အခန်း(၁၀)- အပြာရောင်ငွေရောင်ဧကရာဇ်၏ ညာဘက်ခြေထောက်အရိုးကို ကြိုတင်စီစဉ်ခြင်း ( ရာရှာဆာနတ်ဘုရား )
ဟူပိုင်သည် ဤအချက်ကြောင့် သူ၏ နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာခဲ့သည်။ ဝိညာဉ်ကွင်းဖြစ်စေ၊ ဝိညာဉ်အရိုးဖြစ်စေ နှစ်ခုစလုံးသည် သဘာဝစွမ်းအားကို သူ ထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်စေသည်။
ထို့အပြင် ဝိညာဉ်ကွင်းများနှင့် ဝိညာဉ်အရိုးများတွင် ပါဝင်သော ဒြပ်စင်စွမ်းအားများသည် သဘာဝဒြပ်စင်များကို သူ ထိန်းချုပ်နိုင်စွမ်းကိုလည်း ပိုမိုခိုင်မာစေနိုင်သည်။
မိုးကြိုးငရဲနွယ်ပင်သည် မိုးကြိုးဓာတ်စွမ်းအား ပါဝင်သော ထိပ်တန်း ဝိညာဉ်သားရဲသာမက အပင်အမျိုးအစား ဝိညာဉ်သားရဲ ဖြစ်သည့်အတွက် သစ်သားဓာတ်စွမ်းအားကိုလည်း မွေးရာပါ ပိုင်ဆိုင်ထား၏။
သူ၏ ပထမဆုံး ဝိညာဉ်စွမ်းရည်မှာ မိုးကြိုးဓာတ်စွမ်းအားကို အဓိက တိုးမြှင့်ပေးသော်လည်း တိတ်တဆိတ်အားဖြင့် သစ်သားဓာတ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာလည်း တိုးတက်လာခဲ့သည်။
(ယခင်အခန်းတွင် ဖော်ပြခဲ့သော ပထမဆုံး ဝိညာဉ်စွမ်းရည်၏ မြှင့်တင်မှုမှာ ၁၅၀ မှ ၁၀၀ သို့ လျှော့ချလိုက်ပါသည်- ရာစုနှစ်အဆင့် ဝိညာဉ်စွမ်းရည်အတွက် ပုံမှန်မြှင့်တင်မှုမှာ ၁၀၀ ဟု မှားယွင်းမှတ်မိခဲ့ခြင်း ဖြစ်ပြီး အမှန်မှာ ၅၀ ဖြစ်သည်။ တိုက်မူပိုင်၏ ပထမဆုံး ကာကွယ်ရေး ဝိညာဉ်စွမ်းရည် မြှင့်တင်မှုမှာလည်း ၅၀ ဖြစ်သည်။)
သစ်သားဓာတ်စွမ်းအား ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် ကုသခြင်း၏ စွမ်းအားကို ကိုယ်စားပြုသည်။
သူသည် နောင်တွင် မိုးကြိုးဓာတ်ဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းခြင်းသည် အန္တရာယ်ရှိမလားဟု စိုးရိမ်နေခဲ့သော်လည်း ယခုအခါတွင်မူ ကြိုးစားကြည့်သင့်သည့်အရာ ဖြစ်ပုံရသည်။
သို့သော်လည်း သူ မိုက်မဲသူ မဟုတ်ပါ။ မိုးကြိုးငရဲနွယ်ပင်သည် သူ့အဆင့်ကို တိုးတက်စေရန် ကောင်းကင်မိုးကြိုးကို ဆွဲခေါ်နိုင်သော်လည်း သူသာဆိုလျှင် လုံးဝ ဖြစ်နိုင်မည် မဟုတ်ပါ။ ချက်ချင်းပင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားလိမ့်မည် ဖြစ်၏။ သူသည် ပိုမိုလုံခြုံသော နည်းလမ်းကို ရှာဖွေရန် လိုအပ်သည်။
ဟူပိုင်သည် ဤတွေ့ရှိချက်ကို သူ၏ မိဘများထံ အသိပေးလိုက်ရာ နှစ်ဦးစလုံး အလွန်တရာ အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။ ဟူပိုင်၏ ဝိညာဉ်စွမ်းအားမှာ အဆင့်(၂၀)သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဟူလျဲ့ယောင်က မေးလိုက်သည်.. "သား.. ဒုတိယမြောက် ဝိညာဉ်ကွင်းအတွက် ဘယ်ဓာတ်စွမ်းအားကို လိုချင်သလဲဆိုတာ စဉ်းစားပြီးပြီလား ..။ ထိန်းချုပ်နိုင်စွမ်း အတိုင်းအတာကို ပြောရရင်တော့ မီးဓာတ်စွမ်းအားက အကောင်းဆုံး ဖြစ်မှာပါ.. ဒါပေမဲ့ သားသာ နောင်မှာ မိုးကြိုးဓာတ်နဲ့ ခန္ဓာကိုယ်ပုံသွင်းဖို့ ကြိုးစားချင်ရင်တော့ ဒုတိယမြောက် ဝိညာဉ်ကွင်းအတွက် သစ်သားဓာတ် ဝိညာဉ်ကွင်းကို စုပ်ယူဖို့ မေမေ အကြံပြုချင်တယ်.."
