အခန်း ၁၉ - စာတမ်း ထုတ်ဝေဖို့ အတွက် စိုးရိမ်ပူပန်မှုများ
နောက်တစ်နေ့ နံနက်စောစော။
ရှောင်လင်နှင့် ထန်စန်းတို့သည် နော့ဒင်မြို့ သို့ အတူတူ ထွက်ခွာခဲ့ကြသည်။
ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်ဟာ အတူတူ သွားကြတာဖြစ်ပြီး ရွာလူကြီး အဘဂျက်ကို လမ်းပြခေါ်မလာခဲ့ကြပါဘူး။ အသက်ခြောက်နှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ ဝိညာဉ်သခင်တွေ ဖြစ်လာခဲ့ကြပြီမို့လို့ သူတို့ရဲ့ ခွန်အားက အဘဂျက်ထက် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ရှောင်လင်ကော ထန်စန်းပါ မတွေးထားကြပါဘူး။
လမ်းခရီးမှာ...
ထန်စန်းက အမဲသားခြောက်တစ်တုံးကို ထုတ်ယူပြီး အရသာရှိရှိ ဝါးစားနေခဲ့သည်။
"အစ်ကိုလင်... အစ်ကိုကော မစားဘူးလား။ တို့တွေ ဒီအရှိန်နဲ့သွားရင်တောင် နော့ဒင်မြို့ကို ရောက်ဖို့ အနည်းဆုံး ညနေစောင်းလောက်အထိ ကြာမှာနော်"
ထန်စန်းက အမဲသားကို ဝါးရင်း တုတ်တုတ်တုတ်တုတ်နဲ့ လှမ်းပြောလိုက်သည်။
"ငါ အခုလောလောဆယ် မစားချင်သေးဘူး၊ တစ်ခုခုကို စဉ်းစားနေလို့"
ရှောင်လင်ရဲ့ တည်ကြည်လွန်းတဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ထန်စန်း စိတ်ထဲကနေ ခေါင်းခါလိုက်မိသည်။ ရှောင်လင် တစ်ခုခုကို စဉ်းစားနေတဲ့အချိန်မှာ နှောင့်ယှက်ခံရတာကို အရမ်းမုန်းတာမို့လို့ ထန်စန်းလည်း ဘာမှမပြောတော့ဘဲ သူ့ဘာသာသူ အမဲသားခြောက်ကိုပဲ ဆက်စားနေလိုက်တော့သည်။
ဒီအချိန်မှာ ရှောင်လင်က ထန်စန်းရဲ့ လက်ကောက်ဝတ်မှာ ရှိနေတဲ့ ဝိညာဉ်ကိရိယာကို စိုက်ကြည့်ရင်း အတွေးပွားနေခဲ့တာ ဖြစ်တယ်။
ဒီဝိညာဉ်ကိရိယာက ထန်ဟောက်က ထန်စန်းကို ပေးခဲ့တဲ့ သိုလှောင်မှု ဝိညာဉ်ကိရိယာ ပဲ ဖြစ်တယ်။ သူ့ရဲ့ အဆင့်က မမြင့်မားဘူးဆိုပေမဲ့ ပစ္စည်းအချို့ကိုတော့ သိုလှောင်ထားနိုင်သည်။ လက်ရှိ ရှောင်လင် သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုလည်း ထန်စန်းရဲ့ ဝိညာဉ်ကိရိယာထဲမှာပဲ ထည့်ထားတာ ဖြစ်တယ်။
ရှောင်လင်က သူလည်း ပိုက်ဆံရှာဖို့ နည်းလမ်းရှာပြီး ကိုယ်ပိုင် သိုလှောင်မှု ဝိညာဉ်ကိရိယာတစ်ခု ဝယ်သင့်လားလို့ စဉ်းစားနေတာ ဖြစ်တယ်။ ဒိုလော်တိုက်ကြီးပေါ်မှာ သိုလှောင်မှု ဝိညာဉ်ကိရိယာတွေက တော်တော်လေး စျေးကြီးသည်။ ရှောင်လင်ရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ့ ပိုက်ဆံရှာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဝိညာဉ် သီအိုရီတွေကို စာမူအဖြစ် ရေးသားပြီး ရောင်းချဖို့ပဲ ရှိသည်။
