အခန်း (၃) - နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ကွင်းကို စုပ်ယူခြင်းနှင့် ကျူးကျူးချင်းနှင့် ပထမဆုံး ဆုံတွေ့ခြင်း
ခရမ်းရောင် ဝိညာဉ်ကွင်း။ နှစ်တစ်ထောင်သက်တမ်းရှိ အဆင့်အတန်း။
လီကျယ်ရှန်းသည် စွမ်းအင်အားလုံး ကုန်ခမ်းသွားသဖြင့် မြေပြင်ထက်သို့ ပက်လက်လှန် လဲကျသွားတော့သည်။ သူသည် ဓားတစ်ချက်တည်းသာ လွှဲယမ်းခဲ့ပုံရသော်လည်း— အမှန်စင်စစ်တွင်မူ ထိုတိုက်ခိုက်မှုတစ်ခုတည်းက သူ၏ ဝိညာဉ်စွမ်းအားအားလုံးကို ကုန်စင်အောင် အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ထိုချက်က အမ ဓားခုတ်ကောင်ကို အသက်မပျောက်စေခဲ့ပါက သူသည် ထွက်ပြေးရုံမှတစ်ပါး အခြားလမ်းမရှိပေ။
အင်အားအနည်းငယ် ပြန်လည်ပြည့်ဖြိုးလာပြီးနောက် လီကျယ်ရှန်းသည် တဖြည်းဖြည်း ဝဲပျံတက်လာသော ခရမ်းရောင် ဝိညာဉ်ကွင်းဆီသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။ ဖုန်မှုန့်များ ပေကျံနေသော်လည်း သပ်ရပ်ချောမွေ့ဆဲဖြစ်သော သူ၏ မျက်နှာပြင်ထက်တွင် တုံ့ဆိုင်းမှုများ ထင်ဟပ်နေသည်။
"အထီးဓားခုတ်ကောင်ကို ဝါးမြိုပြီးတဲ့နောက်မှာ အမက နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်သားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့တာပဲ..."
"ဒါဟာ ပထမဆုံး ဝိညာဉ်ကွင်းကို ဘေးကင်းစွာ စုပ်ယူနိုင်တဲ့ အကန့်အသတ်ထက် အများကြီး ကျော်လွန်နေတယ်။"
"ဒါပေမဲ့ ငါ ဒါကို မစုပ်ယူဘူးဆိုရင်တော့..."
"ဒါဟာ ကြီးမားတဲ့ ဖြုန်းတီးမှုတစ်ခု ဖြစ်သွားလိမ့်မယ်။"
"နောက်ထပ် သင့်တော်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို ရှာဖွေဖို့ ဘယ်လောက်တောင် အချိန်ပေးရဦးမယ်ဆိုတာ ဘယ်သူသိမှာလဲ။"
"ဒါ့အပြင် ဝိညာဉ်ကွင်းရဲ့ သက်တမ်းက ပိုမိုရင့်ကျက်လေလေ ရရှိမယ့် ဝိညာဉ်စွမ်းရည်က ပိုမိုအားကောင်းလေလေပဲ မဟုတ်လား။"
သူသည် မိမိ၏ စိမ်းနုရောင် ဝိုင်အိုးကို အနောက်သို့ စောင်းလျက် တစ်ငုံပြင်းပြင်း သောက်လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားရသည်နှင့်အမျှ သူ၏ မျက်ဝန်းထဲရှိ တုံ့ဆိုင်းမှုများသည် ပြတ်သားခြင်းနှင့် စိန်ခေါ်လိုစိတ်တို့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒီလို အခွင့်အရေးမျိုး ငါ့ရှေ့ကို ရောက်ရှိလာတာကိုမှ ငါက လက်လွှတ်လိုက်မယ်ဆိုရင် ငါဟာ လီကျယ်ရှန်း မဟုတ်တော့ဘူး။"
"ငါ့ရဲ့ ဝိုင်သိုင်းဝိညာဉ်မှာပါတဲ့ ဒဏ်ရာကုသခြင်း အာနိသင်တွေနဲ့ဆိုရင် ငါ ဧကန်မုချ အောင်မြင်ရမယ်။"
