အခန်း(၂၂) - ချန်တောက်လျို - "မင်း ငါ့ဆီမှာ လာပြီး သင်ယူချင်လား" လင်ယွမ် နှင့် မိစ္ဆာဝံပုလွေ ဒိုလော့
ဟူလီနာသည် အနည်းငယ် နားလည်သွားပုံရပြီး ဟူပိုင်ကမူ အခြားအခြေအနေတစ်ခုကို ထပ်မံစဉ်းစားမိပြန်သဖြင့် ဆက်၍ ဖြည့်စွက်ပြောလိုက်သည် -
"အော်... ဒါနဲ့၊ ခြွင်းချက်ဖြစ်တဲ့ အခြေအနေတစ်ခုတော့ ရှိသေးတယ်"
"ဟင်... ဘာလဲ အစ်ကို"
ဟူလီနာ တော်တော်လေး စိတ်ဝင်စားသွားသလို တံခါးအပြင်ဘက်က လူသုံးဦးလည်း ထို့အတူပင် ဖြစ်သည်။ ခုနကတင် တရားမျှတလွန်း၍ တစ်ဖက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော မူဝါဒများကို ပြောခဲ့သည့် ဟူပိုင်၏ ပါးစပ်မှ မည်သည့်အရာက ခြွင်းချက်ဖြစ်လာမည်နည်း။
ဟူပိုင်က ခေါင်းညိတ်ပြပြီး -
"ဟုတ်တယ်... ခြွင်းချက်ရှိတယ်။ အဲဒါကတော့ တို့တွေရဲ့ မိသားစု၊ မိဘတွေနဲ့ မောင်နှမတွေအပေါ် ထားတဲ့ သဘောထားပဲ။ မင်းစဉ်းစားကြည့်... အဖေ၊ အမေနဲ့ အစ်ကိုကြီးက တို့အပေါ် တကယ့်ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့ကြတယ် မဟုတ်လား"
"ဟုတ်တယ်လေ" ဟူလီနာက ပြန်ဖြေသည်။
"အဲဒါပဲ။ အကယ်၍ နောင်တစ်ချိန်မှာ သူတို့တစ်ယောက်ယောက်က အမှားတစ်ခုခုလုပ်မိလို့ ဝိညာဉ်နန်းတော်ရဲ့ အပြစ်ပေးခြင်းကို ခံရမယ်ဆိုရင်... သူတို့ဘက်က မှားနေမှန်း တို့တွေ သိနေရင်တောင်မှ သူတို့ရဲ့ အသက်ဘေးကင်းဖို့အတွက် ဝိညာဉ်နန်းတော်ရဲ့ ဆန့်ကျင်ဘက်မှာ တို့တွေ မဖြစ်မနေ ရပ်တည်ပေးရမယ်.. နားလည်လား... အင်း... ငါသိပါတယ်၊ နောင်ကျရင် ဒီလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပေမယ့် ဒါက ဥပမာတစ်ခုအနေနဲ့ ပြောပြတာ။ အကျဉ်းချုပ်ရရင်တော့... 'ဆင်ခြင်တုံတရားထက် သွေးသားရင်းချာ မိသားစုကို ပိုပြီး ဦးစားပေးရမယ်' ဆိုတဲ့ သဘောပဲ"
ဟူလီနာက -
"အစ်ကို... သမီး နားလည်ပါပြီ၊ ဒါပေမယ့် ဒါက တကယ်တော့ ခြွင်းချက်လို့ မခေါ်နိုင်ဘူးထင်တယ်"
"ဘာဖြစ်လို့လဲ" ဟူပိုင်က ထိုဦးနှောက်သေးသေးလေးထဲမှ မည်သည့်အတွေးမျိုး ထွက်လာမည်နည်းဟု သိချင်သဖြင့် ပြန်မေးလိုက်သည်။
"အစ်ကို ခုနက ပြောခဲ့တယ်လေ... တို့တွေ တစ်ခုခုမလုပ်ခင်မှာ နောင်တရမလား၊ မှန်ကန်ရဲ့လားဆိုတာကို အရင်စဉ်းစားရမယ်လို့။ ဒါပေမယ့် မိသားစုဝင်တွေဆိုတာ တို့တွေနဲ့ သွေးသားတော်စပ်နေတဲ့သူတွေ၊ တို့တွေကို မွေးကျွေးပြုစုခဲ့တဲ့သူတွေပဲ။ သူတို့ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က ရပ်တည်ပေးရမယ်ဆိုတာက... သမီးအမြင်မှာတော့ အဲဒါကပဲ 'အမှန်ကန်ဆုံးအရာ' ဖြစ်နေလို့လေ။"
