အခန်း(၃၃) - ပီပီတုန်း၏ အကာအကွယ်ပေးလိုသောစိတ်၊ စိတ်ဝိညာဉ်လွတ်မြောက်ရာ နယ်ပယ်နှင့် ဒဏ္ဍာရီလာ အဆုံးစွန်သော ဓာတ်သဘာဝ
ဟူပိုင်၏ မူလက ဖြူစင်ဝင်းပသော အပေါ်ပိုင်းခန္ဓာကိုယ်မှာ မိုးကြိုးဒဏ်ကြောင့် အနည်းငယ် ညိုမည်းတူးတောက်သွားခဲ့သည်။ ဟူပိုင်က ပြန်လည်တုံ့ပြန်ပြီးနောက် လေ့ခွမ်းသည် ခန့်မှန်းခြေ အဆင့် ၁၅ ခန့်ရှိသော မိုးကြိုးစွမ်းအားကို ပုံမှန်အတိုင်း ဆက်တိုက် ထုတ်လွှတ်ပေးထားခဲ့သည်။
ဟူပိုင်၏ ဒုတိယမြောက် ဝိညာဉ်ကွင်းမှာ သက်တမ်းသုံးထောင် ဖြစ်နေသည်ဆိုသော်လည်း... ၎င်းက မည်သည့်ကာကွယ်မှုမျှ မပါဘဲ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ဝိညာဉ်ဆရာသခင်ကြီး တစ်ဦး၏ မိုးကြိုးစွမ်းအားကို တိုက်ရိုက် ခံနိုင်ရည်ရှိသည်ဟု မဆိုလိုပါချေ။
အရေပြားသက်သက်သာဆိုလျှင် တစ်မျိုးပေါ့... သို့သော် ဤမိုးကြိုးဓာတ်က သူ၏ သွေးကြောကွန်ရက်များနှင့် အတွင်းကလီစာများထဲအထိပါ စိမ့်ဝင်သွားမည် ဖြစ်သည်။
အစပိုင်းတွင် တည်ငြိမ်မှု ရှိရန် လိုအပ်သည် ။ ဝိညာဉ်ဆရာတစ်ဦး၏ သွေးကြောများမှာ အရေပြားကဲ့သို့ ကြံ့ခိုင်မှု မရှိကြချေ။
ဤမျှ စွမ်းအားကို တောင့်ခံနိုင်ခြင်းမှာလည်း ဟူပိုင်တွင် 'မိုးကြိုးဓာတ်သဘာဝ ဆွဲဆောင်မှု' နှင့် 'မိုးကြိုးဒဏ် ခံနိုင်ရည်' တို့ ရှိနေသောကြောင့်သာ ဖြစ်၏။ မဟုတ်ဘဲ အဆင့်တူ အခြားဝိညာဉ်ဆရာတစ်ဦးသာ စမ်းသပ်မည်ဆိုပါက မိုးကြိုးစွမ်းအားပမာဏကို သိသိသာသာ လျှော့ချရပေလိမ့်မည်။
လေ့ခွမ်းသည် လက်ရှိတွင် အာရုံကို အလွန်အမင်း စုစည်းထားရသည် ။ သူသည် ဤစွမ်းအားထုတ်လွှတ်မှုကို အနည်းဆုံး နာရီဝက်ခန့် ထိန်းထားရန် လိုအပ်သဖြင့် သူ့အတွက်လည်း အတော်လေး ကုန်ခမ်းစေသည်။
ခန္ဓာကိုယ် သန့်စင်ခြင်းဆိုသည်မှာ... အာနိသင်ပြရန်အတွက် အချိန်လိုအပ်သည်။ နာရီဝက်ဆိုသည်မှာ အနည်းဆုံး သတ်မှတ်ချက် စံနှုန်းမျှသာ ဖြစ်၏။
အထက်ကောင်းကင်ယံတွင် ပီပီတုန်းသည် သွားများကို တင်းတင်းကြပ်ကြပ် စေ့ထားသော ဟူပိုင်အား ကြည့်ရင်း... သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်မကောင်းဖြစ်မှု အမူအရာများ မသိစိတ်အလျောက် ပေါ်ထွက်လာခဲ့သည်။ *'ဒီကလေးက ဘာဖြစ်လို့ ဒီလိုမျိုး လုပ်နေရတာလဲ'*
ဤမျှ လှပချောမောသော ကလေးငယ်လေးမှာ... ယခု မိုးကြိုးဖြင့် ခန္ဓာကိုယ်သန့်စင်နေစဉ်အတွင်း သူ၏ နှင်းပွင့်ရောင် ဆံပင်ရှည်များမှာ မည်းမှောင်သွားကာ၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ညိုမည်းသွားပြီး မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ နဖူးပြင်မှ ချွေးစက်များ ထွက်လာသည့် ခဏချင်းမှာတင် မိုးကြိုးဓာတ်ကြောင့် အငွေ့ပျံသွားခဲ့ရသည်။
