အခန်း (၂၄) တုကုယန် ထပ်မံရောက်ရှိလာခြင်း
နှစ်ရက်မျှ ကြာပြီးနောက်။
“တော်ဝင်တိုက်ပွဲအဖွဲ့ ပြန်ရောက်လာပြီးတဲ့နောက်မှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ဘာများရှိသေးလဲ”
လီကျယ်ရှန်းသည် မိမိဘေးနားရှိ ရွှေချင်ဟဲကို ပုံမှန်အတိုင်းပင် အမှတ်မထင် မေးမြန်းလိုက်သည်။
ရွှေချင်ဟဲက သူ့ကို တစ်ချက်မျှ ငဲ့ကြည့်လိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။
“နင်က ဘယ်သူ့အကြောင်းကို မေးချင်နေတာလဲ”
“ဒီအတိုင်း စကားစပ်မိလို့ မေးကြည့်တာပါ”
ရွှေချင်ဟဲက နှာခေါင်းတစ်ချက်ရှုံ့လိုက်သော်လည်း ဆက်လက်၍ ပြောပြခဲ့သည်။
“ယွီထျန်ဟိန်ကတော့ နှစ်ကြိမ်ဆက်တိုက် ပြင်းပြင်းထန်ထန် ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက် ကမ္ဘာဦးအပြာရောင်လျှပ်စီးနဂါးဂိုဏ်းကို ပြန်သွားပြီ၊ သူ့ရဲ့အဖိုးဖြစ်တဲ့ မိုးကြိုးတုံ့လော် ‘ယွီယွမ်ကျန့်’ ဆီမှာ အထူးလေ့ကျင့်ခန်း ဆင်းနေတယ်လေ”
“ကျန်တဲ့လူတွေကတော့…”
“ယဲ့လင်လင်က အိမ်ပြင်တောင် မထွက်ဘူး”
“တုကုယန်လည်း အိမ်တော်ထဲမှာပဲ အောင်းနေတယ်”
ဤသို့ပြောနေစဉ်မှာပင်—
ရွှေချင်ဟဲကိုယ်တိုင်လည်း အနည်းငယ် ဝေခွဲမရဖြစ်နေဟန်ဖြင့်—
“ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့…”
“တုကုယန်က ငြိမ်ငြိမ်နေတတ်တဲ့လူစားမျိုး မဟုတ်ပါဘူး”
“ဒီနှစ်ရက်အတွင်းမှာ သူ ဘာဖြစ်လို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ မသိဘူး”
လီကျယ်ရှန်းသည် ငါးမျှားတံကို ကိုင်ဆောင်ထားရင်း စိတ်အာရုံအားလုံး စူးစိုက်နေဟန် ပြုလုပ်ထားခဲ့သည်။
ကောင်းပြီ။
သူမ တိတ်ဆိတ်ငြိမ်သက်နေခြင်းက ကောင်းမွန်လှပေသည်။
သူမ၏ အနည်းငယ် ပုံမှန်မဟုတ်ဘဲ သွေဖည်နေသော စရိုက်လက္ခဏာများကြောင့် ရူးသွပ်ဖွယ်ရာ ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်လာမည်ကို သူ အတော်လေး စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ တုကုယန်အနေဖြင့် ထိုအရာကို စိတ်ထဲ၌ သိပ်ပြီး အလေးအနက်မထားတော့ပုံရသည်။
“ဟူး… ငါ မြွေဆိပ်ကိုပဲ ထပ်ပြီး ရှာဖွေရတော့မှာပေါ့”
နေ့လယ်ခင်း ကာလတွင် ဖြစ်သည်။
လီကျယ်ရှန်းသည် မိမိ၏ ခြံဝန်းငယ်လေးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် ခြံဝန်းတံခါးဝတွင် ခြေလှမ်းများကို ရပ်တန့်လိုက်မိပြီး သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။
သွားပြီ!
တုကုယန်က ဘာဖြစ်လို့ ဒီနေရာကို ထပ်ပြီး ရောက်နေပြန်တာလဲ!
အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေပြီးနောက် လီကျယ်ရှန်းသည် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးချေ။
“ကျိခနဲ” ဟူသော အသံနှင့်အတူ သူ၏နောက်ကွယ်မှ ခြံဝန်းတံခါးသည် အတွင်းဘက်မှ ပွင့်ဟသွားခဲ့ပြီး တုကုယန်၏ အေးစက်လှသော အသံ ထွက်ပေါ်လာခဲ့သည်။
“နင့်ရဲ့ ချစ်သူကောင်မလေး ဘာပြောလိုက်လဲဆိုတာကို နင် မသိချင်တော့ဘူးလား”
လီကျယ်ရှန်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြန်လည်လှည့်ကြည့်ကာ တုကုယန်ကို မျက်မှောင်ကုတ်လျက် ကြည့်လိုက်သည်။
“နင် ဘာလုပ်ချင်နေတာလဲ”
တုကုယန်သည် တံခါးဘောင်ကို မှီထားရင်း သူမ၏ ပုံသေအပြုအမူအတိုင်း လက်ပိုက်လျက် ရပ်နေခဲ့သည်။ သူမသည် လီကျယ်ရှန်းကို စူးစိုက်ကြည့်နေခဲ့ပြီး သူမ၏ မြစိမ်းရောင် မျက်ဝန်းအစုံအတွင်း၌ အရှက်ကွဲမှုများနှင့် မျှော်လင့်ချက်များ ရောပြွမ်းလျက် ရှိနေခဲ့သည်။
“ငါ မကျေနပ်သေးဘူး”
“ငါ နင်နဲ့ ထပ်ပြီး တိုက်ခိုက်ချင်တယ်”
လီကျယ်ရှန်းက နှုတ်ခမ်းကို အနည်းငယ် စူလိုက်ရင်း—
“စိတ်မဝင်စားဘူး”
တုကုယန်သည် သူမ၏ ခရမ်းရောင်ဆံနွယ်တစ်စုကို သွယ်လျသော လက်ချောင်းလေးဖြင့် လိပ်ကစားရင်း အေးဆေးစွာ ဆိုလိုက်သည်။
“အကယ်၍ နင် သဘောမတူဘူးဆိုရင်တော့ နင့်ရဲ့ ချစ်သူကောင်မလေး ပြောလိုက်တဲ့ တခြားစကားတွေကို ငါ နင့်ကို ပြောပြမှာ မဟုတ်ဘူး”
လီကျယ်ရှန်း၏ မျက်ခုံးအစုံမှာ တွန့်ချိုးသွားခဲ့ရသည်။
“တုကုယန်… နင် တကယ်ပဲ နင့်မှာ ဘွဲ့အမည်ရ တုံ့လော် အဖိုးတစ်ယောက် ရှိနေတာနဲ့ ငါက နင့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်ဝံ့ဘူးလို့ ထင်နေတာလား”
တုကုယန်၏ အသက်ရှူသံများမှာ အနည်းငယ် ပြင်းထန်မြန်ဆန်လာခဲ့ရသည်။
“ဟုတ်တယ်… နင် မလုပ်ဝံ့ပါဘူး”
ဤသို့ပြောပြီးနောက်—
သူမသည် လီကျယ်ရှန်းကို လက်ညှိုးလေးဖြင့် လှမ်း၍ စိန်ခေါ်လိုက်ပြီး ခြံဝန်းအတွင်းသို့ မျောလွင့်ဝင်ရောက်သွားခဲ့သည်။ လီကျယ်ရှန်း၏ မျက်ဝန်းအစုံတွင် ဒေါသရိပ်အချို့ ဖြတ်ပြေးသွားခဲ့ပြီးနောက် သူမ၏နောက်သို့ အလျင်အမြန်ပင် လိုက်ပါသွားခဲ့တော့သည်။
မိနစ်အနည်းငယ် ကုန်လွန်ပြီးနောက်။
ခြံဝန်းအတွင်း၌ ဖြစ်သည်။
ရှုး—!