တကယ်တမ်း စဉ်းစားကြည့်ရင် ဒိုလော်တိုက်ကြီးပေါ်က လူတွေက ဦးနှောက် သိပ်မသုံးကြသလိုပဲ။ အချိန်အများစုမှာ သူတို့က သတ်မှတ်ထားတဲ့ ပုံသေနည်းအတိုင်းပဲ သွားကြတယ် — ကျင့်ကြံတယ်၊ ဝိညာဉ်ကွင်း စုပ်ယူတယ်၊ ပြီးရင် တိုက်ခိုက်တယ်... ဝိညာဉ်စွမ်းအားက ဘယ်ကနေ လာတာလဲဆိုတာကို သူတို့ ဘယ်တော့မှ စူးစမ်းလေ့လာဖို့ မတွေးခဲ့ကြဘူး။
ဝိညာဉ်ကွင်းရဲ့ အနှစ်သာရက ဘာလဲ။
ဘာလို့ အဆင့်တစ်ခုကို ဖောက်ထွက်ဖို့အတွက် ဝိညာဉ်ကွင်းက မရှိမဖြစ် လိုအပ်တာလဲ။
အကယ်၍ ရှောင်လင်အနေနဲ့ 'မဟာဆရာသခင်ကြီး' ထက် ပိုပြီး တိကျသေချာတဲ့ သီအိုရီတွေကို ထုတ်ဝေနိုင်ခဲ့မယ်ဆိုရင် သူကသာ တကယ့် ဆရာသခင်ကြီး ဖြစ်လာမှာ ဖြစ်သည်။ ပြီးတော့ ပိုက်ဆံရှာဖို့ကလည်း မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲလေ။
ဒါပေမဲ့ ရှောင်လင်ရဲ့ လက်ရှိ ခွန်အားက အလွန်အားနည်းလွန်းနေသေးသည်။ သူက ဝိညာဉ်သုတေသန ပါရမီရှင်တစ်ယောက်အဖြစ် ပေါ်တင်ပြသလိုက်ရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာကို စိုးရိမ်မိသည်။ သူ အားနည်းနေသေးတဲ့ အချိန်မှာတော့ သူ့ရဲ့ ဘေးကင်းလုံခြုံမှုကို တခြားလူတွေရဲ့ လက်ထဲမှာ သွားပြီး မပုံအပ်ချင်ပါဘူး။
ထန်စန်းနဲ့ ထန်ဟောက်တို့ကတော့ ပြဿနာမရှိပေမဲ့၊ တခြားလူတွေအတွက်ဆိုရင်တော့ ရှောင်လင် မရဲဝံ့ပါဘူး။
ဝိညာဉ်နန်းတော် က လူတွေက တကယ်ပဲ လူကောင်းတွေလား။ သူတို့က ဝေးလံခေါင်သီတဲ့ ဒေသတွေက ကလေးတွေအတွက် ဝိညာဉ်နိုးထခြင်း အခမ်းအနားကို အခမဲ့ လုပ်ပေးဖို့ လူလွှတ်ပေးခဲ့ကြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက ဝိညာဉ်နန်းတော်ရဲ့ အဆင့်မြင့် အရာရှိကြီးတွေနဲ့ ဘာဆိုင်လို့လဲ။ တကယ်တမ်း ပင်ပန်းခံ လုပ်ဆောင်ပေးခဲ့တာက ဆူးယန်ထောင်း လိုမျိုး အခြေခံအဆင့်က ဝိညာဉ်နန်းတော် ဝန်ထမ်းတွေပဲ ဖြစ်သည်။
ဒါ့အပြင် ရှောင်လင်နဲ့ ထန်စန်းတို့က အခြေခံဝိညာဉ်သခင်တွေ စိတ်အေးချမ်းသာ ကျင့်ကြံနိုင်ဖို့အတွက် ထောက်ပံ့ကြေးငွေ သွားထုတ်ကြမှာ ဖြစ်သည်။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ပရဟိတလုပ်ငန်းတစ်ခုလို င်ရပေမဲ့ ဝိညာဉ်နန်းတော်ရဲ့ အဲဒီပိုက်ဆံတွေက ဘယ်ကလာတာလဲ။
ရှောင်လင် ကြားဖူးသလောက်တော့ ဝိညာဉ်နန်းတော်ရဲ့ ပိုက်ဆံတွေက အင်ပါယာကြီး နှစ်ခု ရဲ့ ဘဏ္ဍာရေးဆီကနေ နှိုက်ယူထားတာ ဖြစ် အင်ပါယာကြီး နှစ်ခုကို အတင်းအကျပ် ဖိအားပေးပြီး သာမန်ပြည်သူတွေကို ပြန်ပေးခိုင်းတာ ဖြစ်သည်။
