အခန်း (၃၈) - စည်ကားရာ ထျန်းတောက်မြို့ဆီသို့ နှင့် ဟူပိုင်၏ လျှို့ဝှက်အကြံစည်
လွန်ခဲ့သည့် တစ်လကျော်ကာလအတွင်း ဟူလီနာသည်လည်း ကြိုးစားကျင့်ကြံခဲ့ရာ သူမ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် တစ်ဆယ့်သုံးမှ တစ်ဆယ့်လေးသို့ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ဟူပိုင်၏ ဝိညာဉ်စွမ်းအားမှာမူ ဂဏန်းအရ တိုးတက်မလာသေးသော်လည်း ကောင်းကင်မိုးကြိုးဖြင့် ခန္ဓာကိုယ်အကြိတ်အနယ် နှိပ်နယ်ခြင်းနှင့် နှစ်ပေါင်းသောင်းချီ ဝိညာဉ်ဝေလငါး အဆီအနှစ်များကို တစ်စိမ့်စိမ့် စုပ်ယူစားသုံးခဲ့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သက်တမ်းမှာ နှစ်ပေါင်းသုံးရာခန့် ထပ်မံမြင့်တက်လာခဲ့၏။
ထို့ပြင် ယနေ့တွင်ပင် ဟူပိုင် မျှော်လင့်စောင့်စားနေခဲ့သော နေဝင်ဆည်းဆာတောအုပ်ဆီသို့ သွားရောက်နိုင်မည့် အခွင့်အရေးကောင်းကြီး တစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ယနေ့သည် ပီပီတုန်းက ဝိညာဉ်သခင်များအတွက် ထောက်ပံ့ကြေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန် ဂန္ဓာရ ဒိုလော့အား ထျန်းတောက်အင်ပါယာသို့လည်းကောင်း၊ တစ္ဆေ ဒိုလော့အား စတားလုအင်ပါယာသို့လည်းကောင်း စေလွှတ်မည့် နေ့ရက်ဖြစ်ပေသည်။
ထိုဝိညာဉ်သခင် ထောက်ပံ့ကြေးနှင့် ပတ်သက်၍ ဟူပိုင် အနည်းငယ် သိရှိထားသည်။ အင်ပါယာကြီး နှစ်ခုစလုံးက အသုံးစရိတ်၏ သုံးပုံတစ်ပုံစီကို စိုက်ထုတ်ပေးရပြီး ဝိညာဉ်ခန်းမဆောင်က ကျန်ရှိသော သုံးပုံတစ်ပုံကို တာဝန်ယူကာ ကျေးရွာအသီးသီးသို့ ဝိညာဉ်သခင်များကို စေလွှတ်၍ ဆင်းရဲသားပြည်သူတို့၏ ကလေးငယ်များကို အခမဲ့ ဝိညာဉ်နိုးထခြင်း အခမ်းအနားများ ပြုလုပ်ပေးရခြင်း ဖြစ်၏။
အချို့ကမူ ဤသည်မှာ ဝိညာဉ်ခန်းမဆောင်က အင်ပါယာကြီးနှစ်ခု၏ ငွေကြေးကို သုံးကာ အရပ်သားပြည်သူတို့၏ ကြည်ညိုမှုကို အလကားရယူနေခြင်းဖြစ်၍ ဝိညာဉ်ခန်းမဆောင်သာ အမြတ်ထွက်နေသည်ဟု ဆိုကြပေလိမ့်မည်။ သို့သော် ထိုအချက်ကို သူ မြင်နိုင်လျှင် အင်ပါယာကြီးနှစ်ခု၏ ဧကရာဇ်များနှင့် အဆင့်မြင့် မှူးမတ်ကြီးများကော မမြင်နိုင်ဘဲ ရှိပါမည်နည်း။ သူတို့ သိသော်လည်း နှုတ်ဆိတ်နေကြခြင်းမှာ သာမန်အရပ်သား ဝိညာဉ်သခင်ငယ်လေးများကို အထင်သေးတတ်ကြသောကြောင့်သာ ဖြစ်၏။ သူတို့ ငွေကြေးစိုက်ထုတ်ပေးနေရခြင်းမှာလည်း ဝိညာဉ်ခန်းမဆောင်က နှစ်စဉ်နှစ်တိုင်း လူလွှတ်ကာ လာရောက် "ဆွေးနွေး" နေသောကြောင့်သာ ဖြစ်ပေသည်။
"ဆရာ... ကျွန်တော် ဦးလေးယွဲ့နဲ့အတူ လိုက်သွားချင်တယ်၊ ရမလား။ ဝိညာဉ်ခန်းမဆောင်ထဲမှာပဲ အမြဲနေနေရတာ ပျင်းစရာကောင်းလွန်းလို့ပါ"
