အခန်း(၁)- မွေးဖွားခါစမှာပင် မိဘနှစ်ပါးစလုံး ဆုံးရှုံးရတော့မည်လော..( ဝံပုလွေခိုးသားများ၏ ဘေးအန္တရာယ်)
ဒိုလော့တိုက်ကြီး၏ ဝိညာဉ်မြို့တော်..
ရှဲ့မျိုးနွယ်စုဝင်တို့၏ နေအိမ်တွင် ဖြစ်သည်။
အသက်သုံးဆယ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးသည် အခန်းတစ်ခု၏ ရှေ့တွင် ဟိုမှဒီသို့ ဂဏာမငြိမ်စွာ လျှောက်လှမ်းနေပြီး သူ၏ဘေးတွင်မူ အသက်နှစ်နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး မတ်တပ်ရပ်နေ၏။
ရုတ်တရက်ဆိုသလို အခန်းထဲမှ ကလေးငယ်တစ်ဦး၏ အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာခဲ့သည်။ ထိုလတ်ဆတ်သော ငိုသံကြောင့် လမ်းလျှောက်နေသော သက်လတ်ပိုင်းအမျိုးသားမှာ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်သွားပြီး အခန်းတံခါးကို အလောတကြီး ပုတ်ကာ မေးမြန်းလိုက်တော့သည်။
"ဘယ်လိုလဲ.. ဘယ်လိုလဲ.. ငါ့ဇနီးလေး မွေးပြီလား.."
သို့သော် အခန်းထဲမှ ဝမ်းဆွဲသည်မ၏ စိုးရိမ်တကြီး အော်ပြောသံကသာ ပြန်လည်ထွက်ပေါ်လာခဲ့၏။
"သခင်ကြီးရှဲ့.. သခင်မက.. သခင်မက ဒီတစ်ခေါက် အမြွာမွေးတာရှင့်.. မောင်နှမနှစ်ယောက်ပါ.. အစ်ကိုဖြစ်သူကိုတော့ မွေးဖွားပြီးပြီ ဖြစ်ပေမဲ့ ညီမငယ်လေးကတော့ ကျန်နေပါသေးတယ်.."
မှန်ပေသည်.. ထိုသူမှာ အခြားသူမဟုတ်.. ရှဲ့ယွဲ့နှင့် ဟူလီနာတို့၏ ဖခင်ဖြစ်သူ ရှဲ့ထျန်းပင် ဖြစ်၏။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ဒုတိယမြောက်ကလေးငယ်ကို ချောမွေ့စွာ မွေးဖွားသန့်စင်ပြီးမှသာ ရှဲ့ထျန်းတစ်ယောက် ရင်ထဲက အလုံးကြီးကျကာ သက်ပြင်းချနိုင်တော့သည်။
သူနှင့် သူ၏ဇနီးဖြစ်သူ ဟူလျဲ့ယောင်တို့သည် အဆင့်မြင့်မားသော ဝိညာဉ်သခင်များ ဖြစ်ကြသော်လည်း ဖခင်တစ်ယောက်၊ ခင်ပွန်းတစ်ယောက် အနေဖြင့်မူ ယခုကဲ့သို့ အချိန်မျိုးတွင် ရင်တထိတ်ထိတ် ဖြစ်ရသည်မှာ မဆန်းပေ။
ဘေးတွင်ရပ်နေသော ကလေးငယ်လေးမှာမူ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ဝမ်းသာအားရ ဖြစ်နေရှာသည်.... "ဖေဖေ.. သားမှာ ညီလေးနဲ့ ညီမလေး ရတော့မှာလားဟင်.."
ရှဲ့ထျန်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှဲ့ယွဲ့၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်သည်.... "ဟုတ်တယ် ယွဲ့အာ.. မင်းက အခုဆို အစ်ကိုကြီး ဖြစ်သွားပြီ.. နောက်နောင်ကျရင် ညီလေးနဲ့ ညီမလေးအတွက် စံပြဖြစ်အောင် နေရမယ်နော်.. အကယ်၍ နောင်တစ်ချိန်မှာ ဖေဖေနဲ့ မေမေက မင်းတို့ဘေးမှာ မရှိတော့ရင်တောင် မင်းက အစ်ကိုကြီး ဖြစ်တဲ့အတွက် ညီလေးနဲ့ ညီမလေးကို ကာကွယ်စောင့်ရှောက်ရမယ်.."
