အခန်း (၃၉) - လူအူကြောင်ကြောင်ကြီး တူကူပေါ် - "ငါ့ကို မြေပဲကျွေးပါဦး"
“ဒီအမည်ပြောင်က တကယ်တော့ အဆိပ်အိုကြီးတစ်ယောက် ငါ့ကို ပေးခဲ့တာပါ။ သူက ထျန်းတောက်မြို့မှာ ရှိတယ်လေ... အဆိပ်ဒိုလော့ တူကူပေါ် ပေါ့။ ငါက နှစ်တိုင်း ဝိညာဉ်ခန်းမဆောင်ရဲ့ တာဝန်နဲ့ ထျန်းတောက် တော်ဝင်မိသားစုဆီ သွားနေရတော့ ကြာလာတော့ ငါတို့နှစ်ယောက် ရင်းနှီးသွားကြတာ။”
“ဒါပေမဲ့ ငါက ဝိညာဉ်ခန်းမဆောင်ကဖြစ်ပြီး သူကတော့ မင်းသားရွှေရှင်းက သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးလို့ တော်ဝင်မိသားစုဘက်ကနေ ကာကွယ်ပေးနေတာလေ။ အပြင်လူတွေအမြင်မှာ သူက ထျန်းတောက် တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံပေါ့။ ငါတို့အဖွဲ့အစည်းချင်းက ဆန့်ကျင်ဘက်ဖြစ်နေတော့ ရံဖန်ရံခါ လက်ရည်စမ်းပွဲတွေ ဖြစ်တတ်ကြတယ်။ နောက်ဆုံးအကြိမ် တိုက်ခဲ့တာကတော့... ဟင်း... လွန်ခဲ့တဲ့ လအနည်းငယ်က ထင်တယ်”
ဟူပိုင်က ဘာမှမသိသလို ဟန်ဆောင်ကာ ‘ဝေခွဲမရဟန်’ ဖြင့် မေးလိုက်သည်။
“ဒါဆိုရင် ဦးလေးယွဲ့ရဲ့ စွမ်းအားက အဆိပ်ဒိုလော့ထက် ပိုသာတာပေါ့၊ ဟုတ်လား။ ဒါဆို ဘာလို့ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် အနိုင်မရဘဲ သတ်ပုတ်နေကြတာလဲ”
ယွဲ့ကွမ်းက အားရပါးရ ရယ်မောလိုက်ပြီး -
“မှန်တာပေါ့... ငါက သူ့ထက် ပိုသန်မာတာပဲ။ သူက ဘာပဲဖြစ်ဖြစ် ဘွဲ့အမည်ခံ ဒိုလော့တစ်ဦး ဖြစ်နေတော့ ငါ့ရဲ့နဂိုအတွေးက သူ့ကို ထျန်းတောက် တော်ဝင်မိသားစုဆီကနေ ငါတို့ ဝိညာဉ်ခန်းမဆောင်ဘက်ပါအောင် စည်းရုံးဖို့ပဲလေ။”
“ဒါကြောင့် ငါ သူ့ကို အနိုင်ယူနိုင်ပေမဲ့ ဘယ်တုန်းကမှ အသေသတ်ဖို့ မကြိုးစားခဲ့ဘူး။ မိတ်ဆွေချင်း လက်ရည်စမ်းတဲ့ သဘောလောက်ပါပဲ။”
ယွဲ့ကွမ်းက စကားပြောရင်း ဟူပိုင် စိတ်ဝင်တစား နားထောင်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ စူးစမ်းလိုက်သည်။
“ဘာလဲ... မင်းက ဒီ တူကူပေါ်ကို စိတ်ဝင်စားလို့လား”
ဟူပိုင်က ခေါင်းညိတ်လိုက်ပြီး တမင်တကာပင် ဆို၏။
“ဦးလေးယွဲ့ ပြောတော့ ဒီအဆိပ်ဒိုလော့ ဆရာကြီးက အဆိပ်တွေ ဖော်စပ်ရတာ ဝါသနာပါတာဆို။ ဒါဆို သူကလည်း ဦးလေးလိုပဲ ဆေးဖက်ဝင်အပင်တွေအကြောင်း အများကြီး သိမှာပေါ့။ အဲ့ဒီလို အပင်တွေနဲ့ အမြဲလုံးပန်းနေတဲ့သူက ဆေးပင်တွေကို အပြင်ဆိုင်တွေကနေပဲ အမြဲ ဝယ်နေမှာမဟုတ်ဘူး။ သူ့မှာ ကိုယ်ပိုင်စိုက်ပျိုးထားတဲ့ ဆေးဥယျာဉ်မျိုး ရှိမနေနိုင်ဘူးလား”
