အခန်း (၃၇) - ဝိညာဉ်ခန်းမဆောင်၏ အရှင်သခင်လောင်းနှင့် အဏ္ဏဝါအရပ်က ဆန်းပြားသော သားရဲသတင်း
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ငါ သတ်မှတ်ပေးထားတဲ့ စမ်းသပ်ချက်တွေကို ကျော်ဖြတ်နိုင်ခဲ့ရင် ဟူပိုင်ကို ဝိညာဉ်ခန်းမဆောင်ရဲ့ အရှင်သခင်လောင်းအဖြစ် တင်မြှောက်ဖို့ ရည်ရွယ်ထားတယ်။ မင်းတို့ ဘာများ ကန့်ကွက်စရာ ရှိလဲ"
ပီပီတုန်းသည် မိမိ၏ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရင်း ဒုတိယမြောက် မေးခွန်းကို မေးမြန်းလိုက်သည်။
ခြင်္သေ့ ဒိုလော့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ခနဲ့တဲ့တဲ့ဖြင့် ဆို၏။
"အို... မြင့်မြတ်လှတဲ့ ပုပ်ရဟန်းမင်းကြီး... ဒီလို အရှင်သခင်လောင်း ခန့်အပ်တဲ့ ကိစ္စမျိုးကိုတောင် ကျွန်တော်တို့လို အကြီးအကဲကြီးတွေရဲ့ သဘောထားကို တကူးတက လာမေးနေရသေးတာလား"
ထိုသို့သော သရော်စာစကားများကို ကြုံတွေ့ရသော်လည်း ပီပီတုန်းသည် ဒေါသကို ခေတ္တမျှ မြိုသိပ်ထားလိုက်သည်။ အမှန်တော့ သူမအနေဖြင့် ထိုအကြီးအကဲကြီးများနှင့် တိုင်ပင်နေရန် မလိုအပ်ပေ။ သို့သော် ဟူပိုင်က သူမအား ကြည့်လေ့ရှိသော သံယောဇဉ်အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများကို အမှတ်ရမိသည့်အခါ သူမ၏ ရင်ထဲ၌ ထူးဆန်းသော ကြင်နာသနားမှုတို့ ဖြစ်ပေါ်လာရသဖြင့် ဆက်ဆံရေး ပိုမိုပြေလည်စေရန် လာရောက်ဆွေးနွေးခြင်းသာ ဖြစ်သည်။ ယခင်က ဟူလီနာကို ထိုရာထူးပေးရန် စိတ်ကူးရှိခဲ့သော်လည်း ယခုမူ ထိုအစီအစဉ်ကို ဘေးဖယ်ထားလိုက်ပြီ ဖြစ်၏။
ချန်တောက်လျိုက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"မင်း သူ့ကို ဘာလို စမ်းသပ်ချက်မျိုး ပေးထားလို့လဲ"
ဟူပိုင်အား အရှင်သခင်လောင်းအဖြစ် ခန့်အပ်မည့်အရေးကို ချန်တောက်လျို လုံးဝမကန့်ကွက်ပေ။ အမှန်တော့ သူနှင့် ရှောင်ပိုင်၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်လှသည်။ အကယ်၍ အနာဂတ်တွင် ထိုကလေးနှစ်ဦး ပူးပေါင်းကာ ဝိညာဉ်ခန်းမဆောင်ကို ဦးဆောင်လမ်းပြနိုင်မည်ဆိုပါက အလွန်ပင် ကောင်းမြတ်လှပေမည်။
ပီပီတုန်းက ကလေးငယ်သုံးဦးအား ပေးအပ်ထားသည့် စမ်းသပ်ချက်များကို ရှင်းပြလိုက်ရာ အကြီးအကဲကြီး ငါးဦးစလုံး တုန်လှုပ်သွားကြရသည်။
"မင်းက ဟူပိုင်ကို အသက်တစ်ဆယ့်နှစ်နှစ်မပြည့်ခင် ဝိညာဉ်ခန်းမဆောင်ရဲ့ ခရမ်းရောင်တံဆိပ်ဆုကို ရအောင်ယူခိုင်းရဲတယ်ပေါ့။ ဒီနေ့မှ အထွတ်အထိပ် ဒြပ်စင်အရည်အချင်းရဲ့ အားနည်းချက်ကို သိလိုက်ရတာတောင် မင်းရဲ့ ဆုံးဖြတ်ချက်ကို မပြင်ဘူးလား"
ပီပီတုန်းက ခိုင်မာစွာ ခေါင်းညိတ်ပြရင်း -
