အခန်း(၁၄) - ပီပီတုန်း - ငါက လူစားမယ့် ရုပ်မျိုး ပေါက်နေလို့လား နှင့် ပိုမို ညှို့ယူဆွဲဆောင်မှုရှိလာသော ဟူပိုင်
ဟူပိုင်နှင့် ဟူလျဲ့ယောင်တို့ ဝိညာဉ်ကွင်းနှင့် ပြင်ပဝိညာဉ်အရိုးတို့ကို အသီးသီး စုပ်ယူပြီးစီး၍ တစ်မတ်ခန့်အကြာတွင် ပီပီတုန်းသည် ဟူလီနာတို့အဖွဲ့နှင့်အတူ သူတို့ရှိရာနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့သည်။
ရှဲ့ထျန်းသည် ပီပီတုန်းနှင့် အခြားသူများ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဦးနှောက်က ချက်ချင်း တုံ့ပြန်မှုမပြုနိုင်သေးမီမှာပင် ဟူလီနာက ရှေ့သို့ ပြေးဝင်ပွေ့ဖက်လိုက်ပြီး ...
"အဖေ... သမီး အဖေ့အတွက် သိပ်စိတ်ပူနေခဲ့တာ အခုဆို တစ်လနီးပါးရှိပြီ ဘာဖြစ်လို့ ကြယ်တာရာတောအုပ်ကြီးထဲမှာ ဒီလောက်အကြာကြီး နေနေရတာလဲ"
ရှဲ့ထျန်းသည် ဟူလီနာ၏ နူးညံ့သော ဆံနွယ်များကို သာသာယာယာ ပွတ်သပ်ပေးရင်း ပီပီတုန်းကို လှမ်းကြည့်လိုက်သည်။ သူက အပြစ်ရှိသကဲ့သို့ တောင်းပန်စကား ဆိုရန် ပြင်လိုက်စဉ်မှာပင် ပီပီတုန်းက အရင်ဦးအောင် နှုတ်ဖွင့်လိုက်သည် ။
"တောင်းပန်နေဖို့ မလိုပါဘူး အခြေအနေ အသေးစိတ်ကို ရှဲ့ယွဲ့နဲ့ ဟူလီနာတို့ဆီကနေ ငါ ကြားသိပြီးပါပြီ"
"အမြီးကိုးချောင်းကောင်းကင်မြေခွေး ဝိညာဉ်က တကယ့်ကို ထူးခြားဆန်းကြယ်တဲ့ ဝိညာဉ်တစ်ခုပဲ သူက စိတ်ဝိညာဉ်ထိန်းချုပ်မှု သက်သက်လမ်းကြောင်းကို မလျှောက်လှမ်းချင်ဘူးဆိုရင်လည်း သူ့သဘောအတိုင်း ထားလိုက်ပါတော့ ဒါပေမယ့် မင်းတို့ဇနီးမောင်နှံက တကယ့်ကို ကံထူးကြတာပဲ အခုလို ပြင်ပဝိညာဉ်အရိုးတစ်ခုကိုတောင် ရရှိခဲ့ကြတယ်ပေါ့"
ထိုအခါမှ ပီပီတုန်းသည် ဟူလျဲ့ယောင်တစ်ယောက် လင်းလက်တောက်ပသော ယူနီကွန်း၏ အလင်းတောင်ပံ ပြင်ပဝိညာဉ်အရိုးကို စုပ်ယူနေခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။ ထိုသားရဲ၏ သက်တမ်းအရ ဆိုလျှင် ဤအရာမှာ ဟူပိုင် အမဲလိုက်ခဲ့သည့် သားရဲထံမှ ဖြစ်ရပေမည်။
ဟင်... နေဦး...