"ပြီးတော့ အစ်ကို အရင်ကပြောခဲ့တဲ့ ဥပမာမှာကျတော့... သမီးက တို့မိသားစုနဲ့ သွေးသားလည်း မတော်စပ်တဲ့အပြင် သမီးကို ပြန်လည်းမချစ်ဘဲ အသုံးချချင်နေတဲ့သူ၊ ဝိညာဉ်နန်းတော်ကို ဖျက်ဆီးပြီး ဆရာ့ကိုပါ သတ်ဖို့ ကြံစည်နေတဲ့သူကို သွားပြီး နှစ်သက်မိတာလေ။ အဲဒီလိုလူမျိုးကျရင်တော့ သမီးလုပ်နိုင်တာက သူ့ရဲ့ ဆန့်ကျင်ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ဖို့ပဲ ဖြစ်ရမယ်"
ဤစကားကို ကြားရသောအခါ ဟူပိုင်လည်း ပြုံးလိုက်မိသည်။ သီအိုရီအရ ဆင်ခြင်တွေးတောပုံက မှန်ကန်သော်လည်း လက်တွေ့တွင်မူ ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ဒါက အစပျိုးမှုတစ်ခုအနေဖြင့် မဆိုးလှပေ။ အနည်းဆုံးတော့ ဟူလီနာ၏ ရင်ထဲတွင် မည်သို့ ပြုမူရမည်ဆိုသည့် ချိန်ခွင်လျှာတစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် ဟူပိုင်၏ မျက်နှာထက်မှ တည်ကြည်မှုများ လျော့ပါးသွားပြီး ပုံမှန်အတိုင်း နူးညံ့သော အပြုံးလေး ပေါ်လာကာ ဟူလီနာ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း -
"ကဲ... ဒီနေ့အတွက် ဒီလောက်နဲ့ပဲ တော်ကြစို့။ ခုနက အစ်ကို့ပုံစံက အရမ်းကြောက်ဖို့ကောင်းနေလား။ မင်းကို လန့်သွားစေမိလား"
ဟူလီနာက သူ၏ လက်ဖဝါးထဲသို့ အတင်းတိုးဝင်ကာ ကပ်ချွဲရင်း မျက်လုံးလေးမှိတ်လျက် ခေါင်းခါပြလိုက်သည် -
"မလန့်ပါဘူး။ အစ်ကို ဒီနေ့ ဘာလို့ ဒီလိုကိစ္စတွေ ရုတ်တရက် ထပြောမှန်း သမီးမသိပေမယ့်... အစ်ကိုလုပ်သမျှ အရာအားလုံးက သမီးရဲ့ ကောင်းကျိုးအတွက်ပဲဆိုတာ သမီး ကောင်းကောင်း သိပါတယ်"
ဟူပိုင်က ဟူလီနာကို အခန်းထဲမှ ခေါ်ထုတ်လာသည့်အခါ ရှဲ့ထျန်းနှင့် အခြားသူများမှာ ထိုင်ခုံများတွင် အေးဆေးစွာ ထိုင်နေကြပြီ ဖြစ်သည်။ ရှဲ့ထျန်းက ပုံမှန်အတိုင်း ဟန်ဆောင်၍ မေးလိုက်သည်။
"နာနာ... သမီး နောက်တစ်ခါ အိပ်ပုတ်ထပြန်ပြီလား။ သား ဒုတိယအစ်ကို သွားနှိုးတာ တော်တော်ကြာသွားတယ်"
သူသည် ခုနက ခိုးနားထောင်ခဲ့သည့် အကြောင်းအရာများကို လုံးဝ ထုတ်မပြောခဲ့ချေ။ သို့သော် ထိုသို့ မေးမြန်းနေစဉ်အတွင်း နှုတ်ခမ်းထောင့်မှ အပြုံးကမူ သူ့ကို သစ္စာဖောက်နေခဲ့သည်။ ဟူပိုင်သည် စကားပြောနေစဉ်ကတည်းက တံခါးအပြင်ဘက်တွင် လူရှိနေသည်ကို ရိပ်မိပြီးသား ဖြစ်သည်။