"သူ ငါတို့ကို အံ့ဩစရာတွေ ယူဆောင်လာပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
ချန်တောက်လျိုက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူသည်လည်း ပီပီတုန်းကဲ့သို့ပင် မျှော်လင့်ချက်ကြီးစွာ ရှိနေမိ၏။ ဟူပိုင်သည် ထူးခြားဆန်းပြားသော ကံကြမ္မာကောင်းများကို ပိုင်ဆိုင်ထားသူဖြစ်ရာ အကယ်၍ ပီပီတုန်း၏ စမ်းသပ်ချက်ကို မအောင်မြင်ခဲ့လျှင်ပင် သူကိုယ်တိုင် ထိုကလေးအား ဝိညာဉ်ခန်းမဆောင်၏ အရှင်သခင်လောင်းအဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်ပေသည်။
**တစ်လခွဲခန့် ကြာပြီးနောက်**
ချင်းလွမ်းဒိုလော့ နှင့် ကွမ်းလင်ဒိုလော့ တို့သည် သင်္ဘောဖြင့် ခရီးနှင်ခဲ့ကြရာ နောက်ဆုံးတွင် ပင်လယ်နတ်ဘုရားကျွန်းသို့ ဆိုက်ရောက်လာခဲ့ကြသည်။
ကျယ်ပြောလှသော ပင်လယ်နတ်ဘုရားကျွန်းကြီးကို ငေးမော်ကြည့်ရင်း ချင်းလွမ်းဒိုလော့က သက်ပြင်းချလိုက်မိသည်။
"ငါတို့ ဒီနေရာကို နောက်ဆုံးအကြိမ် ရောက်ခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။ ငါ့အမှတ်မမှားဘူးဆိုရင် ဒါက မြင့်မြတ်တဲ့ ကျောက်တိုင်ခုနစ်တိုင်ရဲ့ ရေမြင်း ဒိုလော့ အုပ်ချုပ်တဲ့ကျွန်းပဲ။ အရင်ဆုံး သူ့ကိုပဲ သွားရှာကြစို့"
ကွမ်းလင်ဒိုလော့ကမူ အေးစက်တည်ငြိမ်စွာဖြင့် -
"ဘာလို့ အဲ့လောက်အထိ အလုပ်ရှုပ်ခံနေမှာလဲ။ ငါတို့ရဲ့ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရင် သူကပဲ အလိုလို သိပြီး ရောက်လာလိမ့်မယ်"
စကားဆုံးသည်နှင့် သူ၏ လက်ထဲတွင် ကွမ်းလင် နတ်ဦး ခေါ် ဧရာမလေးတော်ကြီး ပေါ်ထွက်လာခဲ့သည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ် နောက်သို့ ယိုင်လိုက်ပြီး လေးကြိုးကို အစွမ်းကုန် ဆွဲတင်ကာ ကောင်းကင်ယံထက်သို့ ရေခဲမြှားတစ်စင် ပစ်လွှတ်လိုက်လေသည်။
ရှူး....
ထိုမြှားချက်တွင် မည်သည့် ဝိညာဉ်စွမ်းရည်မျှ ပါဝင်ခြင်းမရှိဘဲ သာမန် ပစ်လွှတ်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ကွမ်းလင်ဒိုလော့သည် အဆင့် (၉၆) ရှိသော အထွတ်အထိပ် ဒိုလော့တစ်ဦး ဖြစ်သဖြင့် သူ၏ ဝိညာဉ်အရှိန်အဝါကို မလှမ်းမကမ်းတွင်ရှိသော ရေမြင်း ဒိုလော့က ချက်ချင်းပင် အာရုံခံမိသွားသည်။ ထို့နောက်တွင်မူ ထိုမြှားချက်သည် လေထုထဲ၌ ပေါက်ကွဲသွားပြီး ရေခဲမှုန်များဖြင့် စာသားအချို့ ပေါ်ထွက်လာခဲ့၏။
*ဝိညာဉ်ခန်းမဆောင်၏ မဟာအကြီးအကဲကြီးများ ရောက်ရှိနေပြီး မဟာအကြီးအကဲအမျိုးသမီးနှင့် တွေ့ဆုံခွင့်တောင်းခံအပ်ပါသည်*
