အခန်း(၃၂) - မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို စိမ့်ဝင်သန့်စင်ခြင်း၊ တိတ်တဆိတ် စောင့်ကြည့်နေကြသော အင်အားစုများ
မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို စိမ့်ဝင်သန့်စင်ခြင်း ဟုတ်လား။ အမလေး... ဘုရားရေ.. ဒီကလေးက တကယ်ပဲ အသေမကြောက်ဘူးပဲ။
လေ့ခွမ်းသည် ဟူပိုင်အား ထူးဆန်းသော အမူအရာဖြင့် လှည့်ကြည့်လိုက်သော်လည်း... ဟူပိုင်၏ မျက်နှာမှာ တည်ငြိမ်နေပြီး စနောက်နေသည့် အရိပ်အယောင် လုံးဝမရှိသည်ကို တွေ့လိုက်ရသည်။
ထို့နောက်တွင်... ပီပီတုန်းသည် ဟူပိုင်အား လေ့ခွမ်းထံ အပ်နှံခဲ့ပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။
နောက်ပိုင်းကာလများတွင် မွန်းလွဲပိုင်းအချိန်တိုင်း၌ ဟူပိုင်သည် မိုးကြိုးဓာတ်သဘာဝအတတ်နှင့် အလင်းဓာတ်သဘာဝအတတ်များကို လေ့လာသင်ယူရင်း အချိန်ကုန်လွန်စေခဲ့သည်။
ပီပီတုန်း ထွက်ခွာသွားပြီးနောက် လေ့ခွမ်းသည် ဟူပိုင်အား နန်းတော်ချုပ်ပြင်ပသို့ ခေါ်ဆောင်လာခဲ့ရာ... ဟူပိုင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဦးလေးလေ့... ဦးလေးက မိုးကြိုးမြို့တော် ဝိညာဉ်နန်းတော်ခွဲရဲ့ သခင်ဆိုတော့၊ ဦးလေးရဲ့ ခွန်အားက အများကြီး သန်မာမှာပေါ့ ဟုတ်လားဟင်"
လေ့ခွမ်းက ခပ်ဖွဖွရယ်မောရင်း -
"ဒါကတော့ ပြောနေဖို့တောင် မလိုပါဘူးကွာ။ မိုးကြိုးမြို့တော်က ထျန်းတောက်အင်ပါယာရဲ့ အဓိက မြို့ကြီးတွေထဲက တစ်ခုဖြစ်ပြီး... 'မိုးကြိုးသင်တန်းကျောင်း' ကလည်း အဲဒီမှာ တည်ရှိတာ။ တကယ်လို့ ဦးလေးရဲ့ ခွန်အားသာ မသန်မာဘူးဆိုရင်... ပြဿနာတစ်ခုခုနဲ့ ကြုံရတဲ့အခါ ကိစ္စရပ်တွေကို ဘယ်လိုလုပ် ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလဲ"
မိုးကြိုးသင်တန်းကျောင်းသည် ကုန်းမြေတိုက်ကြီးရှိ ဒြပ်စင်ကျောင်းတော်ကြီး ငါးခုအနက် တစ်ခုဖြစ်ပြီး၊ ကျောင်းအုပ်ကြီးမှာ ဝိညာဉ်ဧကရာဇ် တစ်ဦးဖြစ်ကာ ၎င်း၏နောက်ကွယ်တွင် 'ပြာလဲ့မိုးကြိုး နဂါးမင်းမျိုးနွယ်စု' ရှိသည်ဟု ဆိုကြသည်။ လေ့ခွမ်းအနေဖြင့် မိုးကြိုးမြို့တော်၌ ခြေကုပ်ယူထားနိုင်သည်ဆိုကတည်းက သူ၏အရည်အချင်းမှာ အမှန်တကယ်ပင် သံသယဝင်စရာ မလိုချေ။
