အခန်း(၂၅) - "ငါက ညှို့ဓာတ်မသုံးတတ်ဘူးလို့ ဘယ်သူပြောလဲ" ခရမ်းရောင်မှတ်တမ်းတံဆိပ်
ဟူလီနာသည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အရှေ့သို့ ဖြည်းညှင်းစွာ လှမ်းထွက်လာခဲ့သည် -
"ဆရာ... သမီးမှာ လောလောဆယ် 'ညှို့ဓာတ်'စွမ်းရည်တစ်ခုပဲ ရှိသေးတာပါ။ ဆရာပဲ ပြောခဲ့တယ်မဟုတ်လား... နှစ်ယောက်ကြားထဲမှာ စိတ်ဝိညာဉ်စွမ်းအား အဆင့်ချင်း အရမ်းကွာဟနေရင် သမီးဘက်က စွမ်းအင်တုံ့ပြန်မှုဒဏ် ပြန်ခံရနိုင်တယ်ဆိုပြီးတော့လေ"
ပီပီတုန်းက ခေါင်းညိတ်ပြကာ -
"အင်း... ဟုတ်တယ်၊ ဒါကြောင့် မင်းလုပ်ရမှာက ငါ့ကို ညှို့ဓာတ်နဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး... မင်းရဲ့ ဒုတိယအစ်ကို့ကို သုံးပြဖို့ပဲ"
ပြောပြောဆိုဆိုဖြင့် ပီပီတုန်းက ဘေးတွင် ထိုင်၍ အနားယူနေသော ဟူပိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
ဟူပိုင်သည်လည်း မိမိကိုယ်ကိုယ် ပြန်လည်ညွှန်ပြရင်း မျက်နှာတစ်ခုလုံး အံ့ဩဘေးဖြစ်လျက် ကြောင်တောင်တောင် ဖြစ်သွားရသည် -
"ကျွန်တော့်ကိုလား *အဟွတ် အဟွတ်*... ဆရာ၊ အဲဒါကြီးက နည်းနည်း မလျော်ကန်ဘူး ထင်တယ်နော်"
ပီပီတုန်းက -
"ဘာက မလျော်ကန်ရမှာလဲ။ မင်းက ခုနတင် စိတ်ဝိညာဉ်စွမ်းအား တော်တော်များများ သုံးထားရတာဆိုတော့ မင်းညီမလေးဘက်က စွမ်းအင်တုံ့ပြန်မှုဒဏ် ခံရမှာ မဟုတ်တော့ဘူး။ ပြီးတော့ မင်းမှ ညှို့ဓာတ်အောက်လမ်းနည်းလမ်းတွေ မတတ်တာပဲ... ဘာကို ကြောက်နေတာလဲ"
ဟူပိုင်က ပီပီတုန်းကို ကြည့်ကာ မျက်တောင်လေး တဖျတ်ဖျတ်ခတ်လျက် အပြစ်ကင်းစင်သော ပုံစံလေး ဖမ်းလိုက်ပြီး -
"ဆရာ... ကျွန်တော်က ညှို့ဓာတ်မသုံးတတ်ဘူးလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"
ပီပီတုန်း - "???"
ဟူလီနာ - "???"
ရှဲ့ယွဲ့ - "???"