ထိုစာသားများကို မြင်လိုက်ရလျှင် ရေမြင်း ဒိုလော့၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်ယွင်းသွားရသည်။ သူတစ်ဦးတည်းတင်မကဘဲ အခြားသော မြင့်မြတ်သည့် ကျောက်တိုင်စောင့်ရှောက်သူ အားလုံးလည်း မြင်တွေ့သွားကြပြီး ထိုနေရာဆီသို့ အပြေးအလွှား လာရောက်ကြတော့သည်။
ချင်းလွမ်း ဒိုလော့က ကွမ်းလင် ဒိုလော့အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ -
"မင်းကတော့ အမြဲတမ်း လူသိရှင်ကြား လုပ်တာပဲ။ အစ်ကိုကြီးက ငါတို့ကို ဒီတစ်ခေါက် အရေးကြီးကိစ္စနဲ့ စေလွှတ်လိုက်တာလေ"
ကွမ်းလင် ဒိုလော့ကမူ သပ်ရပ်စွာ ပြုံးလိုက်ရင်း -
"ငါလည်း သိတာပေါ့။ ငါ့မြှားချက်ထဲမှာ ဘယ်လို ရန်လိုမှုမှ မပါဝင်မှန်း သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်အရ အလွယ်တကူ သိနိုင်ပါတယ်"
မကြာမီအချိန်အတွင်းမှာပင် ရေမြင်း ဒိုလော့က အရင်ဆုံး ရောက်ရှိလာခဲ့သည်။ သူသည် စိမ်းနေကျ မျက်နှာနှစ်ခုကို မြင်သည်နှင့် ဝိညာဉ်အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်ကာ -
"ဒါ ဝိညာဉ်ခန်းမဆောင်ရဲ့ တတိယမြောက် အကြီးအကဲကြီးနဲ့ ပဉ္စမမြောက် အကြီးအကဲကြီး မဟုတ်လား။ ငါတို့ရဲ့ ပင်လယ်နတ်ဘုရားကျွန်းကို ဘာကိစ္စနဲ့ လာရောက်ရတာလဲ။ ငါတို့ကျွန်းကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်ချင်လို့တော့ မပြောနဲ့ဦး"
ချင်းလွမ်း ဒိုလော့က အမျက်ချောင်းချောင်း ထွက်နေသော ရေမြင်း ဒိုလော့ကို တည်ငြိမ်စွာ ကြည့်ရင်း အေးဆေးစွာ ဆိုသည်။
"ဝိညာဉ်ခန်းမဆောင်ရဲ့ မဟာအကြီးအကဲကြီး ချန်တောက်လျိုက ငါတို့ ညီအစ်ကိုနှစ်ယောက်ကို မင်းတို့ရဲ့ မဟာအကြီးအကဲအမျိုးသမီးထံ စာတစ်စောင် ပေးအပ်ဖို့နဲ့ တွေ့ဆုံခွင့် တောင်းခံဖို့ စေလွှတ်လိုက်တာပါ"
အခြားသော ကျောက်တိုင်စောင့်ရှောက်သူ ခြောက်ဦး မရောက်လာမီမှာပင် သူတို့သုံးဦး၏ ရှေ့မှောက်၌ အေးစက်လှပသော အရိပ်အာဝါသတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူမ၏ အသားအရေမှာ ဆီးနှင်းပမာ ဖြူစင်ဝင်းပနေပြီး ငွေဖြူရောင် ဆံနွယ်ရှည်များသည် ခါးအထိ ရေတံခွန်ပမာ ဝေဆာစွာ ကျဆင်းနေသည်။ ခေါင်းထက်တွင်မူ ပုလဲသလင်းကျောက်များဖြင့် စီခြယ်ထားသော ပင်လယ်နတ်ဘုရား သရဖူကို ဆောင်းထားပြီး မျက်ဝန်းအိမ်များမှာ နက်ရှိုင်းသော ပင်လယ်ပြာရောင် ရှိ၏။ သူမသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုနှင့်အတူ မြင့်မြတ် တည်ကြည်သော အအေးဓာတ်ကို ပိုင်ဆိုင်ထားပေသည်။
ပိုဆိုင်ရှီး၏ လေယူလေသိမ်းမှာ အလွန်ပင် အေးစက်လှသည်။ သူမက ချင်းလွမ်းနှင့် ကွမ်းလင် ဒိုလော့တို့ကို ကြည့်ကာ -
