အခန်း (၉၂) - အရှက်မရှိသော ထိုက်ထန်
လီကျယ်ရှန်းသည် မိမိဘက်မှ စတင်၍ ဓားကို ဆွဲထုတ်လိုက်ပြီ ဖြစ်သည်။
ထူးခြားလှသော ဂုဏ်သတ္တိများ ရှိကြသည့် ဓားအလင်းတန်းသုံးခု လေထုကို ဆုတ်ဖြဲလျက် တိုးဝင်သွားခဲ့ချေပြီ။
ချက်ချင်းဆိုသလိုပင် မီတာရာဂဏန်း ပတ်ဝန်းကျင် အကွာအဝေးတစ်ခုလုံးမှာ မတူညီသော အမျိုးအစားသုံးခု ရောယှက်နေသည့် ထက်မြက်လှသော ဓားဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။
ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသည့် ကျောင်းသားများမှာ ထိတ်လန့်တကြားဖြင့် အလုအယက် လူစုခွဲကာ ဆုတ်ခွာသွားကြရ၏။
တုကုယန်၊ ရဲလင်လင်နှင့် ကျန်ရှိသည့် ခုနစ်ဦးစလုံးပင်လျှင် နောက်သို့ ထပ်တလဲလဲ ဆုတ်ခွာသွားကြရတော့သည်။
ယွီထျန်ဟိန်၏ မျက်ဝန်းအစုံမှာ ကျုံ့ဝင်သွားခဲ့ရပြီး—
“ကျယ်ရှန်းရဲ့ ဓားက ပိုပြီးတော့တောင် ကြောက်စရာကောင်းလာတာပဲ!”
တော်ဝင်ကျောင်းတော်မှ အဖွဲ့ဝင်လေးဦးစလုံးကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
တုကုယန်နှင့် ရဲလင်လင်တို့မှာမူ မိမိတို့၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားမိကြ၏။
“မဆိုးဘူး”
ထိုက်ထန်က အေးစက်စွာ ဆိုလိုက်သည်။
သူ့ထံသို့ တိုးဝင်လာနေသည့် ဓားအလင်းတန်းသုံးခုကို ရင်ဆိုင်ရင်း သူသည် ရိုးရှင်းစွာပင် လက်သီးတစ်ချက် လွှဲထိုးလိုက်တော့သည်။
ဧရာမ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ထုထည်ကြီးမားလှသော သူ၏ လက်မောင်းကြီးမှာ ချက်ချင်းဆိုသလိုပင် ကြွက်သားများ ဖောင်းကြွလာခဲ့ပြီး သွေးကြောကြီးများမှာ နဂါးတစ်ကောင်ကဲ့သို့ ထောင်မတ်လာခဲ့ရချေပြီ။
ဝုန်း——!