နံနက်စာစားပြီးနောက် ရှဲ့ထျန်းသည် ဟူပိုင်နှင့် ကလေးများကို ခေါ်ဆောင်၍ ပုပ်ရဟန်းမင်းကြီး နန်းဆောင်သို့ ထွက်ခွာခဲ့ကြသည်။ နန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် အထက်ပလ္လင်ပေါ်တွင် ပုပ်ရဟန်းမင်းကြီး ပီပီတုန်း သာမက ရွှေရောင်ဆံပင်များနှင့် သက်ကြီးရွယ်အိုတစ်ဦး (ချန်တောက်လျို) နှင့် သူ၏ဘေးတွင် ရပ်နေသော မိန်းကလေးငယ်လေး ချန်ရန်ရွှယ် ကိုပါ တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
ချန်ရန်ရွှယ်၏ တည်ရှိမှုကိုမူ ဝိညာဉ်နန်းတော်၏ အဆင့်မြင့်အဖွဲ့ဝင် အနည်းငယ်သာ သိရှိကြခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် ရှဲ့ထျန်းတို့အဆင့်နှင့် သိခွင့်မရှိသော်လည်း ဟူပိုင်ကြောင့် သူတို့ သိခွင့်ရခဲ့ခြင်း ဖြစ်သည်။
"ပုပ်ရဟန်းမင်းကြီးကို ဂါရဝပြုပါတယ်။ မဟာပူဇော်ခံဆရာကြီးကိုလည်း ဂါရဝပြုပါတယ်" ရှဲ့ထျန်းက ကလေးများကို ဆွဲခေါ်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
ပီပီတုန်းက ခေါင်းညိတ်လိုက်ပြီး -
"ကောင်းပြီ... ကလေးသုံးယောက်ပဲ ကျန်ခဲ့ပါ၊ မင်းတို့ ဇနီးမောင်နှံနှစ်ယောက် ပြန်လို့ရပြီ"
ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့ ထွက်ခွာသွားပြီးနောက် ပီပီတုန်းက ဟူပိုင်ကို ကြည့်ကာ ဆိုလိုက်သည် -
"မင်းလေ့လာချင်တဲ့ လျှပ်စီးဓာတ်စွမ်းအား အသုံးပြုပုံတွေအတွက် အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက်ကနေ တိုက်ရိုက်သင်ကြားပြသပေးဖို့ လိုအပ်တယ်။"
"လောလောဆယ် တို့ရဲ့ ဝိညာဉ်နန်းတော် ပင်မဗဟိုဌာနမှာတော့ အဲဒီလို လျှပ်စီးဝိညာဉ်ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဒိုလော့ မရှိဘူး။ လျှပ်စီးဓာတ်စွမ်းအား ဝိညာဉ်ပိုင်ဆိုင်သူ အများစုက 'အပြာ ရောင်လျှပ်စီး နဂါးအနွယ်စု' နဲ့ 'လျှပ်စီးသင်တန်းကျောင်း' မှာပဲ ရှိကြတာ။ တို့ဝိညာဉ်နန်းတော်မှာ စွမ်းအားအမြင့်ဆုံး ရှိတာဆိုလို့ လောလောဆယ် ကောင်းကင်အင်ပါယာရဲ့ အခွဲဌာနတစ်ခုမှာ တာဝန်ကျနေတဲ့ ဝိညာဉ်ဒိုလော့ အဆင့်ရှိတဲ့ ဌာနချုပ်မှူးပဲ ရှိတယ်။ ငါ သူ့ကို ချက်ချင်း ပြန်ခေါ်ပြီး မင်းကို သင်ကြားပေးဖို့ စီစဉ်ထားတယ်၊ မင်း ဘယ်လောက်အထိ တတ်မြောက်မလဲဆိုတာကတော့ မင်းရဲ့ ပါရမီပေါ်မှာပဲ မူတည်လိမ့်မယ်"