ဟူပိုင်က ပီပီတုန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ကလေးငယ်တစ်ဦးပမာ ချွဲနွဲ့တောင်းဆိုလိုက်သည်။
သူ၏ ထိုအပြုအမူကြောင့် ဘေးတွင်ရပ်နေသော ဂန္ဓာရ ဒိုလော့ ယွဲ့ကွမ်းမှာ တအံ့တဩ ဖြစ်သွားရသည်။ အတိတ်က အဖြစ်အပျက်ကြောင့် ပီပီတုန်းသည် အမျိုးသားများကို အလွန်ပင် စက်ဆုပ်ရွံရှာတတ်သူဖြစ်ရာ မည်သည့်အမျိုးသားကိုမျှ သူမ၏ ခန္ဓာကိုယ်အား ထိပါးခွင့် မပြုခဲ့ချေ။ သို့သော် ယခုမူ ပီပီတုန်း၏ မျက်နှာထက်တွင် မည်သည့် ရွံရှာမှု အရိပ်အယောင်မျှမရှိဘဲ နူးညံ့စွာ ပြုံးလိုက်ရင်း စကားဆိုသည်။
"အကြောင်းပြချက်တစ်ခု ပေးပါဦး။ မင်း ဝိညာဉ်ခန်းမဆောင်မှာ စာသင်နေရတာ တစ်လကျော်ပဲ ရှိသေးတာမဟုတ်လား၊ အခုကတည်းက အပြင်ထွက်ချင်နေပြီလား"
ဟူပိုင်ကလည်း ဖုံးကွယ်ခြင်းမရှိဘဲ အမှန်အတိုင်းပင် ဆိုလိုက်၏။
"အဓိကကတော့ အပြင်လောကကြီးကို ထွက်ကြည့်ချင်လို့ပါ။ ထျန်းတောက်အင်ပါယာနဲ့ ကျွန်တော်တို့ ဝိညာဉ်မြို့တော် ဘာတွေကွာခြားလဲဆိုတာ မြင်ဖူးချင်တယ်။ ပြီးတော့ ထျန်းတောက်အင်ပါယာဘက်မှာ ကျွန်တော့်အတွက် အဖိုးတန်တဲ့ ရတနာတွေ အများကြီး ရှိနေသလိုမျိုး ထူးထူးခြားခြား ခံစားနေရလို့ပါ"
သူ လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။ မူရင်းဇာတ်လမ်းအရ ထျန်းတောက်အင်ပါယာအတွင်း၌ ဝိညာဉ်ခန်းမဆောင်ထက်ပင် ပိုမိုများပြားသော အခွင့်အလမ်းများနှင့် နတ်ဆေးမြစ်များ ရှိနေသည် မဟုတ်ပါလား။
ဟူပိုင်၏ စကားကြောင့် ပီပီတုန်းနှင့် ယွဲ့ကွမ်းတို့ စိတ်ဝင်စားသွားကြရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ပီပီတုန်းက -
"ကောင်းပြီလေ... ဒါဆိုရင်တော့ မင်းကို ယွဲ့ကွမ်းနဲ့အတူ လောကကြီးကို မြင်ဖူးအောင် လိုက်သွားခွင့်ပြုမယ်။ ဘေးကင်းဖို့အတွက် မင်းရဲ့ မိဘတွေကိုပါ တစ်ပါတည်း ခေါ်သွားလိုက်ပါ"
ထို့နောက် ပီပီတုန်း၏ အေးစက်လေးနက်သော စိတ်ဝိညာဉ်အသံလှိုင်းသည် ယွဲ့ကွမ်းနှင့် လင်ယွမ်တို့၏ နားစည်ထဲသို့ တိုးဝင်သွားခဲ့သည်။
"ယွဲ့ကွမ်း၊ လင်ယွမ်... ဒီခရီးစဉ်မှာ သူ့ကို သေချာ စောင့်ရှောက်ကြပါ။ အကယ်၍ ဟူပိုင် တစ်စုံတရား ထိခိုက်ဒဏ်ရာရလာခဲ့ရင် မင်းတို့နှစ်ယောက်လုံးကိုပဲ ငါ အပြစ်ရှာရလိမ့်မယ်"
"ကောင်လေး... ဒီနေ့တော့ ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ဦး။ နက်ဖြန်ကျရင် ငါ ရထားလုံးအဆင်သင့်ပြင်ပြီး လာခေါ်မယ်"
ယွဲ့ကွမ်းက ဟူပိုင်အား ပြုံး၍ ပြောလိုက်သည်။ သူသည်လည်း ဤခရီးစဉ်အတွင်း ထိုသူငယ်လေးက သူ့အတွက် မည်သည့်အံ့ဩစရာများ ယူဆောင်လာပေးဦးမည်နည်းဟု ရင်ခုန်စွာ မျှော်လင့်မိနေသည်။