"ပထမဆုံး ဝိညာဉ်ကွင်းက သစ်သားဓာတ် ထိန်းချုပ်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးခဲ့ပေမဲ့ လုံခြုံရေးအတွက် သန့်စင်တဲ့ သစ်သားဓာတ်ရှိတဲ့ အပင် သို့မဟုတ် တိရစ္ဆာန် ဝိညာဉ်သားရဲကို စုပ်ယူတာက ပိုကောင်းပါလိမ့်မယ်.."
ရှဲ့ထျန်းက မေးသည် "သားရဲ့ အမြင်မှာ သစ်သားဓာတ် စွမ်းရည် အားကောင်းတဲ့ ဝိညာဉ်သားရဲတွေ ရှိသေးလား"
ဤမေးခွန်းက ဟူပိုင်ကို အခက်တွေ့စေသည်။ ပြောစရာမရှိ၍ မဟုတ်ဘဲ သူတို့၏ လက်ရှိ အစွမ်းအစဖြင့် ထိုသို့သော ဝိညာဉ်သားရဲကို ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
သူ နာမည်ထုတ်ပြောနိုင်သည့် တစ်ခုတည်းသော ဝိညာဉ်သားရဲမှာ နှစ်ပေါင်းတစ်သိန်းကျော် အပြာရောင်ငွေရောင်ဧကရာဇ် ဖြစ်သည်။ သို့သော် အာရင်သည် မကြာသေးခင်ကမှ မိမိကိုယ်ကို ပေးဆပ်လိုက်ပြီး အပြာရောင်ငွေရောင်မြက် အဖြစ် ပြန်လည်ပြောင်းလဲသွားကာ အပြာရောင်ငွေရောင်ဧကရာဇ် သွေးနှောမှုဖြင့် အသက်ဆယ်နှစ် ဝန်းကျင်သာ ရှိတော့မည် ဖြစ်၏။
နောက်ထပ်အမျိုးအစားနှစ်မျိုး ရှိသေးသည်။ 'မိစ္ဆာမျက်လုံး မှော်ပင်မျိုးနွယ်' နှင့် 'မြရတနာ ရွှေငန်းမျိုးနွယ်' တို့ ဖြစ်သည်။ ဤမျိုးနွယ်နှစ်ခု၏ သစ်သားဓာတ် စွမ်းအားမှာ အလွန်တရာ ထူထပ်သော်လည်း ကံမကောင်းစွာဖြင့် ဤမျိုးနွယ်များသည် ကြယ်တာရာတောအုပ်ကြီး၏ အပြင်ဘက်တွင် တစ်ခါမျှ မလှုပ်ရှားကြဘဲ ဗဟိုဧရိယာတွင်သာ နေထိုင်ကြပြီး သူတို့၏ ခေါင်းဆောင်များမှာ စူပါ ဝိညာဉ်သားရဲများ ဖြစ်ကြသည်။
ထိုသို့သော ရှားပါး ဝိညာဉ်ကွင်းအတွက် သူ၏ မိဘများကို အန္တရာယ်ပြုခိုင်း၍ မဖြစ်နိုင်ပေ။
ရှောင်ဝူ၏ ဖခင်သည် 'အန္တရာယ်ကြီးမားသော နေရာ' တွင် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ သူမ၏ ဖခင်မှာ နှစ်ပေါင်းတစ်သိန်းကျော် ဝိညာဉ်သားရဲ ဖြစ်ပြီး 'နူးညံ့သော အရိုးယုန်' မျိုးနွယ်မှာ အသက်ကယ်နိုင်သော ဝိညာဉ်စွမ်းရည်များစွာ ပိုင်ဆိုင်သော်လည်း သူ ဆုံးပါးသွားခဲ့ရသည်။
"ထားလိုက်ပါ.. မေမေနဲ့ ဖေဖေ.. ဒုတိယမြောက် ဝိညာဉ်ကွင်းက ဘယ်ဓာတ်စွမ်းအားပဲ ဖြစ်ဖြစ် ကံကြမ္မာအတိုင်းပဲ ထားလိုက်ပါ.. ပထမဆုံး ဝိညာဉ်ကွင်းအတွက် မိုးကြိုးငရဲနွယ်ပင်ကို ရခဲ့တာတင်ပဲ ကံကောင်းလွန်းနေပါပြီ.."