"တောက်... တကယ့်ကောင်လေးပဲ။ သူက ဒီလောက်တောင် စိတ်ဓာတ်ပြတ်သားမှု ရှိတာလား.. အစကတော့ သူက နည်းနည်း နုနယ်ပျော့ပျောင်းလိမ့်မယ်လို့ ငါ ထင်ထားတာ၊ အခုကြည့်ရတာတော့ ဒီကောင်လေးရဲ့ စိတ်နေသဘောထားက အလွန်တရာ မာကျောပြီး သန်မာချင်စိတ်လည်း အရမ်းပြင်းပြတာပဲ" ခြင်္သေ့ဒိုလော့ က မချီးကျူးဘဲ မနေနိုင် ဖြစ်သွားရသည်။
ခြင်္သေ့ဒိုလော့ အစက ထိုသို့ထင်မှတ်ခဲ့ခြင်းမှာလည်း မဆန်းပါချေ။ဘာပဲဖြစ်ဖြစ် သူ၏ ဝိညာဉ်လွှမ်းမိုးမှုကြောင့် ဟူပိုင်သည် မွေးရာပါ အလွန်တရာ ချောမောလှပလွန်းသဖြင့် စံပြအလှမောင်လေးတစ်ဦး ဖြစ်နေသောကြောင့်တည်း။
အချို့လူများအတွက်မူ... ဤအရာက အားနည်းခြင်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ပင် ဖြစ်၏။
'မင်းက ကြည့်ရတာ ဒီလောက်တောင် အားနွဲ့နေတာ... မင်းရဲ့ ခွန်အားက ဘယ်လောက်တောင် သန်မာနိုင်မှာမို့လို့လဲ'
၎င်းက လူတွေကို ဤကဲ့သို့သော ပုံသေကားချပ် အယူအဆမျိုး ပေးစွမ်းရန် လွယ်ကူလှသည်။
ပီပီတုန်းကိုယ်တိုင်ပင်လျှင် ခြွင်းချက်မရှိခဲ့ပါချေ
မဟုတ်လျှင် သူမအနေဖြင့် အစပိုင်းတွင် ဟူပိုင်အား စိတ်ဝိညာဉ်ထိန်းချုပ်မှု လမ်းစဉ်ကို လျှောက်လှမ်းရန် အကြံပြုလိမ့်မည် မဟုတ်ပါ... ၎င်းမှာ သူ၏ ဝိညာဉ်ကြောင့်တင်မကဘဲ သူ၏ ရုပ်ရည်သွင်ပြင်ကြောင့်လည်း ဖြစ်သည်။
"မင်း စကားကောင်းကောင်း မပြောတတ်ရင်... ပါးစပ်ပိတ်ထားလိုက်" ပီပီတုန်းက အေးစက်စွာ ဆိုလိုက်သည်။ ဒါက သူမ၏ တပည့်ရင်း ဖြစ်သည် ။အခြားသူတစ်ဦးက သူ့အပေါ် ထိုသို့ ပြောဆိုနေသည်ကို သူမ မည်သို့ သည်းခံနိုင်ပါအံ့နည်း။
ခြင်္သေ့ဒိုလော့၏ စကားများမှာ သိသိသာသာပင် ချီးကျူးဂုဏ်ပြုခြင်း ဖြစ်သော်လည်း... ၎င်းထဲတွင် ပါဝင်သော အချို့ဝါကျများက ပီပီတုန်းအား အလွန်ပင် မကျေမနပ် ဖြစ်စေခဲ့သည်။
"ပီပီတုန်း..မင်း အဲဒီစကားကို နောက်တစ်ခါ ပြန်ပြောကြည့်စမ်း" ခြင်္သေ့ဒိုလော့သည် ဒေါသကြီးသော စရိုက်ရှိသဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသော်လည်း... ချန်တောက်လျိုက သူ့ကို တားဆီးလိုက်သည်။
ဘာဖြစ်လို့လဲဆိုတော့... ပီပီတုန်းသည် သူမ၏ တပည့်အတွက် ရင်ထဲတွင် တကယ် နာကျင်ခံစားနေရသည်ကို ချန်တောက်လျို မြင်တွေ့နေရသောကြောင့် ဖြစ်၏။
"ကဲပါ ကဲပါ... အဆင့်လေး ၊ ပီပီတုန်းက ဟူပိုင်အတွက် စိတ်ပူနေရုံတင်ပါ၊ စိတ်ထဲ မထားပါနဲ့" ချန်တောက်လျိုက ကြားထဲမှ ဖြန်ဖြေပေးလိုက်သည်။