ပီပီတုန်း၏ နှံ့စပ်လှသော ဗဟုသုတများအရ ဤလင်းလက်တောက်ပသော ယူနီကွန်းသည် သက်တမ်း သုံးထောင်ဝန်းကျင် ရှိကြောင်း သူမ ချက်ချင်း သိမြင်နိုင်သည်။ သို့သော် ယခုအခါ ဟူပိုင်သည် သူ၏ ဒုတိယမြောက် ဝိညာဉ်ကွင်းကို သိသိသာသာ စုပ်ယူနေခြင်း မဟုတ်ပါလော။ သူ၏ ပထမဆုံး ဝိညာဉ်ကွင်းဖြစ်သော အဝါရောင်ကွင်းသည် သူ၏ ခန္ဓာကိုယ်ထက်တွင် ပေါ်ထွက်နေပြီဖြစ်သည်။ ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။
ထိုပြင်ပဝိညာဉ်အရိုးနှင့် ပတ်သက်၍မူ သူမသည် အမြင့်မြတ်ဆုံး ပုပ်ရဟန်းမင်းတစ်ဦး ဖြစ်သည့်အတွက် လောဘရမ္မက် မကြီးချေ။ မည်သို့ပင်ဆိုစေ သူမကိုယ်တိုင်တွင်လည်း သက်တမ်း ငါးသောင်းကျော်ရှိသည့် အတောင်ပံပုံစံ ပြင်ပဝိညာဉ်အရိုးတစ်ခု ရှိပြီးသား ဖြစ်သည်။ ထိုသို့မဟုတ်သည့်တိုင်အောင် ဟူလျဲ့ယောင်သည် သူမ၏ တပည့်နှစ်ဦး၏ မိခင်ဖြစ်ပြီး ဝိညာဉ်နန်းတော်အတွက် အတိတ်က များစွာ အမှုထမ်းခဲ့ဖူးသူ ဖြစ်ပေသည်။
"ရှဲ့ထျန်း... မင်းတို့ ဒီအတောအတွင်း ကြယ်တာရာတောအုပ်ကြီးထဲမှာ ဘာတွေလုပ်နေခဲ့လဲဆိုတာ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြစမ်းပါဦး ပြီးတော့ ဟူပိုင်က ဘာဖြစ်လို့ ဒုတိယမြောက် ဝိညာဉ်ကွင်းကို စုပ်ယူနေနိုင်ရတာလဲ ဒါတင်မကသေးဘူး သက်တမ်း သုံးထောင်ရှိတဲ့ ဝိညာဉ်ကွင်းဖြစ်နေတယ် မူလက ဝေလငါးကော်ကြောင့် ပထမဆုံး ဝိညာဉ်ကွင်းကို သက်တမ်း ရှစ်ရာအထိ စုပ်ယူနိုင်ခဲ့တယ်ထားဦး ဒုတိယမြောက် ဝိညာဉ်ကွင်းကျမှ သက်တမ်း သုံးထောင်အထိ စုပ်ယူနိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး မဟုတ်လား"
ရှဲ့ထျန်းသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အဖြစ်အပျက် အစဉ်အဆက်ကို အစအဆုံး ပြန်လည်လျှောက်တင်လိုက်တော့သည်။ သူကိုယ်တိုင်ပင်လျှင် ဤကြယ်တာရာတောအုပ်ကြီးသို့ လာခဲ့သည့် ခရီးစဉ်တစ်ခုလုံးကို အိမ်မက်တစ်ခုကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
ပီပီတုန်းသည် ဟူပိုင်၏ ဆရာဖြစ်ရာ သားဖြစ်သူ၏ ပြင်ပဝိညာဉ်အရိုးအပေါ် မကောင်းသော အကြံအစည် ရှိလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။ ဝိညာဉ်နန်းတော်သည် ကြီးမားကျယ်ပြန့်လှသော အဖွဲ့အစည်းကြီး ဖြစ်သည့်အလျောက် သူတို့၏ ဘဏ္ဍာတိုက်ထဲတွင် ဝိညာဉ်အရိုးများစွာ ရှိနေသည် မဟုတ်ပါလော။
