အခန်း(၁၁) - အပြောတစ်မျိုး အလုပ်တစ်မျိုး ပီပီတုန်း နှင့် ခေါင်းမာလွန်းသော ချန်ရန်ရွှယ်
လျှို့ဝှက်မြေအောက်ခန်းထဲတွင် ပိတ်လှောင်ခြင်းခံခဲ့ရသည့် ထိုနေ့ရက်များကို ပြန်လည်တွေးတောမိသည်နှင့် ပီပီတုန်း၏ မျက်နှာသည် ချက်ချင်းဆိုသလို မည်းမှောင်သွားကာ လေသံခပ်မာမာဖြင့်
"အရှင် ရာရှာဆာ နတ်ဘုရား... ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ အရာတွေကိုမှ ကျင့်ကြံခြင်းလမ်းခရီးမှာ ဘာအခက်အခဲမှ မရှိခဲ့ဘူးလို့ အရှင်က မိန့်ဆိုချင်တာလား"
ရာရှာဆာ နတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
"ဒါကို မင်းက အခက်အခဲလို့ ခေါ်တာလား... ဒါဟာ မင်းရဲ့ ဘဝလမ်းခရီးက အလှည့်အပြောင်းတစ်ခုမျှသာပဲ ဖြစ်တယ်။ ဒါတင်မကသေးဘူး... အဲဒီအဖြစ်အပျက်သာ မရှိခဲ့ရင် မင်းလည်း ငါ့ရဲ့အမွေအနှစ်ကို ရရှိမှာမဟုတ်ဘူး။ ဒါတွေအားလုံးဟာ ကံကြမ္မာရဲ့ အလိုတော်လို့ပဲ ပြောရမယ်"
"အဲဒီအဖြစ်အပျက်ကလွဲရင် မင်း ဘာများ ကြုံတွေ့ခဲ့ရသေးလို့လဲ။ အမြွှာဝိညာဉ်ထူးခြားချက်ကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်နန်းတော်ရဲ့ အကာအကွယ်ကို ရရှိထားတဲ့ မင်းရဲ့ ကျင့်ကြံခြင်းလမ်းခရီးဟာ အစစအရာရာ အလွန်တရာ ချောမွေ့ခဲ့တယ်။ မင်း ငြင်းချင်ရင် ငြင်းနိုင်ပေမယ့် မင်း ငယ်စဉ်ကတည်းက ဝိညာဉ်နန်းတော်ကပဲ မွေးစား စောင့်ရှောက်ခဲ့တာ။ တကယ်လို့ မင်းသာ သာမန်လူတွေရဲ့ အဖွဲ့အစည်းတစ်ခုခုမှာ ကြီးပြင်းခဲ့ရင် မင်းရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမယ်ဆိုတာ မရေရာဘူး။ ဒါကိုပဲ ငါက ကံတရားရဲ့ မျက်နှာသာပေးမှုလို့ ခေါ်တာ"
"အမှန်တော့ မင်းမတိုင်ခင်က မင်းလိုပဲ ကံတရားရဲ့ အရိပ်အာဝါသ ရရှိထားတဲ့ ပါရမီရှင်တစ်ယောက်ကို ငါ သတိပြုမိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီလူက ဝိညာဉ်တစ်ခုပဲ ပိုင်ဆိုင်ထားပြီး အစုရားနတ်ဘုရားရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတယ်"
"အရှင် ဘယ်သူ့ကို ပြောတာလဲ... ပြီးတော့ အစုရားနတ်ဘုရားဆိုတာ ဘယ်သူလဲ"
ပီပီတုန်းက အနည်းငယ် ဇဝေဇဝါဖြစ်သွားရင်း မေးမြန်းလိုက်သည်။ အစုရားနတ်ဘုရားဟူသော အမည်ကို ကြားလိုက်ရသောအခါ ရာရှာဆာ နတ်ဘုရား၏ လေသံသည် သိသိသာသာ ပြောင်းလဲသွားကာ မနှစ်မြို့ဟန်ဖြင့်
"ဒါကိုတော့ မင်း နောက်မှ အလိုလို သိလာလိမ့်မယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ငါချန်ထားခဲ့တဲ့ နတ်ဘုရားအသိစိတ်က အကန့်အသတ်ရှိတယ်။ အခု ငါပေါ်လာရတာက အဲဒီကောင်လေးမှာ ထူးခြားတဲ့ ကံတရား ရှိနေတယ်ဆိုတာ သတိပေးချင်လို့ပဲ။ အခု မင်း သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီဆိုမှတော့ သေချာလေး ပြုစုပျိုးထောင်ပေးလိုက်ပါ။ နောင်တစ်ချိန်မှာ မင်းအတွက် အားကိုးရတဲ့ လက်ရုံးတစ်ဆူ ဖြစ်လာနိုင်တယ်"