ယွဲ့ကွမ်း ခေတ္တမျှ ကြောင်အသွားပြီးမှ ပြုံးလိုက်သည်။
“ကောင်လေးရာ... မင်းက တူကူပေါ်ဆီမှာ ငါတို့ရှာနေတဲ့ နတ်ဆေးမြစ်တွေ ရှိနေနိုင်တယ်လို့ တွေးနေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အကယ်၍ သူ့မှာ တကယ်သာ ရှိနေရင် သူကိုယ်တိုင်ပဲ စားသုံးလိုက်မှာပေါ့၊ ငါတို့ကို ဘယ်စောင့်မလဲ။ တူကူပေါ်က အစွမ်းပိုင်းမှာ အားနည်းတယ်ဆိုပေမဲ့ ဆေးပင်တွေအကြောင်း နားလည်မှုကတော့ ဒီကုန်းမြေကြီးရဲ့ ထိပ်သီးတွေထဲက တစ်ယောက်ပဲဟေ့။”
*တူကူပေါ် - “...”*
ဟူပိုင် ရင်ထဲ၌ ခိုးပြုံးလိုက်မိသည်။ ဦးလေးယွဲ့ရေ... ဦးလေး ကွက်တိပြောမိသွားတာပဲ။ တူကူပေါ်မှာ ရတနာမြေကြီး ရှိနေတာမှန်ပေမဲ့ သူကိုယ်တိုင်ကတော့ လုံးဝ သတိမထားမိရှာဘူး။ သူက အဲ့ဒီ နတ်ဆေးမြစ်တွေအကြောင်း ဘာမှမသိလို့ နောက်ပိုင်းကျတော့ ထန်ဆန်းက အလကား သက်သက် ဝင်နှိုက်သွားတာလေ။
မူလက တူကူပေါ်နဲ့ ထန်ဆန်းရဲ့ ဆက်ဆံရေးက အလဲအလှယ်သဘောပဲ ဖြစ်သည်။ အကယ်၍ ထန်ဆန်းက သူ့ခန္ဓာကိုယ်နဲ့ တူကူပေါ်နှင့် မြေးမလေးရဲ့ အဆိပ်ဒဏ်ကို ကုသပေးနိုင်ရင် တူကူပေါ်က ထန်ဆန်းကို လွှတ်ပေးမယ့်အပြင် သူပိုင်ဆိုင်တဲ့ ပြင်ပဝိညာဉ်အရိုးကိုလည်း လုယူမှာ မဟုတ်ဘူးပေါ့။
ထန်ဆန်းက တူကူပေါ်ကို ကုသပေးပြီးတဲ့နောက် တူကူပေါ်က ကတိတည်ရုံတင်မကဘဲ ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်စည်းကမ်းတွေကို မချိုးဖောက်သရွေ့ ထန်ဆန်း တောင်းဆိုတဲ့ အချက်သုံးချက်ကို လိုက်လျောပေးခဲ့သေးသည်။
အဲ့ဒီမှာ ထန်ဆန်းရဲ့ ပထမဆုံး တောင်းဆိုချက်က ‘ရေခဲနှင့်မီး ယင်ယန်ရေကန်’ ထဲက နတ်ဆေးမြစ်တွေအကုန်လုံးကို ပြောင်သလင်းခါအောင် ခူးယူသွားဖို့ပဲ။ အမြစ်တွေ ချန်ထားခဲ့တယ်ဆိုပေမဲ့ ပြန်ပေါက်ဖို့ နှစ်ပေါင်းထောင်ချီ ကြာဦးမှာလေ။
ဒုတိယ တောင်းဆိုချက်ကတော့ တူကူပေါ်ကို ရွှေခရု သင်တန်းကျောင်းရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခိုင်းတာ ဖြစ်ပြီး၊ နောက်ပိုင်း ထန်ဂိုဏ်း တည်ထောင်တော့လည်း တူကူပေါ်က ထန်ဆန်းဘက်ကို ပါသွားခဲ့ရသည်။ ထန်ဆန်းက တူကူပေါ်ရဲ့ အိုမင်းရင့်ရော်တဲ့အချိန်အထိ လုပ်ကျွေးပြုစုပါ့မယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တမ်း နောက်ဆုံးမှာ ပြုစုစောင့်ရှောက်ခဲ့ရဲ့လားဆိုတာ ဘယ်သူမှ မသိကြတော့ပါဘူး။