**ရှဲ့အိမ်တော်**
"ဒုတိယအစ်ကို... နက်ဖြန်ကျရင် အဖေနဲ့အမေ၊ ပြီးတော့ အကြီးအကဲကျူတို့နဲ့အတူ ထျန်းတောက်မြို့ကို သွားတော့မှာလား။ ကျွန်မလည်း လိုက်ချင်တယ်"
ဟူလီနာကလည်း လိုက်ပါရန် ပူဆာတော့သည်။
သို့သော် ဟူပိုင်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်၏။
"မဖြစ်ဘူး နာနာ.... မင်းနဲ့ အစ်ကိုကြီးက ဒီမှာပဲကျန်ခဲ့ပြီး သေချာကျင့်ကြံနေရမယ်။ အမြန်ဆုံး ဝိညာဉ်စွမ်းအား အဆင့် နှစ်ဆယ် ရောက်အောင် ကြိုးစားပါ"
ဟူပိုင်က ခိုင်ခိုင်မာမာ ငြင်းဆိုလိုက်သဖြင့် ဟူလီနာက ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့ထံ သွားရောက်ကာ ချွဲနွဲ့ပြန်သော်လည်း မိဘများကလည်း ခွင့်မပြုခဲ့ကြပေ။ အကယ်၍ ခရီးစဉ်အတွင်း အန္တရာယ်တစ်ခုခု ကြုံတွေ့ရပါက ရှဲ့ထျန်းတစ်ဦးတည်းဆိုလျှင် အချိန်မီ ကာကွယ်ပေးနိုင်သော်လည်း ကလေးနှစ်ဦးစလုံး ပါဝင်လာပါက ဘေးကင်းရန် မသေချာနိုင်သောကြောင့် ဖြစ်၏။
"ကဲပါ နာနာရယ်... မင်း ပျင်းနေတယ်ဆိုရင် အစ်ကိုကြီးက ဒီရက်ပိုင်းအတွင်း ဝိညာဉ်ခန်းမဆောင် သင်တန်းကျောင်းဆီ ခေါ်သွားပေးမယ်။ မင်းလည်း အဲ့ဒီနေရာကို မရောက်ဖူးသေးဘူးမလား။ အဲ့ဒီက ပါရမီရှင် ကျောင်းသားတွေနဲ့ မိတ်ဖွဲ့ထားပေါ့၊ အနာဂတ်မှာ သူတို့က မင်းရဲ့ အဖော်တွေ ဖြစ်လာနိုင်တာပဲလေ"
ရှဲ့ယွဲ့က ညီမဖြစ်သူကို နှစ်သိမ့်လိုက်သည်။
ရှဲ့ယွဲ့၏ အတွေးထဲတွင် ဟူပိုင်၏ လက်ရှိအစွမ်းအရ အနာဂတ်တွင် ဘွဲ့အမည်ခံ ဒိုလော့တစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မည်ဖြစ်သော်လည်း ကြီးပြင်းလာမည့် လမ်းခရီးတွင် ရဲဘော်ရဲဘက်များ လိုအပ်ပေလိမ့်မည်။ ယခုအခါ ဟူပိုင်၏အနားတွင် သူတို့ မောင်နှမနှစ်ဦးသာ ရှိနေသဖြင့် မလုံလောက်သေးဘဲ အနည်းဆုံး ခုနစ်ယောက်အဖွဲ့ ဖြစ်လာရန် လူလိုနေသေးသည် မဟုတ်ပါလား။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ဟူပိုင်တို့အဖွဲ့သည် ယွဲ့ကွမ်း ပြင်ဆင်ထားသော ရထားလုံးများဖြင့် ထျန်းတောက်မြို့တော်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ ခရီးသည် များပြားသဖြင့် ရထားလုံး နှစ်စီး ငှားရမ်းခဲ့ရပြီး ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့က တစ်စီး၊ ဟူပိုင်နှင့် ယွဲ့ကွမ်းတို့က တစ်စီး စီးနင်းခဲ့ကြသည်။
လမ်းခရီးတွင် ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန် ယွဲ့ကွမ်းက ဟူပိုင်အား စမ်းသပ်မေးမြန်းလိုက်သည်။