ခရီးစဉ်အကြောင်းကို ကြားလိုက်ရသောအခါ အားလုံးမှာ အလွန်တရာ အံ့သြမှင်တက်သွားကြရသည်။ ပထမဆုံး စုပ်ယူခဲ့သည့် ဝိညာဉ်ကွင်းမှာ ထိပ်တန်း လျှပ်စီးဓာတ်စွမ်းအားရှိ အပင်အမျိုးအစား ဝိညာဉ်သားရဲ မိုးကြိုးငရဲနွယ်ပင် ဖြစ်နေသည်။ ပီပီတုန်းသည်ပင် ထိုဝိညာဉ်သားရဲ၏ အမည်ကို ရှေးဟောင်းကျမ်းစာအချို့တွင်သာ တစ်ခါတစ်ရံ တွေ့ဖူးခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့သော ဝိညာဉ်သားရဲကို ပထမဆုံး ဝိညာဉ်ကွင်းအဖြစ် စုပ်ယူနိုင်ခဲ့သည့် လူသားဟူ၍ သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
ဤအချက်က လက်ခံနိုင်စရာ ရှိသေးသော်လည်း ရှဲ့ထျန်း ဆက်ပြောလိုက်သည့် စကားကြောင့် အားလုံး တုန်လှုပ်သွားကြရပြန်သည် ။ သက်တမ်းသောင်းချီ သုံးမျက်လုံး မိစ္ဆာမြေခွေး၏ နဖူးလယ်မျက်လုံး ပြင်ပဝိညာဉ်အရိုး။
ဟူပိုင်၏ ဝိညာဉ်စွမ်းအား အဆင့်သည်လည်း ဤအကြောင်းရင်းကြောင့် အဆင့် နှစ်ဆယ်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့ခြင်း ဖြစ်ရာ သူတို့ ရက်ဝက်အတွင်း ဝိညာဉ်မြို့တော်သို့ ပြန်မလာနိုင်ခဲ့ခြင်းမှာ ဤကြောင့်ပင်။
ထို့နောက် လက်ရှိအခြေအနေကို ကြည့်ပါဦး။ ရက်အနည်းငယ်မျှ ထပ်မံရှာဖွေပြီးနောက် သက်တမ်း သုံးထောင်ရှိ လင်းလက်တောက်ပသော ယူနီကွန်းကို တွေ့ရှိခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် နောက်ထပ် အလင်းတောင်ပံ ပြင်ပဝိညာဉ်အရိုးတစ်ခုကိုပါ ထပ်မံ ရရှိခဲ့ပြန်သည်။
တကယ်လို့ မျက်မြင်ကိုယ်တွေ့ သာ မဟုတ်ခဲ့ရင် ပီပီတုန်းနှင့် အခြားသူများသည် ရှဲ့ထျန်းက သူတို့ကို နောက်ပြောင်ကျီစယ်နေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ ဘယ်အချိန်ကစလို့ ပြင်ပဝိညာဉ်အရိုးတွေက ဒီလောက်အထိ အလွယ်တကူ ရရှိနိုင်တဲ့ အရာတွေ ဖြစ်သွားရတာလဲ။
ထိုစဉ်မှာပင် ဟူလျဲ့ယောင်သည်လည်း ပြင်ပဝိညာဉ်အရိုးကို စုပ်ယူ၍ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမ မျက်လုံးကို ဖွင့်လိုက်ပြီး ပီပီတုန်းကို မြင်လိုက်ရသည့် ခဏ၌ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူမသည် ချက်ချင်း ထရပ်ကာ ဒူးတစ်ဖက်ထောက် လျှောက်လဲလိုက်ရင်း မျက်နှာလေးမှာ အနည်းငယ် ဖြူလျော်နေခဲ့သည် ။
"အမြင့်မြတ်ဆုံး... အမြင့်မြတ်ဆုံး ပုပ်ရဟန်းမင်းကြီး... အရှင်... အရှင် ဘာဖြစ်လို့ ဒီနေရာကို ရောက်ရှိနေရတာလဲ ဘုရား"
ပီပီတုန်း ...