ဟူပိုင်အနေဖြင့် လွန်လွန်ကဲကဲ စိတ်ပျက်မသွားခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူသည် ယခုလက်ရှိ အချိန်တွင် လျှပ်စီးဓာတ်ဖြင့် ခန္ဓာကိုယ်ကို ချက်ချင်း သန့်စင်ရန် မလိုအပ်သေးပေ။ ဝေလငါးကော် ကြောင့် ရရှိသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက ယခင်ကလောက် မသိသာတော့သည့်တိုင် သက်တမ်းငါးထောင်ကျော်အဆင့် အစွမ်းသတ္တိများက ရှိနေဆဲ ဖြစ်သည်။
၎င်းပြင် ပီပီတုန်း၏ တပည့်ရင်းဖြစ်ရာ ဤကဲ့သို့သော အရင်းအမြစ်မျိုးကို သူ လိုလေသေးရှိမည် မဟုတ်ပေ။
သူသည် မိမိ၏ တတိယမြောက် ဝိညာဉ်ကွင်းကို ရရှိပြီးမှသာ လျှပ်စီးဓာတ်ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းကို အမှန်တကယ် စတင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
"ကောင်လေး... မင်းရဲ့ ဒုတိယမြောက် ဝိညာဉ်စွမ်းရည်က အလင်းဓာတ်စွမ်းအားကို ထိန်းချုပ်တာလို့ ကြားတယ်။ ငါ့ဆီမှာ လာပြီး သင်ယူဖို့ စိတ်ဝင်စားလား။ ရှောင်ရွှယ်လေးနဲ့အတူတူ လေ့ကျင့်လို့ရတာပေါ့"
ဟူပိုင်သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုစကားကို ပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ 'ချန်တောက်လျို' ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်း အတည်မပြုသေးဘဲ ပီပီတုန်းဘက်သို့ အကဲခတ်ကြည့်လိုက်သည်။
မည်သို့ဆိုစေ ပီပီတုန်းက သူ၏ ဆရာအရင်းဖြစ်ရာ သူမ၏ မျက်နှာချင်းဆိုင်တွင် အခြားတစ်ယောက်၏ ကမ်းလှမ်းမှုကို စိတ်ကူးရှိတိုင်း ချက်ချင်း လက်ခံလိုက်ပါက မလျော်ကန်ပေ။
ပီပီတုန်းသည် ရင်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်ပြီး -
"မဟာပူဇော်ခံဆရာကြီးက ငါ့ကို ဒီကိစ္စ ကြိုပြောထားပြီးသားပါ။ အဲဒီလျှပ်စီးဝိညာဉ်ဒိုလော့ မပြန်လာသေးခင် စပ်ကြားမှာ မင်း နေ့တိုင်း ပူဇော်ခံနန်းဆောင် ကို သွားပြီး မဟာပူဇော်ခံဆရာကြီးထံမှာ နှစ်နာရီကြာ သင်ယူလေ့လာနိုင်တယ်"
ချန်တောက်လျို ဤနေရာသို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူမနှင့် ဤကိစ္စကို ဆွေးနွေးရန်ဖြစ်ပြီး သူမ၏ တပည့်ကို လုယူချင်သည့် စိတ်ကူးပင် ရှိနေခဲ့သည်။ နောက်ဆုံးတွင် ဟူပိုင်၏ အနာဂတ်အတွက် စဉ်းစားကာ သူမဘက်က အလျှော့ပေးလိုက်ရခြင်း ဖြစ်သည် ။ အလွန်ဆုံး နှစ်နာရီသာ...