ဒါဆိုရင် ရှောင်လင်တို့အနေနဲ့ ဝိညာဉ်နန်းတော်ကို ကျေးဇူးတင်နေဖို့ လိုအပ်လို့လား။ ပြီးတော့ ဒီအချက်ကြောင့် ဝိညာဉ်နန်းတော်ကို ဘာအခြေအနေမှမရှိဘဲ ယုံကြည်ပစ်ရမှာလား။
ရှောင်လင် ခေါင်းခါလိုက်သည်။ အကယ်၍ သူက ဒီအချက်ကြောင့် ဝိညာဉ်နန်းတော်ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေကို အကောင်းမြင်သွားမိရင် အနာဂတ်မှာ သူ ဘယ်လို သေသွားမလဲဆိုတာတောင် သိလိုက်ရမှာ မဟုတ်ဘူး။
ခဏအကြာမှာတော့ ရှောင်လင် တစ်ယောက်တည်း စိတ်ဒွိဟဖြစ်ပြီး တွေဝေနေတာကို ကြည့်ပြီး ထန်စန်းက ချက်ချင်း မေးလိုက်သည်။
"အစ်ကိုလင်... ဘာတွေ ဒီလောက်တောင် လွန်ဆွဲနေရတာလဲ"
ထန်စန်းလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူ့မျက်လုံးထဲမှာတော့ ရှောင်လင်က အမြဲတမ်း အမြင်စူးရှပြီး ကိုယ်ပိုင် ဝိညာဉ်နဲ့ အနာဂတ်အတွက် ပြတ်သားတဲ့ အစီအစဉ် ရှိတဲ့သူတစ်ယောက် ဖြစ်တယ်။ ရှောင်လင် ဒီလိုပုံစံမျိုး ဖြစ်နေတာက ထန်စန်းရဲ့ ထင်မြင်ချက်ထက် ကျော်လွန်နေခဲ့သည်။
"ဘာမှမဟုတ်ပါဘူး။"
နောက်ဆုံးမှာတော့ ရှောင်လင်က သူ့ရဲ့ အခြေအနေကို ထန်စန်းကို ပြောပြလိုက်သည်။ သူက သိုလှောင်မှု ဝိညာဉ်ကိရိယာ ဝယ်ဖို့အတွက် စာမူခအချို့ ရှာချင်တယ်လို့ ထန်စန်းကို ပြောပြလိုက်တာ ဖြစ်တယ်။
"ကျွန်တော့်ဟာကိုပဲ အတူတူ သုံးလို့ရတာပဲဟာကို။ အစ်ကိုလင်လည်း အနာဂတ်ကျရင် ကိုယ်ပိုင် ဝိညာဉ်ကိရိယာ သေချာပေါက် ရလာမှာပါ"
ထန်စန်းကတော့ အများကြီး ထည့်မတွေးပါဘူး။ သူတို့က ညီအစ်ကိုတွေပဲလေ၊ ဝိညာဉ်ကိရိယာတစ်ခုကို အတူတူ မျှဝေသုံးစွဲတာက သဘာဝကျသည်။
ဒါပေမဲ့ ရှောင်လင်ရဲ့ တွေးတောပူပန်မှုတွေကြောင့် ထန်စန်း သိလိုက်ရတာက ရှောင်လင်က အရာအားလုံးမှာ အမြဲတမ်း ရှင်းလင်းပြတ်သားနေတာတော့ မဟုတ်ဘူးဆိုတာပါပဲ။ အနည်းဆုံးတော့ လူမှုဆက်ဆံရေးနဲ့ လူ့သဘာဝကို နားလည်တဲ့အပိုင်းမှာ ရှောင်လင်က လျှို့ဝှက်လက်နက်တွေနဲ့ပဲ ကစားတတ်တဲ့ ထန်စန်းလောက်တောင် မကျွမ်းကျင်ပါဘူး။
သူက ရှောင်လင်ကို လူတိုင်းနဲ့ သဟဇာတဖြစ်ပြီး ဘယ်နေရာမဆို အဆင်ပြေပြေ နေတတ်တဲ့သူလို့ မှားယွင်း တွေးထင်ခဲ့မိတာ။
တကယ်တမ်းတော့ ရှောင်လင်က လူမှုဆက်ဆံရေး ကောင်းမွန်လွန်းတာ မဟုတ်ဘဲ မူရင်းဇာတ်လမ်းထဲက ဇာတ်ကောင်အချို့အပေါ် ကိုယ်ပိုင်အမြင်ရှိနေတာကြောင့် ဖြစ်ပြီး၊ တဖြည်းဖြည်းချင်း ထိတွေ့ဆက်ဆံမှုကနေတစ်ဆင့် ရင်းနှီးလာခဲ့တာ ဖြစ်တယ်။
