အခန်း(၃၁) - နိယာမတစ်ခုကို ကျွမ်းကျင်လျှင် ရာပေါင်းများစွာကို ပေါက်မြောက်၏။
မိုးကြိုးမြို့တော်ဝိညာဉ်နန်းတော်ခွဲ၏ သခင်
'အမြီးကိုးချောင်းကောင်းကင်မြေခွေး ဝင်ရောက်တိုက်ခိုက်ခြင်း'ကို တတ်မြောက်ပြီးနောက်... ဟူပိုင်သည် ရုတ်တရက် စိတ်ကူးစိတ်သန်းတစ်ခု ရရှိခဲ့သည် ။ ဤကိုယ်ပိုင်ဖန်တီး ဝိညာဉ်စွမ်းရည်ကို မိုးကြိုးဓာတ်သဘာဝ ၌လည်း အသုံးချနိုင်သည် မဟုတ်ပါလော။
အလင်းဓာတ်သဘာဝဖြင့် ထုတ်ဖော်သော အမြီးကိုးချောင်းကောင်းကင်မြေခွေး တိုက်ခိုက်ခြင်းတွင် နောက်သို့လွင့်စင်စေခြင်းနှင့် သန့်စင်ခြင်း အာနိသင်များ ရှိသည်။
ဒါဆိုလျှင်... မိုးကြိုးဓာတ်သဘာဝဖြင့် ထုတ်ဖော်မည့် အမြီးကိုးချောင်းကောင်းကင်မြေခွေး တိုက်ခိုက်ခြင်းကကော။
၎င်းတွင် သေချာပေါက် နောက်သို့လွင့်စင်စေခြင်း၊ အကာအကွယ်အင်္ကျီကို ဖောက်ထွင်းခြင်း နှင့် လေဖြတ်သလို ထုံကျဉ်သွားစေခြင်း အာနိသင်များ ရှိပေလိမ့်မည်။
ဒြပ်စင်အမျိုးမျိုးထဲတွင်... ဖောက်ထွင်းနိုင်စွမ်းအား အကောင်းဆုံးအရာကို ပြပါဆိုလျှင် ၎င်းမှာ မိုးကြိုးဓာတ်သဘာဝသာ ဖြစ်ရမည်။
ဟူပိုင်၏ ဤစိတ်ကူးကို ကြားသိရသောအခါ ချန်တောက်လျိုသည် အံ့ဩသွားခဲ့ရသော်လည်း၊ ထို့နောက်တွင် အလွန်တရာ ကျေနပ်ပီတိဖြစ်သွားခဲ့သည်။
သူသည်လည်း တစ်ခုကို သဘောပေါက်သွားခဲ့သည်။ ဟူပိုင်အနေဖြင့် ဒြပ်စင်အသုံးချမှုများစွာကို သင်ယူရန်အတွက် စိုးရိမ်ပူပန်နေစရာမလိုချေ။ အနှစ်သာရကို တစ်ကြိမ်မျှ ပေါက်မြောက်သွားသည်နှင့်... ကွဲပြားခြားနားသော ဒြပ်စင်ဝိညာဉ်စွမ်းရည်များစွာကို အမှန်တကယ်တွင် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြောင်းလဲအသုံးပြုနိုင်ပေသည်။
အမှန်တော့ ဤအရာက အစကတည်းက ထင်ရှားနေခဲ့သည် ။ အလင်းလုံး၊ မိုးကြိုးလုံး၊ မီးလုံး... ဒါတွေအားလုံးဟာ ဒြပ်စင်စွမ်းအားကို ဒြပ်စင်လုံးများအဖြစ် သိပ်သည်းစုစည်းပြီး တိုက်ခိုက်ခြင်းပဲ မဟုတ်ပါလား။
အမြီးကိုးချောင်းကောင်းကင်မြေခွေး တိုက်ခိုက်ခြင်းကလည်း ထို့အတူပင် မတူညီသော ဓာတ်သဘာဝများကို အသုံးပြု၍ တိုက်ခိုက်ခြင်းက ကွဲပြားခြားနားသော အာနိသင်များကို ထွက်ပေါ်စေလိမ့်မည်။
ပထမတစ်မျိုးကို သင်ယူတတ်မြောက်ထားပြီးဖြစ်၍... ဟူပိုင်သည် ယခုတစ်ကြိမ်တွင် မိုးကြိုးဓာတ်သဘာဝ အမြီးကိုးချောင်းကောင်းကင်မြေခွေး တိုက်ခိုက်ခြင်းအတွက် ခုနစ်ရက်လုံးလုံး အချိန်မဖြုန်းခဲ့ရချေ။ သုံးရက်မပြည့်မီအချိန်အတွင်းမှာတင် ၎င်းကို လုံးဝ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။