ထိုလျှပ်စီးဝိညာဉ်ဒိုလော့ ပြန်ရောက်လာပြီးနောက်တွင်မူ ပူဇော်ခံနန်းဆောင်တွင် ကုန်လွန်ရမည့်အချိန်ကို တစ်နာရီအထိ ထက်ဝက် လျှော့ချပစ်မည် ဖြစ်သည်။
ချန်တောက်လျို၏ ဘေးတွင် ရပ်နေသော ချန်ရန်ရွှယ်ကမူ သဘောကျလျက် ပြုံးလိုက်မိသည်။ နောင်ကျရင် သူမသည် ဟူပိုင်နှင့်အတူတူ ကျင့်ကြံခွင့်ရတော့မည် မဟုတ်ပါလော။
သို့သော်လည်း ပီပီတုန်းဘက်ကလည်း အလဲအထပ် အပေးအယူတစ်ခု မပါဘဲ လွယ်လွယ်နှင့် ခွင့်ပြုခဲ့ခြင်း မဟုတ်ပေ။ ချန်တောက်လျိုသည် သူ၏ အာဏာအချို့ကို သူမထံ လွှဲပြောင်းပေးခဲ့ရပြီး ထိုအာဏာမှာ သူမအတွက် မဟုတ်ဘဲ သူမ၏ တပည့် ဟူပိုင်အတွက် ဖြစ်သည်။
၎င်းမှာ... သူမ စိတ်ကြိုက် စေခိုင်းနိုင်မည့် 'အဆင့်မြင့်ဒိုလော့ အကြီးအကဲ နှစ်ဦး' ကို သူမထံ ထပ်မံ အပ်နှံပေးရန် ဖြစ်သည်။
လက်ရှိတွင် သူမ တိုက်ရိုက်အမိန့်ပေးနိုင်သော အကြီးအကဲများမှာ နှစ်ဦးတည်းသာ ရှိသေးသည် ။ပထမအကြီးအကဲ ကွေ့မေနှင့် ဒုတိယအကြီးအကဲ ယွဲ့ကွမ်း တို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ အဆင့် ၉၅ ရှိသော အဆင့်မြင့်ဒိုလော့များ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးအပြင် ဝိညာဉ်နန်းတော်တွင် အဆင့် ၉၅ အောက်ရှိသော အခြားအဆင့်မြင့်ဒိုလော့ အကြီးအကဲ ငါးဦး ရှိသေးသည် ။တတိယအကြီးအကဲ သရဲသစ်တောက် ၊ စတုတ္ထအကြီးအကဲ မိစ္ဆာဝံပုလွေ ၊ ပဉ္စမအကြီးအကဲ လင်ယွမ် ၊ ဆဋ္ဌမအကြီးအကဲ မြွေလှံ နှင့် သတ္တမအကြီးအကဲ စီရွှယ် တို့ ဖြစ်သည်။
ပီပီတုန်း အလိုရှိသည်မှာ လင်ယွမ်ဒိုလော့ နှင့် မိစ္ဆာဝံပုလွေဒိုလော့ တို့ဖြစ်ကြပြီး တစ်ဦးမှာ အဆင့် ၉၃ ရှိကာ အခြားတစ်ဦးမှာ အဆင့် ၉၅ ရှိသည်။
သူတို့ထဲတွင် နောင်တစ်ချိန်၌ ဟူပိုင် အပြင်သို့ ထွက်ခွာရမည့်အခါ လင်ယွမ်ဒိုလော့ကို ဟူပိုင်၏ အနီးကပ်အစောင့်အရှောက်အဖြစ် ပီပီတုန်းက တာဝန်ပေးအပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်၊ သို့မဟုတ်ပါက ဟူပိုင်နှင့် ရင်းနှီးမှု ပိုရှိသော ယွဲ့ကွမ်းကို တာဝန်ပေးမည် ဖြစ်သည်။
သို့သော်လည်း ယွဲ့ကွမ်းနှင့် ကွေ့မေတို့တွင် ထူးခြားသော ဝိညာဉ်ပေါင်းစပ်စွမ်းရည် ရှိနေသဖြင့် ယွဲ့ကွမ်းက ဟူပိုင်ကို လိုက်လံကာကွယ်ပေးနိုင်သည့်တိုင် အချိန်အကြာကြီး ခွဲထွက်နေ၍ မရချေ။ ထို့ကြောင့် ပုံမှန်အခြေအနေများတွင် လင်ယွမ်ဒိုလော့ကသာ အသင့်တော်ဆုံး ဖြစ်လိမ့်မည်။
မိစ္ဆာဝံပုလွေဒိုလော့ကိုမူ သူမ၏ တိုက်ရိုက်အမိန့်အောက်တွင် ထားရှိမည်ဖြစ်ပြီး ကွေ့မေ၊ ယွဲ့ကွမ်းတို့နှင့်အတူ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းစေမည် ဖြစ်သည်။
ပီပီတုန်းသည် ထိုနှစ်ဦး၏အဖွဲ့ထဲသို့ အခြားတစ်ယောက်ကို ထည့်သွင်းရန် ကြံရွယ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ မည်သို့ဆိုစေ ထိုနှစ်ဦးက ဝိညာဉ်ပေါင်းစပ်စွမ်းရည်ကို ထုတ်သုံးပြီး နယ်ပယ်ကို ထိန်းချုပ်ထားစဉ်အတွင်း ဘေးနားမှနေ၍ အဓိက တိုက်စစ်ဆင် တိုက်ခိုက်ပေးမည့်သူ တစ်ဦး လိုအပ်နေသောကြောင့် ဖြစ်တော့သည်။