အခန်း ၁၃ ဝိညာဉ်လက်နက် ပညာရှင်... ဖန်ယု
"ငါက စကားအရှည်ကြီး ပြောရတာ မကြိုက်ဘူး။ မင်းတို့ရဲ့ ဝိညာဉ်တွေအကြောင်းကို ငါ ဘယ်တုန်းကမှ သေသေချာချာ နားမလည်ခဲ့ဖူးဘူး... အခု ငါ့ကို အဖြေပေးစမ်း"
ဆရာမ ကျိုးယီက ဆရာမထိုင်ခုံတွင် ထိုင်လျက် ထက်ရှသော မျက်ဝန်းများဖြင့် ထိုနှစ်ဦးစလုံးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဟော်ယုဟောင်က မသိစိတ်ကနေ ဂူချင်းနီယန်ထံသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ ဂူချင်းနီယန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီးနောက် တိုက်ရိုက်ပင် ပြောလိုက်သည် "ကျွန်တော့်ရဲ့သိုင်းဝိညာဉ်က စိတ်စွမ်းအားအပြည့်ရှိတဲ့ ခန္ဓာကိုယ်သိုင်းဝိညာဉ်ပါ။"
ဟော်ယုဟောင်တစ်ယောက် ဘာကြောင့်လဲတော့ မသိသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ မသိစိတ်ကနေ ဂူချင်းနီယန်ထံမှ အကူအညီ တောင်းခံချင်နေခဲ့ပြီး သူ့ကို အကြောင်းပြချက်မရှိဘဲ ယုံကြည်မိနေခဲ့သည်။
ဆရာမ ကျိုးယီက ဒါကို အမိအရ သတိပြုမိသွားခဲ့ပြီး သူမ၏မျက်ဝန်းထဲတွင် အံ့သြမှုအရိပ်အယောင်တစ်ခု ဝင်းခနဲ ဖြတ်ပြေးသွားခဲ့ကာ ဆက်လက်မေးမြန်းလိုက်သည် "ခန္ဓာကိုယ်သိုင်းဝိညာဉ်လား မျက်လုံးလား မင်းရဲ့ ပထမဆုံး ဝိညာဉ်စွမ်းရည်က ဘာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
ဟော်ယုဟောင်က ချက်ချင်းပင် သူ၏ဝိညာဉ်ကွင်းကို နှိုးဆော်လိုက်ပြီး စိတ်ဝိညာဉ်စုံစမ်းထောက်လှမ်းမှု မျှဝေခြင်းကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။
နောက်တစ်စက္ကန့်တွင်မူ ဆရာမ ကျိုးယီ ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် အတင်းအကြပ် ထိန်းချုပ်လျက် နက်နက်နဲနဲ တွေးတောနေခဲ့သည်။
ထို့နောက် ဂူချင်းနီယန်ထံသို့ လှည့်ကာ မေးမြန်းလိုက်သည် "အဲဒါဆို မင်းကရော"
ဂူချင်းနီယန်က အာဝူကို ပွေ့ပိုက်ထားရင်း တိုးညှင်းစွာ ပြောလိုက်သည် "စိတ်စွမ်းအားအပြည့်ရှိတဲ့ ခန္ဓာကိုယ်ဝိညာဉ်...မျက်လုံးခြောက်လုံးသိုင်းဝိညာဉ်ပါ"
ထို့နောက် သူက လက်တစ်ဖက်ဖြင့် သူ၏မျက်မှန်ကို ချွတ်လိုက်ရာ သူ၏ ဖျော့တော့သော အပြာရောင် မျက်သူငယ်အိမ်များက ဆရာမ ကျိုးယီကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့ပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ဝိညာဉ်ကွင်းတစ်ခုက သူ၏အရှေ့တွင် အေးအေးလူလူ ပေါ်ထွက်လာခဲ့သည်။
"နှစ်ပေါင်းထောင်ချီ ဝိညာဉ်ကွင်း မင်းက နှစ်ပေါင်းထောင်ချီ ဝိညာဉ်ကွင်းကို ဦးဆုံးပိုင်ဆိုင်တဲ့ ပါရမီရှင်ကောင်ပဲလား" ဆရာမ ကျိုးယီ တိုက်ရိုက်ပင် အော်ဟစ်လိုက်တော့သည်။
ဂူချင်းနီယန်က သူမကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ သူ၏ဝိညာဉ်စွမ်းရည်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်ရာ နောက်တစ်စက္ကန့်တွင်မူ...