သုံးယောက်စလုံး၏ မျက်နှာထက်တွင် တွေးမရသည့် ပဟေဠိများ ပြည့်နှက်သွားကြသည်။ ပီပီတုန်းက မျက်မှောင်ကြုတ်ကာ -
"မင်းက သဘာဝဓာတ်စွမ်းအား အားလုံးကို လေ့ကျင့်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတာမဟုတ်ဘူးလား။ ညှို့ဓာတ်စွမ်းရည်က ဘယ်ကနေ ရောက်လာတာလဲ"
ဟူပိုင်က မတ်တတ်ရပ်ကာ လက်ကလေး ဝှေ့ယမ်းပြပြီး -
"အော်... အော်၊ ကျွန်တော် အဲဒါ ပြောဖို့ မေ့သွားလို့။ ကျွန်တော် ဟောဒီ ဒေါင်လိုက်မျက်လုံး ပြင်ပဝိညာဉ်အရိုးနဲ့ ပေါင်းစပ်ပြီးကတည်းက... ကျွန်တော့်ရဲ့ ဝိညာဉ်က နောက်ထပ် 'ပင်ကိုယ်စွမ်းရည်' တစ်ခုကိုပါ ထပ်မံ နိုးထစေခဲ့တာ၊ အဲဒါက 'ညှို့ဓာတ်' စွမ်းရည်ပဲ။ ကျွန်တော့်ရဲ့ တတိယမြောက်မျက်လုံးနဲ့ ပေါင်းစပ်ပြီး အသက်သွင်းလို့ ရပါတယ်"
ပီပီတုန်း - (ဆွံ့အသွားခြင်း)
"ဒါဆို ခုနတုန်းက ဘာလို့ ထည့်မပြောခဲ့တာလဲ" ပီပီတုန်းက ညှို့ဓာတ်အပြည့်နှင့် သူမ၏ လှပသော မျက်ဝန်းကြီးများဖြင့် သူ့ကို စူးစိုက်ကြည့်ကာ ငေါက်လိုက်သည်။
ဟူပိုင်က ကုတ်ကတ်ကတ်နှင့် ရယ်ပြရင်း -
"ဆရာ... ကျွန်တော် မေ့သွားလို့ပါ"
ဟူလီနာက နှုတ်ခမ်းလေးဆူကာ မကျေမနပ်ဖြစ်နေသော မျက်နှာလေးဖြင့် ပွတ်လောရိုက်တော့သည် -
"ဘာလို့ အစ်ကို့ကျတော့ ဝိညာဉ်က စွမ်းရည်တွေ အများကြီး ပေးပြီးတော့... သမီးကျမှ ဝိညာဉ်ကွင်းကိုပဲ အားကိုးနေရတာလဲ။ မတရားဘူး... သမီး မကျေနပ်ဘူး"
ရှဲ့ယွဲ့က ဘေးမှနေ၍ ဝင်ရောက်ချော့မော့လိုက်ရသည် -
"နာနာ... အဲဒါကတော့ တတ်နိုင်ဘူးလေ၊ မင်းတို့နှစ်ယောက်ရဲ့ ဝိညာဉ်အရည်အသွေးချင်းက အများကြီး ကွာခြားလွန်းလို့။ ဒါပေမယ့် မင်းက စိတ်ဝိညာဉ်ထိန်းချုပ်မှုစနစ် ကိုပဲ သီးသန့် အထူးပြုလေ့ကျင့်ပြီး ဝိညာဉ်ကွင်းတွေရဲ့ ပံ့ပိုးမှုကိုပါ ရလာရင်... နောင်ကျရင် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာ ဒုတိယအစ်ကိုက မင်းကို ဘယ်လိုမှ မှီမှာမဟုတ်တော့ပါဘူး"
ဟူပိုင်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ၏ ရင်ထဲတွင်မူ ဟူလီနာ၏ 'ညှို့မြေခွေး' ဝိညာဉ်သည်လည်း သူ၏ 'အမြီးကိုးချောင်းကောင်းကင်မြေခွေး' သွေးသားရင်းမြစ်အချို့ ပါဝင်နေဆဲဖြစ်ပြီး အလွန်အမင်း သေးငယ်ကျဲပါးနေခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးတောနေမိသည်။ သို့မဟုတ်ပါက သူ၏ ဝိညာဉ်သည် ဤမျှ ထူးခြားဆန်းကြယ်စွာ ဘိုးဘွားစဉ်ဆက် သွေးမျိုးဆက်အဖြစ် ပြန်လည်နိုးထလာစရာ အကြောင်းမရှိချေ။
ဟူလီနာ စိတ်ဝိညာဉ်ထိန်းချုပ်မှု လမ်းစဉ်ကို ရွေးချယ်သည်ကို သူ အမှန်တကယ် မကန့်ကွက်ပါချေ၊ ၎င်းက မိန်းကလေးတစ်ဦးအတွက် အလွန် သင့်တော်လှသည်။
သို့သော်လည်း ယခုထက်မက ပိုမို အားကောင်းအောင် ပြုလုပ်ပေး၍ ရသေးသည်။
'မသေဆေးမြက်နု' အကူအညီဖြင့် ဟူလီနာ၏ ခန္ဓာကိုယ်အတွင်းရှိ အမြီးကိုးချောင်းကောင်းကင်မြေခွေး သွေးမျိုးဆက်ကို ပိုမို သိပ်သည်း ဆင့်ကဲပြောင်းလဲလာအောင် ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်သည်။
နောင်ကျရင် သူမအနေနဲ့ အမြီးကိုးချောင်းအထိ မပြောင်းလဲနိုင်ရင်တောင်မှ အမြီးခြောက်ချောင်းအဆင့်အထိတော့ အနိုင်နိုင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပါလော။
မသေဆေးမြက်နု အကြောင်းကို စဉ်းစားမိသည့်အခါ ဟူပိုင်အနေဖြင့် နောင်ကျရင် အပြင်သို့ ထွက်ခွာနိုင်မည့် အခွင့်အရေးတစ်ခုကို မဖြစ်မနေ ရှာဖွေရမည် ဖြစ်သည်။ 'နေဝင်ဆည်းဆာတောအုပ်' ရှိ 'ရေခဲနှင့်မီး ယင်ယန်ရေကန်' ထဲမှ မသေဆေးမြက်နုများကို ထန်ဆန်း လက်ထဲသို့ အရောက်ခံ၍ လုံးဝ မဖြစ်ချေ။
သို့သော် ထိုနေရာသို့ သွားလျှင် 'တုကူးပေါ်' နှင့် ထိပ်တိုက်တိုးရန် ရာခိုင်နှုန်း အလွန် များလှသည်။
သိပြီ...