အချိန်ဆိုင်းမနေတော့ဘဲ— လီကျယ်ရှန်းသည် သစ်တော၏ မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ဝိုင်တစ်ငုံ သောက်လိုက်တိုင်း ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအားများသည် လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ သူသည် မိမိ၏ ခန္ဓာကိုယ်အခြေအနေကို အထွတ်အထိပ်သို့ ရောက်ရှိအောင် တွန်းပို့လိုက်သည်။ သူ၏ မျက်ဝန်းများ ဝင်းလက်သွားသည်နှင့်အမျှ ဝိညာဉ်ကွင်းကို စုပ်ယူခြင်းကို စတင်လိုက်တော့သည်။
ဝုန်း—။
ခရမ်းရောင် ဝိညာဉ်ကွင်းသည် ဆန်းကြယ်သော စွမ်းအင်များဖြင့် တုန်ခါလျက် ဓားခုတ်ကောင်၏ ထူးခြားချက်ဖြစ်သော ထက်မြက်ခြင်းနှင့် လျင်မြန်ခြင်း အငွေ့အသက်များနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာခဲ့သည်။
"အင်း..."
သူသည် ညည်းတွားလိုက်မိပြီး သွေးစအချို့မှာ သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သူ၏ နားထင်တွင် အပြာရောင်အကြောများ ထောင်ထလာခဲ့ပြီး အရေပြားတစ်ခုလုံးမှာလည်း အတိုင်းအဆမရှိသော ဓားဦးချွန်များဖြင့် အထိုးခံနေရသကဲ့သို့ ခံစားရသည်။ နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ကွင်း၏ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ သောင်းကျန်းနေခဲ့သည်။ သူ၏ သွေးကြောများသည် အရေပြားအောက်တွင် ခရမ်းရောင် နဂါးငယ်များကဲ့သို့ ဖောင်းကြွလှုပ်ရှားလာပြီး သွေးစက်များကို ညှစ်ထုတ်နေခဲ့သည်။
သာမန်အားဖြင့် ထိပ်တန်းရုပ်ပိုင်းဆိုင်ရာ အင်အားရှိသော ပါရမီရှင်များပင်လျှင် ပထမဆုံး ဝိညာဉ်ကွင်းအဖြစ် သက်တမ်း ၄၀၀ မှ ၅၀၀ ခန့်ကိုသာ စုပ်ယူနိုင်လေ့ရှိကြပြီး ၎င်းမှာပင် ထူးခြားဆန်းပြားလှသည်ဟု သတ်မှတ်ကြသည်။ သို့သော် လီကျယ်ရှန်းကမူကား အစကတည်းက နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ကွင်းကို စုပ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဤသည်ကား မတွေးဝံ့စရာပင်။
သူသည် သွားကို တင်းတင်းကြိတ်ထားလိုက်သည်။ သွေးများဖြင့် စိုရွှဲနေသော ဝတ်ရုံဖြူမှာ သူ၏ ကျောပြင်တွင် ကပ်ငြိနေခဲ့သည်။ သူ၏ လက်ချောင်းများသည် မြေစေးများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး နက်မှောင်သော မျက်ဝန်းများတွင်မူ သံမဏိကဲ့သို့ ပြတ်သားသော စိတ်ဓာတ်များ တောက်လောင်နေသည်။
"ငါ အရင်က ပြောခဲ့ဖူးတယ်..."
"ငါ လီကျယ်ရှန်းဟာ..."