မဟုတ်သေးပါဘူး... သူမ မျက်နှာက လူစားမယ့် ရုပ်မျိုး ပေါက်နေလို့လား။ ဘာဖြစ်လို့ ဒီလို တုံ့ပြန်မှုမျိုး ပြုလုပ်ရတာလဲ။
"ထပါ... အဖြစ်အပျက်အားလုံးကို ငါ သိရှိပြီးပါပြီ မင်းတို့ကို ငါ အပြစ်တင်မှာ မဟုတ်ဘူး ရှဲ့ထျန်း ပြောသလိုပဲ ငါကလည်း ငါ့ရဲ့ တပည့်ဖြစ်တဲ့ ဟူပိုင်ကို အလွန်တရာ အလေးထားမြတ်နိုးတဲ့အတွက် သူ့ကို အပြစ်ပေးဖို့ စိတ်မရှိပါဘူး"
ပီပီတုန်းက အနည်းငယ် မတတ်သာဟန်ဖြင့် ဆိုလိုက်သည်။ ထိုအခါမှ ဟူလျဲ့ယောင်သည် သက်ပြင်းချနိုင်တော့ကာ အကြောင်းစုံကို ရှင်းပြပြီးဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူမ၏ လှပသော မျက်ဝန်းအစုံက နောက်ကွယ်မှ ယောကျာ်းဖြစ်သူကို စူးစိုက်ကြည့်လိုက်သည်။ ဘာဖြစ်လို့ စောစောကတည်းက မပြောရတာလဲ။
ရှဲ့ထျန်းသည် ဇနီးဖြစ်သူ၏ အကြည့်ထဲက အဓိပ္ပာယ်ကို နားလည်သဖြင့် အူကြောင်ကြောင်နှင့်သာ ခေါင်းကုတ်နေမိတော့သည်။
ဟူပိုင် ဝိညာဉ်ကွင်းကို စုပ်ယူနေသည့် အချိန်အတွင်း ဟူလျဲ့ယောင်သည် ဟူပိုင် လက်ရှိ ပိုင်ဆိုင်ထားသော စွမ်းရည်များကို တစ်ခုချင်းစီ သေချာစွာ တင်ပြလိုက်သည်။
သဘာဝဓာတ်စွမ်းအား ဆွဲဆောင်မှုနှင့် ထိန်းချုပ်မှု၊ ညှို့ယူသော ခန္ဓာကိုယ် အရည်အသွေး၊ ကံတရား၏ မျက်နှာသာပေးမှု၊ ထူးကဲသော ဉာဏ်ပညာ နှင့် မွေးရာပါ ကောင်းကင်မြေခွေး နယ်ပယ်။
ပီပီတုန်း - ...
ချန်ရန်ရွှယ် - ...
ထိုအချိန်တွင် ချန်ရန်ရွှယ်သည် ဟူပိုင်၏ ခန့်ညားချောမောလှသော မျက်နှာလေးကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းအစုံတွင် လင်းလက်တောက်ပသော အရောင်အဝါများ ယှက်သန်းလာကာ ပြတ်သားသော လေသံဖြင့် ဆိုလိုက်သည် ။
"ဒါဆိုရင် နောင်တစ်ချိန်ကျရင် မောင်လေးပိုင်က သမီးနောက်ကို လိုက်ပြီး အလင်းဓာတ် ဝိညာဉ်စွမ်းရည်တွေကို လေ့လာသင်ယူလို့ရတာပေါ့ ဟုတ်တယ်မလား"
ရှဲ့ထျန်းက ရိုသေလေးစားစွာဖြင့် ပြုံး၍ ..
"တကယ်လို့ သခင်လေးက သူ့ကို သင်ကြားပြသပေးချင်တယ်ဆိုရင် သူ သေချာပေါက် အတိုင်းထက်အလွန် ဝမ်းမြောက်မိမှာပါ"
"အင်း... ဒါဆိုရင် နောင်ကျရင် ငါတို့နှစ်ယောက် အတူတူ ကျင့်ကြံပြီး ပိုပြီးတော့ တိုးတက်အောင် လုပ်ကြတာပေါ့"
ချန်ရန်ရွှယ်က သွားလေးပေါ်အောင် ပြုံးရင်း ပြောလိုက်သည်။ ဟူပိုင်၏ ဘေးနားတွင် ရှိနေရခြင်းက ပီပီတုန်းပေးခဲ့သော နာကျင်မှုများကို ခဏတာ မေ့ပျောက်စေနိုင်ကာ သူမ၏ စိတ်ဝိညာဉ်ကို ကုသပေးနေသကဲ့သို့ ခံစားရစေသည်။
အမှန်တော့ ချန်ရန်ရွှယ် သာမက ပီပီတုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ခက်ထန်ကြမ်းတမ်းသော မကောင်းသည့် စွမ်းအင်များပင် ဒြပ်သဏ္ဌာန်မရှိသော အရာတစ်ခုခုကြောင့် သန့်စင်သွားသကဲ့သို့ ရှိသည်။ သို့သော် ထိုအရာက အလွန်တရာ သိမ်မွေ့လှသဖြင့် ပီပီတုန်းကိုယ်တိုင်ပင် သတိမပြုမိခဲ့ချေ။
