အခန်း(၁၅) - သုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည် နှင့် အမြီးကိုးချောင်းမိစ္ဆာနတ်သမီး
ပီပီတုန်းသည် မူလက ဟူပိုင်အား သူအသစ်ရရှိထားသော စွမ်းရည်များကို စမ်းသပ်ပြသခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း နောင်တွင် ဟူလီနာအတွက် ပထမဆုံး ဝိညာဉ်ကွင်း ရှာဖွေပေးရဦးမည်ဖြစ်ရာ ထိုအချိန်ကျမှ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး နှုတ်ဖွင့်မိန့်ဆိုလိုက်သည် ။
"မင်းရဲ့ ဒုတိယမြောက် ဝိညာဉ်ကွင်းကို အောင်အောင်မြင်မြင် စုပ်ယူလို့ ပြီးပြီဆိုမှတော့ အခု ဟူလီနာအတွက် ပထမဆုံး ဝိညာဉ်ကွင်း သွားရှာပေးကြတာပေါ့"
ဟူလီနာ ခန္ဓာကိုယ် တောင့်ခံနိုင်သည့် ပထမဆုံး ဝိညာဉ်ကွင်း၏ သက်တမ်း ကန့်သတ်ချက်မှာ ဟူပိုင်ကဲ့သို့ပင် သက်တမ်း ရှစ်ရာဝန်းကျင် ဖြစ်သည်။ ဤသည်မှာ ရှဲ့ယွဲ့ထက် သက်တမ်း နှစ်ရာခန့် ပိုမိုမြင့်မားခြင်းဖြစ်ပြီး ရှဲ့ယွဲ့က သူတို့ထက် တစ်နှစ် ပိုကြီးသည့်အပြင် ဝေလငါးကော် စုပ်ယူခဲ့သည့် ပမာဏ တစ်နှစ်စာ လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။
ဝေလငါးကော်သည် ဝိညာဉ်သခင်များ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိခဲ့ရကတည်းက ဝိညာဉ်နန်းတော်သည် အခြားသောအင်အားစုများ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် တိတ်တဆိတ် သိုသိုသိပ်သိပ်ဖြင့်သာ လိုက်လံဝယ်ယူ စုဆောင်းခဲ့သည်။ ထို့ကြောင့် ဝိညာဉ်နန်းတော်၏ စုဆောင်းမှုအရှိန်မှာ အလွန် နှေးကွေးခဲ့ရ၏။
ယခုအခါ ဝိညာဉ်နန်းတော်၏ ဘဏ္ဍာတိုက်ထဲတွင် သက်တမ်း ရာချီ၊ ထောင်ချီ ဝေလငါးကော်များ အသင့်အတင့် ရှိနေသော်လည်း သက်တမ်း သောင်းချီရှိသည့် အရာမျိုးမှာမူ အလွန်တရာ ရှားပါးလှပြီး အနည်းငယ်မျှသာ ရှိသည့်အပြင် အရွယ်အစားမှာလည်း သေးငယ်လှသည်။
ဝေလငါးကော်ဆိုသည်မှာ သမုဒ္ဒရာထဲရှိ ဝေလငါးအမျိုးအစား ရေနေဝိညာဉ်သားရဲများထံမှ ထွက်ရှိခြင်း ဖြစ်သည်။ ကုန်းမြေအခြေစိုက် ဝိညာဉ်သခင်များအတွက်မူ ရေနေဝိညာဉ်သားရဲများကို အမဲလိုက်ရန်မှာ ကုန်းနေဝိညာဉ်သားရဲများထက် များစွာ ပိုမိုခက်ခဲလှပေသည်။ ကျင့်ကြံခြင်းအဆင့် တူညီနေလျှင်ပင် ရေနေဝိညာဉ်သားရဲများသည် ကုန်းနေဝိညာဉ်သားရဲများထက် ပိုမို အစွမ်းထက်ကြသည် မဟုတ်ပါလော။
သက်တမ်း သောင်းချီအဆင့်သို့ စတင်ရောက်ရှိစ ဝေလငါးအမျိုးအစား ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖြတ်ရန်အတွက် ဝိညာဉ်သူတော်စင် သို့မဟုတ် ဝိညာဉ်ဒိုလော့ အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ် အများအပြား ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် သက်တမ်းသောင်းချီ ဝေလငါးကော်သည် ကာမအားတိုးဆေးအဖြစ်သာ သုံးကြသည့်တိုင်အောင် အလွန်တရာ တန်ဖိုးကြီးမားလှပေသည်။