ဥပမာအားဖြင့် ထန်စန်းနဲ့ ပတ်သက်ရင် ရှောင်လင်က ဒိုလော်တိုက်ကြီး အပိုင်း ၂ ရဲ့ နောက်ပိုင်းအပြင်၊ အပိုင်း ၃၊ ၄ စတာတွေကို သိပ်မဖတ်ဖြစ်ခဲ့ဘူး။ အနာဂတ်ကျမှ ဘာလို့ ထန်စန်းကို လူအများက ဝေဖန်ပြစ်တင်ကြပြီး 'နှစ်ခွစံနှုန်းရှိတဲ့ ဘုရင်ကြီး' လို့ ခေါ်ကြလဲဆိုတာ သူ အသေအချာ မသိဘူး။ ရှောင်လင်က 'နတ်ဘုရား ထန်စန်း' လုပ်ခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ ကိစ္စအချို့ကို အင်တာနက်ပေါ်မှာ လှမ်းဖတ်ဖူးရုံပဲ ရှိတာ။ ၎င်းအချက်တွေက အလွန်အမင်း ရယ်စရာကောင်းလွန်းတာကြောင့် ထန်စန်းက တကယ်ပဲ လူတစ်ယောက်လုံး ပြောင်းလဲသွားခဲ့တာလားလို့ သံသယဝင်မိသည်။
ဒါကြောင့် ရှောင်လင် စိတ်ထဲမှာ နည်းနည်းတော့ တုန်လှုပ်မိပြီး ယုံရခက်နေခဲ့တာ။ ဒါပေမဲ့ သူ ဖတ်ခဲ့ဖူးသလောက်တော့ ပထမတွဲရဲ့ အစပိုင်းမှာရှိတဲ့ ထန်စန်းက ဘာပြဿနာကြီးကြီးမားမားမှ ရှိမနေခဲ့ပါဘူး။ ထို့ကြောင့် သူ ကမ္ဘာကူးပြောင်းလာပြီးနောက် ထန်စန်းနဲ့ တဖြည်းဖြည်း ထိတွေ့ဆက်ဆံကြည့်တဲ့အခါ ထန်စန်းက အဲဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်မနေသေးတာကို တွေ့ရပြီး၊ သူက သစ္စာစောင့်သိမှုနဲ့ မိဘအပေါ် ရိုသေမှု နိယာမတွေကိုတောင် ကောင်းကောင်း နားလည်ထားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရှောင်လင်နဲ့ ထန်စန်းတို့က ညီအစ်ကိုကောင်းတွေ ဖြစ်လာခဲ့ကြတာ။
နောက်ပိုင်းမှာတော့ ရှောင်လင်က ထန်စန်းကို ယွီရှောင်ကန်း လိုမျိုး အဓိပ္ပာယ်မရှိတဲ့ လူတွေနဲ့ မထိတွေ့မိအောင် ကာကွယ်ဖို့ ရွေးချယ်ခဲ့သည်။
ယွီရှောင်ကန်းလို လူမျိုးကို မြင်ရတိုင်း ရှောင်လင် တကယ်ပဲ ရယ်ချင်မိသည်။ အင်တာနက်အသုံးပြုသူတွေရဲ့ ရှင်းပြချက်တွေ မပါရင်တောင်မှ ရှောင်လင်က ပထမဆုံးအကြိမ် စာဖတ်ကတည်းက ယွီရှောင်ကန်းက အသုံးမကျတဲ့သူ တစ်ယောက်ဆိုတာ သိခဲ့တယ်။ အဆင့် ၂၉ ဝိညာဉ်ဆရာသခင်ကြီး ဖြစ်ပြီးတော့မှ 'မန္တလာမြွေ' တစ်ကောင်ကြောင့် သေလုမြောပါး ဖြစ်ခဲ့ရတာလေ။
ပြီးတော့ သူ့ရဲ့ 'ဝိညာဉ်တော် အဓိက အရည်အချင်း ဆယ်ပါး' ဆိုတာကလည်း တကယ့်ကို အဓိပ္ပာယ်မရှိတဲ့အရာတွေ ဖြစ်ပြီး လေလည်သံလောက်တောင် အဖိုးမတန်ပါဘူး။ ထန်စန်းတို့အဖွဲ့ကို လေ့ကျင့်ပေးတဲ့ အချိန်မှာလည်း ကျောက်ဝူကျီ ရဲ့ ပိုပြီး အသုံးဝင်တဲ့ ဆွဲငင်အားပြောင်းလဲခြင်း စွမ်းရည်ကို လျစ်လျူရှုပြီး၊ ထန်စန်းတို့ကို ကျောက်ခဲတွေ သယ်ပြီး အပြေးခိုင်းခဲ့တာ။ တကယ့်ကို ပြောင်မြောက်လှတဲ့ လေ့ကျင့်ရေး နည်းစနစ်ကြီးပါပဲ!