ဒါကို ကြည့်ခြင်းအားဖြင့် ဟူပိုင်က တူကူပေါ်တစ်ယောက် အကြီးအကျယ် အမြတ်ထုတ်ခံလိုက်ရသည်ဟု ခံစားရသည်။ တူကူပေါ်ကသာ အဖက်ဖက်က ပေးဆပ်ခဲ့ရပြီး ထန်ဆန်းဆီကနေ ဘာအနှစ်သာရမှ ပြန်မရခဲ့ချေ။ အနည်းဆုံးတော့ အဲ့ဒီနတ်ဆေးမြစ်တွေကို တူကူပေါ်နဲ့ တူကူယန်တို့ကို ခွဲဝေပေးသင့်တာ မဟုတ်ပါလား။ ၎င်းတို့က မူလကတည်းက တူကူပေါ် ပိုင်ဆိုင်တဲ့ အရာတွေပဲလေ။
ထန်ဆန်းက အလစ်အငိုက် လုယူသွားရင်တောင် တစ်မျိုးပေါ့... လောကမှာ ရတနာဆိုတာ စွမ်းဆောင်နိုင်သူပဲ ပိုင်ထိုက်တာကိုး။ ဒါပေမဲ့ ထန်ဆန်းက ‘ကျေးဇူးတရား’ ဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး ပြောင်ပြောင်တင်းတင်းကြီး တောင်းဆိုသွားတာကို တူကူပေါ်ခမျာ ဘာမှပြန်မပြောနိုင်ရှာဘူး။
ဒါဟာ လူအူကြောင်ကြောင် အဖြစ်ခံရတာ သက်သက်မဟုတ်ရင် ဘာလဲ။
ဇာတ်လမ်းကို အကုန်သိနေတဲ့ ဟူပိုင်ကတော့ ဝိညာဉ်ခန်းမဆောင်ရဲ့ အကျိုးစီးပွားနဲ့ မဆန့်ကျင်သရွေ့ တူကူပေါ်ကို မိမိတို့ဘက်ပါအောင် စည်းရုံးဖို့ အစီအစဉ်အသေအချာ ရှိသည်။ မည်သည့်ရှုထောင့်ကကြည့်ကြည့် တူကူပေါ်ကို အနိုင်ယူသိမ်းသွင်းနိုင်ခြင်းက ဝိညာဉ်ခန်းမဆောင်အတွက် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပေလိမ့်မည်။
*တူကူပေါ် - “ငါ့ကို မြေပဲ ကျွေးပါအုံး....(ငါ့ကိုပဲ အသုံးချနေကြတာလား)”*
ဟူပိုင်က အပြစ်ကင်းစင်သော မျက်နှာအမူအရာလေးဖြင့် -
“အဲ့ဒါတော့ မသေချာဘူးနော် ဦးလေးယွဲ့။ စဉ်းစားကြည့်လေ... နယ်ပယ်မတူရင် ကျွမ်းကျင်မှုချင်းလည်း မတူနိုင်ဘူးလေ။ ဦးလေး လေ့လာထားတဲ့ နတ်ဆေးမြစ် ဗဟုသုတတွေက ဝိညာဉ်ခန်းမဆောင်က စုဆောင်းထားတဲ့ ရှေးဟောင်းကျမ်းစာတွေကနေ လာတာ။”
“ပြီးတော့ စီနီယာ တူကူပေါ်ကျတော့ကော။ သူ ရှာဖွေနိုင်တဲ့ မှတ်တမ်းမှတ်ရာတွေက ထျန်းတောက် တော်ဝင်မိသားစုရဲ့ မော်ကွန်းတိုက်လောက်ပဲ ရှိမှာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ မော်ကွန်းတိုက်က ကျွန်တော်တို့ ဝိညာဉ်ခန်းမဆောင်ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ဦးလေး သူ့ကို သိလာတာ ဒီလောက်ကြာပြီကို ဘာလို့ တခါမှ မမေးကြည့်ခဲ့တာလဲ”
ယွဲ့ကွမ်း - “...”
