အခန်း(၂)- ဝိညာဉ်နိုးထခြင်း.. ဘိုးဘေးတို့၏ သွေးနှောမှုနှင့် အမြီးကိုးချောင်းကောင်းကင်မြေခွေး
ဝေလငါးကော်၏ ထူးခြားသော အာနိသင်ကို ရှာဖွေတွေ့ရှိခဲ့သည့် ဟူပိုင်သည် ဝိညာဉ်ကျောင်းတော်နှင့် အကျိုးတော်ဆောင်နန်းတော်တို့၏ အာရုံစိုက်မှုကို မလွဲမသွေ ရရှိခဲ့လေသည်။ သူတို့အားလုံးက ဟူပိုင်တစ်ယောက် ဤလျှို့ဝှက်ချက်ကို မည်သို့သိရှိသွားကြောင်း အလွန်တရာ သိလိုကြသော်လည်း ပြန်လည်ရရှိသည့် အဖြေကမူ လေးခွန်းတည်းသာ ဖြစ်၏။
"ကံကောင်းသွားလို့ပါ.."
ဤအဖြေအပေါ် ပီပီတုန်းနှင့် ချန်တောက်လျိုတို့ အနည်းငယ် ဇဝေဇဝါ ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထွေထွေထူးထူး ဆက်လက်မမေးမြန်းတော့ပေ။ သူတို့စိတ်ထဲတွင် ဤကလေးငယ်သည် ငယ်စဉ်ကတည်းကပင် အလွန်ဉာဏ်ပညာထက်မြက်ပြီး စာအုပ်စာပေမျိုးစုံကို ဖတ်ရှုရုံတင်မကဘဲ အလွန်နှစ်သက်သည်ဟုသာ မှတ်ချက်ပြုမိကြတော့သည်။
သို့ဖြစ်၍ ဝံပုလွေခိုးသားများကို သွားရောက်နှိမ်နင်းရမည့် တာဝန်ကို ပီပီတုန်း၏ အမိန့်ဖြင့် အဆင့်(၉၅)ရှိသော အမည်ခံဒိုလော့ ယွဲ့ကွမ်းကိုယ်တိုင် ဦးဆောင်ရန် ပြောင်းလဲသတ်မှတ်လိုက်ရုံမကဘဲ အင်အားအလွန်အကျွံ မဖြစ်စေရန်အတွက် အစားအသောက်စနစ်သုံး ဝိညာဉ်ဧကရာဇ် တစ်ဦးအပါအဝင် ဝိညာဉ်ဧကရာဇ် နှစ်ဦးကိုပါ စစ်ကူအဖြစ် ထည့်သွင်းစေလွှတ်ခဲ့သည်။
ထိုအချိန်သို့ ရောက်သောအခါမှသာ ဟူပိုင်၏ အကြောင်းရင်းမရှိသော စိတ်အာရုံဆိုးကြီးသည် လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။ သူကိုယ်တိုင်ပင် ဤအခြင်းအရာကို အံ့သြမိ၏.... ဤအရာက သူ၏ အသပြာရွှေလက်ချောင်း ဖြစ်နေလေမလား။
"ပိုင်အာ.. နာနာ.. မြန်မြန်လုပ်ကြ.. အရှင်မင်းကြီးကို အစောင့်မခံပါနဲ့.. ဒီနေ့ ငါတို့ ဝိညာဉ်နန်းတော်ကိုသွားပြီး မင်းတို့ရဲ့ ဝိညာဉ်တွေကို နှိုးထကြမယ်.. ဒါက တခြားသူတွေ မရနိုင်တဲ့ ဂုဏ်ထူးဆောင်အခွင့်အရေးပဲဟေ့.." ရှဲ့ထျန်းသည် စိတ်လှုပ်ရှားနေသော မျက်နှာပေးဖြင့် ဟူလျဲ့ယောင်၏ လက်ကိုတွဲကာ အိမ်တံခါးဝတွင် အသင့်စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ် ပိုင်အာ.. နာနာ.. မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်နဲ့ နိုးထလာခဲ့ရင်.. အရှင်မင်းကြီးက မင်းတို့ကို တပည့်အဖြစ် သိမ်းပိုက်ကောင်း သိမ်းပိုက်လိမ့်မယ်.." ဟူလျဲ့ယောင်သည် ကလေးနှစ်ဦးလုံးကို အရှင်မင်းကြီးက တပည့်အဖြစ် ချက်ချင်း သိမ်းပိုက်နိုင်ခြေရှိသည်ကို တွေးမိကာ အလွန်တရာ စိတ်လှုပ်ရှားနေရှာသည်။
ဤသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့မဟုတ်ပါက သူတို့သည် ဝိညာဉ်နန်းတော်သို့ တကူးတက လာရောက်၍ ဝိညာဉ် နှိုးထစရာ အကြောင်းမရှိချေ။
ဝိညာဉ်နန်းတော်..
ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့သည် ရှဲ့ယွဲ့အပါအဝင် ကလေးငယ်နှစ်ဦးနှင့်အတူ အထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ပီပီတုန်းသည် ခရမ်းနုရောင် တော်ဝင်ဝတ်ရုံကြီးကို ဆင်မြန်းကာ နန်းတော်အာဏာစင်မြင့်ထက်တွင် ထိုင်နေပြီး လက်ထဲတွင်မူ အရှင်မင်းကြီး၏ ရာဇလှံတံကို ကိုင်ဆောင်ထား၏။ သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ ဂန္ဓာရဒိုလော့နှင့် တစ္ဆေဒိုလော့တို့ မတ်တပ်ရပ်နေကြသည်။
ယွဲ့ကွမ်းသည် ဟူပိုင်ကို မြင်လိုက်ရသောအခါ သတိမမူမိနိုင်လောက်သည့် အပြုံးတစ်ခုကို ပြသခဲ့ပြီး ယင်းကပင် ရင်းနှီးကျွမ်းဝင်မှုရှိသော အရိပ်အယောင်တစ်ခု ဖြစ်ချေသည်။
"အရှင်မင်းကြီး.. ကျွန်တော်မျိုး ပိုင်အာနဲ့ နာနာတို့ကို ဝိညာဉ်နှိုးထဖို့ ခေါ်ဆောင်လာခဲ့ပါတယ်.." ရှဲ့ထျန်းက ရိုသေလေးမြတ်စွာ လျှောက်တင်ပြီးနောက် သူတို့ငါးဦးစလုံး ပီပီတုန်းကို ဦးညွှတ်အလေးပြုလိုက်ကြသည်။
"အင်း.. ဒါဆို ဝိညာဉ်နှိုးထခြင်း အခမ်းအနားကို စလိုက်ကြစို့.. ယွဲ့ကွမ်း.. မင်းပဲ လုပ်လိုက်ပါ.." ပီပီတုန်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သော်လည်း သူမ၏ အကြည့် ဆယ်ပုံတွင် လေးပုံမှာ ဟူပိုင်ထံသို့ ရောက်ရှိနေပြီး ခြောက်ပုံမှာမူ ဟူလီနာ့ထံတွင် ရှိနေ၏။
ပီပီတုန်းအနေဖြင့် ဟူပိုင်နှင့် ဟူလီနာတို့ကို တွေ့မြင်ဖူးခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ပေ။ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့ကြသည်မှာ လွန်ခဲ့သော နှစ်နှစ်က ဝံပုလွေခိုးသားများ၏ တာဝန်အတွင်း၌ ဖြစ်သည်။ ကလေးနှစ်ဦးလုံးသည် သတ္တဝါအပေါင်းကို ညှို့ယူနိုင်သည့် မျက်နှာလေးများကို ပိုင်ဆိုင်ထားကြသဖြင့် လူအများ၏ အာရုံစိုက်မှုကို မရဘဲ မနေနိုင်လောက်အောင် ဖြစ်ရသည်။
အထူးသဖြင့် ဟူလီနာကို ကြည့်လိုက်သည့်အခါ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ပီပီတုန်းသည် သူမ အသိအမှတ်မပြုချင်သော သမီးဖြစ်သူ ချန်ရန်ရွှယ်ကို ပြေး၍ သတိရမိကာ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။
"အမိန့်အတိုင်းပါ အရှင်မင်းကြီး.."
ယွဲ့ကွမ်းက ရိုသေစွာ လျှောက်တင်ပြီးနောက် ဟူပိုင်နှင့် ဟူလီနာတို့၏ ရှေ့ သုံးမီတာအကွာသို့ လျှောက်လှမ်းလာခဲ့သည်။ သူ၏ လက်ယာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သူနှင့် ဟူပိုင်တို့အကြားတွင် ခြောက်ထောင့်ကြယ်ပုံစံ ဝိညာဉ်မန္တန်အလင်းတန်းတစ်ခု ချက်ချင်း ပေါ်ပေါက်လာပြီး မိန်းမလျာဆန်ဆန် အသံကြီးဖြင့် ပြောလိုက်လေသည်.... "မင်းတို့နှစ်ယောက်ထဲက ဘယ်သူ အရင်လာမလဲ.."