"ဒါဆို ဦးလေးလေ့... ဦးလေးရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်စွမ်းအားအကြောင်း ပြောပြလို့ အဆင်ပြေမလားခင်ဗျာ။ ဦးလေးက ပိုသန်မာတာလား... ဒါမှမဟုတ် ကျွန်တော့် အဖေနဲ့အမေက ပိုသန်မာတာလားဟင်" ဟူပိုင်က အဖြေကို သိလျက်နှင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့မှာ ဝိညာဉ်စိန့် ( အဆင့် ၇၀ ကျော်) မျှသာ ဖြစ်ကြသဖြင့်... ၎င်းတို့နှစ်ဦး 'ဝိညာဉ်ပေါင်းစပ်စွမ်းရည်' ကို မသုံးလျှင် လေ့ခွမ်း၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ မရှိချေ။
သို့သော်... သူ၏ မိဘများမှာ ရှေ့တွင်ရှိနေသော သူနှင့်နှိုင်းယှဉ်လျှင် သိသိသာသာ ပိုမိုနုပျိုပုံရသည်။
လေ့ခွမ်းက ပြုံးလိုက်ပြီး -
"မင်းက ဒီလောက်တောင် စူးစမ်းချင်နေမှတော့... ဦးလေး ပြောပြတာပေါ့။ ဦးလေးရဲ့ ဝိညာဉ်က သန္ဓေပြောင်း 'မိုးကြိုးစစ်တုရင်တူ' ဖြစ်ပြီး၊ အဆင့် ၈၃ ရှိတဲ့ တိုက်ခိုက်ရေးစနစ် ဝိညာဉ်ဧကရာဇ် (ယတစ်ယောက်ပေါ့။ မင်းရဲ့ မိဘတွေကတော့ ဝိညာဉ်စိန့်အဆင့်မှာပဲ ရှိဦးမှာပါ။ သူတို့နှစ်ယောက် ဝိညာဉ်ပေါင်းစပ်စွမ်းရည်ကို မသုံးရင်တော့... ဦးလေးရဲ့ ပြိုင်ဘက် မဟုတ်ကြပါဘူး"
လေ့ခွမ်းသည် သူ၏ ခွန်အားအပေါ် အတော်လေး ယုံကြည်ချက် ရှိနေသည်။ သူသည် အသက် ၅၀ ပင် မပြည့်သေးဘဲ... တကယ်လို့ ဤသူငယ်လေး ဟူပိုင်အား ကောင်းကောင်းမွန်မွန် လေ့ကျင့်ပေးနိုင်ခဲ့ပြီး၊ သူ့ဘဝတွင် မတော်တဆမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် သူကိုယ်တိုင်လည်း ပညာရှိဒိုလော့ အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိပေသည်။
သူ ပညာရှိဒိုလော့အဆင့်သို့ ရောက်ရှိသွားသည်နှင့် ဝိညာဉ်နန်းတော်၏ အကြီးအကဲ တစ်ဦး ဖြစ်လာမည်ဖြစ်ရာ... အာဏာစွမ်းပကားမှာ နန်းတော်ချုပ်ကြီးနှင့် မိမိထက် သန်မာသောအကြီးအကဲ အနည်းငယ်တို့၏ အောက်၌သာ ရှိတော့မည် ဖြစ်သည်။
လေ့ခွမ်းသည် ဟူပိုင်အား ဝိညာဉ်နန်းတော်၏ နောက်တောင်ကုန်းတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့ပြီး၊ သူ၏ အမူအရာမှာလည်း အလွန်ပင် တည်ကြည်လေးနက်သွားကာ -
"သူငယ်လေး... မင်း တကယ်ပဲ မိုးကြိုးနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်အောင် လုပ်မယ့်နည်းလမ်းကို စမ်းကြည့်ချင်တာ သေချာလို့လား။ မင်းမှာ မိုးကြိုးဒဏ်ကို ခံနိုင်ရည် အတိုင်းအတာတစ်ခုအထိ ရှိနေတယ်ဆိုပေမဲ့... မိုးကြိုးနဲ့ ခန္ဓာကိုယ် သန့်စင်တယ်ဆိုတာ ကစားစရာ မဟုတ်ဘူးနော်"