ရှဲ့ယွဲ့သည် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်ပြီး သူ၏မျက်ဝန်းငယ်လေးများထဲတွင် စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ထိုစဉ် အခန်းတံခါး ပွင့်ဟလာသဖြင့် ရှဲ့ထျန်းသည် အထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။ သူသည် မွေးဖွားလာသော ကလေးနှစ်ဦးကို ဦးစွာမကြည့်ဘဲ ဟူလျဲ့ယောင်၏ အခြေအနေကိုသာ အရင်ဆုံး ကြည့်ရှုလိုက်၏။ ဖြူဖျော့နေသော မျက်နှာထက်မှ အေးစက်စက် ချွေးစေးများကို မြင်လိုက်ရသောအခါ ရှဲ့ထျန်း၏ ရင်ထဲ၌ နာကျင်သွားရရှာသည်.... "ယောင်အာ.. နေလို့ ကောင်းရဲ့လား.. ဒီလူဆိုးလေးနှစ်ယောက်ကြောင့်ပဲ.. သူတို့ကြီးလာရင် မင်းကို ကျေးဇူးဆပ်ခိုင်းရမယ်.."
ကလေးငယ်နှစ်ဦးမှာမူ စိတ်ထဲမှ ကြိတ်၍ ရေရွတ်နေကြသည်ကား.. 'ကောင်းပါတယ်.. ကောင်းပါတယ်.. မင်းတို့နှစ်ယောက်က အစစ်အမှန် အချစ်တွေနဲ့ ချစ်နေကြပြီး တို့မောင်နှမကတော့ မတော်တဆ ပါလာတဲ့ ကလေးတွေပေါ့လေ'။
ဟူလျဲ့ယောင်က အားနည်းစွာ ရယ်မောလိုက်ပြီး.. "အစ်ကိုထျန်းရယ်.. ကျွန်မက အရင်လည်း မွေးဖူးတာပဲဥစ္စာ.. ဘာမှ စိုးရိမ်စရာ မရှိပါဘူး.. အမြွာမွေးတာမို့လို့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်စွမ်းအား နည်းနည်း ပိုကုန်သွားတာပဲ ရှိတာ.. ကဲ.. လာပါဦး.. ကလေးနှစ်ယောက်ကို လာကြည့်ပါဦး.."
အနှီးထုပ်လေးများဖြင့် ထုပ်ပိုးထားသော မောင်နှမ နှစ်ဦးသည် ဟူလျဲ့ယောင်၏ ခေါင်းအုံးဘေးတွင် လှဲလျောင်းနေကြသည်။
"ယောင်အာ.. သူတို့ကို မင်းပဲ နာမည်ပေးလိုက်ပါ.. ငါတို့ အရင်က သဘောတူထားတဲ့အတိုင်း ရှဲ့ယွဲ့က ငါ့မျိုးရိုးကို ယူထားပြီးပြီဆိုတော့ ဒုတိယကလေးက မင်းရဲ့မျိုးရိုးကို ယူရမှာပေါ့.."
ဟူလျဲ့ယောင်သည် ကလေးနှစ်ယောက် ရှိသည့်အတွက် သားဖြစ်သူကို ရှဲ့ထျန်း၏ မျိုးရိုးကိုသာ ပေးချင်ခဲ့သော်လည်း ရှဲ့ထျန်းကမူ ထိုအရာများကို ဂရုမစိုက်ပေ။ သူ့မိသားစုတွင် သူတစ်ယောက်တည်းသာ ကျန်ရှိတော့သဖြင့် ခွဲခြားနေရန် မလိုဟု တွေးထားသည်။ ကလေးသုံးယောက်လုံး မည်သည့်မျိုးရိုးကိုပင် ယူသည်ဖြစ်စေ သူကတော့ အညီအမျှ ချစ်နေမည်သာ။ သို့သော်လည်း သူ၏စိတ်ထဲတွင် ဇနီးသည်ကသာ ပထမဆုံး ဖြစ်သည်။
ဤစကားကြောင့် ဟူလျဲ့ယောင်မှာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောကာ မနာလိုဟန် ဆူပူလိုက်မိသည်.... လင်မယားအိုကြီး ဖြစ်နေပြီကို ယခုတိုင် စကားအလှအပများဖြင့် ချွဲနွဲ့နေသေးသည် မဟုတ်ပါလား။
နောက်ဆုံးတွင် သားဖြစ်သူကို ဟူပိုင် ဟု အမည်ပေးကာ သမီးဖြစ်သူကိုမူ ဟူလီနာ ဟု အမည်ပေးလိုက်ကြတော့သည်။
ဘေးတွင် လှဲလျောင်းနေသော ဟူပိုင်သည် ဖခင်နှင့် မိခင်ဖြစ်သူတို့၏ အချစ်နယ်ကျွံနေမှုကို ကြည့်ကာ ရင်ထဲတွင် သက်ပြင်းချမိ၏.... ဤသူနှစ်ဦးက သူ၏ ယခုဘဝ မိဘများ ဖြစ်ကြပါသလော။