ဒါတင်မကသေးဘူး၊ ရှရက်ခ်ကျောင်းတော် က လူတွေကလည်း ရှောင်လင်ရဲ့ ကမ္ဘာ့အမြင်ကို အမြဲတမ်း ရိုက်ချိုးနေခဲ့ကြတယ်။ ရှောင်လင် စာဖတ်တုန်းက အသက် ၁၂ နှစ်အရွယ် ကောင်လေး မာဟုန်ကျွင်း က ပြည့်တန်ဆာအိမ်တွေကို နှစ်အတော်ကြာ လည်ပတ်နေခဲ့ပြီဆိုတာ မြင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ ကမ္ဘာ့အမြင်က လုံးဝ ပေါက်ကွဲပျက်စီးသွားခဲ့ရတယ်။ စတိုင်လ်မင်းသား ဒိုင်မုပိုင် ကလည်း သူ့မိသားစုရဲ့ ကံကြမ္မာကနေ ထွက်ပြေးခဲ့ပြီး ကျူးကျူးချင် ကို တိုက်ရိုက် ပစ်ပယ်ထားခဲ့ကာ အပြင်မှာတော့ အမြွှာညီအစ်မတွေကို ဖက်တွယ်ပြီး လျှောက်လည်နေခဲ့တာ။
ပိုပြီး ရယ်စရာကောင်းတာက 'ပြဿနာမရှာရဲတဲ့သူက သာမန်လူပဲ' ဆိုတဲ့ စကားကြီး ဖြစ်သည်။ ရှောင်လင် သိထားတဲ့ ပညာရေးကတော့ ဘယ်တော့မှ ပြဿနာ မရှာဖို့နဲ့၊ ပြဿနာ ကြုံလာရင်လည်း မကြောက်ဖို့ပဲ ဖြစ်သည်။ တမင်သက်သက် ပြဿနာလိုက်ရှာတာက ဘာသဘောလဲ။ ကိုယ့်မှာ ကျောထောက်နောက်ခံ ရှိတာနဲ့တင် စိတ်ကြိုက် လျှောက်လုပ်လို့ရရောလား။
ရှောင်လင် ခေါင်းခါလိုက်ပြီး ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ဆက်မတွေးတော့ပါဘူး။ သူ ထန်စန်း ပြောသလိုပဲ လုပ်ပြီး လောလောဆယ် ထန်စန်းရဲ့ သိုလှောင်မှု ဝိညာဉ်ကရိယာကိုပဲ အတူတူ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ သီအိုရီတွေ ထုတ်ဝေဖို့ ကိစ္စကိုတော့ သူ စာအုပ်တွေ ပိုဖတ်ပြီး စမ်းသပ်မှုတွေ ပိုလုပ်ပြီးမှပဲ ဖြည်းဖြည်းချင်း ထုတ်ဝေပါတော့မယ်။ ကိုယ့်မှာ တကယ့် ကျောထောက်နောက်ခံ အစစ်အမှန် ရှိလာတဲ့အထိ စောင့်ပြီးမှ ထုတ်ဝေတာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။
ရှောင်လင်ရဲ့ စိတ်ထဲမှာတော့ ထန်ဟောက်က တကယ့် ကျောထောက်နောက်ခံအဖြစ် မရေတွက်ပါဘူး၊ ဘာလို့လဲဆိုတော့ သူက အမြဲတမ်း ပျောက်ချက်သားကောင်းနေတတ်လို့ပဲ။ တစ်ခါတလေ ထန်စန်း ပြဿနာတက်နေတဲ့ အချိန်မှာတောင် သူ ပေါ်မလာတတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုအတွက် ရှောင်လင်က စိတ်ချရတဲ့ ကျောထောက်နောက်ခံနဲ့ အကာအကွယ်ပေးမယ့်သူတစ်ယောက် ရှာဖို့ စီစဉ်ထားတယ်။ ဘွဲ့အမည်ရ ဒိုလော်တစ်ယောက်ဆိုရင် အကောင်းဆုံးဖြစ်ပြီး၊ ဝိညာဉ်ဒိုလော် ဆိုရင်လည်း လက်ခံနိုင်စရာ ရှိသည်။