"ဆရာ... ကျွန်တော့်ကို မိနစ်အနည်းငယ်လောက် အချိန်ပေးလို့ ရမလား ဒီလင်းလက်တောက်ပတဲ့ ယူနီကွန်းကို အရင်ဆုံး မြေမြှုပ်ပေးချင်လို့ပါ"
ဟူပိုင်က ဘေးနားရှိ ကျင်းနက်ကြီးကို ညွှန်ပြရင်း ခွင့်တောင်းလိုက်သည်။ ထိုအခါမှ ပီပီတုန်းနှင့် အခြားသူများ သတိပြုမိသွားကြ၏။ ချန်ရန်ရွှယ်ကမူ အနည်းငယ် ဇဝေဇဝါဖြစ်သွားရင်း မေးမြန်းလိုက်သည် ။
"မောင်လေးပိုင်... ဒါက ဘာဖြစ်လို့လဲ"
သူမ ငယ်စဉ်ကတည်းက သင်ကြားနာယူခဲ့ရသော ဗဟုသုတများအရ ဝိညာဉ်သခင်များက ဝိညာဉ်သားရဲများကို အမဲလိုက်ခြင်းမှာ သဘာဝတရားသာ ဖြစ်ပြီး သူတို့သည် မွေးဖွားလာကတည်းက ရန်သူတော်များ ဖြစ်ကြသည် မဟုတ်ပါလော။
ဟူပိုင်သည် မြေဓာတ်စွမ်းအားကို ထိန်းချုပ်လိုက်ရာ လင်းလက်တောက်ပသော ယူနီကွန်း၏ ရုပ်အလောင်း တည်ရှိရာ မြေပြင်သည် လှိုင်းတွန့်သဖွယ် လှုပ်ရှားသွားပြီး ရုပ်အလောင်းအား ကျင်းနက်ကြီးထဲသို့ ရွှေ့လျားပေးလိုက်သည်။ ထို့နောက် သူက ဆိုလိုက်သည် ..
"ကျွန်တော်တို့ ဝိညာဉ်သခင်တွေနဲ့ ဝိညာဉ်သားရဲတွေက သဘာဝအရ ဆန့်ကျင်ဘက်တွေ ဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဝိညာဉ်သခင်တွေ တိုးတက်ဖို့ဆိုရင် ဝိညာဉ်ကွင်းတွေကို ရယူရမယ်၊ ဒါက ဒီမြေကမ္ဘာရဲ့ နိယာမတရား ဖြစ်နေလို့ ကျွန်တော်တို့ ပြောင်းလဲလို့ မရပါဘူး"
"ဒါပေမယ့် ကျွန်တော် တစ်ခုကို စဉ်းစားမိနေတာ ကြာပါပြီ။ ဘာဖြစ်လို့ ကျွန်တော်တို့ ဝိညာဉ်သခင်တွေ ပိုင်ဆိုင်ထားတဲ့ ဝိညာဉ်တွေက လက်နက်ဝိညာဉ်တွေကလွဲရင် ကျန်တဲ့အရာအားလုံးဟာ ဒီမြေကမ္ဘာပေါ်မှာ ရှိတဲ့ ဝိညာဉ်သားရဲတွေနဲ့ ထပ်တူကျနေရတာလဲ။ ဘာဖြစ်လို့လဲ... ဖြစ်နိုင်တာက... ရှေးဟောင်းခေတ်တုန်းက ကျွန်တော်တို့ လူသားတွေဟာလည်း ဝိညာဉ်သားရဲ အမျိုးအစား တစ်ခု ဖြစ်ခဲ့မလား။ ဒါပေမယ့် အကြောင်းရင်းတစ်ခုခုကြောင့် ဗီဇပြောင်းလဲပြီး ဆင့်ကဲတိုးတက်လာခဲ့တာ နေမှာပါ"
"ဝိညာဉ်ကွင်း မရခင်အထိတော့ သူတို့ကို ကျွန်တော် ဘာမှမထောက်ညှာဘဲ သတ်ဖြတ်နိုင်ပေမယ့် တိုက်ပွဲပြီးသွားတဲ့အခါမှာတော့ သူတို့အတွက် အနည်းဆုံး မြေမြှုပ်သင်္ဂြိုဟ်ဖို့ နေရာတစ်ခု ရှိသင့်တယ်လို့ မျှော်လင့်မိတာပါ"
ဟူပိုင်သည် မိမိ၏ လုပ်ရပ်က အနည်းငယ် ရှေ့နောက်မညီ ဖြစ်နေသည်ဟု ခံစားမိသည်။ ထိုသားရဲများကို သနားကရုဏာ သက်နေ၍လားဆိုလျှင်လည်း ထိုသို့ မဟုတ်ပြန်ပေ။