လေ့ခွမ်း၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ဤနည်းလမ်းကို ခံနိုင်ရည်ရှိသော်လည်း... သူ့အတွက် လုပ်ဆောင်ရန် မလိုအပ်တော့ချေ။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပုံမှန်လူကများ မိမိကိုယ်ကိုယ် နှိပ်စက်မည့် ဤကဲ့သို့သော နည်းလမ်းကို သုံးပါမည်နည်း။ မတော်တဆ ဖြစ်သွားပါက ကုသစရိတ်က အလွန်တရာ ကုန်ကျပေလိမ့်မည်။
အော်... မဟုတ်သေးဘူး... မတော်တဆ ဖြစ်သွားရင် အသက်ပါ ထွက်သွားနိုင်တယ်။
သူ ဟူပိုင်၏ အသက်အရွယ်တုန်းက ဤကဲ့သို့သော နည်းလမ်းကို တွေးပင်မတွေးဝံ့ခဲ့ချေ။ မိုးကြိုးသင်တန်းကျောင်းက လူတွေထဲမှာတောင် ဤမျှ ရူးသွပ်သော စိတ်ကူးရှိသည့်သူကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
တကယ်လို့ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်... လူအများစုက မိုးကြိုးထက်စာရင် 'ရေခဲနှင့်မီးဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း' ကိုသာ ရွေးချယ်ကြပေလိမ့်မည်။
ရေခဲနှင့်မီးဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်းက အစပိုင်းတွင် လူသားခန္ဓာကိုယ်၏ အပြင်ဘက်မျက်နှာပြင်ကိုသာ အရည်ကျိုသန့်စင်ပေးခြင်းဖြစ်၍ ထိန်းချုပ်ရန် ပိုမိုလွယ်ကူသည်။
မိုးကြိုးဖြင့် သန့်စင်ခြင်းကကော။ မိုးကြိုး၏ ပြင်းထန်လှသော ဖောက်ထွင်းနိုင်စွမ်း သဘာဝကြောင့် ခန္ဓာကိုယ်ကို သန့်စင်သည့်အခါ... အပြင်ဘက် မျက်နှာပြင်တင်မကဘဲ အတွင်းပိုင်းအထိပါ စိမ့်ဝင်သန့်စင်ပေးခြင်း ဖြစ်သည်။
လူသားများသည် သတ္တုကဲ့သို့ပင် လျှပ်စစ်စီးကူးနိုင်သည်။ တစ်နည်းအားဖြင့်... မိုးကြိုးသည် ခန္ဓာကိုယ်မျက်နှာပြင်ကို ဖြတ်သန်းသွားပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောကွန်ရက်များနှင့် အာရုံကြောများ ကို လှုံ့ဆော်ပေးလိမ့်မည်။ ထိန်းချုပ်မှု မကောင်းခဲ့ပါက... တိုက်ရိုက် မသန်မစွမ်း (ဒုက္ခိတ) ဖြစ်သွားပေလိမ့်မည်။
ဟူပိုင်သည် သူ၏ ယခင်ဘဝမှ ဗဟုသုတများ ရှိထားသဖြင့်... သဘာဝကျကျပင် ဤနိယာမကို သိရှိသော်လည်း၊ စမ်းသပ်ကြည့်ရန် အဆင်သင့် ရှိနေဆဲပင်။ ဘာပဲဖြစ်ဖြစ် ဒါက စိတ်ကူးယဉ်ဆန်းကြယ် ကမ္ဘာ တစ်ခုဖြစ်ပြီး... ၎င်းက စိတ်ကူးယဉ်ကမ္ဘာတွေထဲမှာ အနိမ့်ဆုံးအဆင့် ဖြစ်နေသည့်တိုင်အောင်၊ သွေးကြောတွေ လျှပ်စစ်ရှော့ခ်ဖြစ်ရုံမျှနှင့်တော့ သူ အသက်သေဆုံးသွားမည် မဟုတ်ပါချေ။