"နှစ်ပေါင်းများစွာ ကြာပြီးမှ ချန်တောက်လျိုက မင်းတို့နှစ်ယောက်ကို စေလွှတ်လိုက်တာပဲ။ ဘာကိစ္စရှိလို့လဲ"
ချင်းလွမ်း ဒိုလော့က ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပိုဆိုင်ရှီးထံသို့ လွင့်ပျံစေလိုက်သည်။
"ဒါက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးက မဟာအကြီးအကဲအမျိုးသမီးထံ ရေးသားလိုက်တဲ့ စာပါ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ လာရောက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပင်လယ်နတ်ဘုရားကျွန်းဆီက ကူညီပေးစေချင်တဲ့ အချက်တွေ ပါဝင်ပါတယ်။ ပြီးတော့ အရင်က ဝိညာဉ်ခန်းမဆောင်ကြောင့် ပင်လယ်နတ်ဘုရားကျွန်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ဖူးတာမလို့ အခုတစ်ခေါက် ကျွန်တော်တို့ဟာ ရိုးသားဖြူစင်တဲ့ စိတ်ရင်းနဲ့ လာရောက်ခဲ့တာပါ"
ပိုဆိုင်ရှီးသည် စာကို လက်ခံရယူလိုက်သော်လည်း ချက်ချင်း ဖတ်ရှုခြင်းမရှိပေ။ သူမက ညာလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူတို့သုံးဦးစလုံးသည် ရပ်နေသည့် နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး ပင်လယ်နတ်ဘုရား ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိသွားကြတော့သည်။
ခန်းမဆောင်အတွင်းသို့ ရောက်ရှိသွားချိန်တွင်မူ ချင်းလွမ်းနှင့် ကွမ်းလင် ဒိုလော့တို့မှာ ပိုဆိုင်ရှီး၏ အတိုင်းအဆမရှိလှသော စွမ်းအားများကြောင့် ရင်ထဲ၌ တုန်လှုပ်သွားရသည်။ သူတို့နှစ်ဦးစလုံးသည် အဆင့် (၉၆) ရှိသော အထွတ်အထိပ် ဒိုလော့များ ဖြစ်ကြသော်လည်း ပိုဆိုင်ရှီး၏ ရှေ့မှောက်တွင်မူ အားကိုးရာမဲ့လှသော ခံစားချက်ကို ပြင်းထန်စွာ ခံစားနေရ၏။
ခဏမျှ ကြာပြီးနောက်တွင် ပိုဆိုင်ရှီးသည် စာကို ဖတ်ရှုပြီးစီးသွားကာ ခေတ္တမျှ စဉ်းစားလိုက်ရင်း ဆိုသည်။
"မင်းတို့ ရှာဖွေနေတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ့် ဝိညာဉ်သားရဲတစ်ကောင်အကြောင်း ငါ သိပါတယ်"
ချင်းလွမ်းနှင့် ကွမ်းလင် ဒိုလော့တို့၏ မျက်ဝန်းများ ဝင်းပသွားရပြီး ချက်ချင်းပင် -
"မဟာအကြီးအကဲအမျိုးသမီး... လမ်းညွှန်ပြသပေးဖို့ တောင်းပန်အပ်ပါတယ်"
"အဏ္ဏဝါလူသားမျိုးနွယ်စုဟာ ရေဒြပ်စင်ရော စိတ်ပိုင်းဆိုင်ရာ ဒြပ်စင်အရည်အချင်းပါ နှစ်မျိုးစလုံး ပိုင်ဆိုင်ထားကြတယ်" ပိုဆိုင်ရှီးက အေးဆေးစွာ ဆိုသည်။
ချင်းလွမ်း ဒိုလော့က တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် သံသယဖြင့် မေးမြန်းလိုက်သည်။