"ကောင်လေး... ပြီးခဲ့တဲ့အကြိမ်က ငါပေးလိုက်တဲ့ စာအုပ်ကို ဖတ်လို့ ပြီးပြီလား"
ဟူပိုင်က ခပ်ဖွဖွ ရယ်မောရင်း -
"အကုန်ဖတ်ပြီးပါပြီ... ဦးလေးယွဲ့ ဆောက်တည်ထားတဲ့ နတ်ဆေးမြစ်တွေအကြောင်း ဗဟုသုတတွေက တကယ်ကိုပဲ အံ့ဩစရာကောင်းပြီး ကျွန်တော့်အတွက် မျက်စိပွင့်သွားစေပါတယ်"
ဟူပိုင်က သူ့အား ဦးလေးကျူ၊ ဦးလေးယွဲ့ ဟု ရောထွေးခေါ်ဆိုနေခြင်းကိုလည်း ယွဲ့ကွမ်း အထွေအထူး စိတ်မဆိုးတော့ပေ။
"အဲ့ဒါတွေက အကြမ်းဖျင်း မှတ်တမ်းတင်ထားတာတွေပါ။ တကယ့် နတ်ဆေးမြစ်တွေကို ငါကိုယ်တိုင်လည်း မမြင်ဖူးသလို စားသုံးပြီးရင် ဘယ်လိုအစွမ်းတွေ တိုးတက်လာမလဲဆိုတာလည်း မကြားဖူးဘူး" ယွဲ့ကွမ်းက ရှင်းပြသည်။
"ဒါနဲ့ ဦးလေးယွဲ့... ကျွန်တော်တို့က အခုဆို တော်တော်လေး ရင်းနှီးနေကြပြီပဲဥစ္စာ။ ဦးလေးရဲ့ အမည်ပြောင် 'ဂန္ဓာရပတ်' ဆိုတာ ဘယ်ကနေ စဖြစ်လာတာလဲဆိုတာ ပြောပြလို့ရမလား"
ယွဲ့ကွမ်းတစ်ယောက် ခေတ္တမျှ ဆွံ့အသွားရသည်။ ဟူပိုင်၏ မျှော်လင့်တကြီး ကြည့်နေသော မျက်ဝန်းလှလှလေးများကို မြင်ရသောအခါ ငြင်းပယ်ရန် စိတ်ကူးတို့ ရုတ်ချည်း ပျောက်ကွယ်သွားရ၏။ ဤမျှလောက် ချောမောလှပသော သူငယ်ငယ်လေး၏ တောင်းဆိုမှုကို သူ မငြင်းပယ်ရက်ပေ။
သူက သက်ပြင်းချလိုက်ရင်း -
"ပြောပြလို့တော့ ရပါတယ်၊ ဒါပေမဲ့ တခြားဘယ်သူ့ကိုမှ သွားမပြောရဘူးနော်။ ဦးလေးလည်း သိက္ခာတော့ ဆယ်ရဦးမယ်မဟုတ်လား"
ဟူပိုင်က ကတိပေးသည့်နှယ် ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။ စင်စစ်မူ ထိုအမည်ပြောင်ကို အဆိပ်ဒိုလော့ တူကူပေါ်က ပေးခဲ့ခြင်းဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပြီးသား ဖြစ်၏။
သူ ယခုကဲ့သို့ စူးစမ်းမေးမြန်းနေခြင်းမှာ အဓိကအားဖြင့် ယွဲ့ကွမ်းနှင့် တူကူပေါ်တို့အကြား မည်မျှလောက်အထိ နက်ရှိုင်းသော ရန်ငြိုး ရှိနေသနည်းဟူသည်ကို သိရှိလိုသောကြောင့်သာ။ အကယ်၍ ဖြေဖျောက်၍ရသော ရန်ငြိုးမျိုးဆိုလျှင် အချိန်တန်ပါက တူကူပေါ်ကိုပါ မိမိတို့ဘက်သို့ ဆွဲဆောင်စည်းရုံးနိုင်မည် မဟုတ်ပါလား။ တူကူပေါ်သည် အားအနည်းဆုံး ဘွဲ့အမည်ခံ ဒိုလော့ဟု လူသိများသော်လည်း အနာဂတ်တွင် အင်ပါယာကြီးများနှင့် စစ်မက်ဖြစ်ပွားလာပါက သူ၏ ကျယ်ပြန့်လှသော အဆိပ်မြူခိုးများ၏ စွမ်းပကားမှာ စစ်သည်တော် သန်းပေါင်းများစွာကို အမှုန့်ခြေဖျက်နိုင်စွမ်း ရှိပေသည်။
ထိုအခွင့်အရေးကို အသုံးချကာ တူကူယန်နှင့် ယဲ့လင်လင် တို့ကိုပါ ဝိညာဉ်ခန်းမဆောင်သို့ ဆွဲခေါ်လာနိုင်ပေလိမ့်မည်။ အထူးသဖြင့် ယဲ့လင်လင်၏ ကုသခြင်းစွမ်းရည်မှာ ထျန်းတောက်အင်ပါယာ၌သာ ပစ်ထားရန် အလွန် နှမြောစရာ ကောင်းလှပေသည်။