ဟူပိုင်က ထိုသို့ ပြောလိုက်သော်လည်း သူ၏ နှလုံးသားထဲတွင်မူ 'စိန့်ဝိညာဉ်ရွာ' ၌ ရှိနေသော နှစ်ပေါင်းတစ်သိန်းကျော် အပြာရောင်ငွေရောင်ဧကရာဇ်၏ ညာဘက်ခြေထောက်အရိုးကို တွက်ချက်နေပြီ ဖြစ်သည်။
ထို ဝိညာဉ်အရိုးတွင် အလွန်တရာ အားကောင်းသော သစ်သားဓာတ်စွမ်းအား ပါဝင်ပြီး ဝိညာဉ်အရိုး စွမ်းရည်တစ်ခုမှာ ကုသခြင်း ဖြစ်ရာ ခြေလက်အင်္ဂါများကိုပင် ပြန်လည်မွေးဖွားပေးနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် ထို ဝိညာဉ်အရိုးအတွက် စီစဉ်ရန် အလျင်စလို မလိုသေးပါ။ ဇာတ်လမ်းကြောင်းအရ ထန်ဆန်းမှာ ယခုအချိန်တွင် အသက်တစ်နှစ် ဝန်းကျင်သာ ရှိသေးသည်။ သူသည် နောက်မှ သင့်လျော်သော အခွင့်အရေးကို စောင့်ဆိုင်းပြီးမှ သတင်းပေးနိုင်သည်။
ထန်ဟောက်ကို ထန်ဆန်းနှင့်အတူ ခေါ်ဆောင်သွားစေပြီး ဝိညာဉ်အရိုးကို မယူနိုင်အောင် လုပ်ဆောင်လိုက်ပါက သူအနေဖြင့် ၎င်းကို သိမ်းပိုက်ရန် အခွင့်အရေး ရရှိလိမ့်မည်။
သို့သော် သူ၏ နှလုံးသားထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ အပြာရောင်ငွေရောင်ဧကရာဇ်၏ ဝိညာဉ်အရိုးသည် သူ၏ မိခင်အတွက် မသင့်လျော်သော်လည်း ဝိညာဉ်အရိုးတစ်ခုသည် နှစ်ပေါင်းတစ်သောင်းကျော် အဆင့်သို့ ရောက်ရှိသွားပါက သင့်လျော်ခြင်း မသင့်လျော်ခြင်းကို ပြောနေရန် မလိုတော့ပါ။
သူသည် မိခင်ထံမှ ပြင်ပ ဝိညာဉ်အရိုးကို ရရှိထားပြီး ဝိညာဉ်အရိုးဖြင့် ပြန်လည်ပေးဆပ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။
ထားလိုက်ပါ.. ဤကိစ္စမှာ အရေးမကြီးသေးပါ.. နောက်မှပဲ စဉ်းစားတော့မည်။
"ကောင်းပြီ.. ကျန်တာကိုတော့ ကံကြမ္မာလက်ထဲ ထားလိုက်ကြတာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် တို့မှာ ဝိညာဉ်ကျောင်းတော်ရဲ့ အထောက်အပံ့ ရှိတယ်.. မေမေနဲ့ ဖေဖေရဲ့ ဝိညာဉ်ကျောင်းတော်ထဲက အခြေအနေနဲ့ဆိုရင် ကုသရေး ဝိညာဉ်သခင် ဒါမှမဟုတ် အစားအစာစနစ်သုံး ဝိညာဉ်သခင် တစ်ယောက်ယောက်ကို ငှားရမ်းနိုင်ပါသေးတယ်။"
"ဒါပေမဲ့ သားက အခု ငယ်လွန်းသေးတယ်.. မိုးကြိုးဓာတ်နဲ့ ခန္ဓာကိုယ် မပုံသွင်းခင် မေမေသွားပြီး ဝိညာဉ်ကျောင်းတော်ထဲမှာ မိုးကြိုးဓာတ် ဝိညာဉ်ပိုင်ဆိုင်တဲ့ ဝိညာဉ်သူတော်စင် ရှိမရှိ မေးမြန်းပေးမယ်.. ပြီးရင် သားကို အချိန်တစ်ခုလောက် သင်ပေးခိုင်းမယ်.. တကယ်လို့ သားရဲ့ ဆရာကိုပဲ တောင်းဆိုနိုင်မယ်ဆိုရင် ပိုကောင်းဦးမယ်.."