"ဝုန်း"
ဆရာမ ကျိုးယီ စားပွဲခုံကို လက်ဖြင့် ဝုန်းခနဲ ရိုက်ချလိုက်ပြီး သူမ၏မျက်နှာတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သူမက ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် စတင်လျှောက်လှမ်းနေခဲ့ပြီး ဟော်ယုဟောင်ကတော့ ဂူချင်းနီယန်ကို အားကျအတုယူဖွယ် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ ဆရာမ ကျိုးယီကဲ့သို့သောသူပင် ယခုကဲ့သို့ ထိတ်လန့်သွားရခြင်းက ဂူချင်းနီယန်၏ ပါရမီကို သက်သေပြနေခြင်းပင် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ဤအသက်အရွယ်တွင် ဝိညာဉ်စွမ်းအား အဆင့် ၁၈ သာ ရှိနေခြင်းက ဂုဏ်ယူစရာ မဟုတ်သော်လည်း သူ ကျင့်ကြံခြင်း စတင်နိုးထခဲ့သည်မှာ မကြာသေးဟူသောအချက်ကို ထည့်တွက်လျှင် ဒါက ပုံမှန်ပင် ဖြစ်သည်။
ဒါပေမဲ့ ဒါက အဆန်းပြားဆုံးသော အစိတ်အပိုင်း ဖြစ်နေခဲ့သည်။ အကယ်၍ ဆရာမ ကျိုးယီသာ ဂူချင်းနီယန်က နိုးထပြီး တစ်လအတွင်းမှာတင် အဆင့် ၁၈ သို့ ရောက်ရှိခဲ့ပြီး နှစ်ပေါင်းတစ်သိန်း သက်တမ်းရှိ ဝိညာဉ်အရိုးနှင့် နှစ်ပေါင်းတစ်သန်း သက်တမ်းရှိ ဝိညာဉ်ကွင်း ကို ပိုင်ဆိုင်ထားကြောင်း သိရှိသွားခဲ့လျှင်တော့ သူမ လုံးဝ သွေးလန့်သွားလောက်မည် ဖြစ်သည်။
"မဟုတ်ဘူး... မင်းတို့နှစ်ယောက်ရဲ့ ဝိညာဉ်စွမ်းရည်က ဘယ်လိုလုပ်ပြီး... ကောင်းပြီ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..." ဆရာမ ကျိုးယီ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ထိုနှစ်ဦးစလုံးထံသို့ လျှောက်လှမ်းလာခဲ့သည်။
"မင်းတို့နှစ်ယောက် ငါ့နောက်ကို လိုက်ခဲ့ကြ။" ဆရာမ ကျိုးယီ တံခါးကို ဖွင့်လိုက်ပြီး ထိုနှစ်ဦးစလုံးကို မျက်နှာမူလိုက်သည်။ ခဏမျှ တွေးတောလိုက်ပြီးနောက် သူမက သူတို့၏ အဝတ်အစားများ၏ အနောက်ဘက်မှနေ၍ ဆွဲချီကာ တံခါးအပြင်ဘက်သို့ ပျံသန်းထွက်ခွာရန် ပြင်လိုက်သည်။
ဂူချင်းနီယန်ကတော့ အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ရုန်းထွက်လိုက်သည် "ကျွန်တော် ပျံနိုင်တယ် ဆရာမပဲ လမ်းပြလိုက်ပါ။"
ဆရာမ ကျိုးယီ အံ့အားသင့်သွားသော်လည်း ဂူချင်းနီယန်၏ ယခင်စွမ်းဆောင်ရည်နှင့် အရှိန်ကို ထည့်တွက်ကာ သူမ ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
သုံးဦးသား မိမိတို့၏ ဦးတည်ရာဆီသို့ အလျင်အမြန်ပင် ဦးတည်ခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် ဟော်ယုဟောင်နှင့် ဆရာမ ကျိုးယီတို့မှာ ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြန်သည်။ ဆရာမ ကျိုးယီက ဝိညာဉ်စွမ်းအားဖြင့် သူမ၏ပျံသန်းမှုအရှိန်ကို မြှင့်တင်လိုက်သော်လည်း ဂူချင်းနီယန်ကတော့ လေထုခြေလှမ်း ကို အသုံးပြု၍ သူမ၏နောက်ကနေ အမှီလိုက်နိုင်ဆဲ ဖြစ်သည်။