ခြင်္သေ့ဒိုလော့က နှာမှုတ်လိုက်သည်။ တကယ်လို့ ကောင်လေး ဟူပိုင်ကသာ အမှန်တကယ် ကြိုးစားအားထုတ်မှုမရှိဘဲ ခေါင်းမာလွန်းသော စိတ်ဓာတ်မရှိခဲ့လျှင်... ချန်တောက်လျို ဝင်ရောက်တားဆီးခဲ့လျှင်ပင် သူသည် ဤဒေါသကို မျိုသိပ်ထားလိမ့်မည် မဟုတ်ချေ။
တဖြည်းဖြည်းနှင့် နာရီဝက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဟူပိုင်၏ မျက်နှာငယ်လေးမှာ အနည်းငယ် ဖြူလျော့နေသော်လည်း... သူကတော့ အံကြိတ်တောင့်ခံထားဆဲပင်။ အစပိုင်းက နာကျင်မှုနှင့် နှိုင်းယှဉ်လျှင် အခြေအနေမှာ ပိုမိုသက်သာလာသလို သူ ခံစားနေရသည်။
သူ့အနေဖြင့် ဤအရာက မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အများကြီး တိုးတက်သွား၍မဟုတ်ဘဲ... ဤနာကျင်မှုပြင်းအားကို ကျင့်သားရသွားပြီး ထုံကျင်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်အာရုံမှားမှုတစ်ခုမျှသာ ဖြစ်ကြောင်း သိရှိသည်။
၎င်းက သူ၏ ယခင်ဘဝတုန်းက... ကိုယ်ကာယပညာဆရာက မင်းကို ကွင်းဆယ်ပတ် ပြေးခိုင်းသည့် အခြေအနေနှင့် ဆင်တူသည်။ အစပိုင်းတွင် အလွန်တရာ နာကျင်ပင်ပန်းသော်လည်း၊ နောက်ပိုင်းတွင်မူ ခန္ဓာကိုယ်က အသွင်ပြောင်းသွားသလိုမျိုး မူလက နာကျင်လေးလံနေသော ခန္ဓာကိုယ်မှာ ပေါ့ပါးသွက်လက်သွားသလို ခံစားရတတ်သည်။
သူသည် ယခုအခါ ထိုသို့သော အခြေအနေမျိုးသို့ ရောက်ရှိနေခြင်း ဖြစ်၏။ တဖြည်းဖြည်းနှင့်... သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အရာအားလုံးကို မေ့လျော့သွားသည့် 'စိတ်ဝိညာဉ်လွတ်မြောက်ရာ နယ်ပယ်' သို့ သက်ဆင်းသွားခဲ့ပြီး၊ ခန္ဓာကိုယ်ရှိ နာကျင်မှုများကို လုံးဝ မခံစားရတော့ချေ။
ဟူပိုင်၏ စွမ်းအား မှာ တဖြည်းဖြည်း တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ကို ခံစားမိသောအခါ... လေ့ခွမ်းမှာ ထိတ်လန့်သွားရပြီး ဟူပိုင်တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်မိသွားသည်။ သူက ထုတ်လွှတ်မှုစွမ်းအားကို လျှော့ချရန် ပြင်ဆင်လိုက်စဉ်မှာတင်... ဟူပိုင်၏ ဘေးပတ်ပတ်လည်တွင် တောက်ပသော မိုးကြိုးဓာတ်နှင့် အလင်းဓာတ်စွမ်းအား အမှုန်အမွှားလေးများ လင်းလက်လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ပေါင်းစပ်နေသည်ကို တွေ့ရှိလိုက်ရသည်။
လေ့ခွမ်း မမြင်နိုင်သော နေရာတစ်ခုတွင်... မိုးကြိုးဓာတ်သဘာဝများသည် ဟူပိုင်၏ သွေးကြောကွန်ရက်များအပေါ်၌ အလွန်ပါးလွှာသော ကာကွယ်ရေးအလွှာတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီး၊ အလင်းဓာတ်သဘာဝများကမူ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလိုအလျောက် တွယ်ကပ်လျက် ဒဏ်ရာများကို ကုသပေးနေကြသည်။