ရုတ်တရက် မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လက်သီးချက်၏ ပြင်းအားကြောင့် လေထုထဲတွင် လေပြင်းများ ရူးသွပ်စွာ တိုက်ခတ်လာခဲ့ပြီး ဟင်းလင်းပြင်ကို ရက်ရက်စက်စက် ဆုတ်ဖြဲပစ်လိုက်ရာ ခဏတာမျှ လေဟာနယ်တစ်ခုပင် ဖြစ်တည်သွားခဲ့ရတော့၏။
လက်သီးချက်မှ ထွက်ပေါ်လာသော ဖိအားများကြောင့် မြေပြင်ကြီးမှာ တစ်လက်မချင်းစီ ကွဲအက်သွားခဲ့ရပြီး ပဲ့ကြွေသွားခဲ့သော ကျောက်ခဲစများမှာ မိုးပက်သည့်အလား နောက်သို့ လွင့်စင်သွားခဲ့ကြကာ ထက်မြက်လှသော ဓားအလင်းတန်းသုံးခုနှင့် သွားရောက် ရိုက်ခတ်မိကြတော့သည်။
ဝုန်း——
ဝုန်း——
ဝုန်း——
တောက်ပလှသော ဓားဝိညာဉ်စွမ်းအားသုံးခုသည် ထိုက်ထန်၏ လက်သီးချက်နှင့် ထိတွေ့မိသွားခဲ့သည်နှင့်တစ်ပြိုင်နက် ဆီးနှင်းများ အရည်ပျော်သွားသည့်အလား ပျောက်ကွယ်သွားခဲ့ရချေပြီ။
ဖန်ခွက်များ ကွဲကြေသွားသည့်အလား စူးရှလှသော အသံသုံးချက်သာ ဆက်တိုက် ထွက်ပေါ်လာခဲ့ရတော့၏။
ကြယ်တာရာအလင်းတန်းများ ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။
ရေခဲနှင့် မီးတောက်များ ပြယ်လွင့်သွားခဲ့ရသည်။
လေပြင်းများ ပျောက်ကွယ်သွားခဲ့ရလေပြီ။
မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ခန္ဓာကိုယ်ခွန်အားအပိုင်းတွင် ခေါင်းစဉ်ရတုံ့လော်တစ်ဦးနှင့် ယှဉ်နိုင်သော ထိပ်သီးပညာရှင်ကြီးတစ်ဦး ဖြစ်သဖြင့်။
လီကျယ်ရှန်း၏ ပြင်းထန်လှသော ဓားသုံးစင်မှာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် ရိုက်ချက်တစ်ချက်တည်းဖြင့်တင် အမှုန့်ခြေဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။
ထို့အပြင် ကြီးမားလှသော ခွန်အားများ ပြည့်နှက်နေသည့် ထိုက်ထန်၏ လက်သီးကြီးမှာ အရှိန်အဟုန် အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိဘဲ လီကျယ်ရှန်း၏ ရင်ဘတ်တည့်တည့်ဆီသို့ တောက်လျှောက် တိုးဝင်လာခဲ့ချေပြီ။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်တွင် ကျောင်းသားများမှာ ထိတ်လန့်မှုကြောင့် မျက်လုံးများကို စုံမှိတ်ထားလိုက်ကြတော့သည်။
ယွီထျန်ဟိန်နှင့် ကျန်ရှိသူလေးဦးစလုံးမှာမူ ၎င်းတို့၏ နှလုံးခုန်သံများ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရ၏။
တုကုယန်နှင့် ရဲလင်လင်တို့၏ မျက်နှာလေးများမှာ ဖြူလျော်သွားခဲ့ကြရပြီး မဆိုင်းမတွပင် လီကျယ်ရှန်းရှိရာဆီသို့ အလုအယက် ပြေးဝင်သွားကြတော့သည်။
လက်သီးချက်၏ ပြင်းအားမှာ အလွန်အမင်း ရက်စက်လွန်းလှပေသည်။
၎င်းက လီကျယ်ရှန်း၏ ခန္ဓာကိုယ်ကို ယိမ်းထိုးသွားစေခဲ့ပြီး သူ၏ ဆံပင်နက်များကို လေထဲတွင် ရူးသွပ်စွာ လွင့်ပျံသွားစေခဲ့ရချေပြီ။
သူသည် သွားများကို တင်းကြပ်စွာ ခဲထားလျက် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်မိသည်။
ဓားမွှေးတောင် တစ်ဆယ့်နှစ်ချောင်း ရိုက်နှိပ်ထားသည့် ခမ်းနားထည်ဝါလှသော ဝိညာဉ်ကွင်းတစ်ခု သူ၏ ခြေဖဝါးအောက်မှတစ်ဆင့် ပေါ်ထွက်လာခဲ့ချေပြီ။
“တတိယ ဝိညာဉ်စွမ်းရည် — ချင်းလျန်ကပ်ဘေးဆယ့်နှစ်ပါး!”