"သာမန်လူတစ်ယောက် မဟုတ်ဘူး။"
"တခြားလူတွေ မတောင့်ခံနိုင်တဲ့အရာကို ငါ တောင့်ခံမယ်၊ တခြားလူတွေ မလုပ်ရဲတဲ့အရာကို ငါ လုပ်မယ်။"
"လေကိုစီးပြီး တစ်ရက်တည်းနဲ့ မိုင်ပေါင်း ကိုးသောင်း ပျံသန်းနိုင်တဲ့ လင်းယုန်ကြီးလိုပေါ့။"(လင်းတကြီး😐)
"အခု... စုပ်ယူစမ်း။"
စိမ်းနုရောင် ဝိုင်အိုးလေးသည် သူ၏ ရှေ့မှောက် လေထုထဲတွင် ဝဲပျံလာခဲ့သည်။ သူသည် ၎င်းကို ဖမ်းဆုပ်၍ မိမိ၏ နှုတ်ခမ်းအတွင်းရှိ သွေးများနှင့်အတူ ဝိုင်ကို လည်ချောင်းထဲသို့ အားရပါးရ လောင်းထည့်လိုက်သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သူ၏ ခန္ဓာကိုယ်သည် ပြန်လည်ကုစားလာခဲ့သည်။ လီကျယ်ရှန်းသည် မိမိကိုယ်ကိုယ် ပိုမိုတွန်းအားပေးရင်း ဝိညာဉ်ကွင်းကို မိမိ၏ စွမ်းအင်အားလုံးဖြင့် ဆွဲယူလိုက်တော့သည်။
ဝုန်း—။
ခရမ်းရောင် ဝိညာဉ်ကွင်းသည် တုန်ခါသွားသည်။ ၎င်း၏ ကျယ်ပြောလှသော စွမ်းအင်များသည် ရေကာတာကျိုးကျသွားသော ရေလွှတ်တံခါးကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဟုန်ပြင်းစွာ တိုးဝင်လာခဲ့သည်။ ပြန်လည်ကောင်းမွန်လာခါစ ခန္ဓာကိုယ်မှာ ထိုစွမ်းအားကြောင့် ထပ်မံ၍ စုတ်ပြဲသွားရပြန်သည်— သို့သော် သူသည် ဝိုင်ကို ထပ်မံသောက်သုံးလိုက်ပြန်သည်— ထိုသို့ဖြင့် သံသရာလည်နေခဲ့သည်။
ဒဏ်ရာရရှိခြင်း။ ပြန်လည်ကုစားခြင်း။ ထပ်မံဒဏ်ရာရရှိခြင်း။ ထပ်မံကုစားခြင်း။
အကြိမ်ကြိမ်အဖန်ဖန်— ထိုနှိပ်စက်မှုမှာ ငရဲဘုံသို့ ရောက်ရှိနေသကဲ့သို့ပင် ပြင်းထန်လှသည်။ သို့သော် ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် သူ၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာခဲ့သည်။ သူ၏ ရှေ့မှောက်တွင် ဝဲပျံနေသော ခရမ်းရောင် ဝိညာဉ်ကွင်းသည် တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပျော်ဝင်သွားတော့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ခန့်တွင်မူ လီကျယ်ရှန်းသည် မြေပြင်ထက်၌ လဲလျောင်းရင်း အမောတကော အသက်ရှူနေခဲ့သည်။ သူ၏ မျက်နှာမှာ ဖြူလျော်နေပြီး ခန္ဓာကိုယ်မှာလည်း နွမ်းလျနေခဲ့သည်။ သို့သော် သူ၏ နှုတ်ခမ်းထောင့်တွင်မူ— အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ငါ အောင်မြင်သွားပြီ..."
သူသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာကာ ရူးသွပ်လှသော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဟားဟား— ငါ တကယ်ပဲ အောင်မြင်သွားပြီ။"
နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ကွင်းကို စုပ်ယူရသည့် ဖြစ်စဉ်မှာ မယုံကြည်နိုင်လောက်အောင် အန္တရာယ်များလှသည်။ သူသည် ဝိုင်သိုင်းဝိညာဉ်၏ ဒဏ်ရာကုသခြင်း အာနိသင်များကြောင့်သာ အသက်ရှင် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အခြားသော မည်သူမဆို ဖြစ်ပါက ထိုနေရာ၌ပင် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားမည်မှာ ဧကန်မုချပင်။
မိနစ်သုံးဆယ်ခန့် ကုန်လွန်ပြီးနောက် လီကျယ်ရှန်းသည် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသည်ကို ခံစားလိုက်ရသည်။ သူသည် မိမိ၏ ချင်းလျန်ဓားကို ဆင့်ခေါ်လိုက်သည်။ သုံးပေခြောက်လက်မရှည်သော ဓားသွားသည် သူ၏ ရှေ့မှောက်တွင် ဝဲပျံနေခဲ့သည်။ ဓားပေါ်ရှိ ကြာပန်းပုံသဏ္ဍာန်များသည် ထူးဆန်းသော စိမ်းပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ တလက်လက်တောက်ပနေသော ဓားအသွားမှာ စူးရှလွန်းလှသဖြင့် ကြည့်ရုံမျှဖြင့် မျက်ဝန်းများကို စူးအောင့်သွားစေသည်။
ဤသည်ကား... ဓားအစစ်အမှန် ဖြစ်သည်။ သတ်ဖြတ်လိုစိတ် သက်သက်ဖြင့် ထက်မြက်အောင် သွေးထားသော လက်နက်တစ်ခု ဖြစ်သည်။
သူ၏ စိတ်အာရုံတွင် ရုတ်တရက် လင်းခနဲ ဖြစ်သွားပြီး— ထိုဝိညာဉ်ကွင်းက မိမိအား မည်သည့် ဝိညာဉ်စွမ်းရည်ကို ပေးအပ်ခဲ့သည်ကို သူ နားလည်သွားခဲ့သည်။
‘ချင်းဖုန်းရီတွမ့်’ — စိမ်းမြှောင်ဓား ဖြတ်တောက်ခြင်း။
၎င်းသည် လျင်မြန်ခြင်းနှင့် ထက်မြက်ခြင်းကို အဓိကထားသော ဓားအတတ်ပညာတစ်ခု ဖြစ်သည်။
"နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ကွင်းဆိုတော့... ၎င်းရဲ့ ဂုဏ်သတင်းနဲ့ ညီအောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ရတာပဲ။"
လီကျယ်ရှန်းသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း သူ၏ မျက်ဝန်းများက ထက်မြက်သွားသည်။
"ချင်းဖုန်းရီတွမ့်။"
ဓားအလင်းတန်း ဖြာထွက်သွားသည်နှင့် တပြိုင်နက်— သစ်တောတစ်ခုလုံးသည် စိမ်းပြာရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားတော့သည်။
သူသည် ဘေးဘက်သို့ ခုတ်ပိုင်းလိုက်ရာ— ထက်မြက်လှသော ဓားအလင်းတန်းသည် စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ လေထုကို ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ဆီသို့ ရောက်ရှိသွားခဲ့သည်— ၎င်းမှာ အရှိန်ပြင်းလွန်းလှသဖြင့် ဓား၏ အရိပ်အယောင်ကိုပင် မြင်တွေ့ရန် ခဲယဉ်းလှသည်။
ရှဲ—။
ဓားသွားသည် သစ်ပင်၏ ပင်စည်ကို မည်သည့်ခုခံမှုမျှမရှိဘဲ အလွယ်တကူ ဖြတ်သန်းသွားခဲ့သည်။ ထို့ပြင် ၎င်းက ရပ်တန့်မသွားဘဲ— ခုတ်ပိုင်းမှုသည် ဆက်လက်စီးဆင်းသွားကာ ကြီးမားလှသော သစ်ပင်ကြီးကို သပ်ရပ်စွာ ပိုင်းဖြတ်လိုက်တော့သည်။ သစ်ပင်၏ ပင်စည်မှာ အသက်ရှူသံ သုံးချက်စာခန့် ငြိမ်သက်နေပြီးမှ... တဖြည်းဖြည်းနှင့် လဲပြိုကျသွားခဲ့ရပြီး ဖြတ်တောက်ထားသော မျက်နှာပြင်မှာ ဖန်ပြင်ကဲ့သို့ ချောမွေ့နေကာ သစ်စတစ်ခုမျှပင် ထွက်ပေါ်မနေခဲ့ပေ။