"မဟာအကြီးအကဲအမျိုးသမီး... ကျွန်တော့်အမှတ်ရရဆိုရင် ပင်လယ်နတ်ဘုရားကျွန်းရဲ့ မြင့်မြတ်တဲ့ ကျောက်တိုင်ခုနစ်တိုင်ထဲမှာ ပင်လယ်စုန်းမ ဒိုလော့ ဆိုတာ ရှိတယ်မဟုတ်လား။ သူမက လူသား မဟုတ်ဘဲ အဏ္ဏဝါလူသားမျိုးနွယ်စုဝင် တစ်ဦးပဲလေ။ တကယ်တော့ ကျွန်တော့်မှာ ကြာပြီဖြစ်တဲ့ သံသယတစ်ခု ရှိနေတာက သူမဟာ လူသားမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝိညာဉ်ကို နိုးထစေနိုင်ရတာလဲ"
ပိုဆိုင်ရှီးက -
"မင်းရဲ့ မှတ်ဉာဏ်က မှန်ကန်ပါတယ်။ ဒါပေမဲ့ ငါပြောတဲ့ အဏ္ဏဝါလူသားမျိုးနွယ်စုနဲ့ သူမတို့ရဲ့ မျိုးနွယ်စုက မျိုးစိတ်ချင်း မတူညီကြဘူး။ ရှေ့ကအမျိုးအစားက ဝိညာဉ်သားရဲ သက်သက်ဖြစ်ပြီး နောက်ကအမျိုးအစားကတော့ လူသားတွေလိုပဲ ဝိညာဉ်ကို နိုးထစေနိုင်စွမ်း ရှိကြတယ်။ ပြောရမယ်ဆိုရင် ငါတို့ ပင်လယ်နတ်ဘုရားကျွန်းရဲ့ ဒဏ္ဍာရီလာ ပင်လယ်နတ်ဘုရားဟာလည်း ဒီမျိုးနွယ်စုကနေ ဆင်းသက်လာခဲ့တာပဲ"
ချင်းလွမ်းနှင့် ကွမ်းလင် ဒိုလော့တို့မှာ ပို၍ပင် ဝေခွဲမရဖြစ်သွားကြရသည်။ အဏ္ဏဝါလူသားချင်း အတူတူကိုမှ မျိုးစိတ်ချင်း မတူညီကြဟု ဆိုပါလား။ လောကကြီး၏ ဆန်းပြားလှသော အရာများသည် တကယ့်ကို အံ့ဩဖွယ်ရာ ကောင်းလှပေသည်။
သို့သော်လည်း သူတို့နှစ်ဦး ထိုအရေးကို အလွန်အကျွံ အချိန်မဖြုန်းတော့ပေ။ ပိုဆိုင်ရှီးသည် အဏ္ဏဝါလူသား ဝိညာဉ်သားရဲများ ကျက်စားလေ့ရှိသော ပင်လယ်ပြင်အရပ်ကို လမ်းညွှန်ပြသပေးခဲ့ရာ ၎င်းက ပင်လယ်နတ်ဘုရားကျွန်းနှင့် အတော်လေး ဝေးကွာလှပေသည်။
ထို့ပြင် သူတို့နှစ်ဦးက ဝေလငါးအမျိုးအစား ဝိညာဉ်သားရဲများကို အမဲလိုက်ကာ ၎င်းတို့၏ ဝေလငါးအဆီအနှစ်ကို ရယူလိုကြောင်း ပြောပြသည့်အခါ ပိုဆိုင်ရှီးက သူတို့နှစ်ဦးအတွက် အလွန်ပင် သင့်လျော်လှသော အလုပ်တစ်ခုကို လမ်းညွှန်ပေးခဲ့သည်။ အမှန်တော့ ထိုဝေလငါးအုပ်စုသည် သူတို့၏ အစောင့်အရှောက် ဝိညာဉ်သားရဲ ဖြစ်သော ရှောင်ပိုင်၏ ပင်လယ်တစ္ဆေ ငါးမန်းဖြူကြီး မျိုးနွယ်စုနှင့် ရန်သူတော်များ ဖြစ်ကြပေသည်။
ဟုတ်ပေသည်... ၎င်းတို့မှာ အဆိပ်ပြင်းလှသော ဝေလငါးဆိုးကြီးများပင် ဖြစ်၏။
အဆင့်မြင့် ဒိုလော့ကြီးနှစ်ဦးဖြစ်သည့် ချင်းလွမ်းနှင့် ကွမ်းလင်တို့၏ ကူညီမှုသာ ရရှိမည်ဆိုပါက ပင်လယ်တစ္ဆေ ငါးမန်းဖြူကြီးများအတွက် ဝန်ထုပ်ဝန်ပိုးများစွာ လျော့ကျသွားပေလိမ့်မည်။ ဤသည်မှာ ယခင်က ပင်လယ်နတ်ဘုရားကျွန်းကို တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ပြန်လည် ပေးဆပ်ခြင်းဖြစ်သကဲ့သို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်လည်း ဖြစ်သဖြင့် ချင်းလွမ်းနှင့် ကွမ်းလင် ဒိုလော့တို့အတွက် မည်သို့မျှ နစ်နာစရာ မရှိပေ။