ဤဆန်းကြယ်လှသော ဝိညာဉ်ကွင်း ပေါ်ထွက်လာခဲ့သည့် ကာလတွင် ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသည့် ကျောင်းသားအားလုံး မှင်တက်သွားခဲ့ကြရတော့သည်။
ဤဝိညာဉ်ကွင်း၏ သက်တမ်းက ဘယ်လောက်တောင် ရှိနေလို့လဲ။
ဒါက သူတို့၏ သိနားလည်မှုအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
ထိုက်ထန်၏ မျက်ဝန်းအစုံထဲတွင်လည်း အံ့ဩသွားသည့် အရိပ်အယောင်လေးတစ်ခု ဖြတ်သန်းသွားခဲ့ရ၏။
လီကျယ်ရှန်း သူ၏ထံသို့ ယူဆောင်လာပေးခဲ့သည့် အံ့ဩစရာများမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို၍ တုန်လှုပ်စရာ ကောင်းလွန်းလှပေသည်။
‘နှမြောဖို့ကောင်းတာက ဒီကလေးက မာကြောလွန်းနေတာပဲ…’
‘ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ပါရမီရှင်ကို ငါ့အနေနဲ့ အသုံးမချနိုင်ဘဲ ရန်ငြိုးဖွဲ့မိသွားခဲ့ပြီ ဆိုမှတော့…’
‘ဒါဆိုရင် ငါ သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်၊ ဒဏ်ရာအပြင်းအထန် ရရှိသွားစေပြီး ပြန်ကောင်းဖို့ ခက်ခဲသွားအောင် လုပ်ရမယ်၊ သူ့ရဲ့ ရွှေရောင်ကျင့်ကြံခြင်း ကာလကို လွဲချော်သွားအောင် လုပ်ပစ်မှ ဖြစ်မယ်၊ ဒါမှသာ သူက နောင်အနာဂတ်မှာ ငါ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာတော့မှာ!’
ထိုက်ထန်၏ မျက်နှာပြင်ထက်တွင် ရက်စက်လှသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။
သူ၏ လက်သီးချက် ပြင်းအားမှာ တစ်ဖန်ပြန်လည်၍ မြင့်တက်လာခဲ့ရတော့သည်။
သို့သော်လည်း——
ကွက်တိအချိန်မှာပင်။
ချင်းလျန်ဓား ဆယ့်နှစ်စင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ရောက်ရှိလာခဲ့ကြပြီး သူ့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။
ဓားဝင်္ကပါအတွင်း၌ ဓားအသိတရားသုံးခု ရောယှက်နေခဲ့ကြသဖြင့် ထိုက်ထန်၏ သန်မာထည်ဝါလှသော ခန္ဓာကိုယ်ကြီးပင်လျှင် အနည်းငယ် စူးစူးရှရှနှင့် နာကျင်မှုကို ခံစားလိုက်ရချေပြီ။
“တကယ့်ကို ကောင်းမွန်တဲ့ အရက်မူးဓားပါပဲ!”