ဟူပိုင်၏ ဤဆင့်ကဲဖြစ်စဉ် သီအိုရီစကားကြောင့် အနားရှိ လူအားလုံး တုန်လှုပ်အံ့သြသွားကြရသည်။ လူသားတွေက ဝိညာဉ်သားရဲတွေကနေ ဆင့်ကဲတိုးတက်လာတာ ဟုတ်လား။ ဤမျှ ဆန်းသစ်လှသော အတွေးအခေါ်မျိုးကို အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ နှုတ်မှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။
ပီပီတုန်းသည် ဝတ်စုံဖြူ ဆင်မြန်းထားသော ဟူပိုင်၏ ပုံစံကို ကြည့်ရင်း ဤကောင်လေးသည် အမှန်ပင် စိတ်ဝင်စားစရာကောင်းလှသည်ဟု ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။ ဤသီအိုရီက အမှန်တရား ဟုတ်မဟုတ် မသေချာသော်လည်း ဝိညာဉ်နန်းတော်အနေဖြင့် လေ့လာဆန်းစစ်ရန် မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။ ဝိညာဉ်နန်းတော်တွင် ဝိညာဉ်သီအိုရီများကို သုတေသနပြု စုဆောင်းရသည့် အဖွဲ့အစည်းတစ်ခု သီးသန့်ရှိနေသဖြင့် သူတို့လည်း ဤအချက်ကို စိတ်ဝင်စားကြပေလိမ့်မည်။
လင်းလက်တောက်ပသော ယူနီကွန်း၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် ဟူလီနာသည် သူမ၏ ရင်ထဲတွင် ကြာမြင့်စွာ သိမ်းဆည်းထားခဲ့သော မေးခွန်းကို နောက်ဆုံးတွင် ထုတ်ဖော်မေးမြန်းလိုက်တော့သည် ။
"အစ်ကို... တို့တွေ ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည် သုံးလို့ရမလားဆိုတာ စမ်းကြည့်ချင်တယ်။ အစ်ကို့ရဲ့ ဝိညာဉ် နိုးထတဲ့နေ့တုန်းက တို့တွေကြားထဲမှာ ထူးခြားတဲ့ တုန်ခါမှုတစ်ခု ဖြစ်သွားသလို ခံစားရတယ် အစ်ကိုရော အဲဒီလို ခံစားရလား"
"အော်... ဟုတ်သားပဲ၊ တို့ကတော့ အစ်ကိုကြီးနဲ့ စမ်းကြည့်ပြီးပြီ။ တို့နှစ်ယောက်ပေါင်းရင် မိစ္ဆာနတ်သမီး အဖြစ် ပြောင်းလဲသွားနိုင်တယ်၊ အဖေနဲ့အမေ လိုမျိုးပေါ့"
ဟူလီနာ၏ သတိပေးမှုကြောင့် ဟူပိုင်သည် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားပြီး ဟူလီနာ၏ နူးညံ့လှသော လက်ကလေးကို သူ၏ လက်ဖဝါးထဲသို့ ဆွဲယူဆုပ်ကိုင်လိုက်ကာ ...
"ကျွန်တော် ဝိညာဉ်စွမ်းအားကို ညီမဆီ စီးဆင်းပေးမယ်၊ တို့တွေ တူတူ ခံစားကြည့်ရအောင်"
ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့သည် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။ တကယ်လို့ ဟူပိုင်နှင့် ဟူလီနာတို့သာ ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားကြလျှင် သူတို့မိသားစုတွင် ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည် နှစ်ခု ဖြစ်လာမည် မဟုတ်ပါလော။
သို့သော် သူတို့၏ ဝိညာဉ်စွမ်းအားများ ပေါင်းစပ်သွားပြီးနောက် အပြန်အလှန် ဝိညာဉ်များ ဆွဲဆောင်မှုကို ခံစားရသော်လည်း ထိုအရာက ပေါင်းစပ်သွားရန်အတွက် မလုံလောက်သေးပေ။ ဟူလီနာက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် ...