ထိုအချိန်ကျရင် သူသည် ယွဲ့ကွမ်း ကို အဖော်အဖြစ် လိုက်ပါပေးရန် တောင်းဆိုနိုင်သည်။ ပြီးခဲ့သည့်အကြိမ်က ယွဲ့ကွမ်းကြောင့် သူသည် သက်တမ်းရင့် ဝံပုလွေဝိညာဉ်အရိုးကို သွယ်ဝိုက်သောနည်းဖြင့် ရရှိခဲ့သဖြင့်... ယွဲ့ကွမ်းက သူ့အပေါ်တွင် ကျေးဇူးကြွေး တစ်ခု တင်ရှိနေဆဲ ဖြစ်သည်။
ဒါ့အပြင် ယွဲ့ကွမ်းကိုပါ ထိုရေခဲနှင့်မီး ယင်ယန်ရေကန်သို့ ခေါ်သွားပေးခြင်းက ကျေးဇူးဆပ်ရာ ရောက်သွားမလား။
မဟုတ်သေးဘူး... ဒါက ယွဲ့ကွမ်းကို သူ့အပေါ်မှာ ပိုပြီးတော့တောင် ကျေးဇူးကြွေး အကြီးကြီး တင်ရှိသွားစေလိမ့်ဦးမည်။
မသေဆေးမြက်နုများ၏ အထောက်အပံ့များ ရှိလာပါက သူ၏ မိဘများသာမက သူ၏ အစ်ကိုနှင့် ညီမတို့ပါ နောင်ကျရင် အဆင့်မြင့်ဒိုလော့ အဆင့်သို့ ပိုမို လွယ်ကူစွာ တက်လှမ်းနိုင်ကြပေလိမ့်မည်။
"ဆရာ... တို့သုံးယောက်က အခုကစပြီး ဝိညာဉ်နန်းတော်ထဲမှာပဲ ပိတ်မိပြီး ကျင့်ကြံနေရမှာလား။ အပြင်ထွက်ပြီး လက်တွေ့လေ့ကျင့်ခွင့်ရမယ့် အခွင့်အရေးမျိုး မရှိဘူးလား" ဟူပိုင်က စိတ်မဝင်စားဟန် ဆောင်ကာ မေးလိုက်သည်။ "မဟုတ်ရင် ဝိညာဉ်မြို့တော်ထဲမှာပဲ အမြဲနေနေရတာ ပျင်းစရာကြီး"
"ကစားဖို့ပဲ စဉ်းစားနေတယ်ပေါ့ မင်းကိုယ်တိုင်က ဒီလောက် ခက်ခဲတဲ့ သဘာဝဓာတ်စွမ်းအားလမ်းစဉ်ကို ရွေးချယ်ထားပြီးတော့ ကောင်းကောင်းမွန်မွန် ကျင့်ကြံဖို့ မစဉ်းစားဘူးလား။ အဲဒီ ဓာတ်စွမ်းအား ပေါင်းစပ်မှုတွေ တင်ပဲ မင်းကို ခေါင်းခဲစေဖို့ လုံလောက်နေပြီ။ အပြင်ထွက်ပြီး လျှောက်လည်ဖို့တော့ မရှိဘူး၊ ဒါပေမယ့် လက်တွေ့လေ့ကျင့်မှု လိုအပ်ချက်တွေတော့ ရှိတယ်"
ပီပီတုန်းက သူတို့ သုံးယောက်လုံးကို ကြည့်ကာ ဆိုလိုက်သည် -
"မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၃၀ ကို ရောက်ပြီဆိုတာနဲ့ သင်တန်းကျောင်းကနေ လက်တွေ့လေ့ကျင့်ရေး မစ်ရှင်တွေကို ထုတ်ပြန်ပေးလိမ့်မယ်။ မစ်ရှင်ရဲ့ ခက်ခဲမှုအပေါ် မူတည်ပြီးတော့ ပုံမှန်အားဖြင့် ဝိညာဉ်ဘုရင် (အဆင့် ၅၀ ကျော်) အထက်ရှိတဲ့ ဆရာတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကနေ အဖွဲ့ကို ဦးဆောင်ပြီး... တစ်မဟာဒီပလုံးမှာရှိတဲ့ လမ်းမှားရောက်နေတဲ့ ဝိညာဉ်သခင်ဆိုးတွေကို လိုက်လံနှိမ်နင်း ဖမ်းဆီးရတာမျိုး၊ ဒါမှမဟုတ် အဓိက ကျေးရွာတွေဆီ သွားပြီး သာမန်အရပ်သား ကလေးငယ်တွေကို ဝိညာဉ်နိုးထခြင်း ကူညီလုပ်ဆောင်ပေးရတာမျိုးတွေ ရှိတယ်"