ဒါတင်မကသေးဘဲ... အမြီးကိုးချောင်းကောင်းကင်မြေခွေး ဝိညာဉ်သည် ဟူပိုင်၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝါရောင်တစ်ကွင်းနှင့် ခရမ်းရောင်တစ်ကွင်းဟူသော ကြီးမြတ်လှသည့် ဝိညာဉ်ကွင်းနှစ်ကွင်းမှာ... လင်းလက်တောက်ပလာကာ ပတ်ဝန်းကျင်ရှိ ကြီးမားသော ဓာတ်သဘာဝနှစ်ခုကို အဆက်မပြတ် စုပ်ယူနေတော့သည်။
"ဒါ... ဒါက" လေ့ခွမ်းသည် မသိစိတ်အလျောက် ရပ်တန့်လိုက်ချင်မိသည်။
သို့သော် ထိုခဏမှာပင်... အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် -
"ဆက်လုပ်... ဒီအတိုင်းပဲ ဆက်ထိန်းထား"
နောက်တစ်ဆက်တည်းမှာပင်... ပီပီတုန်းနှင့် ကြီးမြတ်သောအကြီးအကဲ ငါးဦးတို့သည် အတူတကွ ပေါ်ထွက်လာခဲ့ကြပြီး ဟူပိုင်နှင့် လေ့ခွမ်းကို ဝန်းရံလိုက်ကြသည်။
ဤထူးဆန်းသော မြင်ကွင်းကို ရင်ဆိုင်ရင်း... ပီပီတုန်း၊ ချန်တောက်လျိုနှင့် အခြားသူများမှာ အံ့ဩခြင်း မရှိဘဲ မနေနိုင် ဖြစ်သွားကြရသည်။
"အစ်ကိုကြီး... ဒါ ဘာဖြစ်နေတာလဲ" ချန်ကျွင်း နှင့် ကျန်းမို တို့က တစ်ပြိုင်တည်း မေးမြန်းလိုက်ကြသည်။
ချန်တောက်လျို၏ အမူအရာမှာ လေးနက်တည်ကြည်နေပြီး -
"ဟူပိုင်က အလွန်တရာ ရှားပါးတဲ့ အခြေအနေတစ်ခုထဲကို ရောက်သွားတာပဲ။ ပြီးတော့... အမြီးကိုးချောင်းကောင်းကင်မြေခွေးရဲ့ ဝိညာဉ်ကွင်းနှစ်ကွင်းထဲမှာ ပါဝင်တဲ့ ဒြပ်စင်သန့်စင်မှုနှုန်းက တိုးမြင့်လာနေတာကို ငါ ခံစားမိတယ်။ အလွန်အမင်း နှေးကွေးနေတယ်ဆိုပေမဲ့... အမှန်အကန်ကို တိုးလာနေတာ"
ရွှေရောင်မိကျောင်းဒိုလော့ က ဆိုလိုက်သည် -
"အစ်ကိုကြီး... မင်းပြောချင်တာက ဟူပိုင်ရဲ့ ဒီဝိညာဉ်ကွင်းနှစ်ကွင်းက အသွင်ပြောင်းလဲမှုကို ကြုံတွေ့နေရတာလား။ သူတို့က ဆင့်ကဲပြောင်းလဲ နေတာလား"
ချန်တောက်လျိုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်... အနည်းငယ် မသေချာမရေရာသော အမူအရာဖြင့် ဆိုလိုက်သည်။
"ဖြစ်နိုင်ခြေ များပါတယ်။ ငါတို့ ဝိညာဉ်နန်းတော်ရဲ့ ရှေးဟောင်းမှတ်တမ်းစာအုပ်တစ်အုပ်ထဲမှာ ရေးထားတာ ရှိပုံရတယ် ။ ဓာတ်သဘာဝတစ်ခုက အဆင့်တစ်ခုကို ရောက်ရှိသွားပြီးတဲ့နောက်... ၎င်းကို 'အဆုံးစွန်သော ဓာတ်သဘာဝ' လို့ ခေါ်ဆိုနိုင်ပြီး၊ အဆုံးစွန်သော ဓာတ်သဘာဝက တူညီတဲ့ဓာတ်သဘာဝတွေအပေါ်မှာ လုံးဝဥဿုံ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိတယ်တဲ့။