"တို့တွေကြားမှာ ဆွဲဆောင်မှု ရှိနေတာ ထင်ရှားရဲ့သားနဲ့ ဘာဖြစ်လို့ ပေါင်းစပ်လို့ မရရတာလဲ"
ဟူပိုင်လည်း အနည်းငယ် စဉ်းစားမရ ဖြစ်နေစဉ်မှာပင် ရှဲ့ယွဲ့က ကြားဖြတ်၍ အကြံပြုလိုက်သည် ။
"ဒါဆို တို့တွေ သုံးယောက်စလုံး ပြိုင်တူ စမ်းကြည့်ကြရင်ကော ဘယ်လိုလဲ။ တို့က ညီလေးတို့ နှစ်ယောက်လုံးနဲ့ ဝိညာဉ်ဆွဲဆောင်မှု ရှိနေတာပဲလေ"
ရှဲ့ယွဲ့၏ စကားကြောင့် ဘေးမှလူအားလုံး အံ့အားသင့်ကာ မျက်လုံးအစုံ ပြူးသွားကြရတော့သည်။
ရှဲ့ထျန်းက မျက်မှောင်ကြုတ်လျက် ..
"ယွဲ့အာ... မင်း နောက်ပြောင်နေတာ မဟုတ်ဘူးမလား။ တကယ်လို့ အောင်မြင်ခဲ့ရင် ဒါဟာ သုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည် ဖြစ်လာမှာ။ ဒီမြေကမ္ဘာပေါ်မှာ ရှိတဲ့ ရွှေတြိဂံ အဖွဲ့ကလွဲရင် ဘယ်သူမှ သုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ကို မပိုင်ဆိုင်ဖူးကြဘူး"
ရှဲ့ထျန်း၏ နှုတ်မှ ရွှေတြိဂံ ဟူသော စကားစု ထွက်ပေါ်လာသည်နှင့် ပီပီတုန်း၏ မျက်ခုံးအစုံသည် မသိမသာ တွန့်ကွေးသွားကာ သူမ၏ ရင်ထဲတွင် မကောင်းသော ဒေါသစွမ်းအင်များ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဟူပိုင်၏ ဆွဲဆောင်မှုရှိသော လေသံကို ကြားလိုက်ရသည့်အခါ ထိုဒေါသစွမ်းအင်များသည် တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြန်သည်။ ပီပီတုန်းကိုယ်တိုင်ပင် အံ့သြသွားရသည်၊ မိမိ၏ စိတ်ခံစားချက်များက သန့်စင်သွားခြင်း ဖြစ်ပါသလော။
"အဖေ... အစ်ကိုကြီးကို တို့နဲ့အတူ စမ်းခွင့်ပြုလိုက်ပါ သစ္စာရှိရှိ အောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ"
ဟူပိုင်သည်လည်း သူ၏ ရင်ထဲက စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များကို ထိန်းချုပ်ထားရသည်။ ဤသည်မှာ သုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည် မဟုတ်ပါလော။
ရွှေတြိဂံ၏ ရွှေရောင်နတ်ဂါထာတော်အဖြစ် ပြောင်းလဲခြင်းကို သုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ဟု သတ်မှတ်နိုင်မလားဆိုသည်ကိုမူ သူ ဝေဖန်ခြင်းမပြုလိုပေ။ အမှန်အတိုင်း ပြောရလျှင် သူသည် ထိုအရာကို သုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ဟု ဘယ်တုန်းကမှ သတ်မှတ်မထားခဲ့ချေ။ လျှိုစန်း ပေါင်သည် မူလကပင် ရွှေရောင်နတ်ဂါထာတော်၏ သားပေါက်လေး ဖြစ်သော်လည်း ယွီရှောင်ဂန်းက မမွေးမြူတတ်ခြင်းသာ ဖြစ်ကာ လျှိုအာလုံက ဆင့်ကဲပြောင်းလဲရန် ဂါထာတော်ခန္ဓာကိုယ်ကို ပံ့ပိုးပေးပြီး ဖလန်ဒါက လုံလောက်သော ဝိညာဉ်စွမ်းအားကို ပံ့ပိုးပေးခြင်း သက်သက်သာ ဖြစ်သည် မဟုတ်ပါလော။ သူ ဤသို့သာ တွေးတောနိုင်သည်၊ သို့မဟုတ်ပါက ဖလန်ဒါတွင် အခြား ဘာအသုံးဝင်မှု ရှိပါဦးမည်နည်း။