ထို့အပြင် သူမအနေဖြင့် ဂူချင်းနီယန် ဝိညာဉ်စွမ်းအား အသုံးပြုနေခြင်းကို မည်သည့်အတွက်ကြောင့်မျှ အာရုံမခံမိသေးသဖြင့် ဒါက သူမကို ပိုမို၍ စူးစမ်းလိုစိတ် ပြင်းပြစေခဲ့သည် သို့သော်လည်း အရေးကြီးဆုံးအရာမှာ သူတို့ကို ဦးတည်ရာဆီသို့ အရင်ဆုံး ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။
သေချာပေါက်ပင် ဤမြင်ကွင်းက အာရုံစိုက်မှု အမြောက်အမြားကို ထပ်မံ၍ ဆွဲဆောင်နိုင်ခဲ့ပြန်သည်။
မကြာမီ သုံးဦးသား မိမိတို့၏ ဦးတည်ရာဆီသို့ ရောက်ရှိလာခဲ့ကြသည်။
မြင့်မားပြီး အဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်ထားသော အဆောက်အအုံကြီးတစ်ခုက မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး ၎င်း၏ အရှေ့တည့်တည့်တွင်တော့ စာလုံးကြီးအချို့ ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့သည်။
"ဝိညာဉ်လက်နက် စမ်းသပ်မှုဇုန်"
ဂူချင်းနီယန် သူ၏မျက်ဝန်းများကို အနည်းငယ် မှေးစိုက်လိုက်သည်။ သူတို့ နောက်ဆုံးတော့ ရောက်လာခဲ့ကြပြီ ဖြစ်သည်။ မနေ့ညက သူ ရရှိခဲ့သော အတွေ့အကြုံနှင့် ပါရမီများက နောက်ဆုံးတော့ အသုံးဝင်လာတော့မည် ဖြစ်သည်
အခုကတော့ သူ အစွမ်းပြရမယ့် အလှည့်ပဲ မဟုတ်သေးပါဘူး... သူ လူအများရဲ့ အာရုံစိုက်မှုကို လုယူရမယ့် အလှည့်ပေါ့
ဟော်ယုဟောင်ကတော့ ဘာမှမသိဘဲ ယောင်တောင်တောင်ဖြင့် နောက်ကနေ လိုက်ပါလာခဲ့သော်လည်း သူ၏ကမ္ဘာသစ်တံခါးတစ်ခုက သူ့အတွက် ပွင့်လန်းတော့မည်ဖြစ်ကြောင်း အာရုံခံမိနေခဲ့သည်။
ဝိညာဉ်လက်နက် စမ်းသပ်မှုဇုန် အတွင်း၌
အတွင်းထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် အဆင့်မြင့်နည်းပညာဆိုင်ရာ ခံစားချက်တစ်ခုကို ချက်ချင်း ခံစားလိုက်ရပြီး ဟော်ယုဟောင်ကတော့ စူးစမ်းလိုစိတ် ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေခဲ့သည်။
ဂူချင်းနီယန်ကတော့ အဆင်ပြေနေဆဲဖြစ်ပြီး စိတ်ဝင်တစားဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း မကြာမီပင် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ရသည်။
ဆရာမ ကျိုးယီက အရှေ့ကနေ လျှောက်လှမ်းနေသော်လည်း သူမ၏မျက်ဝန်းများက ထိုနှစ်ဦးစလုံးထံတွင်သာ အမြဲရှိနေခဲ့ပြီး သူတို့၏ စွမ်းဆောင်ရည်များကို အကဲခတ်နေခဲ့သည်။