ထိုစကားကို ချန်ထားရစ်ပြီး ရာရှာဆာ နတ်ဘုရား၏ အရိပ်အယောင်သည် အစအနမျှမကျန် ပျောက်ကွယ်သွားခဲ့သည်။
ပီပီတုန်း တစ်ယောက်တည်း တွေးတောငေးမောကျန်ရစ်ခဲ့၏။ ကံတရားဆိုသည်မှာ အမှန်ပင် ဒြပ်သဏ္ဌာန်မရှိဘဲ ဖော်ပြရန် ခက်ခဲလွန်းလှသည်။ ပီပီတုန်း၏ အကြည့်တို့သည် အမြင့်မြတ်ဆုံး ပုပ်ရဟန်းမင်းနန်းတော်ကို ဖြတ်သန်း၍ ကြယ်တာရာတောအုပ်ကြီး တည်ရှိရာ အရပ်ဆီသို့ ဦးတည်နေတော့သည်။
အမှန်အတိုင်း ဝန်ခံရလျှင် ဟူပိုင်ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ သူ၏ ထူးကဲသော ပါရမီကြောင့်သာ ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဟူလီနာကိုသာ အာရုံစိုက် လေ့ကျင့်ပေးချင်ခဲ့သည်။
ထိုနောက်ဆုံးအကြိမ် ဖြစ်ရပ်ဆိုးကြီး ပြီးကတည်းက သူမသည် ယောက်ျားသားဟူသမျှကို ရွံရှာမုန်းတီးစိတ် စွဲကပ်နေခဲ့ရာ ဟူပိုင်သည် ကလေးငယ်တစ်ဦးမျှသာ ဖြစ်သော်လည်း ကင်းလွတ်ခွင့်မရခဲ့ပေ။
သူမ ဆရာ၏ ယုတ်မာသော လျှို့ဝှက်ခန်း၊ သူမ၏ ပထမဆုံး အချစ်ဦး၏ သူရဲဘောကြောင်စွာ ထွက်ပြေးတိမ်းရှောင်မှုနှင့် သစ္စာဖောက်ဖျက်မှုတို့ကြောင့် ဤလောကတွင် ကောင်းသော ယောက်ျားဟူ၍ တစ်ယောက်မျှ မရှိဟု သူမ အခိုင်အမာ ယုံကြည်ထားခဲ့သည်။
အထူးသဖြင့် ဟူပိုင်သည် သက်ရှိတကာကို ညှို့ယူဖမ်းစားနိုင်လောက်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး သူမ၏ သမီးဖြစ်သူနှင့်ပါ ရင်းနှီးသော ဆက်ဆံရေး ရှိနေပုံရသဖြင့် သူမ၏ သံသယစိတ်ကို ပိုမို နိုးကြားစေခဲ့သည်။
ပီပီတုန်း၏ စူးစမ်းသော အမေးကြောင့် ရှဲ့ယွဲ့နှင့် ဟူလီနာတို့သည် ဆင်ခြေအချို့ ပေးရန် ပြင်လိုက်သော်လည်း ပီပီတုန်းက သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကာ ဖြတ်ပြောလိုက်သည် ။
"မင်းတို့ အမှန်အတိုင်း ပြောတာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ သူတို့ ပြန်ရောက်လာတဲ့အခါ မင်းတို့ပြောတာနဲ့ ကွဲလွဲနေတာကို ငါသိရင် သူတို့ကို သေမင်းချောက်ကမ်းပါးဆီ ပို့ပြီး တစ်လတိတိ သွားရောက် လေ့ကျင့်ခိုင်းမယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် နှစ်ယောက်သား တုန်ရင်သွားကြရသည်။ သူတို့သည် သေမင်းချောက်ကမ်းပါးသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ထိုနေရာ၏ အကြောင်းကိုမူ အကြိမ်ကြိမ် ကြားဖူးနားဝ ရှိသည်။
ထိုနေရာသည် အလွန်အန္တရာယ်များပြီး နက်နဲဆန်းကြယ်လှကာ အလွန်အစွမ်းထက်သည့် သက်တမ်းသောင်းချီ ဝိညာဉ်သားရဲများ ကျက်စားရာနေရာဟု ဆိုကြသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် တစ်လတိတိ လေ့ကျင့်ရမည်ဆိုပါက ဟူပိုင်တစ်ယောက်...