ထိုက်ထန်က သွားများကို ခဲထားလျက်ပင် ချီးကျူးလိုက်မိသည်။
ဝုန်း——
သို့သော် ထိုက်ထန်၏ လက်သီးချက် ပြင်းအားမှာ တကယ့်ကို အလွန်အမင်း အနိုင်ကျင့်လွန်းလှပေသည်။
ဓားဝင်္ကပါသည် အသက်ရှူကြိမ်သုံးကြိမ်မျှသာ ခံတောင့်ခံနိုင်ခဲ့ပြီး ကြီးမားလှသော ခွန်အားကြီးကြောင့် အတင်းအကြပ် ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။
မိမိ၏ ရင်ဘတ်တည့်တည့်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော လက်သီးကြီးကို ကြည့်လိုက်မိရင်း။
လီကျယ်ရှန်း၏ လက်ထဲရှိ မီးကျီးခဲကဲ့သို့ နီရဲနေသော ချင်းလျန်ဓားထက်၌ စုစည်းလှသော ကြယ်တာရာ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့ပြီး ပြင်းထန်စွာပင် ခုတ်ပိုင်းပစ်လိုက်တော့သည်။
ဝုန်း——
သတ္တုချင်း ရိုက်ခတ်မိသံများနှင့်အတူ။
ချင်းလျန်ဓားကြီးမှာ ကြောက်စရာကောင်းလှသော အကွေးအဆန့်တစ်ခုအဖြစ် ကွေးညွှတ်သွားခဲ့ရချေပြီ။
ဓားအရှိန်အဟုန်သုံးလှိုင်း၏ တဖြည်းဖြည်းချင်း လျှော့ချပေးမှုများကြောင့် ထိုက်ထန်၏ လက်သီးချက်အတွင်းရှိ ခွန်အားအများစုမှာ နောက်ဆုံး၌ ပြယ်လွင့်သွားခဲ့ရတော့သည်။
သို့သော် ကျန်ရှိနေသေးသော ခွန်အားအချို့မှာမူ ကွေးညွှတ်သွားခဲ့သော ဓားခန္ဓာကိုယ်ကို ဖြတ်သန်းလျက်။
လီကျယ်ရှန်း၏ ရင်ဘတ်အပေါ်သို့ ပြင်းထန်စွာ လာရောက်ရိုက်ခတ်မိသွားခဲ့ချေပြီ။
ဝေါ့——!
လတ်ဆတ်လှသော သွေးတစ်လုတ် ရုတ်တရက် ပန်းထွက်လာခဲ့ရပြီး။
လေထုထဲတွင် သွေးမြူမှုန်များအဖြစ် ပွင့်လန်းသွားခဲ့ရတော့သည်။
လီကျယ်ရှန်း၏ ခြေဖဝါးနှစ်ဖက်မှာ မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော မြောင်းနှစ်ကြောင်း ဖြစ်သွားသည်အထိ ဆွဲခြစ်သွားခဲ့ရ၏။
သူသည် မီတာဆယ်ဂဏန်းခန့် နောက်သို့ လွင့်စင်သွားခဲ့ရပြီး ကျောင်းတော်၏ တံတိုင်းကြီးကို ပြင်းထန်စွာ တိုက်မိကာ ဆုတ်ဖြဲသွားခဲ့ရကာ။
နောက်ဆုံး၌ ကျောက်ခဲပုံများအောက်တွင် နစ်မြုပ်လျက် ရပ်တန့်သွားခဲ့ရတော့သည်။
“လီကျယ်ရှန်း!”
တုကုယန်နှင့် ရဲလင်လင်တို့၏ အော်ဟစ်သံများတွင် မျက်ရည်များ ရောယှက်နေခဲ့ကြရချေပြီ။
၎င်းတို့သည် ရူးသွပ်သွားကြသည့်အလား ပျက်စီးယိုယွင်းနေသော နေရာဆီသို့ အလုအယက် ပြေးဝင်သွားကြတော့သည်။
ယွီထျန်ဟိန်နှင့် ကျန်ရှိသူလေးဦးစလုံးကလည်း နောက်ဘက်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့ကြ၏။
“အဟွတ်… အဟွတ်…”
ဖုန်မှုန့်များကြားမှနေ၍ အားနည်းလှသော ချောင်းဆိုးသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
၎င်းတို့ ပြေးဝင်မသွားရသေးမီမှာပင် ဖုန်မှုန့်များကြားမှတစ်ဆင့် မိမိ၏ ဓားကို အားပြုလျက် လျှောက်လှမ်းလာခဲ့သည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်တွင် ထိုက်ထန်၏ နှုတ်ခမ်းထောင့်စွန်းရှိ အပြုံးများမှာ ရုတ်တရက် ခဲပိတ်သွားခဲ့ရပြီး သူ၏ ကျားမျက်ဝန်းကြီးများမှာ အန္တရာယ်ရှိလှသော လိုင်းကြောင်းငယ်တစ်ခုအဖြစ် ဖြည်းညှင်းစွာ ကျုံ့ဝင်သွားခဲ့ရတော့သည်။
“လီကျယ်ရှန်း!”