ရှဲ့ယွဲ့သည် ဟူလီနာနှင့် ဟူပိုင်တို့၏ လက်များကို ဆုပ်ကိုင်လိုက်ပြီးနောက် သူတို့၏ ဝိညာဉ်စွမ်းအားများသည် အချင်းချင်း ရောယှက်စီးဆင်းသွားကြတော့သည်။ တစ်ခဏချင်းအတွင်းမှာပင် သူတို့ သုံးဦး၏ ကြားမှနေ၍ တောက်ပလွန်းလှသော အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်အသီးသီးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့လေပြီ။
ထိုအရာက... မိစ္ဆာနတ်သမီး အဖြစ် ပြောင်းလဲသွားခြင်းလား...
မဟုတ်သေးပေ။ ပုံသဏ္ဌာန်မှာ မိစ္ဆာနတ်သမီး ဖြစ်သော်လည်း မူလက မည်းနက်လှသော ချပ်ဝတ်တန်ဆာနေရာတွင် ငွေဖြူရောင် ချပ်ဝတ်များဖြင့် အစားထိုးထားပြီး ကျောပြင်အောက်ဘက်တွင်မူ ဆီးနှင်းပမာ ဖြူဖွေးလှသော မြေခွေးအမြီး ကိုးချောင်း ထွက်ပေါ်နေခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ထိုမြေခွေးအမြီးများသည် စစ်မှန်သော ဒြပ်သဏ္ဌာန်များ ဖြစ်နေခြင်းပင်။
ယေဘုယျအားဖြင့် သားရဲဝိညာဉ်သည် ဝိညာဉ်သခင်ထံ ပူးကပ်သည့်အခါ အချို့သော ဝိညာဉ်သားရဲ လက္ခဏာများကိုသာ ဆောင်ကြဉ်းပေးလေ့ရှိပြီး အမြီးကဲ့သို့သော အစိတ်အပိုင်းများမှာ ဒြပ်မဲ့သာ ဖြစ်တတ်သည်၊ ပြင်ပဝိညာဉ်အရိုး ရှိမှသာ ဒြပ်သဏ္ဌာန် ရှိလာခြင်း ဖြစ်သည်။ မူလလက်ရာတွင် ဟူလီနာ၌ မြေခွေးပြင်ပဝိညာဉ်အရိုး ရှိနေသဖြင့် သူမ၏ အမြီးများမှာ ဒြပ်သဏ္ဌာန် ရှိနေခြင်း ဖြစ်သည်။
"တကယ်ကြီး အောင်မြင်သွားတာလား"
ရှဲ့ထျန်းမှာ ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားပြီးနောက် ချက်ချင်းဆိုသလို ဝမ်းမြောက်ကြည်နူးမှုများ ပြည့်လျှံသွားခဲ့သည် ။
"မင်းတို့ သုံးယောက်ကတော့ တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ် ဒီသုံးဦးပေါင်း ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ကို နာမည်အသစ် ပေးကြမလား မိစ္ဆာနတ်သမီးလို့ မခေါ်ကြေးနော်"
ထိုအခါ ငွေဖြူရောင် ပုံရိပ်ကြီးဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဤဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ကို ဟူပိုင်က အဓိက ထိန်းချုပ်ထားခြင်း ဖြစ်သဖြင့် ထွက်လာသော အသံမှာ သူ၏ လေသံနှင့် ပိုမို တူညီနေသည် ။
"အဖေ... ဒါဆိုရင် ကျွန်တော်တို့ ဒီစွမ်းရည်ကို အမြီးကိုးချောင်းမိစ္ဆာနတ်သမီး လို့ ခေါ်ရင်ကော ဘယ်လိုလဲ"