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှဲ့ယွဲ့သည် ဟူလီနာကို တစ်ချက်ကြည့်ကာ အကြောင်းစုံကို ဖွင့်ဟဝန်ခံလိုက်ရတော့သည်။
သို့သော် သူသည် အမှန်တရားအားလုံးကို ပြောပြသည့်တိုင် အနည်းငယ်တော့ လှည့်ပတ်ကာ မွမ်းမံလိုက်သေးသည်။ ဥပမာအားဖြင့် ဟူပိုင်၏ ဝိညာဉ်သည် ဟူမျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် ရှေးဟောင်းကျမ်းစာအချို့တွင် မှတ်တမ်းတင်ထားဖူးပြီး သဘာဝမီးဓာတ်များကို ထိန်းချုပ်နိုင်စွမ်းရှိကာ ညှို့ယူဖမ်းစားနိုင်စွမ်းမှာ ဘေးထွက်စွမ်းရည်မျှသာ ဖြစ်သည်ဟု ဆိုလိုက်သည်။ ဆရာဖြစ်သူက သဘောမတူမည်ကို စိုးရိမ်သောကြောင့် မိမိတို့သဘောဖြင့် မိမိတို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ထည့်ပြောလိုက်သည်။
ရှဲ့ယွဲ့သည် သူ၏ ညီငယ်လေး သွားရမည့် ခရီးလမ်း ချောမွေ့ပါ့မလား မသိသော်လည်း ဤမျှသာ လျှောက်လဲနိုင်ခဲ့သည်။
ပီပီတုန်းသည်လည်း ထိုစကားကို ကြားရသောအခါ အနည်းငယ် အံ့သြသွားသည်။ သဘာဝမီးဓာတ်များကို ထိန်းချုပ်နိုင်စွမ်းရှိသည့် စွမ်းအားလား...
သူမသည် ထိုကဲ့သို့သော ဝိညာဉ်မျိုးကို တစ်ခါမျှ မကြားဖူးချေ။ နှစ်ပေါင်းများစွာအတွင်း ဝိညာဉ်နန်းတော်တွင် စုဆောင်းထားသော ကျမ်းစာအားလုံးကို ဖတ်ရှုခဲ့ရာ အားလုံးဟု မဆိုနိုင်သော်လည်း ဆယ်ပုံခုနစ်ပုံခန့်ကိုမူ နှံ့စပ်အောင် ဖတ်ရှုပြီးဖြစ်သည်။
အသုံးမဝင်တော့သည့် အလွန်ရှေးကျသော စာအုပ်အချို့မှလွဲ၍ ကျန်ရှိသမျှကို သူမ အကုန်ဖတ်ဖူးသည်။ အမှန်အတိုင်း ပြောရလျှင် ယခုအချိန်တွင် ဤလောက၌ စာပေဗဟုသုတနှင့် သီအိုရီပိုင်းတွင် သူမကို ကျော်လွန်နိုင်မည့်သူ မရှိသလောက်ပင်။
သို့သော် ချန်တောက်လျို တစ်ယောက်တော့ ရှိကောင်းရှိနိုင်သည်။
ယွီရှောင်ဂန်း ဆိုသည့်လူကမူ... ဟူး... ထားလိုက်ပါတော့။ သူ့ကိုယ်သူ မဟာဆရာကြီးဟု ဘွဲ့မည်ခံထားခြင်းသာ ဖြစ်သည်။
ထိုစဉ် ဟူလီနာသည် သတ္တိကို မွေးမြူကာ..
"ဆရာ... သူတို့ ထွက်သွားတာ အခုဆိုရင် ရက်ဝက်လောက် ရှိနေပါပြီ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်အရဆိုရင် ပြန်ရောက်သင့်နေပြီ ဖြစ်ပေမယ့် အခုထိ ဘာသတင်းမှ မကြားရသေးပါဘူး။ ကျွန်မတို့ကို သူတို့ဆီ လိုက်ရှာဖို့ ခွင့်ပြုပေးပါလို့ တောင်းပန်ပါတယ် ဆရာ"
ဟူလီနာသည် ပီပီတုန်း၏ ရှေ့တွင် ဒူးထောက်ကာ မိမိ၏ မောင်ငယ်လေး ဘေးကင်းရန်အတွက်သာ ဆုတောင်းနေမိသည်။
ပီပီတုန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ..