တုကုယန်နှင့် ရဲလင်လင်တို့သည် အလျင်အမြန်ပင် ရှေ့သို့ တိုးကာ သူ့ကို တွဲကူလိုက်ကြတော့သည်။
ရဲလင်လင်၏ လက်ဖမိုးထက်မှနေ၍ အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ‘နှလုံးသားကိုးခုပန်း’ ၏ ကုသခြင်း အလင်းရောင်စွမ်းအားများသည် လီကျယ်ရှန်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့ရချေပြီ။
(နှလုံးသားကိုခုပန်းလို့ ပြောင်းရေးပါမယ် ရှည်လို့ပါအရင်နာမည်က🥹)
လီကျယ်ရှန်းသည် ကြည်လင်စမ်းရေတွင်း အရက်အိုးလေးကို ထုတ်ယူလိုက်ပြီး ခေါင်းကိုမော့ကာ ကျိုက်ကျိုက်နှင့် သောက်သုံးလိုက်မိသည်။
သွေးစများနှင့် ရောယှက်နေသော အရက်များသည် သူ၏ နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာခဲ့ရ၏။
သူသည် လေကို အလုအယက် ရှူရှိုက်နေခဲ့ရပြီး ‘နှလုံးသားကိုးခုပန်း’ နှင့် သူ၏ အရက်သိုင်းဝိညာဉ်တို့၏ နှစ်မျိုးစုံသော ကုသမှုများအောက်တွင် သူ၏ ရင်ဘတ်အတွင်းမှ ဆုတ်ဖြဲမတတ် နာကျင်မှုများမှာ အနည်းငယ် သက်သာသွားခဲ့ရတော့သည်။
သူသည် သူ၏ အကြည့်များကို မော့လိုက်ရာ သူ၏ မျက်ဝန်းအစုံမှာ အိမ်ထဲမှ ဆွဲထုတ်လိုက်သည့် ထက်မြက်လှသော ဓားအစင်းများကဲ့သို့ ရှိနေခဲ့ကြပြီး မျက်နှာပျက်နေသော ထိုက်ထန်ထံသို့ တည့်တည့်စူးစိုက် ကြည့်လိုက်မိရင်း—
“ငါ ခံယူခဲ့ပြီးပြီ”
“ခင်ဗျား… ဒူးထောက်စမ်း”
“လူငယ်လေး…”
ထိုက်ထန်၏ ဦးခေါင်းထက်ရှိ ကြောက်စရာကောင်းလှသော ဖိအားကြီးမှာ ဒြပ်ထုတစ်ခုအသွင် ပြောင်းလဲသွားခဲ့ရချေပြီ။
သူသည် လီကျယ်ရှန်းကို စိုက်ကြည့်လိုက်မိရင်း သူ၏ ရင်ထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပွက်ပွက်ဆူလာခဲ့ရတော့သည်။
တုကုယန်၊ ရဲလင်လင်နှင့် ယွီထျန်ဟိန်တို့သည် လီကျယ်ရှန်း၏ ရှေ့တွင် မတ်မတ်ရပ်လိုက်ကြပြီး—
“လောင်းကြေးက လောင်းကြေးပဲ!”
“ထိုက်ထန်… ခင်ဗျားက ခင်ဗျားရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ သိက္ခာတရားကိုပါ စွန့်လွှတ်ပစ်တော့မှာလား!”