အေးစက်လှသော ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
တုကုယန်သည် နာကျင်မှုကြောင့် ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး သူမ၏ လက်မောင်းပေါ်ရှိ အဝတ်အစားများမှာ ပြတ်တောက်သွားခဲ့ကာ ဖြူစင်လှသော အရေပြားပေါ်တွင် သွေးစွန်းသော ဓားရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမသည် မောပန်းနွမ်းနယ်စွာဖြင့် အသက်ကို ပြင်းပြင်းရှူနေခဲ့ရပြီး ပုံစံမှာ အလွန်ပင် ဖရိုဖရဲ ဖြစ်နေခဲ့ချေပြီ။
သူမ၏ ဘယ်ဘက်ပါးပြင်လေးမှာလည်း ထပ်မံ၍ ဖူးရောင်နီမြန်းနေခဲ့ပြီး သွေးစွန်းနေသော နှုတ်ခမ်းအစုံပေါ်တွင် ဖရိုဖရဲဖြစ်နေသော ဆံနွယ်အချို့ ကပ်ညှိနေခဲ့ကာ လက်မောင်းအင်္ကျီနှစ်ဖက်စလုံးမှာ ဓားအရှိန်အဝါများကြောင့် အစအနများအဖြစ် ပြတ်တောက်သွားခဲ့ရပြီး သူမ၏ လက်မောင်းများပေါ်တွင် ဓားဒဏ်ရာ လေးငါးချက်ခန့် အစီအရီ ဖြစ်ပေါ်နေခဲ့သည်။
လီကျယ်ရှန်းက ခက်ထန်စွာ ဆိုလိုက်သည်။
“တုကုယန်… နင် အရှုံးမပေးသေးဘူးလား!”
တုကုယန်သည် ယိုင်တိယိုင်တိုင်ဖြင့် မိမိကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်ရပ်မတ်လိုက်သည်။ သူမသည် ခေါင်းကိုငုံ့ထားခဲ့သဖြင့် ဖရိုဖရဲဖြစ်နေသော ဆံနွယ်များက သူမ၏ နှုတ်ခမ်းထောင့်မှ ပုံမှန်မဟုတ်သော သာယာမှုအပြုံးများကို ဖုံးအုပ်ထားခဲ့သည်။
“လီကျယ်ရှန်း… ငါ လုံးဝ အရှုံးမပေးဘူး!”
လီကျယ်ရှန်း၏ ဓားသွားသဏ္ဍာန် မျက်ခုံးအစုံမှာ ပင့်တက်သွားခဲ့ရပြီးနောက် တုကုယန် ဆက်လက်ပြောကြားလိုက်သော စကားကို ကြားလိုက်ရသည်။
“နင် ငါ့ကို အဆိပ်တွေ ထပ်ပြီး မှုတ်ထုတ်ခိုင်းဦးမယ်ဆိုရင်တောင် ငါ လုံးဝ အရှုံးမပေးဘူး!”
ဟင်…
လီကျယ်ရှန်း ကြောင်အသွားခဲ့ရသည်။
ဟုတ်ပေသည်။
သူ လိုအပ်နေသော မြွေဆိပ်မှာ မိမိရှေ့မှောက်သို့ ရောက်ရှိနေခြင်း မဟုတ်ပါလား။
“တုကုယန်… နင်က ဒီလောက်အထိ အတင်းအကျပ် တောင်းဆိုနေမှတော့ ငါက မြွေဆိပ်အချို့ ထပ်ပြီး ရယူတာကို အပြစ်မတင်နဲ့တော့!”
“လာစမ်းပါ… လာစမ်းပါ!”
လီကျယ်ရှန်းသည် လှုပ်ရှားမှု အနည်းငယ်ဖြင့်ပင် တုကုယန်ကို အလွယ်တကူ ဖိနှိပ်လိုက်သည်။ သူသည် တုကုယန်၏ မေးစေ့ကို ဆွဲကိုင်လိုက်ပြီး ထိုနေ့က လက်ဖက်ရည်ခွက်ကို ထုတ်ယူကာ သူမ၏ နီမြန်းသော နှုတ်ခမ်းအစုံနှင့် ဖိကပ်လိုက်တော့သည်။
“နင်ရဲ့ အဆိပ်တွေကို မှုတ်ထုတ်စမ်း!”