သူ၏ နေ့စဉ်သင်ခန်းစာ အလုပ်ပမာဏမှာ အလွန်ပင် လေးလံလှသဖြင့်... ဟူပိုင်သည် ညဘက်တွင် တရားထိုင်ကျင့်ကြံခြင်းဖြင့် အိပ်စက်ခြင်းကို အစားမထိုးဘဲ၊ ပုံမှန်အတိုင်း အိပ်စက်အနားယူခဲ့သည်။ ၎င်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုမိုကောင်းမွန်စွာ ပြန်လည်အားပြည့်စေသောကြောင့် ဖြစ်၏။
ထို့အပြင်... တစ်ညလုံး တရားထိုင်နေခဲ့လျှင်ပင် ဘာထူးခြားသွားမည်နည်း။ ဝိညာဉ်စွမ်းအား အနည်းငယ်မျှသာ တိုးပွားလာမည်ဖြစ်ရာ၊ ၎င်းက ညစာစားပြီးနောက် အပြည့်အဝအာရုံစိုက်ကာ ကျင့်ကြံခြင်းဖြင့် ရရှိလာသော တိုးတက်မှုလောက် မများပြားချေ။
သူ၏ ပါရမီက အတော်လေး ကောင်းမွန်နေပြီးသားဖြစ်၍... ညဉ့်နက်သန်းခေါင်အချိန်အထိ ဤမျှအပြိုင်အဆိုင် လုပ်နေရန် မလိုအပ်ပါချေ။
သေချာတာပေါ့... အဓိကအကြောင်းရင်းမှာ ကိုယ်ပိုင်ဖန်တီး ဝိညာဉ်စွမ်းရည်တစ်ခုကို တီထွင်ခြင်းက စိတ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ဤနည်းဖြင့် ပြန်လည်ဖြည့်တင်းရန် အမှန်တကယ် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
၎င်းအပြင်... သူ၏ စိတ်ကူးယဉ်မှုကြောင့်လားတော့ မသိ၊ လွန်ခဲ့သော ဆယ်ရက်ကျော်ကာလအတွင်း၌ သူသည် မိုးကြိုးနှင့် အလင်းဓာတ်သဘာဝများအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုချောမွေ့အဆင်ပြေလာသည်ဟု ခံစားရသည်။ ထို့ထက်မက... သူ၏ မိုးကြိုးဓာတ်စွမ်းအားကလည်း အနည်းငယ် ပိုမို အစွမ်းထက်လာသလိုမျိုး ခံစားနေရသည်။
သေချာသည်မှာ ဟူပိုင်အနေဖြင့်... သူ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည့် အချိန်တိုင်း၌ ပတ်ဝန်းကျင်ရှိ မိုးကြိုးနှင့် အလင်းဓာတ်သဘာဝများမှာ ထူးခြားဆန်းပြားစွာ သက်ဝင်လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ သို့မဟုတ် သူ၏ ဝိညာဉ်ကွင်းအတွင်းသို့ စီးဆင်းဝင်ရောက်နေကြသည်ကိုတော့ သိရှိလိမ့်မည် မဟုတ်ချေ။
ဟူပိုင်သည် ၎င်းကို မိမိ၏ စိတ်အာရုံမှားခြင်း ဟုတ်မဟုတ် မသေချာသဖြင့် ခံစားချက်ကို နောက်ထပ် အချိန်အနည်းငယ်မျှ စောင့်ကြည့်ရန် အစီအစဉ်ရှိသည်။ တကယ်လို့ အမြင်မှားခြင်း မဟုတ်ခဲ့ရင် ပီပီတုန်း သို့မဟုတ် ချန်တောက်လျိုတို့ကို မေးမြန်းကြည့်ရမည်။
ဇာတ်လမ်းကို သိရှိထားသော သူကိုယ်တိုင်ပင်လျှင်... ဒါက ဘယ်လိုအခြေအနေမျိုးလဲဆိုသည်ကို မသိရှိချေ။
ယနေ့တွင်မူ... မိုးကြိုးဓာတ်သဘာဝ ဝိညာဉ်ရှိသော ထိုနန်းတော်ခွဲသခင်သည် နောက်ဆုံး၌ သူ၏ အလုပ်ကိစ္စအားလုံးကို ဒုတိယနန်းတော်ခွဲသခင်ထံ လွှဲပြောင်းပေးခဲ့ပြီးနောက်၊ ထျန်းတောက်အင်ပါယာ၏ 'မိုးကြိုးမြို့တော်' မှ ဝိညာဉ်နန်းတော်ချုပ်တည်ရှိရာသို့ အပြေးအလွှား ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
နန်းတော်ချုပ်အတွင်း၌...
နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပီပီတုန်း၏ ရှေ့တွင် ဒူးတစ်ဖက်ထောက် ကန်တော့လိုက်ရင်း -
"မိုးကြိုးမြို့တော် ဝိညာဉ်နန်းတော်ခွဲရဲ့ သခင် 'လေ့ခွမ်း' ... နန်းတော်ချုပ်ကြီးကို ဂါရဝပြုပါတယ်!"
ပီပီတုန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆိုလိုက်သည် -
"လေ့ခွမ်း... ငါ မင်းကို ပြန်ခေါ်လိုက်တာက မင်းကို ခိုင်းစရာ အလုပ်တစ်ခု ရှိလို့ပဲ။ မင်းကို ငါ့တပည့်ရဲ့ ဆရာအဖြစ် ကာလတစ်ခုအထိ တာဝန်ယူပေးစေချင်ပြီး... သူ့ကို မိုးကြိုးဓာတ်သဘာဝရဲ့ အမျိုးမျိုးသော အသုံးချပုံတွေအကြောင်း သင်ကြားပြသပေးစေချင်တယ်"
လေ့ခွမ်းမှာ - ???
နန်းတော်ချုပ်ကြီးမှာ ဘယ်တုန်းက တပည့်တစ်ယောက် ရှိသွားတာလဲ။ သူ ဘာလို့ မသိရတာလဲ...
ပီပီတုန်းက သူ့ကို ဘာကြောင့် ပြန်ခေါ်ရသလဲဆိုသည်ကို သူ လုံးဝ သဘောမပေါက်ခဲ့ချေ။ ကြီးမားသော မစ်ရှင်တစ်ခုခု ပေးတော့မည်ဟု ထင်မှတ်ကာ အလျင်အမြန် ပြန်လာခဲ့ခြင်း ဖြစ်သည်။
"နန်းတော်ချုပ်ကြီး... ဘယ်တုန်းက တပည့်တစ်ယောက် ရသွားတာလဲ.. ပြီးတော့ သူ့ကို ကျွန်တော် ဘယ်လိုမျိုး သင်ကြားပေးရမလဲ" သူ စကားပြောဆိုနေရင်း... လေ့ခွမ်း၏ မျက်လုံးများက ပီပီတုန်း၏ ဘေးတွင် ရပ်နေသော ဆံပင်ရှည် နှင်းပွင့်ရောင်နှင့် ချောမောလှသည့် လူငယ်လေးထံသို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ဤလူငယ်လေး၏ ရုပ်ရည်က... ဘာကြောင့်များ ရင်းနှီးနေသလို ခံစားရပါလိမ့်။
ပီပီတုန်းက ဟူပိုင်အား အချက်ပြလိုက်သည်။ ဟူပိုင်က ရှေ့သို့ လှမ်းထွက်လာပြီး၊ လေ့ခွမ်းအား အနည်းငယ် ဦးညွှတ်အရိုအသေပေးကာ အလွန်တရာ ယဉ်ကျေးပျူငှာစွာဖြင့် ဆိုလိုက်သည် -
"မင်္ဂလာပါ ဆရာလေ့... ကျွန်တော့်အမည်က ဟူပိုင် ဖြစ်ပါတယ်။ ကျွန်တော့်မှာ မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအား ရှိပြီး၊ ဝိညာဉ်ကတော့ 'အမြီးကိုးချောင်းကောင်းကင်မြေခွေး' ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လကျော်က ဆရာ့ရဲ့ တပည့်အဖြစ် သိမ်းပိုက်ခြင်း ခံခဲ့ရပါတယ်"
အမြီးကိုးချောင်းကောင်းကင်မြေခွေး ဟုတ်လား။ မျိုးရိုးက 'ဟူ' လား။
လေ့ခွမ်းသည် တစ်ခုခုကို တွေးမိသွားပြီး -