"အစ်ကို.. ငါ အရင်သွားမယ်.." ဟူလီနာသည် စိတ်လှုပ်ရှားစွာဖြင့် ဝိညာဉ်မန္တန်ထဲသို့ ခုန်ဝင်သွားခဲ့သည်။ သူမသည် သူမ၏ အစ်ကိုဖြစ်သူထက် အစောကြီး အစွမ်းပြလိုနေခြင်း ဖြစ်၏။
သူမသည် အကယ်၍ ဟူပိုင်သာ မိန်းကလေးတစ်ဦး ဖြစ်ခဲ့ပါက သူမထက်ပင် သေချာပေါက် ပို၍ လှပနေလိမ့်မည်ဟု အမြဲ ယုံကြည်ထားသူ ဖြစ်သည်။
ဤကဲ့သို့သော မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည့် အစ်ကိုတစ်ဦး ရှိနေကတည်းက သူမသည် အခြားသော ယောကျာ်းလေးများကို စိတ်ဝင်စားမှု လုံးဝမရှိတော့ပေ.... မည်သူကမျှ သူမ၏ အစ်ကိုပိုင်လောက် ချောမောခန့်ညားခြင်း မရှိသည် မဟုတ်ပါလား။
ထို့နောက် ယွဲ့ကွမ်းသည် သူ၏ ဝိညာဉ်ဖြစ်သော ထူးခြားဆန်းပြားသည့် ကောင်းကင်ဂန္ဓာရပန်းကို ထုတ်ဖော်လိုက်ပြီး နူးညံ့သိမ်မွေ့သော ဝိညာဉ်စွမ်းအားများကို ဟူလီနာ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးရင်း လေးနက်စွာ ပြောလိုက်သည်.... "အာရုံကို သေချာစိုက်ထားစမ်း.."
နောက်တစ်ကိုယ်၌ ဟူလီနာ၏ ကျောပြင်နောက်တွင် မြေခွေးတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ မိခင်ဖြစ်သူ ဟူလျဲ့ယောင်၏ ဝိညာဉ်ဖြစ်သော မြေခွေးနတ်ဆိုးဝိညာဉ်ပင် ဖြစ်ချေတော့သည်။
ယွဲ့ကွမ်းက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး.... "ငါ ထင်ထားတဲ့အတိုင်းပဲ.. ကဲ.. လာဦး.. မင်းရဲ့ ဝိညာဉ်စွမ်းအားကို တစ်ခါတည်း စမ်းသပ်ကြည့်ရအောင်.."
ပြောပြောဆိုဆိုဖြင့် ယွဲ့ကွမ်းသည် ဖန်သားပြင်လုံးလေးတစ်ခုကို ဟူလီနာ့ထံသို့ ကမ်းပေးလိုက်၏။
ဟူလီနာက အသာအယာ ပြုံးလိုက်ပြီး သူမ၏ လက်ယာဘက်လက်ကို ဖန်လုံးပေါ်သို့ တင်ကာ မိမိ၏ စိတ်အာရုံအတိုင်း ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
မွေးရာပါ ဝိညာဉ်စွမ်းအား ကိုးအဆင့်ခွဲ...
ဤပါရမီအရည်အချင်းသည် ရှဲ့ယွဲ့ထက် အဆင့်ဝက်မျှ ပိုမိုမြင့်မားနေပြီး ဝိညာဉ်ကျောင်းတော် အကယ်ဒမီတွင် အကောင်းဆုံးသော ပါရမီရှင်အဖြစ် သတ်မှတ်နိုင်ချေရှိသည်။
မှန်ပေသည်.. ဝိညာဉ်ကျောင်းတော် အကယ်ဒမီရှိ ကျောင်းသားများထဲတွင် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ ပါရှိသူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။
"ဟိဟိ.. အစ်ကို.. ငါ့ရဲ့ ပါရမီကို ကြည့်ဦး.. မဆိုးဘူးမလား.." ဟူလီနာသည် ဟူပိုင်၏ ရှေ့သို့ ဦးစွာ ပြေးလာပြီးနောက် ယွဲ့ကွမ်းနှင့် ပီပီတုန်းတို့ဘက်သို့ လှည့်၍ ပြောလိုက်သည်.... "ကျေးဇူးတင်ပါတယ် ဂန္ဓာရဒိုလော့.. ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး.."