—
—
တုကုယန် တစ်လှမ်းချင်း ယိုင်တိယိုင်တိုင်ဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း လီကျယ်ရှန်းသည် မိမိအနေဖြင့် လွန်ကဲသွားခဲ့ခြင်း ရှိမရှိကို ပြန်လည်သုံးသပ်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။
“ကျူးကျူးချင်းက နင့်ကို တခြားဘာစကားတွေ ထပ်ပြီး ပါးလိုက်သေးလဲ”
တုကုယန်သည် ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အိမ်သို့အမြန်ပြန်၍ ပြန်လည်ခံစားလိုစိတ် ပြင်းပြနေခဲ့သဖြင့် စဉ်းစားမနေတော့ဘဲ လွှတ်ကနဲ ပြောလိုက်တော့သည်။
“သူမက နင့်ကို သဘောကျတယ်တဲ့၊ ပြီးတော့ နောက်တစ်ကြိမ် ဆုံတဲ့အခါကျရင် နင် သူမကို နမ်းရမယ်တဲ့”
လီကျယ်ရှန်း : “…”
သူသည် ဓားတစ်ချက်တည်းဖြင့် ရှုပ်ပွနေသော ခြံဝန်းကို ရှင်းလင်းလိုက်ပြီးနောက် ဒုတိယအကြိမ်မြောက် အရက်ချက်လုပ်ရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူ မျက်မှောင်ကုတ်လိုက်မိသည်။ သူသည် မြွေဆိပ်များ ပါရှိသော လက်ဖက်ရည်ခွက်ကို လှမ်းယူကာ အနည်းငယ် လှုပ်ယမ်းကြည့်လိုက်ရင်း—
“တစ်စုံတစ်ခု မှားယွင်းနေသလိုပဲ…”
“ဒီမြွေဆိပ်တွေက ဘာဖြစ်လို့ အလွယ်တကူ ရရှိလာရတာလဲ…”
လီကျယ်ရှန်းသည် တွေးတောရခက်သော ကိစ္စရပ်များကို အချိန်အကြာကြီး တွေးတောနေတတ်သူ မဟုတ်ချေ။ နားမလည်နိုင်ပါက ဆက်လက်၍ မတွေးတောတော့ပေ။ သူသည် ချက်ချင်းပင် အရက်ကို စတင်ချက်လုပ်တော့သည်။
နေမင်းသည် အနောက်ဘက်သို့ ဝင်လုနီးပြီ ဖြစ်သည်။
လောကကြီးတစ်ခုလုံးသည် တောက်ပလှသော လိမ္မော်ရောင် အလင်းတန်းများအောက်တွင် နစ်မြုပ်နေခဲ့သည်။ လီကျယ်ရှန်းသည် မိမိရှေ့မှောက်ရှိ မည်းမှောင်နေသော ဆန်စနှစ်များကို ကြည့်ရင်း သူ၏ ချောမောလှသော မျက်နှာမှာ အိုးပုပ်အောက်ခြေကဲ့သို့ မည်းမှောင်သွားခဲ့ရသည်။
“ထပ်ပြီး ရှုံးနိမ့်သွားခဲ့ပြန်ပြီ!”
“အရက်ချက်လုပ်ရတာက ငါထင်ထားတာထက် ပိုပြီးတော့ ခက်ခဲတာပဲ!”
“မြွေဆိပ် ပမာဏက အနည်းငယ် မျှတင် ပိုသွားတာ သို့မဟုတ် လိုအပ်သွားတာမျိုး ဖြစ်ရင်တောင် မရပါလား၊ အချိုးအစား ပမာဏကို ငါကိုယ်တိုင် သေချာ စမ်းသပ်ရှာဖွေရမှာပဲ!”