ဟူလီနာ နှင့် သူ၏ အစ်ကိုဖြစ်သူ ရှဲ့ယွဲ့ ဟူသော နာမည်များကို ကြားလိုက်ရချိန်တွင်မူ သူ လုံးဝ သေချာသွားခဲ့ပြီ ဖြစ်သည်.... ဤနေရာသည်ကား ဒိုလော့တိုက်ကြီး၏ ကမ္ဘာပင် ဖြစ်ချေတော့မည်။ သူသည် နာမည်ကျော် ကမ္ဘာမြေပြာကြီးပေါ်တွင် သေဆုံးခဲ့ပြီးနောက် ဤကမ္ဘာသို့ ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ အားလုံးမှာ ထိုထရပ်ကားမောင်းသမားကြောင့်သာ ဖြစ်ရော့မည်။
မူရင်းဇာတ်လမ်းအရ ဟူလျဲ့ယောင်သည် ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် ဟူလီနာတစ်ယောက်တည်းကိုသာ မွေးဖွားခဲ့ခြင်း ဖြစ်သောကြောင့် ယခု ဟူပိုင်၏ တည်ရှိမှုသည် ဝိညာဉ်ဝင်စားခြင်း မဟုတ်ဘဲ အမိဝမ်းတွင်းကတည်းကပင် အစားထိုး မွေးဖွားလာခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
မူရင်းဇာတ်လမ်းတွင် ဟူလီနာ၏ မိဘများအကြောင်းကို အကျယ်တဝံ့ ဖော်ပြထားခြင်း မရှိသော်လည်း သူမ၏ ဝိညာဉ် မနိုးထမီကပင် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ကွယ်လွန်သွားခဲ့ကြသည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် သူသည်လည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် မိဘမဲ့ ဖြစ်ရတော့မည် မဟုတ်ပါလော။
အခြားသော ဝတ္ထုကမ္ဘာများတွင်ဆိုပါက ဤအခြေအနေသည် အဓိကဇာတ်ကောင်ဖြစ်လာမည့် ဂန္ထဝင်မြောက် အခင်းအကျင်းမျိုး ဖြစ်သော်လည်း ဤကမ္ဘာတွင်မူ.. ဟူပိုင်တစ်ယောက် သက်ပြင်းသာ ချမိတော့သည်။ ဖြစ်နိုင်လျှင် သူသည် မိဘများကို သူတို့အနားတွင် စောင့်ရှောက်ထားလိုပြီး အကြောင်းပြချက်မရှိဘဲ သေဆုံးမသွားစေရန် တားဆီးလိုလှသည်။
မွေးဖွားခါစ ကလေးငယ်မျှသာ ဖြစ်သဖြင့် ကလေးငယ်၏ ဦးနှောက်သည် အလွန်အမင်း တွေးတောခြင်းကို မခံနိုင်ဘဲ မကြာမီမှာပင် အိပ်မော်ကျသွားခဲ့တော့သည်။
ခြောက်နှစ် ကြာပြီးနောက်...
ယခုအခါ ဟူပိုင်နှင့် ဟူလီနာတို့သည် လူသားအားလုံးကို ညှို့ယူဖမ်းစားနိုင်လောက်သည့် အတုမရှိ အလှတရားများကို ပိုင်ဆိုင်ထားကြပြီး မိခင်ဖြစ်သူ ဟူလျဲ့ယောင်၏ အငွေ့အသက်များကို အပြည့်အဝ ဆက်ခံရရှိထားကြသည်။
ဟူပိုင်သည် ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး နှင်းကဲ့သို့ ဖွေးဖွေးလှုပ်နေသော ဆံပင်ရှည်များကို ပိုင်ဆိုင်ထား၏။ သူ၏မျက်နှာထက်တွင် ကလေးကလားဆန်မှုများ ကျန်ရှိနေသေးသော်လည်း အလွန်ချောမောသော လူငယ်လေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
"ညီလေးပိုင်.. နာနာ.. ဒီနေ့ ဖေဖေက မင်းတို့ကို ဝိညာဉ်နန်းတော်ကို ခေါ်သွားပြီး မင်းတို့ရဲ့ ဝိညာဉ်တွေကို နှိုးထပေးတော့မယ်.. သွားကြရအောင်.. မင်းတို့နှစ်ယောက် ဖေဖေရဲ့ လမင်းဓားမြှောင်ဝိညာဉ်ကို ဆက်ခံမလား.. ဒါမှမဟုတ် မေမေရဲ့ မြေခွေးနတ်ဆိုးဝိညာဉ်ကို ဆက်ခံမလားဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ.."