ထိုက်ထန်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါက်ကွဲထွက်ပေါ်လာခဲ့ချေပြီ။
လီကျယ်ရှန်း ပြသခဲ့သော ကြောက်စရာကောင်းလှသည့် ပါရမီမှာ သူ၏ တွက်ချက်မှုများထက် များစွာ သာလွန်လွန်းလှပေသည်။
အကယ်၍ ၎င်းကို ဆက်လက်ကြီးထွားခွင့် ပေးလိုက်မည်ဆိုပါက ခွန်အားဂိုဏ်းသည် နောင်အနာဂတ်တွင် သေချာပေါက် အေးချမ်းရတော့မည် မဟုတ်ချေ။
သူ၏ အကြည့်များမှာ မတည်မငြိမ် ဖြစ်နေခဲ့ရပြီး တင်းကြပ်စွာ ဆုပ်ထားသော သူ၏ လက်သီးကြီးများထက်ရှိ သွေးကြောကြီးများမှာ တုန်ခါနေခဲ့ရတော့သည်။
ကွက်တိအချိန်မှာပင်။
အားကောင်းလှသော ဖိအားကြီးသုံးခု ကောင်းကင်ယံထက်မှနေ၍ လျှောဆင်းကျလာခဲ့ချေပြီ။
မုန်းရှန်ကျိ၊ ပိုင်ပေါင်ရှန်းနှင့် ကျစ်လင်း ဟူသော ကျောင်းတော်ပညာရေးဘုတ်အဖွဲ့ဝင် သုံးဦးစလုံး လီကျယ်ရှန်း၏ ရှေ့မှောက်သို့ ဆင်းသက်လာခဲ့ကြပြီး ထိုက်ထန်ကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြတော့သည်—
“ထိုက်ထန်! မင်း ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ!”
ကျောင်းတော်ပညာရေးဘုတ်အဖွဲ့ဝင် သုံးဦးစလုံး ပြန်လည်ရောက်ရှိလာခဲ့ကြသည်ကို မြင်တွေ့လိုက်ရသည်တွင် ထိုက်ထန်၏ တင်းကြပ်စွာ ဆုပ်ထားသော လက်သီးကြီးများမှာ ပြန်လည်၍ ပြေလျော့သွားခဲ့ရတော့သည်။
“ငါ ဘာလုပ်နေလို့လဲ”
“ဒါက ကောင်းကင်ဒိုတော်ဝင်ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းလား”
“ငါတို့ ခွန်အားဂိုဏ်းရဲ့ သခင်လေးက မင်းတို့ကျောင်းတော်ထဲမှာရှိတဲ့ ပြင်ပလူတွေနဲ့ ကျောင်းသားတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတယ်!”
“ဒီနေ့ ဒီအဘိုးကြီး လာရတာက ငါ့မြေးအတွက် တရားမျှတမှု ရှာဖွေဖို့ပဲ!”
မုန်းရှန်ကျိနှင့် ကျန်ရှိသူနှစ်ဦးစလုံး နောက်ဘက်သို့ လှည့်ကြည့်လိုက်ကြရာ လီကျယ်ရှန်း၏ ဝတ်ရုံဖြူထက်တွင် သွေးစများ စွန်းထင်နေခဲ့သည်ကို မြင်တွေ့လိုက်ကြရသဖြင့် သွားများကို တင်းကြပ်စွာ ကိုက်လိုက်မိကြရင်း—
“တရားမျှတမှု ရှာဖွေဖို့ ဟုတ်လား!”
“မင်းက ဒီလို နည်းလမ်းနဲ့ တရားမျှတမှု ရှာဖွေနေတာလား!”
“အဲဒါ ဘာဖြစ်လဲ”
ထိုက်ထန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူ၏ အရှိန်အဝါများကို ပိုမို၍ ရန်လိုစွာ ထုတ်ဖော်ပြသလိုက်မိသည်။
“ကျောင်းတော်က အမြဲတမ်း ဂိုဏ်းဂဏအဖွဲ့အစည်းတွေရဲ့ ပဋိပက္ခတွေထဲမှာ ဝင်မပါဘူးဆိုတာ လူတိုင်းသိကြတာပဲ။ မင်းတို့ ကျောင်းတော်ပညာရေးဘုတ်အဖွဲ့ဝင် သုံးယောက်က ငါတို့ ခွန်အားဂိုဏ်းကို ရန်မူချင်တာလား!”