သူ့မှာ ရုတ်ချည်းပင် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။ ဟုတ်သားပဲ... အဲ့ဒီအဆိပ်အိုကြီးက တကယ့် နတ်ဆေးမြစ်တွေကို တကယ်ပဲ မမှတ်မိတာ ဖြစ်နိုင်တာပဲ။ မေးရမယ်... ငါ သေချာပေါက် သွားမေးရမယ်။
သို့သော် သူတို့နှစ်ဦး၏ ဆက်ဆံရေးအရ သူ သွားမေးလျှင်ပင် ထိုအဆိပ်အိုကြီးက ပြောပြပါ့မလားဟူသည်ကတော့ မသေချာချေ။
အချိန်များ ကုန်လွန်သွားခဲ့ရာ ဟူပိုင်တို့အဖွဲ့ စီးနင်းလာသော ရထားလုံးသည် နေဝင်ဆည်းဆာတောအုပ် အနီးသို့ ဆိုက်ရောက်လာခဲ့သည်။
“ရပ်လိုက်ပါ” ဟူပိုင်၏ အသံကြောင့် ရထားလုံး ချက်ချင်းပင် ရပ်တန့်သွား၏။
ယွဲ့ကွမ်းက ဟူပိုင်အား ဝေခွဲမရစွာ ကြည့်ရင်း -
“ဘာဖြစ်လို့လဲ ကောင်လေး... မင်း တစ်ခုခုကို အာရုံခံမိလို့လား”
ဟူပိုင်က ချက်ချင်းပင် အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
“ဒီတောအုပ်ထဲမှာ တစ်ခုခု ရှိနေသလိုမျိုး ကျွန်တော် ခံစားရလို့ပါ”
သူ စကားပြောနေစဉ်တွင် သူ၏ နဖူးထက်မှ ငွေရောင် ဒေါင်လိုက်မျက်ဝန်းငယ်လေး (နတ်မျက်စိ) မှာ ခဏမျှ ပေါ်လာပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်ချေ။
သို့သော် ဘေးတွင်ရှိသော ယွဲ့ကွမ်းကမူ ထိုအရာကို ကွက်တိ မြင်တွေ့လိုက်ရသည်။
“ဒါက နေဝင်ဆည်းဆာတောအုပ်လေ... ပြီးခဲ့တဲ့အကြိမ်က ငါ အဲ့ဒီအဆိပ်အိုကြီးနဲ့ တိုက်ပွဲဖြစ်ခဲ့တာလည်း ဒီနေရာမှာပဲ။ အခုက မိုးလည်း နည်းနည်းချုပ်နေပြီဆိုတော့ ငါတို့...”
ယွဲ့ကွမ်း စကားမဆုံးမီမှာပင် ဟူပိုင်က ဖြတ်ပြောလိုက်သည်။
“မဟုတ်ဘူး ဦးလေးယွဲ့... ငါတို့ အခုပဲ အထဲကို ဝင်ကြရအောင်။ ကျွန်တော့်မှာ အရမ်းပြင်းထန်တဲ့ စိတ်အာရုံ နိမိတ်တစ်ခု ရှိနေလို့ပါ”
ဟူပိုင် လိမ်ပြောနေခြင်း မဟုတ်ပေ။ ယခုက ညနေစောင်းအချိန် ဖြစ်သည်။ တူကူပေါ်၏ ဝိညာဉ်အဆိပ်ကြောင့် သူသည် ညသန်းခေါင်အချိန်တိုင်းတွင် အဆိပ်ဒဏ် ပြန်လည် အော့အန်ခံစားရလေ့ရှိပြီး ယခုအချိန်သည် အပြင်းထန်ဆုံး အချိန်ဖြစ်ပေလိမ့်မည်။ အကယ်၍ တူကူပေါ်အနေဖြင့် ထိုဒဏ်ကို မအောင့်နိုင်ပါက ၎င်းကို ဖိနှိပ်ရန်အတွက် ‘ရေခဲနှင့်မီး ယင်ယန်ရေကန်’ ဆီသို့ သေချာပေါက် လာရောက်ရပေလိမ့်မည်။
အမှန်အတိုင်း ပြောရလျှင် တူကူပေါ်တစ်ယောက် ဘွဲ့အမည်ခံ ဒိုလော့အဆင့်အထိ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းမှာ တကယ့်ကို အံ့ဩစရာ အံ့ဖွယ်တစ်ခု ဖြစ်ပြီး ‘ရေခဲနှင့်မီး ယင်ယန်ရေကန်’ ၏ ကျေးဇူးတရားက အများကြီး ပါဝင်ပေသည်။