လီကျယ်ရှန်းသည် ဓားကို အိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။ ဓားသွားထက်တွင် ဖုန်မှုန့်တစ်စမျှပင် ကပ်ငြိမနေခဲ့ပေ။
"ပြီးပြည့်စုံတယ်။"
သူသည် ထိုခုတ်ပိုင်းမှုကို အလွန်အမင်း စိတ်ကျေနပ်မိသည်။ ၎င်းသည် သူ ခံစားခဲ့ရသော နာကျင်မှုအားလုံးကို တန်ဖိုးရှိသွားစေခဲ့သည်။
ထိုအတတ်ပညာကို အကြိမ်အနည်းငယ် ထပ်မံစမ်းသပ်ပြီးနောက် လီကျယ်ရှန်းသည် မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ စုတ်ပြဲနေသော ဝတ်ရုံဖြူမှာ သွေးများဖြင့် စိုရွှဲနေခဲ့သည်။
"အင်း... ဒုတိယမြောက် ဝိညာဉ်ကွင်းကို မရှာဖွေခင်မှာ ငါ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် သန့်စင်ဖို့ လိုအပ်မယ်ထင်တယ်။"
၎င်းမှာ ကြယ်တာရာ တောအုပ်ကြီးအတွင်း သပ်ရပ်စွာ နေထိုင်လို၍ မဟုတ်ဘဲ— သွေးညှီနံ့များ ထွက်ပေါ်နေခြင်းက ဝိညာဉ်သားရဲများကို ဆွဲဆောင်သည့် သံလိုက်တစ်ခုကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်— လီကျယ်ရှန်းသည် တောအုပ်၏ အပြင်ဘက်စွန်းတွင် စမ်းချောင်းလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ လူတစ်ယောက်စာထက်မက နက်ရှိုင်းပြီး ရေပြင်မှာ ဖန်သားကဲ့သို့ ကြည်လင်နေသည်။ သူသည် စမ်းချောင်း၏ အထက်ဘက်နှင့် အောက်ဘက်တို့ကို သေချာစွာ စစ်ဆေးလိုက်သည်။ မည်သည့်အန္တရာယ်မျှ မရှိပေ။
"တောအုပ်ကြီးက အကျယ်ကြီးပဲ။ ဘယ်သူနဲ့မှ ဆုံတွေ့ဖို့ မရှိပါဘူး။ ရေချိုးရမယ့် အချိန်ပဲ။"
သူသည် အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး—
ဝုန်း—။
ရေထဲသို့ ခုန်ဆင်းလိုက်တော့သည်။ ပြင်းထန်လှသော နှိပ်စက်မှုကြီးအပြီးတွင် လန်းဆန်းလှသော ရေချိုးခြင်းကို ခံယူရခြင်းမှာ သေရည်သောက်သုံးခြင်းပြီးလျှင် ဒုတိယမြောက် အကောင်းဆုံးသော ပျော်ရွှင်မှုပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်... မီတာအနည်းငယ်အကွာရှိ သစ်တော၏ အတွင်းပိုင်း၌မူ—
ရှဲ—။
သွေးစက်များသည် သစ်ရွက်များထက်သို့ ပန်းထွက်သွားခဲ့သည်။ မီတာအတော်ကြာ ရှည်လျားသော ဝံပုလွေအမျိုးအစား ဝိညာဉ်သားရဲတစ်ကောင်သည် လဲပြိုကျသွားခဲ့ပြီး ၎င်း၏အထက်တွင်မူ ဖြူလျော်သော ဝိညာဉ်ကွင်းတစ်ခု တဖြည်းဖြည်း ဝဲပျံတက်လာခဲ့သည်။
ကျူးကျူးချင်းသည် ထိုအလောင်းကောင်အနီးတွင် တည်ငြိမ်အေးစက်သော မျက်နှာအမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူမသည် ၎င်းကို တစ်ချက်မျှပင် ငဲ့မကြည့်ပေ။ သူမ၏ နက်မှောင်သော မျက်ဝန်းများတွင် မည်သည့်ခံစားချက်မျှ ရှိမနေခဲ့ပေ။
"လေ့ကျင့်မှုတော့ ပြီးဆုံးပြီ။ ရှီလိုင်ခဲ့အကယ်ဒမီဆီ ဦးတည်ရမယ့် အချိန်ပဲ။"
သူမသည် မူလက တောအုပ်အတွင်းမှ ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း— မိမိ၏ ဖြူဖွေးသော လက်မောင်းထက်တွင် သွေးစက်အချို့ ပေကျံနေသည်ကို သတိပြုမိသွားသဖြင့် လမ်းကြောင်းကို ပြောင်းလဲကာ အနီးနားရှိ စမ်းချောင်းလေးဆီသို့ ဦးတည်လိုက်တော့သည်။
ဝေါ... ဝေါ...