“မင်း…”
မုန်းရှန်ကျိနှင့် ကျန်ရှိသူသုံးဦးစလုံး စကားဆွံ့အသွားခဲ့ကြရပြီး ၎င်းတို့၏ မျက်နှာပြင်များမှာ ပြာနှမ်းသွားခဲ့ရတော့သည်။
၎င်းတို့သည် ထိုက်ထန်ကို မကြောက်ရွံ့ကြသော်လည်း။
ခွန်အားဂိုဏ်းသည် ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့သော ဟောက်ထျန်းတုံ့လော်နှင့် ရှုပ်ထွေးလှသော အချိတ်အဆက်များ ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤအရာက ၎င်းတို့ကို တွန့်ဆုတ်သွားစေခဲ့ခြင်း ဖြစ်၏။
“ဟွန့်”
ထိုက်ထန်က အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိရင်း ထိုက်လုံ၏ လည်ပင်းနောက်ဘက်ကို လှမ်းကိုင်လိုက်ကာ လီကျယ်ရှန်းအပေါ်သို့ အေးစက်လှသော အကြည့်တစ်ချက် ဝေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်တော့သည်။
လီကျယ်ရှန်း၏ တည်ငြိမ်လှသော အသံမှာ တစ်ဖန်ပြန်လည်၍ ထွက်ပေါ်လာခဲ့ချေပြီ။
“လူအများရဲ့ ရှေ့မှောက်မှာ ပြောခဲ့တဲ့ စကားလုံးတွေက ခုထိ မခြောက်သေးဘူးနော်”
“ဂိုဏ်းခေါင်းဆောင် ထိုက်ထန်… ခင်ဗျားက ခင်ဗျားရဲ့ ကတိစကားကို ဖောက်ဖျက်တော့မှာလား”
ထိုက်ထန်သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း ခေါင်းကိုမူ ပြန်လှည့်မကြည့်ခဲ့ပေ။
“ဒီနေ့ ဒီအဘိုးကြီးက အနည်းငယ် ဇွတ်တရွတ် ဆန်သွားခဲ့မိတယ်”
“အကယ်၍ ငါက မင်းတို့ကို နှောင့်ယှက်မိသွားခဲ့တယ် ဆိုရင်လည်း… ဟဲဟဲ၊ နောက်တစ်ကြိမ်ကျရင်တော့ ပိုပြီးတော့ သတ္တိရှိရှိနဲ့ ပြန်လာခဲ့ကြတာပေါ့”
ဤမျှအထိ ပြောဆိုပြီးနောက် သူသည် ထိုနေရာတွင် ဆက်လက်၍ မဆိုင်းမတွနေတော့ဘဲ ထိုက်လုံကို ခေါ်ဆောင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့ရတော့သည်။
အတိတ်က ပေးဆောင်ခဲ့ဖူးသော “ဒူးထောက်ပြီး တောင်းပန်ရမယ်” ဟူသော ကတိစကားမှာမူ သူ၏ ဦးနှောက်နောက်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။
လီကျယ်ရှန်းသည် ထိုက်ထန် ပျောက်ကွယ်သွားခဲ့သည့် လမ်းကြောင်းဆီသို့ စိုက်ကြည့်နေခဲ့မိ၏။
ထိုနက်မှောင်လှသော မျက်ဝန်းအစုံ၏ နက်ရှိုင်းလှသော နေရာတွင် ထက်မြက်လှသော ဓားတစ်စင်ကဲ့သို့ အေးစက်လှသော အလင်းတန်းများမှာ လူတစ်ယောက်၏ အရိုးထဲအထိ အေးစိမ့်သွားစေနိုင်လောက်ပေသည်။