ရှဲ့ယွဲ့က လှမ်း၍ ပြောလိုက်သည်။
"အစ်ကိုပိုင်နဲ့ ငါကတော့ မြေခွေးနတ်ဆိုးဝိညာဉ်ကိုပဲ နှိုးထလာမယ်လို့ ထင်တာပဲ.. မေမေ ပြောဖူးတယ်လေ.. ဝိညာဉ်တွေက မနိုးထခင်ကတည်းက ဝိညာဉ်သခင်ရဲ့ ပင်ကိုယ်ဟန်ပန်ကို သိမ်မွေ့စွာ လွှမ်းမိုးထားတတ်တယ်တဲ့.. ငါ့ကိုကြည့်ဦး.. သဘာဝအတိုင်း လှပနေတာပဲ.. အစ်ကိုပိုင်ဆိုရင် ပိုတောင် ဆိုးသေး.. ငါတို့ သုံးယောက်ထဲမှာ သူက အလှဆုံးပဲ.."
ဟူပိုင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ချေပလိုက်သည်.... "နာနာ.. မင်းက 'ချောမောတယ်' လို့ ပြောသင့်တာလေ.. ဘယ်သူက ယောကျာ်းတစ်ယောက်ကို 'လှပတယ်' လို့ သုံးနှုန်းလို့လဲ.. သန့်ပြန့်တယ်လို့ပဲ ပြောပါဦး.."
"ဟွန့်.. မပြောပါဘူး.. ပလူး.. ခစ်ခစ်.." ဟူလီနာသည် လျှာလေးထုတ်ကာ ကျီစယ်လိုက်လေသည်။
ရှဲ့ယွဲ့ကမူ ခေါင်းညိတ်ပြပြီး သူ၏ညီမဖြစ်သူ၏ စကားကို အပြည့်အဝ ထောက်ခံနေသည်။ လမ်းလျှောက်ရင်း သူက ဆက်ပြောလိုက်၏.... "နာနာ ပြောတာ အဓိပ္ပာယ်ရှိတယ်.. ညီလေး.. တစ်ခါတလေကျရင် မင်းက အရမ်းကို ထက်မြက်လွန်းတယ်လို့ ငါ ခံစားရတယ်.. ဒီလောက် ငယ်ငယ်လေးနဲ့ ဝေလငါးကော်က ကာမအားတိုးဆေးတင်မကဘဲ ဝိညာဉ်သခင်တွေ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပါ မြှင့်တင်ပေးနိုင်တယ်ဆိုတာကို မင်း ရှာဖွေတွေ့ရှိခဲ့တာပဲ.."
"အကယ်၍ လွန်ခဲ့တဲ့ နှစ်နှစ်က မင်းသာ ဒီတွေ့ရှိချက်ကို ဝိညာဉ်ကျောင်းတော်ကို အစီရင်ခံစာ မတင်ခဲ့ရင်.. ဖေဖေနဲ့ မေမေလည်း အခုလောက်ဆို.."