ဒါပေမဲ့ ဒီကုန်းမြေတိုက်ကြီးမှာ နှစ်ပေါင်းများစွာအတွင်း... အဆုံးစွန်သော ဓာတ်သဘာဝကို ပိုင်ဆိုင်တဲ့သူတစ်ယောက်မှ ငါ မမြင်ဖူးသေးဘူး၊ ငါ့ရဲ့ 'ခြောက်တောင်ပံနတ်သမီး' ဝိညာဉ်တောင်မှ မပိုင်ဆိုင်ဘူး။ တကယ်လို့ အဆုံးစွန်သော ဓာတ်သဘာဝနဲ့ အနီးစပ်ဆုံးလူကို ပြပါဆိုရင်... ၎င်းက ပင်လယ်နတ်ဘုရားကျွန်းရဲ့ အကြီးအကဲ 'ပိုဆိုင်ရှီး' ဖြစ်လိမ့်မယ်။ သူမမှာ သမုဒ္ဒရာကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိပေမဲ့... ငါ့အမြင်အရတော့ ဒါက လုံးဝဥဿုံ အဆုံးစွန်သော ဓာတ်သဘာဝ မဟုတ်ပါဘူး၊ သူမရဲ့ စွမ်းရည်တွေက ထိုအရှင်သခင်က ပေးသနားထားတာမျိုး ပိုဆန်ပါတယ်"
ရွှေမိကျောင်းက -
"ဒါဆို အစ်ကိုကြီး... မင်းပြောချင်တာက အနာဂတ်မှာ ဒီကောင်လေး ဟူပိုင်က အဆုံးစွန်သော မိုးကြိုးနဲ့ အဆုံးစွန်သော အလင်းဓာတ်သဘာဝတွေကို ကျွမ်းကျင်ပိုင်နိုင်လာဖို့ အခွင့်အရေး အများကြီးရှိတယ်ပေါ့ ဟုတ်လား။ ပြီးတော့ နောက်ပိုင်းကျရင်လည်း ဖြစ်နိုင်ခြေက"
ရွှေမိကျောင်း စကားကို အဆုံးမသတ်ခဲ့သော်လည်း... သူ ဘာကို ဆိုလိုချင်သလဲဆိုသည်ကို လူတိုင်း သိရှိကြပေသည် ။ ဒြပ်စင်အားလုံး၏ အဆုံးစွန်သော အဆင့် ...
ဒါက ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
အဆုံးစွန်သော ဓာတ်သဘာဝကို ပိုင်ဆိုင်ခြင်းဆိုသည်မှာ... သက်ဆိုင်ရာ ဒြပ်စင်နယ်ပယ် ၌ လုံးဝဥဿုံ အုပ်စိုးသူအရှင်သခင်ဖြစ်လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ထိုအချိန်ကျလျှင်... ဟူပိုင်တွင် သူ့ကို ဓာတ်သဘာဝမြှင့်တင်မှု ပေးမည့် ဝိညာဉ်ကွင်း အများအပြား မရှိခဲ့လျှင်ပင် ဘာဖြစ်သနည်း။
'ငါ့ရဲ့ အဆုံးစွန်သော ဓာတ်သဘာဝက မင်းကို လုံးဝဥဿုံ ဖိနှိပ်ထားမှာ၊ မင်းမှာ ဘယ်လောက်ပဲ စွမ်းအားမြှင့်တင်မှုတွေ ရှိနေပါစေ... မင်းကတော့ အဖိနှိပ်ခံရမှာပဲ'
"ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ သေချာအောင်လို့ ငါ ပြန်သွားပြီး မှတ်တမ်းကို တစ်ခေါက် ပြန်ရှာကြည့်ဖို့ လိုဦးမယ်။ ဒီကိစ္စကို... မင်းတို့ထဲက ဘယ်သူမှ အပြင်ကို ပေါက်ကြားလို့မဖြစ်ဘူး၊ အားလုံး ကြားတယ်မလား!"
"ဟုတ်ကဲ့ပါ" လေ့ခွမ်းကလည်း ရင်ထဲမှ အလေးအနက် သစ္စာဆိုလိုက်သည်။
ချန်တောက်လျို၏ စကားများမှာ အမှန်တော့ သူ့ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း သူ သိရှိသဖြင့် သူ၏ ရင်ထဲ၌ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ၎င်းက ကြီးမြတ်လှသော အကြီးအကဲချုပ်ကြီးကို သူ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်၏။
သူသည် ချန်တောက်လျိုနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း... 'ခြောက်တောင်ပံနတ်သမီး' ဟူသော စကားလုံးကို အခြေခံ၍ ရှေ့တွင်ရှိနေသော ပုဂ္ဂိုလ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းမိသွားခြင်း ဖြစ်ပေသည်။