချင်သတ်၊ ဒါမှမဟုတ် အပိုင်းပိုင်းပဲ ပိုင်းပစ်ချင် ပိုင်းပစ်၊ မင်း သဘောပဲ"
တူကူပေါ်က မိမိ၏ ကံကြမ္မာကို လက်ခံလိုက်ပုံရသော်လည်း သူ၏ မြေးမလေးကို ရုတ်ချည်း အမှတ်ရသွားဟန်ဖြင့် လေသံကို အနည်းငယ် နှိမ့်ချကာ တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် ထပ်မံဆိုသည်။
"ဂန္ဓာရပတ်... ငါတို့နှစ်ယောက် အကြိမ်ကြိမ် လက်ရည်စမ်းခဲ့ဖူးတဲ့ သံယောဇဉ်ကို ငဲ့ညှာပြီး ငါ့ရဲ့မြေးမလေးကိုတော့ မထိပါနဲ့။ သူမက ငါ့အတွက် ဒီလောကမှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော မိသားစုဝင်မလို့ပါ"
"အကြီးအကဲ အဆိပ်ဒိုလော့...အကြီးအကဲအနေနဲ့ မြေးမလေးကို အဲ့လောက်တောင် မခွဲနိုင်မခွာနိုင် ဖြစ်နေရင် ဘာဖြစ်လို့ အမြန်ဆုံး နေကောင်းအောင် ကုသဖို့ နည်းလမ်းမရှာတာလဲ"
ထိုစဉ်တွင် ထွက်ပေါ်လာသော အသံငယ်လေးတစ်ခုကြောင့် တူကူပေါ်၏ အာရုံက ရောက်ရှိသွားခဲ့ရာ ယွဲ့ကွမ်း၏ ဘေးတွင် ရပ်နေသော ချောမောလှပသည့် ကလေးငယ်လေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
တူကူပေါ်က အေးစက်စွာဖြင့် -
"မင်းက ဘယ်သူလဲ။ ငါ နည်းလမ်းမရှာခဲ့ဘူးလို့ မင်း ထင်နေတာလား။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ နည်းလမ်းပေါင်းစုံ သုံးခဲ့ဖူးတယ်၊ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ဘူး။ အကယ်၍ ဒီနေရာသာ မရှိရင် ငါ သေတာ ကြာလှပြီ"
ဟူပိုင်က စိတ်ထဲမှနေ၍ ‘စီနီယာက အစွမ်းမရှိရင်လည်း ဝန်ခံလိုက်ပါဦး’ ဟု ပြောလိုက်ချင်မိသည်။ စီနီယာ ကုသလို့မရတာက ဝိညာဉ်ခန်းမဆောင်ကော ကုသလို့မရဘူးလို့ ဆိုလိုတာမှ မဟုတ်ဘဲ။
ဟူပိုင်က ယွဲ့ကွမ်းအား မျက်ရိပ်ပြလိုက်ရာ ယွဲ့ကွမ်းက သဘောပေါက်သွားပြီး တူကူပေါ်ကို ကြည့်ကာ ဆိုသည်။
"သူကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ တပည့်အသစ် ‘ဟူပိုင်’ ပဲ ဖြစ်တယ်။ ပြီးတော့ ငါ့ဘေးက နှစ်ယောက်ကတော့ သူ့ရဲ့ အဖေနဲ့အမေ ရှဲ့ထျန်းနဲ့ ဟူလျဲ့ယောင် တို့ပေါ့။ အဆိပ်အိုကြီး... တကယ်လို့ မင်းမှာ နည်းလမ်းမရှိတော့ဘူးဆိုရင် ငါတို့ ဝိညာဉ်ခန်းမဆောင်ထဲကို ဝင်ရောက်ပူးပေါင်းဖို့ ဘာလို့ မစဉ်းစားတာလဲ။ ငါ အထက်ကို တင်ပြပေးမယ်... ဝိညာဉ်ခန်းမဆောင်ထဲမှာ မင်းရဲ့ ဝိညာဉ်အဆိပ်ဒဏ် ပြန်ချက်ကို ကုသပေးနိုင်မယ့်သူ ရှိကောင်းရှိနိုင်တာပဲလေ"
သို့သော် တူကူပေါ်က ချက်ချင်းပင် ငြင်းဆိုလိုက်၏။
"ငါ့ကို ဝိညာဉ်ခန်းမဆောင်ထဲ ဝင်ခိုင်းတာလား။ မဖြစ်နိုင်တာ.. မင်းတို့ ဝိညာဉ်ခန်းမဆောင်ထဲမှာ ငါ့ထက် အဆိပ်ပညာ ပိုကျွမ်းကျင်တဲ့သူ ရှိလို့လား။ ရှိတယ်ပဲ ထားဦးတော့... သူတို့က ငါ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ မသေချာဘူး။ ဒါ့အပြင် မင်းသားရွှေရှင်းက ငါ့အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးရှိခဲ့ဖူးတယ်။ အကယ်၍ ငါက မင်းတို့ ဝိညာဉ်ခန်းမဆောင်ဘက် ပါသွားမယ်ဆိုရင် ငါက ကျေးဇူးကန်းတဲ့ လူယုတ်မာ ဖြစ်သွားမှာပေါ့"
တူကူပေါ်သည် အချို့သော အချက်အလက်များတွင် တကယ့်ကို ခေါင်းမာပြီး ကတိတည်တတ်သူ ဖြစ်ပေသည်။ အကယ်၍ သူသည် မဖြောင့်မတ်သော လူယုတ်မာတစ်ဦးလားဆိုလျှင်လည်း မဟုတ်ပေ... သူသည် မူလက ထန်ဆန်း၏ ပြင်ပဝိညာဉ်အရိုးကို မက်မောခဲ့ဖူးသည်။ သို့သော် သူသည် သူတပါး၏ ကျေးဇူးကို ဆယ်ဆ၊ အဆတစ်ရာ ပြန်လည်ပေးဆပ်တတ်သူလည်း ဖြစ်ပြန်သည်။ အတိုချုပ်ရလျှင် တူကူပေါ်သည် အကောင်းအဆိုး ရောနှောနေပြီး မိမိစိတ်အလိုအတိုင်း နေထိုင်တတ်သော်လည်း ကိုယ်ပိုင်စည်းကမ်းချက်များကိုတော့ တန်ဖိုးထားသူ ဖြစ်၏။
ယွဲ့ကွမ်းက တည်ငြိမ်စွာ ဆိုသည်။
"မင်းသားရွှေရှင်းက အတိတ်က မင်းရဲ့အသက်ကို ဘယ်လိုမျိုး ကယ်တင်ခဲ့လဲဆိုတာ ငါ မသိပေမဲ့... အကယ်၍ အခုအချိန်မှာ ငါက မင်းရဲ့ ဝိညာဉ်အဆိပ်ဒဏ်ကို သက်သာအောင် ကူညီပေးနိုင်မယ်ဆိုရင် မင်း ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား။ ပြီးတော့ မင်း ငါ့ရဲ့ကျေးဇူးကိုကော ဘယ်လို ပြန်ဆပ်မှာလဲ"
တူကူပေါ် - "???"