၎င်းသည် သူ၏ မကြာသေးမီကမှ အရက်ချက်လုပ်ခြင်း လုပ်ငန်းအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ခြင်းနှင့်လည်း သက်ဆိုင်ပေသည်။ စကားပုံအတိုင်းပင် အရာရာတိုင်းသည် မလွယ်ကူခြင်းမှသည် လွယ်ကူခြင်းသို့ ကူးပြောင်းသွားတတ်ကြသည်။ အကယ်၍ သူသည် ‘မြွေဆိပ်ဆန်ဝိညာဉ်အရက်’ ကို အောင်မြင်စွာ ချက်လုပ်နိုင်ခဲ့မည်ဆိုပါက အခြားသော အရက်များကို ချက်လုပ်ရာတွင်လည်း အားစိုက်ထုတ်နေရန် လိုအပ်တော့မည် မဟုတ်ချေ။
“ဒါပေမဲ့ အခု လက်ရှိ ပြဿနာကတော့…”
လီကျယ်ရှန်းသည် ကိုက်ခဲနေသော မျက်ခုံးကို ပွတ်သပ်လိုက်ရင်း မောပန်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။
“မြွေဆိပ်တွေ ထပ်ပြီး ကုန်သွားပြန်ပြီ”
“တုကုယန်က ငါ့ဆီကို နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့တာကတင် ထူးဆန်းလှပြီ”
“ငါ ဒီနေ့ သူမကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တာဆိုတော့ နောက်ဆိုရင် သူမ ငါ့ကို သေချာပေါက် ရှောင်ဖယ်သွားတော့မှာပဲ”
တုကုအိမ်တော်၌ ဖြစ်သည်။
“အဖိုး… သမီး အပေါ်ထပ်ကိုသွားပြီး ကျင့်ကြံတော့မယ်နော်”
တုကုယန်သည် သူမ၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ရုံအပြင်ဘက် တစ်ထည်ကို ထပ်မံဝတ်ဆင်ထားခဲ့ပြီး ကျင့်ကြံနေသော တုကုဘိုကို လှမ်း၍ နှုတ်ဆက်လိုက်ပြီးနောက် အပေါ်ထပ်သို့ အလျင်အမြန်ပင် တက်လှမ်းသွားခဲ့သည်။
တုကုဘိုသည် မျက်လုံးများကို ပိတ်ထားလျက် ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
ဒုတိယထပ်ရှိ အခန်းတံခါး ပိတ်သွားသည့် ကာလတွင်—
သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအစုံအတွင်း၌ ‘မြစိမ်းရောင် မြွေနဂါးဘုရင်’ ၏ ပုံရိပ်ယောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။
“သွေးညှီနံ့ပါလား…”
“ယန်ယန် ဒဏ်ရာရလာတာလား”
“ငါ တုကုဘိုရဲ့ မြေးမလေးကို ဘယ်သူကများ အနိုင်ကျင့်ဝံ့တာလဲ!”
တုကုဘို၏ အိုမင်းလှသော မျက်နှာပြင်ပေါ်တွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါ်ထွက်လာခဲ့သော်လည်း ထို့နောက်တွင်မူ သူ၏ နက်မှောင်သော မြစိမ်းရောင် မျက်ခုံးအစုံမှာ တင်းတင်းကြပ်ကြပ် တွန့်ချိုးသွားခဲ့ရပြန်သည်။
“ဒါပေမဲ့ ယန်ယန်ရဲ့ ပုံစံက မတရား အနိုင်ကျင့်ခံထားရတဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး”
“မဖြစ်ဘူး… တကယ်လို့ နောက်တစ်ကြိမ် ထပ်ဖြစ်လာမယ်ဆိုရင်တော့ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိရအောင် ငါ သူမနောက်ကို သေချာပေါက် လိုက်ကြည့်ရမယ်”
နောက်တစ်နေ့တွင် ဖြစ်သည်။
လီကျယ်ရှန်းသည် လင်းပန်းကြာကန်အနားမှ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် ခြံဝန်းတံခါးဝသို့ပင် မရောက်ရှိသေးချေ။
ဝေးကွာလှသော နေရာမှနေ၍ ရင်းနှီးနေခဲ့သော အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခု ခြံဝန်းတံခါးဝတွင် မတ်တပ်ရပ်နေသည်ကို သူ လှမ်း၍ မြင်တွေ့လိုက်ရသည်။
လီကျယ်ရှန်း : “…”
သူသည် မနေ့က မိမိ ခံစားမိခဲ့သော မှားယွင်းမှုအာရုံကို ယခုမှသာ အပြည့်အဝ နားလည်သွားခဲ့တော့သည်။
ဤတုကုယန်က ဘာဖြစ်လို့ မြွေဆိပ်တွေကို မိမိထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ပေးအပ်နေသကဲ့သို့ ပြုမူနေရပါသနည်း!