"ဟုတ်ပြီ... ငါ အကြံရပြီ! တို့တွေ ရုပ်ဖျက်ပြီး ကလောင်အမည်ဝှက်နဲ့ စာတမ်းတွေ ထုတ်ဝေကြမယ်၊ ဒါဆို ပိုက်ဆံအများကြီး ရှာလို့ရပြီ။"
ရှောင်လင်က ရုတ်တရက် ဂန္ထဝင် ဇာတ်လိုက်မင်းသားတွေရဲ့ စတိုင်လ်ကို သတိရသွားပြီး လွှတ်ခနဲ အော်ပြောလိုက်တယ်။
သူက ပိုက်ဆံရှာပြီး ယွီရှောင်ကန်းရဲ့ မျက်နှာကို ဖြတ်ရိုက်ဖို့ စဉ်းစားထားတာ ကြာပါပြီ။ ကြောက်ရုံလေးနဲ့ ဘာလို့ ရပ်တန့်နေရမှာလဲ။ အဆိုးဆုံးဖြစ်လာရင် ရုပ်ဖျက်လိုက်ရုံပဲဟာ။
"ကလောင်အမည်ဝှက်လား။ ရုပ်ဖျက်မယ် ဟုတ်လား"
ထန်စန်းက တိုးတိုးလေး ရေရွတ်လိုက်တယ်။ သူတို့က ကလေးတွေပဲလေ၊ ဘယ်လိုလုပ် ရုပ်ဖျက်လို့ ရမှာလဲ။
နောက်တစ်စက္ကန့်မှာတော့ ထန်စန်းက ရှောင်လင်ရဲ့ မျက်လုံးတွေ မှေးစင်းသွားပြီး လူလည်ကျမယ့် အပြုံးမျိုးနဲ့ ပြုံးနေတာကို မြင်လိုက်သည်။
"အစ်ကိုလင်... ဘာလုပ်မလို့လဲ"
"ဟီးဟီးဟီး... မင်းအလှည့်ပဲ ထန်စန်းလေး၊ မင်း ငြင်းလို့မရတော့ဘူး။"
နောက်တစ်စက္ကန့်မှာတော့ ထန်စန်းဟာ ရှောင်လင်ရဲ့ အတင်းလုံးထွေးခြင်းကို ခံလိုက်ရပြီး၊ ရှောင်လင်က ဝိညာဉ်ကရိယာထဲကနေ ကြီးမားတဲ့ အနက်ရောင် ဝတ်ရုံကြီးတစ်ထည်ကို အတင်းဆွဲထုတ်လိုက်တော့တယ်။
"ကြည့်စမ်း၊ ဒါပဲလေ။ တို့တွေ ဒီဝတ်ရုံကြီးကို ဝတ်ကြမယ်။ ဝိညာဉ်နန်းတော်မှာ စာတမ်းသွားတင်တဲ့ အခါကျရင် ဘာစကားမှမပြောဘဲ ဝိညာဉ်ကရိယာထဲကနေ စာတမ်းကိုပဲ ထုတ်ပြလိုက်မယ်"
"ဒါဆို... ကျွန်တော်က အောက်ကနေ အစ်ကို့ကို ပိုးချီပြီး ထမ်းပေးရမှာပေါ့ ဟုတ်လား"
ထန်စန်းက ရှောင်လင်ကို ကြည့်ပြီး ငိုအားထက် ရယ်အားသန် ဖြစ်သွားခဲ့ရတော့သည်။
'အကယ်၍ ဝိညာဉ်နန်းတော်က လူတွေက မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထား တောင်းလာရင်ကော ဘယ်လိုလုပ်မလဲ...'