နောက်ဆုံးတွင် ယွဲ့ကွမ်းလည်း ရထားလုံးနှစ်စီးကို အပြင်၌ အဆင်သင့် စောင့်ဆိုင်းခိုင်းထားခဲ့ပြီး သူကိုယ်တိုင် ဟူပိုင်၊ ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့ကို ခေါ်ဆောင်ကာ နေဝင်ဆည်းဆာတောအုပ်အတွင်းသို့ ဝင်ရောက်ခဲ့ကြတော့သည်။ လင်ယွမ်သည်လည်း တိမ်တိုက်များထဲမှနေ၍ တိတ်တဆိတ် လိုက်ပါစောင့်ရှောက်နေ၏။
တောအုပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ယွဲ့ကွမ်းက ဟူပိုင်အား ရှင်းပြတော့သည်။
“ဒီနေဝင်ဆည်းဆာတောအုပ်က ကြယ်တာရာတောအုပ်ကြီးလောက် မကျယ်ပြောပေမဲ့ ထျန်းတောက်အင်ပါယာအတွင်းမှာတော့ အကြီးဆုံး တောရိုင်းတောအုပ်တွေထဲက တစ်ခုပဲ။ ဒီမှာ နှစ်ပေါင်းထောင်ချီ ဝိညာဉ်သားရဲတွေ အများဆုံးရှိပြီး နှစ်ပေါင်းသောင်းချီ သားရဲတွေကတော့ အနည်းငယ်ပဲ ရှိတယ်။ ငါ့ခန့်မှန်းချက်အရ နှစ်ပေါင်း ငါးသောင်းဝန်းကျင် သားရဲဆိုရင် လက်ချောင်းဆယ်ချောင်းစာထက် မပိုလောက်ဘူး”
ဟူပိုင်က ငြိမ်သက်စွာ နားထောင်ရင်း ရင်ထဲ၌ တိုးတိတ်စွာ ညည်းတွားမိသည်။ ဟုတ်တာပေါ့... လက်ချောင်းဆယ်ချောင်းစာထက် မပိုပါဘူး။ နောက်ပိုင်းကျတော့ ထန်ဆန်းက ရှောင်ဝူကို အသက်ပြန်သွင်းဖို့အတွက် သူ့ရဲ့ လိုအပ်နေတဲ့ ဝိညာဉ်ကွင်းတွေကို ဖြည့်ဆည်းဖို့ ဒီနေဝင်ဆည်းဆာတောအုပ်ထဲက နှစ်ပေါင်းငါးသောင်း သားရဲမှန်သမျှကို အကုန်လုံးနီးပါး သတ်ပစ်ခဲ့တာလေ။ ဝိညာဉ်သခင်တွေက ကျင့်ကြံမှုတိုးတက်ဖို့ သားရဲတွေကို အမဲလိုက်တာ သဘာဝကျပါတယ်ဆိုပေမဲ့ ထန်ဆန်းက ‘ငါသတ်တဲ့ သားရဲတွေအားလုံးက သားရဲဆိုးတွေပါ’ ဆိုပြီး အမှန်တရားအလံကို လွှင့်ထူပြီး လုပ်ဆောင်သွားတဲ့ အပြုအမူကတော့ တကယ့်ကို ရွံရှာစရာ ကောင်းလှပေသည်။
ယွဲ့ကွမ်း၏ လမ်းပြမှုအောက်တွင် သူတို့သည် နေဝင်ဆည်းဆာတောအုပ်အတွင်း၌ တဖြည်းဖြည်း လှည့်ပတ်ရှာဖွေခဲ့ကြသည်။ ဟူပိုင်က ပတ်ဝန်းကျင်ကို အလွန်ပင် ဂရုတစိုက် အကဲခတ်နေမိ၏။ သူသည် ‘ရေခဲနှင့်မီး ယင်ယန်ရေကန်’ က နေဝင်ဆည်းဆာတောအုပ်ထဲမှာ ရှိမှန်းသိသော်လည်း တိကျတဲ့ တည်နေရာကိုတော့ မသိပေ။ ထို့ကြောင့် တဖြည်းဖြည်းနှင့် စနစ်တကျသာ ရှာဖွေရပေမည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ညနက်ပိုင်းအချိန်... သူတို့ တဲထိုးပြီး နားခိုရန် ပြင်ဆင်နေကြစဉ်မှာပင် ရှေ့မလှမ်းမကမ်းတွင် စိမ်းဖန့်ဖန့် မြူခိုးထုကြီး တစ်ခုကို ရုတ်ချည်း မြင်တွေ့လိုက်ကြရတော့သည်။