သူတို့ သုံးဦးစလုံး ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဝလာပြီးနောက် အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ သင့်လျော်သော ဝိညာဉ်သားရဲကို ရှာဖွေရန် ဆက်လက်ထွက်ခွာခဲ့ကြသည်။ ယခုအချိန်တွင် သူတို့၏ တည်နေရာမှာ အပြင်ဘက်ဧရိယာ မဟုတ်တော့ဘဲ အပြင်ဘက်နှင့် ဗဟိုဧရိယာကြားရှိ ကြားခံနယ်မြေ ဖြစ်သည်။
ဤနယ်မြေတွင် အတော်အတန် အစွမ်းထက်သော ဝိညာဉ်သားရဲများ နေထိုင်ကြပြီး နှစ်ပေါင်းတစ်သောင်းကျော် ဝိညာဉ်သားရဲများလည်း ပေါ်ထွက်တတ်သည်။ ထို သုံးမျက်လုံး မိစ္ဆာမြေခွေးမှာ ဥပမာတစ်ခုပင်။
**ဝိညာဉ်ကျောင်းတော်**
**ရှဲ့မိသားစု**
တစ်လဝက် ကုန်ဆုံးသွားခဲ့ပြီး ဟူလီနာသည် သူမ၏ ဝိညာဉ်စွမ်းအားကို အဆင့်(၁၀)သို့ နောက်ဆုံးတွင် မြှင့်တင်နိုင်ခဲ့သော်လည်း ဤအချိန်တွင် ဟူပိုင်နှင့် ကျန်နှစ်ဦးမှာ ပြန်မရောက်သေးပေ။
"အစ်ကို.. ဘာလုပ်ကြမလဲ.. တစ်လဝက် ရှိပြီ.. ထပ်ပြီး ဆွဲထားလို့ မရတော့ဘူး ထင်တယ်.." ဟူလီနာ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေပြီး သူမ၏ မိဘများ၏ လုံခြုံရေးအတွက်လည်း စိုးရိမ်နေသည်။ ရာစုနှစ်အဆင့် ဝိညာဉ်သားရဲတစ်ကောင်ကိုသာ အမဲလိုက်မည်ဆိုလျှင် အချိန်ကို ကြည့်ပါက သူတို့ ပြန်ရောက်သင့်နေပြီ ဖြစ်သည်။
ဟူလီနာ ထိုသို့ ပြောနေစဉ်မှာပင် ရုပ်ပုံတစ်ခုသည် သူတို့နှစ်ဦး၏ ရှေ့တည့်တည့်၌ ရုတ်တရက် ပေါ်လာခဲ့သည်။
ဟူလီနာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး တစ်ဖက်ဒူးထောက်လိုက်သည်.. "ဆ... ဆရာ.. ဘာလို့ ဒီကို ရောက်လာတာလဲ"
ဟူလီနာသည် ခေါင်းကို ငုံ့ထားပြီး ပီပီတုန်း၏ လက်ရှိ အမူအရာကို မကြည့်ရဲအောင် ဖြစ်နေသည်။
ရှဲ့ယွဲ့သည်လည်း ထိုနည်းအတိုင်းပင် ဟူလီနာနှင့်အတူ ဒူးထောက်လိုက်သော်လည်း ပီပီတုန်းကို ခေါ်ဆိုသည့် စကားလုံးမှာ 'အရှင်မင်းကြီး' ဖြစ်သည်။
"ဟွန်း.. ငါသာ မလာရင် မင်းတို့နှစ်ယောက် ငါ့ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားဦးမလဲဆိုတာ မသိဘူး.. ဘာလဲ.. သူတို့က ကြယ်တာရာတောအုပ်ကြီးကို သွားတယ်.. ပြီးတော့ အခုထိ ပြန်မရောက်သေးဘူးလား.." ပီပီတုန်းသည် အေးစက်သော အမူအရာဖြင့် သူတို့နှစ်ဦးကို ကြည့်လိုက်သည်။