ကျူးကျူးချင်းသည် ရေစပ်ရှိ ကြီးမားလှသော ကျောက်ဆောင်ကြီးတစ်ခု၏ ဘေးတွင် ဒူးထောက်ထိုင်လိုက်ရင်း သူမ၏ လက်မောင်းကို ဂရုတစိုက် ဆေးကြောလိုက်သည်။ သူမ အလုပ်ပြီးသွားသောအခါ— မတ်တပ်ရပ်လိုက်ပြီး သဘာဝအတိုင်း စမ်းချောင်း၏ အထက်ဘက်သို့ မျက်စိကစားကြည့်လိုက်မိသည်။
ထိုအချိန်တွင် သူမ မြင်တွေ့လိုက်ရသည်မှာ—
လုံးဝ ဗလာကျင်းနေသော အမျိုးသားတစ်ဦးသည် ပက်လက်လှန် လဲလျောင်းလျက် စမ်းချောင်း၏ ရေစီးကြောင်းအတိုင်း မျောပါလာနေခြင်း ဖြစ်သည်။
ကျူးကျူးချင်း - "..."
သူမ၏ သိုင်းဝိညာဉ်မှာ ‘ငရဲတစ္ဆေကြောင်’ ဖြစ်သဖြင့် သူမ၌ အလွန်ကောင်းမွန်သော အမြင်အာရုံ ရှိနေခဲ့သည်။ သူမ အားလုံးကို အထင်အရှား မြင်တွေ့လိုက်ရသည်။ သူမသည် မည်မျှပင် အေးစက်တည်ငြိမ်သူ ဖြစ်ပါစေဦးတော့ အသက်တစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်သေးသည်။ ဤမြင်ကွင်းကမူ— လွန်ကဲလွန်းလှသည်။
သူမ၏ အေးစက်လှသော မျက်နှာပြင်မှာ မျက်စိတစ်မှိတ်အတွင်း ရဲရဲနီသွားတော့သည်။ သူမသည် ရှက်ရွံ့ခြင်းနှင့် ဒေါသတကြီးဖြင့် သွားကို ကြိတ်ထားလိုက်ရင်း ကုန်းအော်လိုက်တော့သည်။
"လူယုတ်မာ။"
လီကျယ်ရှန်းမှာမူကား ပျော်ရွှင်ကြည်နူးမှု အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ ထိုကဲ့သို့သော နာကျင်မှုကြီးအပြီးတွင် ဤအေးစက်လှသော တောင်ကျစမ်းရေမှာ သေရည်ပြီးလျှင် ကောင်းကင်ဘုံကဲ့သို့ပင် ခံစားရသည်။ သူသည် မျက်လုံးများကို မှိတ်ထားလျက် ရေစီးကြောင်းအတိုင်း လွှတ်ထားခဲ့သည်။ လုံးဝ လွတ်လပ်ပေါ့ပါးနေသဖြင့် သူ၏ သတိဝီရိယမှာလည်း လျော့နည်းနေခဲ့ရာ— အနီးနားတွင် လူတစ်ဦးရှိနေသည်ကိုပင် သူ သတိမပြုမိခဲ့ပေ။
အဆုံးတွင်မူ—
"လူယုတ်မာ။"
သူ၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာခဲ့သည်။ သူသည် ချက်ချင်းပင် မိမိ၏ ခန္ဓာကိုယ်ကို ရေအောက်သို့ နှစ်မြှုပ်လိုက်ပြီး ဦးခေါင်းကိုသာ ရေပေါ်တွင် ဖော်ထားလိုက်တော့သည်။ သူသည် ထိတ်လန့်တကြားဖြင့် မိမိ၏ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။
"ဘယ်မှာလဲ လူယုတ်မာ..."