"မင်းတို့ သုံးယောက်က အခု သင်တန်းကျောင်းမှာ ကျောင်းတက်ဖို့ မလိုတော့ပေမယ့်... မစ်ရှင်တွေကိုတော့ မဖြစ်မနေ သွားရလိမ့်မယ်။ ပြီးတော့ ငါ့ရဲ့ တပည့်ရင်းတွေ ဖြစ်တာနဲ့အညီ မင်းတို့ရဲ့ မစ်ရှင်သတ်မှတ်ချက်တွေက သင်တန်းကျောင်းက ကျောင်းသားတွေထက် ပိုပြီးတော့ တင်းကျပ်ခက်ခဲလိမ့်မယ်"
"မင်းတို့အဖွဲ့ရဲ့ ဦးဆောင်သူကိုတော့ အကြီးအကဲ ယွဲ့ကွမ်း၊ ကွေ့မေ ဒါမှမဟုတ် လင်ယွမ် တို့ထဲကနေ ရွေးချယ်ပေးမယ်။ ဒါပေမယ့် စောစောစီးစီး ဝမ်းမသာကြနဲ့ဦး... သူတို့တွေက မင်းတို့ အသက်အန္တရာယ်နဲ့ အမှန်တကယ် ကြုံတွေ့ရတဲ့ အချိန်ကျမှသာ ဝင်ရောက်ကူညီပေးမှာ ဖြစ်တယ်။ ပြီးတော့ သူတို့ တိုက်ပွဲထဲ ဝင်ပါလိုက်ပြီဆိုတာနဲ့ မင်းတို့ရဲ့ မစ်ရှင်အကဲဖြတ်မှု အမှတ်တွေ ထိခိုက်သွားလိမ့်မယ်၊ ဒါမှမဟုတ် မစ်ရှင်တိုက်ရိုက် ကျရှုံးတယ်လို့ သတ်မှတ်ခြင်း ခံရလိမ့်မယ်"
ရှဲ့ယွဲ့နှင့် ဟူလီနာတို့၏ မျက်နှာများမှာ ချက်ချင်း တည်ကြည်လေးနက်သွားကြပြီး၊ ဟူပိုင်ကမူ ခေါင်းလေးငုံ့ကာ အတွေးကမ္ဘာထဲ ရောက်သွားခဲ့သည်။
အဆင့် ၃၀ ကျမှ မစ်ရှင်သွားရမည်ဆိုလျှင် ခဏမျှ စောင့်ဆိုင်းရခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သူသည် လက်ရှိတွင် ဝိညာဉ်စွမ်းအား အဆင့် ၂၃ ရှိနေရာ... အဆင့် ၃၀ သို့ ရောက်ရှိရန် နှစ်နှစ်အတွင်း သူ သေချာပေါက် ရောက်ရှိအောင် ကျင့်ကြံနိုင်သည်။
အကယ်၍ ဝိညာဉ်စွမ်းအား သီးသန့်ကိုသာ အပတ်တကုတ် ကျင့်ကြံမည်ဆိုပါက တစ်နှစ်အတွင်းမှာပင် အဆင့် ၇ ဆင့် တက်လှမ်းနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း၊ နှမြောစရာကောင်းသည်မှာ လက်တွေ့တွင် ထိုသို့ သီးသန့်ကျင့်ကြံ၍ မရချေ။ သူ ပြီးမြောက်အောင် သင်ယူရမည့် ဘာသာရပ် သင်ခန်းစာများစွာ ရှိနေသေးသည်။
ရုတ်တရက် ဟူပိုင်သည် မူလဇာတ်လမ်းထဲတွင် ရှဲ့ယွဲ့၊ ဟူလီနာ နှင့် ရန် တို့အား 'ရွှေရောင်မျိုးဆက်' ဟု အဘယ်ကြောင့် ကမ္ဘာက သတ်မှတ်ခဲ့ကြသလဲဆိုသည့် အလွန်အရေးကြီးသော အချက်တစ်ခုကို သတိရမိသွားသည် ။ ၎င်းမှာ... သူတို့သည် အလွန် ငယ်ရွယ်သော အသက်အရွယ်ဖြင့် 'ခရမ်းရောင်မှတ်တမ်းတံဆိပ်' ကို ရရှိခဲ့ကြခြင်းကြောင့် ဖြစ်သည်!