ခြေလှမ်းများ တိုးကပ်သွားခဲ့ပြီး လီကျယ်ရှန်းသည် စိတ်ပျက်လက်ပျက် ခေါင်းကိုက်ဟန်ဖြင့် တုကုယန်ကို ကြည့်လိုက်သည်။
“နင် အမှန်တကယ် ဘာလုပ်ချင်နေတာလဲ”
ယနေ့တွင်မူ တုကုယန်သည် ကျပ်ထုတ်နေသော မြစိမ်းရောင် လက်ပြတ်အင်္ကျီအင်္ကျီတိုလေးကို ဝတ်ဆင်ထားခဲ့သဖြင့် သွယ်လျလှသော ခါးလေးမှာ ပေါ်လွင်နေခဲ့ပြီး ပွပွယောင်းယောင်း ရှိလှသော ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည်ကို ဝတ်ဆင်ထားခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ယခင်ထက် ပိုမို၍ ကျော့ရှင်းနေပုံရသည်။
သူမ၏ ဖော်ပြထားသော လက်မောင်းများပေါ်ရှိ မနေ့က ဒဏ်ရာများမှာ ယခုအခါ ပျောက်ကွယ်သွားခဲ့ချေပြီ။
ပထမအချက်အနေဖြင့် ဝိညာဉ်သခင်များတွင် ပြင်းထန်လှသော ကုသနိုင်စွမ်း ပါရှိကြသည်။
ဒုတိယအချက်အနေဖြင့် တုကုမိသားစုမှာ ချမ်းသာကြွယ်ဝလှသဖြင့် သူမ၏ ဒဏ်ရာများပေါ်တွင် အဖိုးတန်လှသော ဆေးဆီ အမျိုးမျိုးကို လိမ်းကျံထားခဲ့ခြင်း ဖြစ်သည်။
“ငါ နင့်ကို အနိုင်တိုက်ချင်လို့”
တုကုယန်သည် သူမ၏ လျှာလေးဖြင့် နီမြန်းသော နှုတ်ခမ်းအစုံကို သပ်လိုက်ရင်း လီကျယ်ရှန်းကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံအတွင်း၌ ဆိုးယုတ်လှသော အဆိပ်မြွေတစ်ကောင်က သားကောင်အပေါ်တွင် ထားရှိသည့် လောဘရမ္မက်ဆန္ဒများ လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။
သာယာလှပေသည်။
အလွန်ကို သာယာလှပေသည်။
မနေ့က ရရှိခဲ့သော သာယာမှုမှာ သူမအနေဖြင့် မတောင့်ခံနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။(BDSM👀)
သူမ၏ အိမ်မက်များထဲတွင်ပင် လီကျယ်ရှန်း၏ ဓားသွားက သူမ၏ လက်မောင်းကို ဖြတ်သန်းသွားခဲ့သည့် ပုံရိပ်များ၊ လီကျယ်ရှန်းက သူမ၏ မေးစေ့ကို ဆွဲကိုင်၍ အဆိပ်များကို အတင်းအကျပ် မှုတ်ထုတ်စေခဲ့သည့် ပုံရိပ်များသာ ပြည့်နှက်နေခဲ့ရသည်… သူမ၏ တစ်ဆယ့်လေးနှစ်တာ မြွေဆိပ်ကြောင့် ခံစားခဲ့ရသော နာကျင်မှုများအတွက် လီကျယ်ရှန်း၏ အပြုအမူများသည် သူမ၏ အနာဖေးကို ကြမ်းတမ်းစွာ ခွာပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်စေခဲ့ပြီး ပြင်းထန်လှသော ချိုမြိန်သာယာမှုများကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားစေခဲ့သည်။