"မင်းရဲ့ အဖေက 'ရှဲ့ထျန်း' ဖြစ်ပြီး၊ အမေက 'ဟူလျဲ့ယောင်' လား"
ဟူပိုင်၏ မျက်လုံးများ ကျယ်ပြန့်သွားပြီး အနည်းငယ် အံ့ဩသွားရကာ -
"ဆရာလေ့က ကျွန်တော့် မိဘတွေကို သိတာလား"
"ဟားဟားဟား... မင်းက အဲဒီကောင်စုတ် ရှဲ့ထျန်းရဲ့ သားကိုး.. အရင်တုန်းက ငါ ဗဟိုနန်းတော်မှာ ရှိနေသေးတဲ့ အချိန်တုန်းက မင်းရဲ့ မိဘတွေနဲ့အတူ မစ်ရှင်တွေ အများကြီး အတူတူ သွားခဲ့ဖူးတယ်။ ငါ မိုးကြိုးမြို့တော်ကို ပြောင်းသွားပြီးတဲ့နောက်မှ အဆက်အသွယ် နည်းသွားတာ။ မင်း ငါ့ကို 'ဦးလေးလေ့' လို့ပဲ ခေါ်နိုင်ပါတယ်"
သို့သော်လည်း လေ့ခွမ်းသည် မကြာမီမှာပင် ဇဝေဇဝါဖြစ်သွားရပြီး ပီပီတုန်းအား လှည့်ကြည့်ကာ -
"နန်းတော်ချုပ်ကြီး... သူ့ရဲ့ ဝိညာဉ်က သန္ဓေပြောင်း အမြီးကိုးချောင်းကောင်းကင်မြေခွေး ဆိုရင်တော့၊ သူက စိတ်ဝိညာဉ်ထိန်းချုပ်မှုကို လေ့လာရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကျွန်တော့်ကို မိုးကြိုးဓာတ်သဘာဝအကြောင်း သင်ခိုင်းရတာလဲ"
အမြီးကိုးချောင်းကောင်းကင်မြေခွေးမှာ ကြည့်ရသည်မှာ ဆွဲဆောင်မှုရှိသော မြေခွေးဝိညာဉ် ၏ သန္ဓေပြောင်းလဲမှုတစ်ခုနှင့် တူလှသည်။ မွေးရာပါ အပြည့်အဝ ဝိညာဉ်စွမ်းအား ပါရမီက သူ့ကို ခဏမျှ တုန်လှုပ်စေခဲ့သော်လည်း... ပုံမှန်အယူအဆများအရ ဆိုလျှင် ထိုကောင်လေးက စိတ်ဝိညာဉ်ထိန်းချုပ်မှုနှင့် ညို့ယူဆွဲဆောင်ခြင်းအတတ်ကို လေ့လာရမည် မဟုတ်ပါလော။
ပီပီတုန်းက ဘာမှ ပြန်မပြောဘဲ စောင့်ကြည့်နေစဉ်... ဟူပိုင်၏ ခန္ဓာကိုယ်အတွင်းမှ အလွန်အမင်း ပြင်းထန်လှသော မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့အား ဝန်းရံသွားခဲ့ကာ၊ သူ၏ ဝိညာဉ်ကွင်း နှစ်ကွင်းလည်း ပေါ်ထွက်လာခဲ့တော့သည်။
၎င်းက အမှန်တကယ်ပင်... အဝါရောင် တစ်ကွင်းနှင့် ခရမ်းရောင် တစ်ကွင်း ဖြစ်နေသည်။
ဒါက ဘယ်လိုမျိုး ဝိညာဉ်ကွင်း ဖွဲ့စည်းပုံကြီးလဲ။
'ဝေလငါးကော်' ၏ အာနိသင်မှာ ဝိညာဉ်နန်းတော်၏ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေသေးပြီး ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိသေးချေ။ နန်းတော်ခွဲသခင် ဖြစ်သော သူကိုယ်တိုင်ပင်လျှင် ၎င်းကို မသိရှိရသေးပါချေ။