"မင်း ဘာဖြစ်လို့ ဒီလိုမျိုး အန္တရာယ်ကို စွန့်စားချင်ရတာလဲဆိုတာ ဦးလေးကို ပြောပြနိုင်မလား" လေ့ခွမ်းသည် ဤမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦး ဘာကို တွေးတောနေသလဲဆိုသည်ကို အမှန်ပင် သိရှိလိုနေသည်။
ဟူပိုင်က ဆိုလိုက်သည် -
"ကျွန်တော့်ရဲ့ အတွေးက အရမ်းရိုးရှင်းပါတယ် ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကို အတတ်နိုင်ဆုံး မြှင့်တင်ဖို့နဲ့... ရရှိလာမယ့် ဝိညာဉ်ကွင်းတိုင်းကို အမြင့်ဆုံး အစွမ်းထက် ဓာတ်သဘာဝနဲ့ အနီးစပ်ဆုံး ဖြစ်စေချင်တာပါ။ ဥပမာအားဖြင့် ဦးလေးလေ့... ကျွန်တော့်ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက ခံနိုင်ရည်အရှိဆုံး သက်တမ်းက ရှစ်ရာဖြစ်ပေမဲ့၊ ကျွန်တော်က သက်တမ်း ငါးရာကျော်ရှိတဲ့ 'မိုးကြိုးငရဲနွယ်ပင်' ကိုပဲ စုပ်ယူဖို့ ရွေးချယ်ခဲ့ပါတယ်"
"ကျွန်တော့်အတွက်တော့... ဝိညာဉ်သားရဲတစ်ကောင်ရဲ့ သွေးသားရင်းမြစ်နဲ့ ဓာတ်သဘာဝက သက်တမ်းထက်စာရင် ပိုအရေးကြီးပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု မြှင့်တင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း တွေ့မြင်ရပြီးပါပြီ။ တကယ်လို့ အဲဒီတုန်းက ကျွန်တော် ခန္ဓာကိုယ် သန်မာအောင် ဝေလငါးကော် မစားခဲ့ဘူးဆိုရင်... ကံကောင်းလို့ ဒီမိုးကြိုးငရဲနွယ်ပင်နဲ့ ကြုံခဲ့ရင်တောင် ကျွန်တော် ထိုင်ကြည့်နေရုံပဲ ရှိမှာ မဟုတ်လားဟင်"
လေ့ခွမ်း အခုမှ သဘောပေါက်သွားတော့သည် ။အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတတ်သည့် ဤကလေး၏ စိတ်ဓာတ်မှာ အလွန်ပင် ရှားပါးလှပြီး ချီးကျူးစရာ ကောင်းလှပေသည်။
"ကောင်းတယ်" လေ့ခွမ်း၏ ရုတ်တရက် အော်ဟစ်သံကြောင့် ဟူပိုင်မှာ လန့်ဖျတ်သွားရသည်။
"ဦးလေး မင်းရဲ့ စရိုက်ကို သဘောကျတယ်။ အခုပဲ စလိုက်ကြရအောင်.. မင်းရဲ့ လက်ရှိခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် ကောင်းကင်မိုးကြိုး ကို တိုက်ရိုက် မခံနိုင်သေးဘူး၊ ဒါကြောင့် ရိုးရှင်းတဲ့ အရာကနေပဲ စကြစို့။ ဦးလေးက မင်းဆီကို လျှပ်စစ်ဓာတ်အား လွှတ်ပေးမယ် ။ ဒီနည်းလမ်းက မင်း ခံနိုင်ရည်ရှိတဲ့ ဘောင်အတွင်းမှာပဲ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်မှာဖြစ်သလို၊ ထိန်းချုပ်ရတာလည်း ပိုလွယ်ကူလိမ့်မယ်" လေ့ခွမ်းက အန္တရာယ်အကင်းဆုံး နည်းလမ်းကို အကြံပြုလိုက်သည်။