"ငါကိုယ်တိုင်တောင် ဒီအဆိပ်ကို ဖြေရှင်းဖို့ နည်းလမ်းမရှိတာကို မင်းက အခု သက်သာအောင် ကူညီပေးနိုင်မယ်လို့ ပြောနေတာလား" တူကူပေါ်က ယွဲ့ကွမ်းကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
ယွဲ့ကွမ်းက ခပ်ဖွဖွ ရယ်မောရင်း -
"ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။ မင်းကို သက်သာအောင် ကူညီပေးပြီးရင် မင်းရဲ့ ဒီရတနာမြေကြီးက ငါ့အပိုင် ဖြစ်ရမယ်။ ဘယ်လိုလဲ"
"မဖြစ်နိုင်တာ" တူကူပေါ်သည် မိမိ၏ အသက်သွေးကြောကို ထိပါးခံလိုက်ရသလိုမျိုး တွေးတောခြင်းမရှိဘဲ ချက်ချင်းပင် ပြန်လည်အော်ဟစ်လိုက်၏။ "ဒီနေရာကို ငါ အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့တာ။ ပြီးတော့ ဒီထဲက ဆေးပင်အချို့ကိုလည်း ငါ တန်ဖိုးထားတာမလို့ လုံးဝမပေးနိုင်ဘူး"
ဂန္ဓာရပတ်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားရသည်။ သူ ခံစားမိသလောက်ဆိုလျှင် တူကူပေါ်သည် ဤနေရာမှ တကယ့် နတ်ဆေးမြစ်အများစုကို လုံးဝ မှတ်မိခြင်းမရှိပေ။ သို့မဟုတ်ပါက ယနေ့ထက်တိုင် ဝိညာဉ်အဆိပ်ဒဏ်ကို အလူးအလဲ ခံစားနေရစရာ အကြောင်းမရှိချေ။
ထိုစဉ်တွင် ဟူပိုင်က ကြားဖြတ်၍ စကားဆိုလိုက်သည်။
"ဒါဆိုရင်... ကျွန်တော်တို့က အကြီးအကဲရဲ့ ရောဂါဝေဒနာကို အမြစ်ပြတ်အောင် လုံးဝ ဥဿုံ ကုသပေးနိုင်မယ်ဆိုရင်ကော... ဒီရတနာမြေကြီးကို ကျွန်တော့်ကို ပေးမလား... ဘယ်လိုလဲ။ အမှန်တော့ အကြီးအကဲရဲ့ လက်ရှိအခြေအနေအရ ကျွန်တော်တို့ အကြီးအကဲကို သတ်ပစ်လိုက်ရင်လည်း ဒီရတနာမြေက ကျွန်တော်တို့အပိုင် ဖြစ်လာမှာပဲလေ။ ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်လို့ အဆိပ်ဒိုလော့နဲ့ ဒီလောက်အထိ အချိန်ကုန်ခံပြီး စကားပြောနေရလဲဆိုတာ အကြီးအကဲ ရင်ထဲမှာ အသိဆုံး ဖြစ်မှာပါ"
"အကြီးအကဲအနေနဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် မတွေးရင်တောင် မြေးမလေးအတွက်တော့ တွေးပေးသင့်တယ် မဟုတ်လား။ နှုတ်ကပဲ သူမဟာ ဒီလောကမှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော မိသားစုဝင်ပါလို့ ပြောခဲ့တယ်လေ။ ဒါဆိုရင် အကြီးအကဲရဲ့ ဒီဝိညာဉ်အဆိပ်ဒဏ်က မျိုးရိုးလိုက်တတ်ပြီး အမျိုးသမီးတွေအပေါ်မှာပါ သက်ရောက်မှု ရှိနေတာပေါ့။ တစ်နည်းအားဖြင့် ပြောရရင် အကြီးအကဲရဲ့ မြေးမလေးဟာလည်း လက်ရှိမှာ အဆိပ်မိနေပြီး ဘယ်အချိန်မှာ အဆိပ်ဒဏ် ပြန်ပေါ်လာမလဲဆိုတာ မသိနိုင်ဘူးလေ။ မြေးမလေး အဆိပ်ဒဏ်ကြောင့် မျက်စိရှေ့တင် သေဆုံးသွားတာကို ထိုင်ကြည့်နေချင်လို့လား"