"ဆရာ... ဒါဆို တို့တွေ မစ်ရှင်တွေ အများကြီး သွားပြီး ကောင်းကောင်းမွန်မွန် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင် 'ခရမ်းရောင်မှတ်တမ်းတံဆိပ်' ကို ရနိုင်တာပေါ့ ဟုတ်လား" ဟူပိုင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဤခရမ်းရောင်မှတ်တမ်းတံဆိပ်နှင့် ပတ်သက်၍ သူတို့ သုံးယောက်စလုံးမှာ အစိမ်းသက်သက် မဟုတ်ကြချေ၊ အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူ ရှဲ့ထျန်း နှင့် မိခင်ဖြစ်သူ ဟူလျဲ့ယောင် တို့သည်လည်း ခရမ်းရောင်မှတ်တမ်းတံဆိပ်ကို လက်ခံရရှိထားကြသူများ ဖြစ်သောကြောင့် ဖြစ်သည်။
ပီပီတုန်းက ဟူပိုင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူမ၏ လက်ဝါးထက်တွင် တံဆိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းမှာ ခရမ်းရောင်ကို အခြေခံထားပြီး ရွှေရောင်အနားသတ် ပုံစံများဖြင့် မွမ်းမံထားကာ ဗဟိုတည့်တည့်တွင် ဝိညာဉ်နန်းတော်၏ အမှတ်တံဆိပ်ကို ထင်ရှားစွာ ထုဆစ်ထားသည်။
"ဒါက 'ခရမ်းရောင်မှတ်တမ်းတံဆိပ်' ပဲ။ ခရမ်းရောင်မှတ်တမ်းတံဆိပ် ဆိုတာက မင်းတို့ မစ်ရှင်တွေ အများကြီး သွားရုံသက်သက်နဲ့ ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒီတံဆိပ်ကို ရရှိခြင်းက မင်းတို့ဟာ ဝိညာဉ်နန်းတော်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်အစုအဖွဲ့ ထဲကို လုံးဝ ဝင်ရောက်သွားပြီ ဖြစ်ကြောင်းနဲ့ ဝိညာဉ်နန်းတော်ရဲ့ အနာဂတ်အတွက် အဓိက ပျိုးထောင်မယ့် အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်လာပြီဆိုတာကို သက်သေပြတာပဲ။ ခရမ်းရောင်မှတ်တမ်းတံဆိပ်ကို ရဖို့အတွက် အောက်ပါ သတ်မှတ်ချက်တွေကို ပြည့်မီရမယ်"
"ပထမအချက် - အသက် ၂၅ နှစ်အောက် ဖြစ်ရမယ်၊ ဝိညာဉ်စွမ်းအားက အဆင့် ၄၀ ဒါမှမဟုတ် အထက် ရှိရမယ်၊ ပြီးတော့ စံချိန်စံညွှန်းမီတဲ့ ဝိညာဉ်ကွင်း ဖွဲ့စည်းပုံ ရှိရမယ်။ ယခင် စံနှုန်းတွေအရ ပထမ ဝိညာဉ်ကွင်းက အနည်းဆုံး သက်တမ်း ၃၀၀ ကျော် ရှိရမှာ ဖြစ်ပြီး ဒုတိယ ဝိညာဉ်ကွင်းက အနည်းဆုံး သက်တမ်း ၆၀၀ ကျော် ရှိရမယ်"