သူသည် ဟူပိုင် ရှင်းပြသည်ကို ကြားလိုက်ရသည် ။ မိုးကြိုးငရဲနွယ်ပင်ဟူသော ထိပ်တန်း မိုးကြိုးဓာတ်သဘာဝ အပင်ဝိညာဉ်သားရဲသည် ကောင်းကင်မိုးကြိုးများကို ဆွဲဆောင်ခြင်းဖြင့် ၎င်း၏ ကျင့်ကြံမှုကို မြှင့်တင်လေ့ရှိသည်။ သို့သော် ဟူပိုင်က မိုးကြိုးငရဲနွယ်ပင် မဟုတ်ပါချေ ။ တကယ်လို့ သူသာ ထိုသို့ တိုက်ရိုက်လုပ်ဆောင်ခဲ့လျှင်... မိုးကြိုးအချက်ပေါင်းများစွာ အပစ်ခံရပြီး အရှင်လတ်လတ် သေဆုံးသွားမည် မဟုတ်ပါလော။
ထို့ကြောင့် ပီပီတုန်းက သူ့ကို အထူးတလည် ပြန်ခေါ်ခဲ့ခြင်းမှာ... လေ့ခွမ်းအနေဖြင့် ဤနည်းလမ်းကို အသုံးပြုပြီး ဟူပိုင်အား ခန္ဓာကိုယ် သန့်စင်ရာတွင် ကူညီပေးစေချင်သောကြောင့် ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် သူမ၏ ခွန်အားဖြင့်ဆိုပါက... ဟူပိုင် ကောင်းကင်မိုးကြိုးကို ဆွဲချနေစဉ်အတွင်း ဘေးမှ အပြည့်အဝ ကာကွယ်ပေးထားနိုင်ပေသည်။
သို့သော် ဤလုပ်ရပ်က အလွန်ပင် အန္တရာယ်များလွန်းလှရာ... ပီပီတုန်းကိုယ်တိုင်ပင်လျှင် လုံးဝဥဿုံ စိတ်ချသေချာမှု ရှိလိမ့်မည် မဟုတ်ချေ။
"ဟုတ်ကဲ့ပါ" ဟူပိုင်က ပြန်လည်ဖြေကြားပြီး မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ... လေ့ခွမ်းက သူ၏ နောက်ဘက်တွင် ထိုင်လျက်၊ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဟူပိုင်၏ ကျောပြင်ပေါ်သို့ တင်လိုက်သည်။
သူတို့နှစ်ဦး မမြင်နိုင်သော ကောင်းကင်ယံအထက်တွင်မူ... ပီပီတုန်းသည် အောက်ကလူနှစ်ဦးကို တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် စောင့်ကြည့်နေခဲ့သည်။
သို့သော်... နန်းတော်ချုပ်ကြီး၏ ရွှေစင်အာဏာစက်တံကို ကိုင်ဆောင်ထားသော သူမ၏ လက်ချောင်းများကို အသေအချာ ကြည့်လိုက်မည်ဆိုပါက... လက်ဆစ်များ ဖြူလျော့သွားသည်အထိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်ရာ၊ သူမ၏ ရင်ထဲ၌ လုံးဝ တည်ငြိမ်မနေကြောင်း ပြသနေပေသည်။
ရုတ်တရက်... သူမ၏ ဘေးပတ်ပတ်လည်တွင် ကြီးမားသော အကြီးအကဲ ငါးဦးလည်း ပေါ်ထွက်လာခဲ့သည်။ 'ချင်းလွမ်း' နှင့် 'ကွမ်းလင်' တို့မှာမူ ပင်လယ်နတ်ဘုရားကျွန်း သို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ယခုအချိန်တွင် ဟင်းလင်းပြင်နယ်ပယ် အတွင်း၌ ထိုလူခြောက်ဦးလုံးမှာ စကားတစ်ခွန်းမျှ မဆိုကြဘဲ... တစ်ယောက်နှင့်တစ်ယောက် မသိကြသလိုမျိုး၊ အောက်ခြေက လှုပ်ရှားမှုတိုင်းကိုသာ အာရုံစိုက် စောင့်ကြည့်နေကြတော့သည်။
အောက်ခြေတွင်..