ထိုညတွင်——
[လန်ပါးမိသားစု]
“ခွန်အားဂိုဏ်းရဲ့ နောက်ခံက အရမ်းကို နက်ရှိုင်းလွန်းတယ်၊ ငါတို့ လျှပ်စီးနဂါးမိသားစုအနေနဲ့ ဝင်ပြီးတော့ မပတ်သက်သင့်ဘူး”
“ဒါ့အပြင် ထိုက်ထန်က မင်းကို တကယ်တမ်း မထိခိုက်စေခဲ့ဘူးပဲ။ မင်းရဲ့ အဓိက လုပ်ဆောင်ရမယ့်အရာက မိမိရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲ”
ယွီထျန်ဟိန်၏ ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် တုန်ခါသွားခဲ့ရသော်လည်း သူသည် သူ၏ လည်ပင်းကို ဆန့်တန်းထားမိရင်း—
“အကယ်၍ အဘိုးက ခွန်အားဂိုဏ်းဆီကို သွားပြီးတော့ ရှင်းမပေးဘူး ဆိုရင်တော့…”
“ဒါဆိုရင် မြေးဖြစ်သူအနေနဲ့ တစ်ဘဝလုံး အိမ်ထောင်မပြုဘဲ နေသွားမှာ ဖြစ်ပြီးတော့၊ ထျန်ဟိန်ကိုပဲ မိသားစုရဲ့ မျိုးဆက် ပြန့်ပွားအောင် လုပ်ခိုင်းလိုက်တော့မယ်!”
[တုကုစံအိမ်]
တုကုယန်သည် ပန်းခြံအတွင်းသို့ ရူးသွပ်စွာ ပြေးဝင်သွားခဲ့မိရင်း ကျင့်ကြံနေခဲ့သည့် တုကုဘိုကို ကြည့်ကာ အသံဗလံများဖြင့် အော်ဟစ်လိုက်မိတော့သည်—
“အဘိုး!”
“သမီး ခွန်အားဂိုဏ်းကို သေသွားစေချင်တယ်!”
[ရဲမိသားစု ခန်းမဆောင်]
ရဲလင်လင်သည် သူမ၏ မိခင်ဖြစ်သူ၏ စူးစိုက်ကြည့်ရှုနေသော အကြည့်များကို အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ရင်ဆိုင်လိုက်မိရင်း—
“လီကျယ်ရှန်း ဒီတစ်ခေါက် ဒဏ်ရာရသွားတာက သမီးကြောင့် ဖြစ်ရတာပါ!”
“အကယ်၍ ရဲမိသားစုအနေနဲ့ နံပါတ်တစ် အထောက်အကူပြု ဝိညာဉ် ဖြစ်လာချင်တဲ့ စိတ်ဆန္ဒလေးတစ်ခုမျှ ကျန်ရှိနေသေးတယ် ဆိုရင်တော့…”
“ဒီညမှာပဲ ပညာရှင်အားလုံးကို စုစည်းပြီး ခွန်အားဂိုဏ်းဆီကို သွားကြစို့!”
[အိမ်ရှေ့စံမင်းသား၏ အိပ်ဆောင်]
ရွှေချင်းဟယ်သည် ထိုသတင်းကို ကြားသိလိုက်ရသည်တွင် သူမ၏ ပါးပြင်လေးများ ဖြူလျော်သွားခဲ့ရတော့သည်။
“ငါ လီကျယ်ရှန်းကို သွားရှာရမယ်!”
သမီးဖြစ်သူသည် အိပ်ဆောင်အတွင်းမှ ပြေးထွက်သွားခဲ့မိချေပြီ။
ဝေးလံလှသော နေရာမှတစ်ဆင့် လူတစ်ယောက်၏ အရိုးထဲအထိ အေးစိမ့်သွားစေနိုင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့ရတော့သည်—
“ခွန်အားဂိုဏ်းအနေနဲ့ ဆက်ပြီးတော့ တည်ရှိနေဖို့ မလိုတော့ဘူး”