သူမအနေဖြင့် ဟော်ယုဟောင်၏ အကြောင်းအရာအများစုကို နားလည်ထားပြီးဖြစ်သည်ဟု ခံစားရသော်လည်း ဂူချင်းနီယန်ကတော့ အရာအားလုံးကို ထိုးဖောက်မြင်ရသကဲ့သို့ ရှိနေသည့်အပြင် အရာအားလုံးကိုလည်း နားလည်သဘောပေါက်နေသည့် ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။
ဤခံစားချက်က သူမကို အနည်းငယ် နေရထိုင်ရ ခက်ခဲစေခဲ့သည် အဘယ်ကြောင့်ဆိုသော် သူမက အမြဲတမ်း အစွမ်းထက်ပြီး စည်းကမ်းကြီးသော အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။
အရှေ့ကနေ လျှောက်လှမ်းနေရင်း ခဏအကြာတွင် ဆရာမ ကျိုးယီက လှမ်းအော်လိုက်သည် "ဆရာ ဖန်ယု"
ထို့နောက်တွင်မူ ကြွက်သားများဖြင့် တောင့်တင်းခိုင်မာလှသော ပုံရိပ်တစ်ခုက ထိုသုံးဦးစလုံး၏အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူက အရပ် ၁.၈ မီတာခန့် ရှိပြီး အလွန် ကျယ်ပြန့်သော ပခုံးများနှင့် တုတ်ခိုင်သန်မာသော လက်မောင်းများ ရှိကာ လက်မောင်းစွပ်များကို ဝတ်ဆင်ထားသည်။ သူ၏ ဝိညာဉ်လက်နက် လက်ပတ်ဝတ်များပေါ်ရှိ ဖန်ပြွန်ချောင်းများက သူ၏ ကျောက်သားကဲ့သို့ တောင့်တင်းလှသော ကြွက်သားများနှင့် ဆက်စပ်နေခဲ့သည်။
အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ သူ၏ရုပ်ရည်က အတော်လေး ချောမောခန့်ညားပြီး ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်စေကာ သူ၏အကြည့်က နက်ရှိုင်းပြီး စူးရှလှသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် တောင်တန်းကြီးတစ်ခုကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်ဖော်နေခဲ့သည်။
ဟော်ယုဟောင်တစ်ယောက် အံ့သြမှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး စိတ်ထဲကနေ တွေးတောနေခဲ့သည်မှာ "ဒီလောက်တောင် မြင့်ပြီး သန်မာတာလား... ဒါက ဝိညာဉ်လက်နက်ဌာနက ဆရာတစ်ယောက်လား" ဟူ၍ ဖြစ်သည်။
ဂူချင်းနီယန်သည်လည်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်ခဲ့သော်လည်း ပြန်လည်တွေးတောလိုက်သည့်အခါ ဒါက ပုံမှန်ပင် ဖြစ်သည်။ ဝိညာဉ်လက်နက်များက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ တောင်းဆိုမှု အတော်လေး မြင့်မားလှသဖြင့် အရပ်မြင့်ပြီး သန်မာနေခြင်းက သဘာဝကျပါသည်။
"ဆရာမ ကျိုးယီ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ" ဆရာ ဖန်ယုဟု ခေါ်ဝေါ်ခြင်းခံရသည့် ထိုအမျိုးသားက ဆရာမ ကျိုးယီကို မေးမြန်းလိုက်သည်။
ဆရာမ ကျိုးယီက လက်ပိုက်လျက် ပြန်လည်ဖြေကြားလိုက်သည် "ရှင် ပြီးခဲ့တဲ့အပတ်က ကျွန်မကို ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးရဲ့လား"