"မစိုးရိမ်ပါနဲ့။ ဝိညာဉ်ကွင်းတစ်ခုကို ရရှိဖို့ဆိုတာ မင်းတို့ ထင်သလောက် မလွယ်ကူဘူး။ အဲဒီရက်ဝက်ထဲက လမ်းခရီးသွားရတဲ့ အချိန်တွေကို ဖယ်လိုက်ရင် ဝိညာဉ်သားရဲကို ရှာဖွေဖို့ ငါးရက်လောက်ပဲ အချိန်ရမှာဖြစ်ပြီး ဝိညာဉ်ကွင်းကို စုပ်ယူရမယ့် အချိန်ကိုပါ ပေါင်းလိုက်ရင် ဒါဟာ အချိန်အများကြီး မဟုတ်သေးပါဘူး"
"ဒါကြောင့် နောက်ထပ် ရက်အနည်းငယ်လောက် ထပ်စောင့်ကြည့်လိုက်ဦး။ တကယ်လို့ ဘာသတင်းမှ ထပ်မကြားရသေးရင် ငါကိုယ်တိုင် မင်းတို့ကို ကြယ်တာရာတောအုပ်ကြီးဆီ ခေါ်သွားပြီး သူတို့ကို ရှာပေးမယ်... ပြီးတော့ မင်းအတွက် သင့်တော်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ကိုလည်း ရှာဖွေ အမဲလိုက်ပေးမယ်"
"သမီးလည်း လိုက်ချင်တယ်"
ထိုစဉ် တံခါးဝဆီမှ ပြတ်သားပြီး စူးရှသော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ရွှေရောင်ဆံနွယ်ရှည်များဖြင့် ရွှေရောင်နန်းတွင်းဝတ်စုံကို ဆင်မြန်းထားပြီး ကြွေရုပ်လေးပမာ လှပသော်လည်း မျက်နှာတွင် ခေါင်းမာသည့် အရိပ်အယောင်များ ယှက်သန်းနေသော မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမကား ယခုအခါ ကိုးနှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ချန်ရန်ရွှယ် ပင် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည်လည်း ယနေ့တွင် ဟူလီနာထံ လာရောက်ကာ ဟူပိုင်၏ အခြေအနေကို မေးမြန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူတို့နှစ်ဦး မတွေ့ရသည်မှာ ရက်ဝက်ခန့် ရှိပြီဖြစ်သည်။
သူမသည် ဘာဖြစ်သွားသည်ကို မသိသဖြင့် အလွန် စိုးရိမ်ပူပန်နေခဲ့သည်။
ပီပီတုန်းသည် မိမိ၏ အာရုံခံစွမ်းအားကြောင့် ချန်ရန်ရွှယ် ရောက်ရှိလာကတည်းက သိရှိပြီးဖြစ်သည်။ မိခင်တစ်ဦးအနေဖြင့် ပင်ကိုယ်စိတ်အရ နှုတ်ဆက်စကား ဆိုချင်သော်လည်း နှုတ်မှ ထွက်လာသောအခါတွင်မူ လေသံသည် အလွန်အမင်း အေးစက်ခက်ထန်နေခဲ့သည်။
"မင်းသဘောအတိုင်း မင်းလုပ်ပါ။ တကယ်လို့ ကြယ်တာရာတောအုပ်ကြီးထဲမှာ မင်း မတော်တဆ သေသွားခဲ့ရင်တောင် ငါကတော့ ဂရုစိုက်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ဟူလီနာနှင့် ရှဲ့ယွဲ့တို့သည် အလွန် ထိတ်လန့်သွားကြသော်လည်း စကားတစ်ခွန်းမျှ မဟဝံ့ကြချေ။ ဤသည်မှာ ပီပီတုန်းနှင့် ချန်ရန်ရွှယ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သို့သော် ပီပီတုန်း၏ ရင်ထဲတွင်မူ ချက်ချင်းပင် နောင်တရသွားခဲ့သည်။ ထိုကဲ့သို့ နာကျင်စေမည့် စကားမျိုးကို သူမ မပြောခဲ့သင့်ပေ...။