လေ့ခွမ်းသည် သူ၏ ဝိညာဉ်ကို ထုတ်မလွှတ်သေးသော်လည်း... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေတွက်၍မရနိုင်သော မိုးကြိုးမြွေငယ်များစွာ လျှံထွက်လှုပ်ရှားနေပြီ ဖြစ်သည်။ ဟူပိုင်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင်... တကယ်လို့ လေ့ခွမ်းသာ သူ၏ ဝိညာဉ်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်ပါက ခန္ဓာကိုယ် သန့်စင်နေစရာ မလိုတော့ဘဲ၊ အလောင်းသာ တိုက်ရိုက် လာကောက်ရပေလိမ့်မည်။
"ကလေး... စိတ်ကို တည်ငြိမ်အောင်ထား၊ ပြီးတော့ မင်းရဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီး ခန္ဓာကိုယ်ထဲက သွေးကြောတွေကို အတတ်နိုင်ဆုံး ကာကွယ်ထားပါ"
လေ့ခွမ်း လမ်းညွှန်ရန် မလိုအပ်ဘဲ... ဟူပိုင်သည် ထိုသို့ ကြိုတင်လုပ်ဆောင်ထားပြီးသား ဖြစ်သည်။ လေ့ခွမ်း၏ လက်ဖဝါးများမှတစ်ဆင့် ဟူပိုင်၏ ခန္ဓာကိုယ်မျက်နှာပြင်ဆီသို့ မိုးကြိုးဓာတ်များ စီးဆင်းဝင်ရောက်လာသောအခါ... မိုးကြိုးအချို့က သူ၏ အရေပြားမျက်နှာပြင်ရှိ သေးငယ်သော ချွေးပေါက်လေးများမှတစ်ဆင့် တိုက်ရိုက် စိမ့်ဝင်သွားခဲ့တော့သည်။
ခန္ဓာကိုယ် သန့်စင်မှုကို လွယ်ကူချောမွေ့စေရန်အတွက် ဟူပိုင်သည် သူ၏ အပေါ်အင်္ကျီကို ချွတ်ထားသဖြင့်... ဖြူစင်ဝင်းပပြီး ချောမွေ့လှသော သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်လေး ပေါ်ထွက်နေကာ၊ အမှန်တကယ်ပင် နုနယ်လှပလှပေသည်။
အစပိုင်းတွင် လေ့ခွမ်းသည် မိုးကြိုးစွမ်းအားကို အလွန်အမင်း မြှင့်မထားဘဲ... တဖြည်းဖြည်းချင်း တိုးမြှင့်ပေးရင်း ဆိုလိုက်သည်။
"တကယ်လို့ မင်း မခံမရပ်နိုင် ဖြစ်လာရင် ဦးလေးကို ချက်ချင်း ပြောရမယ်နော်။ သွေးကြောတွေ မခံနိုင်တော့မယ့် အဆုံးစွန်အထိ စောင့်မနေပါနဲ့။ မင်းရဲ့ ခံနိုင်ရည် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရောက်တာနဲ့ ချက်ချင်း အသိပေးရမယ်... ကြားလား"
ဟူပိုင်သည် နာကျင်မှုကို စတင်ခံစားနေရပြီဖြစ်၍ သွားများကို တင်းတင်းကြပ်ကြပ် စေ့ထားရသည်။ လေ့ခွမ်း၏ သတိပေးမှုကို ရင်ဆိုင်ရင်း... သူသည် အံကြိတ်ကာ ညည်းတွားသံမျှသာ ပြန်လည် တုံ့ပြန်နိုင်တော့သည်။