ဟူလီနာ သတိမထားမိလိုက်သည်မှာ ပီပီတုန်း၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွတ်သွားခြင်းပင် ဖြစ်သည်။ ဤပါရမီမှာ အမှန်ပင် ကောင်းမွန်လှပေသည်။ ထို့နောက် သူမသည် လူသားအပေါင်းကို ညှို့ယူနိုင်သည့် အရှိန်အဝါ ဟူလီနာ့ထက်ပင် ပိုမိုပြင်းထန်သော ကောင်လေး ဟူပိုင်ထံသို့ အာရုံပြောင်းလိုက်မိသည်။ ဤကောင်လေးကော မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ ပါလာနိုင်မလားဟူ၍ သူမ တွေးတောနေမိ၏။
ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့၏ ဘိုးဘေးစဉ်ဆက်တွင် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ ပါရှိသူ မရှိခဲ့ဖူးသော်လည်း ၎င်းကို အပိုင်ပြော၍တော့ မရချေ။ အဆုံးစွန်၌ သူတို့နှစ်ဦးလုံး၏ ဝိညာဉ် အရည်အသွေးမှာ နိမ့်ကျလှသည် မဟုတ်ပေ။ အကယ်၍ ကောင်းမွန်သော ဝိညာဉ် ဗီဇပြောင်းလဲမှုတစ်ခုသာ ဖြစ်ပေါ်လာခဲ့လျှင် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ ချက်ချင်း ရရှိလာနိုင်သည် မဟုတ်ပါလား။
သာမန်လူတန်းစားများသည် ဝိညာဉ်သခင် ဖြစ်လာစေရန် ဗီဇပြောင်းလဲမှုကို အားကိုးရသကဲ့သို့ မူးမတ်မျိုးနွယ်များကလည်း ပိုမိုကောင်းမွန်သော ပါရမီကို ရရှိရန်အတွက် ကံတရားအပေါ်တွင် အတိုင်းအတာတစ်ခုအထိ အမှီပြုကြရသည်သာ ဖြစ်၏။
ဟူပိုင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မိမိကိုယ်ကိုယ် အားပေးလိုက်သည်.... "ဟူပိုင်.. ဟူပိုင်.. မင်း သေချာပေါက် လုပ်နိုင်ရမယ်.. ငါ့မိဘတွေက ဒီလောက် တော်တာပဲ.. ငါ့ရဲ့ပါရမီကလည်း မညံ့နိုင်ပါဘူး.."
(စကားချပ်.. မွေးရာပါ အဆင့်(၂၉)ရှိသော ဝိညာဉ်ဆရာကြီး တစ်ဦးကမူ စိတ်ထဲမှ ကြိမ်းမောင်းနေလိမ့်မည်ကား.... မင်းတို့တွေ ဘာတွေ လာဟောင်နေကြတာလဲ.. ဟမ်.. ဘာတွေ လာဟောင်နေတာလဲ..)
ဟူပိုင်သည် ဝိညာဉ်နှိုးထခြင်း မန္တန်အလင်းတန်းထဲသို့ ဝင်ရောက်ရပ်တန့်လိုက်သောအခါ ယွဲ့ကွမ်းက ပြုံးရွှင်သော မျက်နှာဖြင့် အားပေးစကား ဆိုလာသည်.... "ကလေးလေး.. မထိတ်လန့်ပါနဲ့.. မင်းရဲ့ အရှိန်အဝါအရ ဆိုရင် မင်းရဲ့ပါရမီက ဘယ်လိုမှ မနိမ့်ကျနိုင်ပါဘူး.."
ဟူပိုင်က ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်စဉ်မှာပင် ယွဲ့ကွမ်း၏ နောက်ထပ်ထွက်ပေါ်လာသော စကားကြောင့် သူ၏ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားရတော့သည်။
"မင်းရဲ့ 'သဘာဝအတိုင်း လှပနေတဲ့' မျက်နှာလေးရယ်.. နှင်းလို ဖွေးလှုပ်နေတဲ့ ဆံပင်ရှည်ကြီးရယ်က.. ငါ့ကို သိပ်ပြီး ပွတ်သပ်ချင်စိတ် ပေါက်စေတာပဲကွယ်.."