တုကုယန် ဝန်ခံလိုက်ပါသည်… သူမသည် ဤခံစားချက်ကို စွဲလမ်းနှစ်သက်သွားခဲ့ချေပြီ။
တုကုယန်၏ အကြည့်များထံမှ အေးစက်လှသော အငွေ့အသက်များကို ခံစားမိလိုက်သဖြင့် လီကျယ်ရှန်းက ချက်ချင်းပင် ဆိုလိုက်သည်။
“ငါ အရှုံးပေးတယ်၊ နင် နိုင်ပါတယ်”
တုကုယန်၏ သွယ်လျသော မျက်ခုံးအစုံမှာ တွန့်ချိုးသွားခဲ့ရသည်။
သို့သော်လည်း သူမသည် ချက်ချင်းပင် နှုတ်ခမ်းကို ကွေးညွှတ်ကာ ပြုံးလိုက်ရင်း—
“နင် မြွေဆိပ်တွေကို ဘာအတွက် သုံးချင်နေမှန်း ငါမသိရပေမဲ့…”
“ဒါပေမဲ့ နင် ငါ့ရဲ့ မြွေဆိပ်တွေကို မလိုချင်တော့ဘူးလား”
ဤစကားကို ကြားလိုက်ရသောအခါ လီကျယ်ရှန်း၏ မျက်နှာတွင် ဝေခွဲမရဖြစ်ကာ ရုန်းကန်နေရသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။
သူသည် အမှန်တကယ်ပင် မြွေဆိပ်ကို လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် အခွင့်အရေး တစ်ကြိမ်သာ ရရှိမည်ဆိုပါက ‘မြွေဆိပ်ဆန်ဝိညာဉ်အရက်’ ကို သေချာပေါက် အောင်မြင်စွာ ချက်လုပ်နိုင်လိမ့်မည် ဖြစ်သည်။
သူသည် အခြားသော ဝိညာဉ်သခင်များ၏ မြွေဆိပ်ကို အသုံးပြုရန် မစဉ်းစားခဲ့ပေ။
သူသည် ယနေ့တွင်ပင် ရွှေချင်ဟဲကို ဤအကြောင်းနှင့်ပတ်သက်၍ စကားစပ်မိခဲ့သေးသည်။ သို့သော် နန်းတော်အတွင်းရှိ မြွေဝိညာဉ် ပိုင်ဆိုင်ထားသောလူမှာ မိန်းမစိုးတစ်ဦး ဖြစ်နေခဲ့သဖြင့် မိန်းမစိုးတစ်ဦး မှုတ်ထုတ်လိုက်သော မြွေဆိပ်ကို အသုံးပြုရန်မှာ သူ တကယ်ကို ရွံရှာမိလှပေသည်။
အချိန်အတော်ကြာ တွေးတောပြီးနောက် လီကျယ်ရှန်းသည် အခြားနည်းလမ်းမရှိတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။
“ဝင်ခဲ့ပါ”
“ဟိဟိ…”
တုကုယန်သည် အောင်နိုင်သူတစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လီကျယ်ရှန်း၏ နောက်ကွယ်မှ ခြံဝန်းအတွင်းသို့ လိုက်ပါဝင်ရောက်သွားခဲ့သည်။
ကျိခနဲ—
ခြံဝန်းတံခါးသည် ဖြည်းညှင်းစွာ ပိတ်သွားခဲ့သည်။
ညှီစို့စို့ ရှိလှသော လေပြေညင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာခဲ့သည်။
တုကုဘိုသည် ခြံဝန်းတံခါးဝ၏ ပြင်ပတွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ အိုမင်းလှသော မျက်နှာပြင်မှာ အလွန်ပင် ခက်ထန်ညိုမှိုင်းနေခဲ့တော့သည်။