တစ်ဖက်တွင်မူ အာကာသလွတ်လပ်နယ်ပယ်ထဲရှိ ရွှေမိကျောင်း ဒိုလော့သည် နက်နဲစွာ တွေးတောနေမိသည်။ သူသည် ချန်ရန်ရွှယ်ကို ကာကွယ်ရန်အတွက်သာမက ချန်တောက်လျို၏ အမိန့်အရ ဤဟူပိုင်ဆိုသည့် ကောင်လေးက ဘယ်လိုလူလဲဆိုတာကို အကဲခတ်ရန် လိုက်ပါလာခြင်း ဖြစ်သည်။ သူ မကြည့်ခင်က ဘာမှမထင်သော်လည်း ကြည့်လိုက်ရသည့်အခါတွင်မူ အလွန် ထိတ်လန့်သွားရတော့သည်။
မူလက သူသည် ရှောင်ရွှယ်ကို ဤခေတ်ကာလ၏ ကံတရားအထူးဆုံး ကလေးငယ်ဟု ထင်မှတ်ထားခဲ့သည်။ မည်သို့ပင်ဆိုစေ သူမသည် မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၂၀ အပြည့် ပါရှိပြီး ကောင်းကင်တမန် နတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံရန် ကံပါလာသူ ဖြစ်သည် မဟုတ်ပါလော။ သို့သော် ဤကောင်လေးကမူ တစ်လမပြည့်သည့် အချိန်တိုအတွင်းမှာတင် ရှားပါးလှသော ဝိညာဉ်ကွင်း နှစ်ကွင်းနှင့် ပြင်ပဝိညာဉ်အရိုး နှစ်ခုကိုတောင် ရရှိထားခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ကလည်း ဝိညာဉ်ဆရာကြီးအဆင့်သို့ ခုန်တက်သွားခဲ့ပြီ။ ဤတိုးတက်မှု အရှိန်အဟုန်မှာ မိမိတို့၏ ရှောင်ရွှယ်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
သုံးနှစ်တာကာလအတွင်း ချန်ရန်ရွှယ်သည် ဝိညာဉ်ကွင်းနှစ်ခုကို ဆက်တိုက်စုပ်ယူနိုင်ခဲ့သည့် အရှိန်အဟုန်ကြောင့်သာ အဆင့် ၃၃ ဝိညာဉ်သက်ကြီးအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်နာရီခန့် ကုန်ဆုံးသွားသောအခါ ဟူပိုင်သည် နောက်ဆုံးတွင် ဒုတိယမြောက် ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူပြီးစီး၍ မျက်လုံးအစုံကို ဖွင့်လိုက်တော့သည်။ သူသည် မူလက မိမိ၏ စွမ်းအား မည်မျှ တိုးတက်လာသည်ကို အာရုံခံကြည့်ရန် ပြင်လိုက်သော်လည်း ပီပီတုန်း ရောက်ရှိနေသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျတ်သွားခဲ့ရသည်။ သူ သတိမဝင်နိုင်သေးမီမှာပင် ဟူလီနာက သူ့ဆီသို့ ပြေးဝင်လုံးထွေးလိုက်ကာ ..
"ဟိဟိ...အစ်ကိုပိုင်... ညီမက ဆရာ့ကို ခေါ်ပြီး အစ်ကိုတို့ကို လိုက်ရှာခိုင်းတာ ဆရာက ငါတို့ကို အပြစ်မတင်ပါဘူး"
ဟူလီနာက တဟိဟိ ရယ်မောရင်း သူ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ ဟူပိုင်သည် ပီပီတုန်းကို လှမ်းကြည့်လိုက်ရာ သူမက အသာအယာ ခေါင်းညိတ်ပြသည်ကို မြင်ရသဖြင့် အခြေအနေကို သိပ်နားမလည်သော်လည်း ဘေးကင်းသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဟူပိုင် ထရပ်လိုက်သောအခါ ပီပီတုန်းသည် ကာလတို တစ်လအတွင်း ဟူပိုင်၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ မူလက ၁ ဒသမ ၂ မီတာခန့်သာ ရှိသော သူ၏ အရပ်အမောင်းမှာ ယခုအခါ ၁ ဒသမ ၄ မီတာခန့်အထိ မြင့်တက်လာခဲ့ပြီး စိတ်ထင်လို့ပဲလား မသိ၊ ဟူပိုင်၏ ရုပ်ရည်လေးမှာ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကထက်ပင် ပိုမို၍ ညှို့ယူဆွဲဆောင်မှုရှိကာ ကျက်သရေ ရှိလာခဲ့တော့သည်။