ဟူပိုင်သည် တစ်ကိုယ်လုံး တုန်ရင်သွားကာ ယွဲ့ကွမ်းကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်၍ တောင်းပန်လိုက်ရရှာသည်.... "ဦးလေးယွဲ့ကွမ်းရယ်.. ကျွန်တော့်ကိုတော့ ချမ်းသာပေးပါဗျာ.. ကျွန်တော် ငယ်သေးတယ်ဆိုပေမဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာပါ.. မေးပေးတာတော့ ကျေးဇူးတင်ပါတယ်ဗျာ.."
"ဟွန်း.. တခြားသူတွေကျ မိန်းကလေး မကြိုက်ဘူးများ မှတ်နေလား.. ကဲ.. ကဲ.. နှိုးထခြင်း အခမ်းအနားကို စရအောင်.." ယွဲ့ကွမ်းသည် မိန်းမလျာဆန်ဆန် အမူအရာတစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏ မျက်နှာပေးမှာ အနည်းငယ် ဆွံ့အသွားပုံရသည်။
၎င်းကို ကြည့်ခြင်းဖြင့် သူနှင့် ဟူပိုင်တို့၏ ပုဂ္ဂလိက ဆက်ဆံရေးမှာ အတော်ပင် ကောင်းမွန်ကြောင်း သိသာနိုင်သော်လည်း စိတ်မကောင်းစရာမှာ ဟူပိုင်ကဲ့သို့သော ယောကျာ်းစစ်စစ်တစ်ဦးသည် လိင်တူဆက်ဆံရေးကို လုံးဝ မနှစ်သက်ခြင်းပင် ဖြစ်၏။
ယွဲ့ကွမ်းသည် ဟူပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအားများကို ထည့်သွင်းပေးလိုက်သည်။ ရုတ်တရက်ဆိုသလို ဟူပိုင်၏ ခန္ဓာကိုယ်ထက်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။ သူ၏ ကျောပြင်နောက်တွင် မြေခွေးပုံရိပ်တစ်ခု တရွေ့ရွေ့ ထွက်ပေါ်လာသော်လည်း ဟူလီနာ၏ မြေခွေးနတ်ဆိုးဝိညာဉ်နှင့် မတူဘဲ ၎င်းမှာ အစစ်အမှန် အမြီးကိုးချောင်းကောင်းကင်မြေခွေးဖြူကြီး ဖြစ်နေတော့သည်။
"ဒါ.. ဒါက.. ဝိညာဉ် ဗီဇပြောင်းလဲတာပဲ.. ဘိုးဘေးတွေရဲ့ သွေးနှောမှု ပြန်လည်နိုးထလာတာပဲ.." ဟူလျဲ့ယောင်၏ မျက်ဝန်းအစုံသည် စိတ်လှုပ်ရှားလွန်းသဖြင့် နီမြန်းလာခဲ့ရသည်။
သူမ၏ ဝိညာဉ်ကို ကောင်းကင်မြေခွေးဟု အမြဲပင် ချီးမွမ်းခြင်း ခံခဲ့ရသော်လည်း ၎င်းမှာ တင်စားချက်မျှသာ ဖြစ်ပြီး အစစ်အမှန် ကောင်းကင်မြေခွေး၌မူ အမြီးကိုးချောင်း ရှိသည် မဟုတ်ပါလော။
ဟူပိုင်သည် သူ၏ ဝိညာဉ်မှာ ကမ္ဘာမြေပြာကြီးပေါ်ရှိ ဒဏ္ဍာရီလာ အမြီးကိုးချောင်းမြေခွေးနတ်ဘုရား ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရင်ထဲ၌ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားတော့သည်။
သူ၏ အရင်ဘဝတွင် နာမည်အကြီးဆုံးမှာ သန့်ရှင်းသော သားရဲကြီး လေးကောင် ဖြစ်သော်လည်း အမြီးကိုးချောင်းမြေခွေးသည်လည်း ၎င်းတို့ထက် အင်အားနည်းလိမ့်မည် မဟုတ်ပေ။ ၎င်းသည် ညှို့ယူဖမ်းစားခြင်း အတတ်တွင် ကျွမ်းကျင်ရုံတင်မကဘဲ သဘာဝတရား၏ စွမ်းအားကိုပါ ထိန်းချုပ်နိုင်ပြီး လေနှင့်မိုးကို ဆင့်ခေါ်နိုင်စွမ်းရှိသည့်အပြင် ထူးကဲသော ဉာဏ်ပညာကိုပါ ပိုင်ဆိုင်ထားသည်။ ၎င်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားလှသော တည်ရှိမှုတစ်ခုဟု ဆိုလျှင် မမှားနိုင်ချေ။