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ— မည်သူမျှ မရှိပေ။ ရေစပ်တွင် ဒေါသနှင့် ရှက်ရွံ့မှုများ ရောပြွမ်းနေသော မျက်နှာဖြင့် မိမိကို စိုက်ကြည့်နေသည့် အလွန်လှပသော မိန်းကလေးတစ်ဦးကလွဲလို့ပေါ့။
ထိုအခါမှ သူ နားလည်သွားခဲ့သည်။ သူမက မိမိကို လူယုတ်မာဟု ခေါ်ဆိုနေခြင်း ဖြစ်သည်။
ကျူးကျူးချင်း၏ နက်မှောင်သော မျက်ဝန်းများသည် ရေထဲရှိ ကောင်လေးထံသို့ စိုက်ကြည့်နေပြီး သွားကို တင်းတင်းကြိတ်ထားမိသည်။ "မင်း... မင်း ဘာလို့ အဝတ်အစား တစ်ခုမှ မဝတ်ထားရတာလဲ။"
လီကျယ်ရှန်းသည် မျက်မှောင်ကြုတ်လိုက်ရင်း "မင်း ရူးနေတာလား" ဟု မေးလိုက်သည်။ "ငါ ရေချိုးနေတာလေ။ ဘာလို့ အဝတ်အစား ဝတ်ထားရမှာလဲ။"
ကျူးကျူးချင်း၏ မျက်နှာမှာ ပိုမိုနီမြန်းလာခဲ့သည်။ ၎င်းမှာ ဒေါသကြောင့်လား ရှက်ရွံ့ခြင်းကြောင့်လား ဆိုသည်ကိုမူ မသဲကွဲပေ။ "မင်း နေ့ခင်းကြောင်တောင်ကြီး ရေချိုးနေတာလား။" "အကယ်၍ တခြားလူတစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ။"
လီကျယ်ရှန်းသည် မတ်တပ်ရပ်လိုက်ရာ— ရေစက်များသည် သူ၏ ခန္ဓာကိုယ်အထက်ပိုင်းမှတစ်ဆင့် စီးကျလာသည်။ ကျူးကျူးချင်းသည် ချက်ချင်းပင် မျက်နှာလွှဲလိုက်တော့သည်။
သူမ၏ သွယ်လျသော လည်ပင်းလေးပါ နီမြန်းသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် လီကျယ်ရှန်းသည် ရေပြင်ကို လက်ဝှေ့ယမ်းလိုက်ရာ လှပသော ရေပွက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"‘အမျိုးသမီးတွေနဲ့ စိတ်သဘောထား သေးသိမ်တဲ့ လူယုတ်မာတွေဟာ ပြုစုပျိုးထောင်ဖို့နဲ့ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ အခက်ခဲဆုံးပဲ’ တဲ့။"
"ဘာလဲ... ဒီကြယ်တာရာ တောအုပ်ကြီးက မင်းရဲ့ ကိုယ်ပိုင်ပိုင်နက်မို့လို့လား။"
"ငါ ရေမချိုးခင်မှာ အထက်ဘက်နဲ့ အောက်ဘက်မှာ လူမရှိတာ သေချာအောင် စစ်ဆေးခဲ့ပြီးသား။"
"ငါ သတိကြီးစွာ ထားခဲ့ပါတယ်— ဒါပေမဲ့ မိန်းမလျာ လူယုတ်မာတစ်ယောက် ရုတ်တရက် ရောက်လာလိမ့်မယ်ဆိုတာကိုတော့ မတွက်ဆမိခဲ့ဘူးပေါ့။"
သူသည် စကားလုံးချင်း ပြန်လည်တုံ့ပြန်လိုက်သည်။ ဘယ်သူ့ကို လူယုတ်မာလို့ ခေါ်နေတာလဲ။