ဝိညာဉ်နန်းတော်၏ လက်ကျန်စုဆောင်းမှုမှာ ကန့်သတ်ချက်ရှိသဖြင့် လက်ရှိတွင် ပါရမီရှင် အရေအတွက် အများအပြားကို သက်တမ်းမြင့်မားသော ဝေလငါးကော်များ မပံ့ပိုးပေးနိုင်သေးချေ။ ထို့ကြောင့် သူတို့သည် ထူးချွန်သော ပါရမီရှင် အနည်းငယ်ကိုသာ သီးသန့်ရွေးချယ်ပြီး လျှို့ဝှက်ကျင့်ကြံစေလျက်၊ ဤကိစ္စကို အပြင်လူအား လုံးဝ မပြောရန် တင်းကျပ်စွာ တားမြစ်ထားခြင်း ဖြစ်သည်။
ထိုပါရမီရှင်များထဲတွင်... ဟူပိုင် အပါအဝင် သုံးယောက်အပြင်၊ မူလဇာတ်လမ်းထဲမှ ဝိညာဉ်နန်းတော်အဖွဲ့ဝင် ကျန်ရှိသော ငါးဦးလည်း ပါဝင်ပြီး ၎င်းတို့ကို 'ရန်' က ဦးဆောင်သည်။
သေချာတာပေါ့... မူလက အငယ်တန်းအဆင့်တွင် ရှဲ့ယွဲ့က ဦးဆောင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ရှဲ့ယွဲ့သည် မကြာသေးမီက သင်တန်းကျောင်းသို့ မသွားဖြစ်တော့သဖြင့် ရန်ကသာ ပါရမီအကောင်းဆုံးနှင့် ခွန်အားအရှိဆုံးသူ ဖြစ်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လေ့ခွမ်းမှာ အတော်လေး တုန်လှုပ်အံ့ဩသွားခဲ့ရသည်။ ထိုအခါမှ ပီပီတုန်းက ရှင်းပြလိုက်သည် ။
"ဟူပိုင်ရဲ့ အမြီးကိုးချောင်းကောင်းကင်မြေခွေးက ရိုးရှင်းတဲ့ ဝိညာဉ်သန္ဓေပြောင်းလဲမှုမျိုး မဟုတ်ဘဲ... ပိုပြီးတော့ ရှားပါးလှတဲ့ သွေးသားတော်စပ်မှုဆိုင်ရာ ရှေးရိုးပြန်ဖြစ်ခြင်း မျိုးပဲ။ သူပိုင်ဆိုင်တဲ့ စွမ်းရည်တွေက ညို့ယူဆွဲဆောင်ခြင်းတင်မကဘဲ ဒြပ်စင်ဆိုင်ရာ ဆွဲဆောင်မှုပါဝင်တယ်။
မင်းမြင်တဲ့အတိုင်းပဲ... သူက မိုးကြိုးဓာတ်သဘာဝကို ကျွမ်းကျင်နိုင်စွမ်း ရှိတယ်။ ဒါတင်မကသေးဘူး... သူက သဘာဝအလျောက် တည်ရှိနေတဲ့ အလင်း၊ ရေ၊ မီး၊ သတ္တု နဲ့ ဟင်းလင်းပြင် စတဲ့ ဒြပ်စင်စွမ်းအားအားလုံးကိုလည်း ကျွမ်းကျင်နိုင်စွမ်း ရှိသေးတယ်။ သူက အခု ဒြပ်စင်ပေါင်းစုံ လမ်းစဉ်ကို လျှောက်လှမ်းဖို့ ရည်ရွယ်ထားတာ ဖြစ်လို့... သူခတ်နှိပ်မယ့် ဝိညာဉ်ကွင်းတွေက သူ့ကို ထိရောက်တဲ့ ဝိညာဉ်စွမ်းရည်တွေ ပေးစွမ်းနိုင်မှာ မဟုတ်ဘဲ၊ ရိုးရှင်းတဲ့ ဒြပ်စင်စွမ်းအား မြှင့်တင်မှုကိုပဲ ပေးနိုင်လိမ့်မယ်။ ဒါကြောင့်မို့လို့ ငါက မင်းကို သူ့ကို သင်ကြားပေးဖို့ ခေါ်လိုက်ရခြင်းပဲ။