ဝေလငါးကော် ၏ အသုံးဝင်ပုံများ မပေါ်ပေါက်မီ အချိန်က မဟာဒီပကြီး၏ စံနှုန်းအရ ပထမဝိညာဉ်ကွင်း သတ်မှတ်ချက်မှာ ၄၂၃ နှစ်ဖြစ်ပြီး ဒုတိယဝိညာဉ်ကွင်းမှာ ၈၀၀ နှစ်ခန့် ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်သခင်တိုင်းက ထိုကဲ့သို့ စံနှုန်းပြည့်မီသည့် ဝိညာဉ်သားရဲများနှင့် အတိအကျ ကြုံတွေ့ရန် မလွယ်ကူလှသဖြင့် ဤကဲ့သို့ ၃၀၀ နှင့် ၆၀၀ နှစ်ဆိုသည့် မျှတသော စံနှုန်းများကို သတ်မှတ်ထားခြင်း ဖြစ်သည်။
ဤကဲ့သို့သော သတ်မှတ်ချက်များကို ပြည့်မီနိုင်ခြင်းကပင် ထိုဝိညာဉ်သခင်သည် 'ပါရမီရှင်' တစ်ဦး ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
"ဒုတိယအချက် - လက်တွေ့ တိုက်ပွဲလေ့ကျင့်မှုတွေမှာ မိမိထက် ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့ ပြိုင်ဘက်တွေကို အဆင့်ကျော်ပြီး အနိုင်ယူပြရမယ်။ ဒါက မင်းတို့ မစ်ရှင်သွားတဲ့ အခါကျရင် ကြုံတွေ့ရလိမ့်မယ်"
"တတိယအချက် - မင်းတို့ရဲ့ ဝိညာဉ်အရည်အသွေး ကို အကဲဖြတ်စစ်ဆေးခြင်း ခံရမယ်။ တစ်နည်းအားဖြင့် ပြောရရင်... မွေးရာပါ ပါရမီချင်း မတူညီဘဲ ညံ့ဖျင်းတဲ့သူတွေကတော့ ဒီခရမ်းရောင်မှတ်တမ်းတံဆိပ်ကို ရရှိဖို့ ဘယ်လိုမှ နည်းလမ်းမရှိဘူး"
"ပြီးတော့ ခရမ်းရောင်မှတ်တမ်းတံဆိပ်ကို ရရှိထားတဲ့ ဝိညာဉ်သခင်တွေဟာ ဝိညာဉ်နန်းတော်ဆီကနေ အဖိုးတန် အရင်းအမြစ် ပံ့ပိုးမှုတွေကို ရရှိမယ့်အပြင်၊ ဝိညာဉ်အရိုး တွေကိုပါ ရရှိပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ရှိတယ်၊ ပြီးတော့ အဆင့်မြင့်ဒိုလော့တွေရဲ့ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပြသပေးမှုကိုလည်း ခံယူခွင့်ရှိတယ်"
"ဒါပေမယ့် အခု မင်းတို့ သုံးယောက်က ငါ့ရဲ့ တပည့်ရင်းတွေ ဖြစ်နေတာကြောင့်... တစ်နည်းအားဖြင့် ပြောရရင် ဒီခရမ်းရောင်မှတ်တမ်းတံဆိပ်ရဲ့ အခွင့်ထူးတွေကို ကြိုတင်ပြီး ခံစားနေရပြီလို့ ပြောလို့ရတယ်။ ဒီအကြောင်းကို ပြောဖြစ်သွားပြီဆိုတော့... ငါ့ဘက်ကလည်း မင်းတို့ကို သတ်မှတ်ချက်တစ်ခု ထားရှိမယ်။ ငါ မင်းတို့ကို တောင်းဆိုချင်တာကတော့... မင်းတို့ အသက် ၁၄ နှစ် မပြည့်ခင်မှာ ဒီ 'ခရမ်းရောင်မှတ်တမ်းတံဆိပ်' ကို အရောက်လှမ်း ရယူပြရမယ်"