"ဆ... ဆရာမ.. ဆရာမ သိပြီးသားလား" ဟူလီနာသည် ပီပီတုန်း၏ မျက်နှာကို မကြည့်ရဲသော်လည်း သူမ၏ အသံတွင် ငိုသံပါနေပြီး ပီပီတုန်း၏ အရှိန်အဝါကြောင့် ကြောက်ရွံ့ကာ ငိုချင်စိတ် ပေါက်နေသည်။
ပီပီတုန်းသည် ငိုတော့မည့် ဟူလီနာကို ကြည့်ကာ သူမ ဘာကို တွေးလိုက်သည် မသိ၊ နှလုံးသား ပျော့ပျောင်းသွားသော်လည်း အပြင်ပန်းတွင်မူ ဆက်လက် ပြောဆိုလိုက်သည်.. "မင်းတို့နှစ်ယောက် ထပြီး ရှင်းပြစမ်း.. ဘာလို့ သူတို့က ငါ့ရှေ့က ကြိုသွားရတာလဲ.. သူတို့ တစ်လဝက်လောက်တောင် မစောင့်နိုင်ကြဘူးလား.. ဒါမှမဟုတ် တခြား အကြောင်းရင်းများ ရှိသေးလား"
လွန်ခဲ့သော ရက်အနည်းငယ်က ဟူပိုင်ကို ရှဲ့ထျန်းတို့ ဇနီးမောင်နှံက ကြယ်တာရာတောအုပ်ကြီးသို့ အရင် ခေါ်သွားခဲ့ကြောင်း သူမ သိလိုက်ရသည်။ အံ့ဩမိသလို အလွန်လည်း ဒေါသထွက်မိသည်။ သူမ 'အရှင်မင်းကြီး' ရာထူးကို ရရှိပြီးကတည်းက ဤကဲ့သို့သော ဆက်ဆံမှုကို ဘယ်တုန်းက ခံခဲ့ဖူးသနည်း.။
ဟူပိုင်က သူ့ဆရာမဖြစ်သူ သူမအပေါ် မကျေနပ်ချက်များ ရှိနေသလား။
သို့သော် ထိုအချိန်တွင် သူမ၏ စိတ်အာရုံစွမ်းအား ထဲ၌ အမျိုးသမီး အသံတစ်ခု ပေါ်ထွက်လာသည်.. "ပီပီတုန်း.. အမြီးကိုးချောင်းကောင်းကင်မြေခွေး ဝိညာဉ်ကို နိုးထစေတဲ့ ဒီလူငယ်လေးက ရိုးရိုးရှင်းရှင်း မဟုတ်ဘူး.. သူ့ဆီမှာ 'ကံကြမ္မာ' ရှိနေတာကို ငါ ခံစားမိတယ်.."
ဤသည်မှာ 'ရာရှာဆာနတ်ဘုရား' က သူမအား ချန်ရစ်ခဲ့သည့် ဘုရားသခင်၏ စိတ်အာရုံ အပိုင်းအစပင်။
"ကံကြမ္မာ.. ရာရှာဆာနတ်ဘုရား.. ဒါက ဘာကို ဆိုလိုတာလဲ"
"ဒီလို ပြောရအောင်.. လူတိုင်းဟာ မွေးဖွားလာတဲ့အချိန်ကတည်းက ကံကြမ္မာကို ပိုင်ဆိုင်ထားတယ်.. မင်းတို့က 'ကံ' လို့လည်း ခေါ်နိုင်တယ်.. ဥပမာ- မင်း.. မင်းရဲ့ ကံကြမ္မာက အလွန်ကောင်းတယ်.. မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်၊ ဝိညာဉ်နှစ်မျိုး၊ ပြီးတော့ ကျင့်ကြံမှု လမ်းကြောင်းပေါ်မှာလည်း အခုထိ ကြီးမားတဲ့ အခက်အခဲ မကြုံဖူးသေးဘူး.."
'အခက်ခံမကြုံဖူးခဲ့ဘူးတဲ့လား...........'