မင်း သူ့ကို အစွမ်းကုန် သင်ကြားပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ဝိညာဉ်နန်းတော်ကလည်း အခြေအနေအပေါ် မူတည်ပြီး မင်းကို ထိုက်တန်တဲ့ ဆုလာဘ်တွေ ပေးမှာပါ။ ဥပမာအားဖြင့်... မင်းရဲ့ ကျင့်ကြံခြင်းက အဆင့် ၉၀ ကို ရောက်တဲ့အခါ၊ ဝိညာဉ်နန်းတော်က ပညာရှိဒိုလော့ တစ်ယောက်ကို စေလွှတ်ပြီး မင်းအတွက် အသင့်တော်ဆုံး ဝိညာဉ်သားရဲကို ကိုယ်တိုင် လိုက်လံဖမ်းဆီးပေးလိမ့်မယ်။ ပြီးတော့... ငါ့တပည့်ရဲ့ ဒုတိယမြောက် ဝိညာဉ်ကွင်းက ဘာဖြစ်လို့ သက်တမ်းထောင်ချီ ဖြစ်နေရတာလဲဆိုတာကိုလည်း မင်း စိတ်ဝင်စားနေမှာ သေချာတယ် မဟုတ်လား"
ပညာရှိဒိုလော့ကိုယ်တိုင် ဝိညာဉ်သားရဲ ဖမ်းဆီးပေးဖို့ ကူညီမယ် ဟုတ်လား။
သူ ပညာရှိဒိုလော့အဆင့်သို့ တက်လှမ်းရန် နှစ်ဘယ်လောက် ကြာဦးမည်ကို မသိရသေးသော်လည်း... ဤကဲ့သို့သော ကတိကဝတ်မျိုး ရှိနေလျှင် သူ ဒိုလော့အဆင့်သို့ ရောက်ရှိချိန်၌ အနည်းဆုံး သက်တမ်း ရှစ်သောင်းဝန်းကျင်ရှိမည့် ကိုးခုမြောက် ဝိညာဉ်ကွင်းကို ရရှိနိုင်ပေလိမ့်မည်။
သက်တမ်းတစ်သိန်းအဆင့် ဝိညာဉ်ကွင်းကိုမူ သူ တွေးပင်မတွေးရဲပါချေ။
ဒုတိယမြောက် ဝိညာဉ်ကွင်းက သက်တမ်းထောင်ချီ ဖြစ်နေရသည့် အကြောင်းရင်းနှင့် ပတ်သက်၍မူ သူ အမှန်ပင် အလွန် စိတ်ဝင်စားနေခဲ့သည်။ နောက်ပိုင်းတွင် ပီပီတုန်း၏ ပြောပြချက်ကြောင့် သူ နောက်ဆုံး၌ သိရှိသွားခဲ့ရသည် ။ ၎င်းမှာ ဝေလငါးကော်ကြောင့် ဖြစ်ပေသည်။
"ဟုတ်ကဲ့ပါ နန်းတော်ချုပ်ကြီး... ကျွန်တော် သေချာပေါက် အစွမ်းကုန် သင်ကြားပြသပေးပါ့မယ်" လေ့ခွမ်းက အလွန်ရိုသေစွာ ဆိုလိုက်သည်။
"အော်... ဒါနဲ့ တစ်ခုရှိသေးတယ်။ မိုးကြိုးဓာတ်သဘာဝ ကိုယ်ပိုင်ဖန်တီး ဝိညာဉ်စွမ်းရည်က တကယ်တော့ အလယ်အလတ်အဆင့်ပဲ ရှိပါသေးတယ်။ အဓိက သော့ချက်က 'မိုးကြိုးဖြင့် ခန္ဓာကိုယ်ကို စိမ့်ဝင်သန့်စင်ခြင်း' မှာ ရှိတယ်။ သူက မိုးကြိုးကို သုံးပြီး ခန္ဓာကိုယ် ကြံ့ခိုင်အောင် လုပ်ချင်နေတာ။ ဒီနည်းလမ်းက အလွန်အန္တရာယ်များလွန်းတယ်။ မင်းက မိုးကြိုးဓာတ်သဘာဝ ဝိညာဉ်ရှိတဲ့ ဝိညာဉ်ဧကရာဇ် ( အဆင့် ၈၀ ကျော်) တစ်ယောက်ဖြစ်တာမို့... မိုးကြိုးကို ထိန်းချုပ်တဲ့နေရာမှာ မင်းရဲ့ ကိုယ်ပိုင်အမြင်တွေ ရှိမှာ သေချာပါတယ်။ သူ့ကို ကာကွယ်ပေးရင်းနဲ့ မင်းရဲ့ ကျင့်ကြံခြင်း အတွေ့အကြုံတွေကို သူ့ကို လက်ဆင့်ကမ်းပေးဖို့ မျှော်လင့်ပါတယ်"