ထိုကဲ့သို့သော ရင်ကွဲမတတ် စကားလုံးများကို ကြားလိုက်ရသဖြင့် ချန်ရန်ရွှယ်၏ ပါးပြင်ပေါ်သို့ မျက်ရည်စက်များ ဝိုင်းဆင်းလာကာ သူမ၏ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။
"ဘာဖြစ်လို့လဲ... သမီးက အမေရဲ့ သမီးအရင်း ဖြစ်နေတာတောင် ဘာဖြစ်လို့ သမီးကို ဒီလောက်အထိ အမြင်မကြည်ဖြစ်နေရတာလဲ။ သမီးက ဒီမြေကမ္ဘာပေါ်မှာ အကောင်းဆုံး ပါရမီကို ပိုင်ဆိုင်ထားတာတောင် ဘာဖြစ်လို့ သမီးအပေါ်ကို ဒီလိုမျိုး ဆက်ဆံရတာလဲ"
"ဟွန်း... သေရမယ်ဆိုရင်လည်း သေပါစေပေါ့။ အဲဒါကမှ အမေ့ကို တကယ် ပျော်ရွှင်စေမယ်ဆိုရင်... ဘာပဲဖြစ်ဖြစ် နောက်ထပ် ရက်အနည်းငယ်ကြာရင် သမီး သေချာပေါက် လိုက်သွားမှာ"
ချန်ရန်ရွှယ်သည် မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းမာစွာဖြင့် တစ်ယောက်တည်း ထွက်ခွာသွားခဲ့ရာ သူမ၏ နောက်ကျောပြင်လေးမှာ အလွန်ပင် အထီးကျန် ဆိတ်ငြိမ်နေတော့သည်။
"ငါ... ဟူး..."
ပီပီတုန်း၏ ရင်ထဲတွင် မချိတင်ကဲ ရေရွတ်မိသည်။ ချန်ရန်ရွှယ်၏ ထိုကဲ့သို့သော ပုံစံကို ကြည့်ပြီး သူမ၏ ရင်ထဲတွင်လည်း ဘယ်လိုလုပ်ပြီး မနာကျင်ဘဲ နေပါမည်နည်း။
တကယ်လို့ သူမသာ ချန်ရန်ရွှယ်ကို တကယ် သေစေချင်ခဲ့ပါက ချန်ရန်ရွှယ်သည် ဤလောကထဲသို့ လူလာဖြစ်ရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ပေ။
ထိုစဉ်က သူမတွင် ကိုယ်ဝန်ရှိနေစဉ် ချန်အနွယ်ဝင်များသည် သူမကို ချုပ်ချယ်ခြင်းမပြုဘဲ ဝိညာဉ်နန်းတော်မှ ထွက်ခွာခွင့်ကိုသာ ကန့်သတ်ထားခဲ့ကြခြင်း ဖြစ်သည်။
အာကာသလွတ်လပ်နယ်ပယ်ထဲတွင် ချန်တောက်လျိုသည် ထိုနှစ်ယောက်ကို ကြည့်ရှုရင်း သက်ပြင်းကိုသာ တိတ်တဆိတ် ချွေမိကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
သူသည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ အကြောင်းမှာ ပီပီတုန်းသည် ချန်ရန်ရွှယ်၏ မိခင်ဖြစ်သည့်အတွက် သူမကိုယ်တိုင်လည်း အလွန်အမင်း နာကျင်ခံစားနေရသည်ကို သူ သိရှိနေသောကြောင့် ဖြစ်သည်။ ပီပီတုန်းသည် ချန်ရန်ရွှယ်ကို မိမိ၏သမီးအဖြစ် အသိအမှတ်ပြုရန် အမှန်တကယ် ကြိုးစားချင်သော်လည်း နှုတ်နှင့် ရင်ဘတ် မညီဘဲ ဖြစ်နေသည်ကို သူ မြင်တွေ့နေရသည်။
ပီပီတုန်းက ဟူပိုင်ကို နောက်ဆုံးပိတ် တပည့်အဖြစ် လက်ခံခဲ့ခြင်းကို သူ မအံ့သြသော်လည်း ဘာဖြစ်လို့ ဟူလီနာကိုပါ အပိုတပည့်အဖြစ် လက်ခံခဲ့ရသနည်း။
ဤသည်မှာ အလွန် စိတ်ဝင်စားစရာကောင်းလှပေသည်။ ဟူလီနာကို မိမိ၏ သမီးအရင်းတစ်ယောက်ပမာ ပြုစုပျိုးထောင်ချင်နေ၍ မဟုတ်ပါလော။