လွန်ခဲ့သော နှစ်နှစ်က ရှဲ့ယွဲ့သည် မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်ကိုးဖြင့် သူ၏ လမင်းဓားမြှောင်ဝိညာဉ်ကို နှိုးထနိုင်ခဲ့သည်။ ထိုအချိန်တွင် ဝိညာဉ်ကျောင်းတော်က နှစ်ပေါင်းများစွာ နားနေခဲ့သော ရှဲ့ထျန်းလင်မယားကို တာဝန်တစ်ခု ပေးအပ်ခဲ့သည်။ ကောင်းကင်ဒိုအင်ပါယာအတွင်း၌ ဝံပုလွေခိုးသားများ အမြောက်အမြား ပေါ်ပေါက်နေကြောင်း သတင်းရရှိသဖြင့် ၎င်းတို့ကို သွားရောက်နှိမ်နင်းရန် ဝိညာဉ်သခင်များကို ဦးဆောင်သွားရမည့် တာဝန် ဖြစ်၏။
ထိုအချိန်တွင် ဟူပိုင်သည် ရူးသွပ်သွားသည့်အလား ပြုမူခဲ့ပြီး ဝိညာဉ်ကျောင်းတော်မှ အမည်ခံဒိုလော့အဆင့် ကျွမ်းကျင်သူတစ်ဦးကို အတူထည့်မပေးပါက မိဘနှစ်ပါးကို ထိုတာဝန်သို့ မသွားခိုင်းဘဲ အတင်းအကျပ် တားဆီးခဲ့သည်။
ထိုစဉ်က ပီပီတုန်းသည် ဤတောင်းဆိုချက်ကို အစပိုင်းတွင် ငြင်းပယ်ခဲ့သည်မှာ သဘာဝကျပေသည်။ ဝံပုလွေခိုးသားများသည် သဘာဝအရ ကောက်ကျစ်စဉ်းလဲကြသော်လည်း ရှဲ့ထျန်းနှင့် ဟူလျဲ့ယောင်တို့သည် ဝိညာဉ်သူတော်စင်အဆင့် အင်အားကြီးမားသူများ ဖြစ်ကြသည့်အပြင် ဝိညာဉ်ပေါင်းစပ်ခြင်းစွမ်းရည်ကိုပင် ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ ထို့ကြောင့် ဝံပုလွေခိုးသားအုပ်စုကို နှိမ်နင်းရန်မှာ သူတို့အတွက် လွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်သင့်သည်။
သို့သော် ထိုအချိန်တွင် ဟူပိုင်၌ အလွန်ပြင်းထန်သော စိတ်အာရုံဆိုးတစ်ခု ခံစားနေရသည်။ အကယ်၍ သူသာ တစ်ခုခု မလုပ်ဆောင်ခဲ့ပါက သူ၏မိဘများသည် ထိုတာဝန်တွင် သေဆုံးသွားလိမ့်မည်ဟု သူ အသေအချာ ခံစားနေရ၏။
မူရင်းဇာတ်လမ်းထဲတွင် ထန်ဆန်းနှင့် သူ၏အဖွဲ့သည် ဝံပုလွေခိုးသားများနှင့် တွေ့ဆုံကာ အလွန်ခက်ခဲသော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရဖူးသည်။ ထန်ဆန်း၏ ကူညီစောင်မမှုများ ရှိသည့်တိုင်အောင် တိုက်မုပိုင်၊ မာဟုန်ကျွင်းနှင့် အခြားသူများမှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့ကြသည် မဟုတ်ပါလော။
သာမန် ဝံပုလွေခိုးသားတစ်ကောင်ချင်းစီ၏ အင်အားမှာ အဆင့်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ရှိနိုင်သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ ၎င်းတို့သည် အုပ်စုဖွဲ့နေထိုင်တတ်သော သတ္တဝါများ ဖြစ်ကြပြီး ၎င်းတို့ ငါးရာခန့်သည် စစ်သည်တော် တစ်သောင်းကိုပင် အပြန်အလှန် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
၎င်းပြင် ဤဒိုလော့ကမ္ဘာတွင်မူ အမည်ခံဒိုလော့အဆင့် ကျွမ်းကျင်သူတစ်ဦးသည် စစ်သည်တော် တစ်သောင်းကို ခုခံနိုင်စွမ်း ရှိမရှိဟူသည်မှာ ငြင်းခုံစရာပင် ဖြစ်နေသေးသည်။
အမည်ခံဒိုလော့တစ်ဦး၏ အင်အားမှာ ကြီးမားလှသော်လည်း သူတို့၏ ဝိညာဉ်စွမ်းအားသည် အကန့်အသတ် ရှိနေသည် မဟုတ်ပါလော။
နောက်ဆုံးတွင် ပီပီတုန်းကိုယ်တိုင် သူမ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရှဲ့ယွဲ့၏ ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်စစ်ဆေးခဲ့ရသည်။ ဝိညာဉ် နိုးထခါစမျှသာ ရှိသေးသော ရှဲ့ယွဲ့သည် အသက်သက်တမ်း ခြောက်ရာစုခန့်ရှိသော ဝိညာဉ်ကွင်းကို ခံနိုင်ရည်ရှိနေပြီး ယွီရှောင်ဂန်း ထုတ်ပြန်ထားသော ပထမဆုံး ဝိညာဉ်ကွင်း၏ သီအိုရီဆိုင်ရာ အကန့်အသတ်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်ချေတော့သည်..။