ဆရာ ဖန်ယု ချက်ချင်းပင် စကားမဲ့သွားရသည် "ငါ မင်းကို စကားတွေ အမြောက်အမြား ပြောခဲ့တာလေ ဘယ်စကားလုံးကို ဆိုလိုတာလဲဆိုတာ ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ အကယ်၍ အခြားကိစ္စမရှိရင် ပြန်တော့ ငါ အလုပ်ရှုပ်နေတယ်"
ဟော်ယုဟောင် ဤစကားပြောဆိုမှုကို ကြားရသောအခါ အံ့အားသင့်သွားရသည်။ ကြောက်စရာကောင်းလှသော ဆရာမကျိုးကို ဤကဲ့သို့ မည်သူက ရဲရဲတင်းတင်း ပြောရဲရတာလဲ ဆရာမကျိုး ဒေါသထွက်မသွားဘူးလား
ဂူချင်းနီယန်ကတော့ ဆရာမ ကျိုးယီ၏ မျက်နှာကို အသာအယာ လှမ်းကြည့်လိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုတည်ကြည်ပြီး အသက်ကြီးရွယ်အို မျက်နှာဖုံးအောက်တွင် နူးညံ့ပြီး လှပလွန်းလှသော မျက်နှာတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
တောက် တောက် တောက်... ဒါက တကယ့်ကိုပဲ ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခု ဖြစ်ဖို့ ထိုက်တန်တယ်လို့ ပြောရမယ်။ အကယ်၍ သူသာ အရာအားလုံးကို ကြိုတင်မသိရှိထားခဲ့ဘူးဆိုလျှင်တော့ ဒါကို ထိုးဖောက်မြင်နိုင်ရန် ခဲယဉ်းလိမ့်မည် ဖြစ်သည်။
ဆရာမ ကျိုးယီက ထိုသို့ ဝတ်ကျေတန်းကျေ မေးခွန်းကို အလွန်အမင်း နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည် "ဒါက ဝိညာဉ်ဆရာတွေ ဝိညာဉ်လက်နက်တွေကို အသုံးပြုပြီး တိုက်ပွဲဝင်မယ့် ကိစ္စအကြောင်းပါ"
ဂူချင်းနီယန် လုံးဝ လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည့် ဆရာမ ကျိုးယီကို ကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည် "အချစ်က မျက်စိကို ကွယ်စေတာပဲ"
သူ ဆရာ ဖန်ယုကို ထပ်မံကြည့်ရှုလိုက်ပြီး အနည်းငယ် ခပ်ဖွဖွ ပြုံးလိုက်မိသည်။ သူမက အလွန် လှပပြီး နူးညံ့သိမ်မွေ့ပုံရသော်လည်း သူ အမြဲတမ်း ကျောချမ်းသကဲ့သို့ ခံစားနေရသည်။
ဆရာမ ကျိုးယီက လှည့်လိုက်ပြီး ဟော်ယုဟောင်နှင့် အခြားတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည် "သူတို့ပဲ ဂူချင်းနီယန်နဲ့ ဟော်ယုဟောင်... ဒီနှစ်ရဲ့ ကျောင်းသားသစ်တွေပေါ့။"
"ခန္ဓာကိုယ်သိုင်းဝိညာဉ်...မျက်လုံးခြောက်လုံး... စိတ်စွမ်းအားအပြည့် "
ဆရာ ဖန်ယု သူ၏အကြည့်ကို လှည့်လိုက်ပြီး ထိုနှစ်ဦးစလုံးကို ခဏမျှ ကြည့်ရှုလိုက်သည်။
ရုတ်တရက် ဆရာ ဖန်ယု၏ အကြည့်က ထက်ရှသွားခဲ့ပြီး ဂူချင်းနီယန်၏ ရင်ခွင်ထဲရှိ အာဝူကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် သံသယအရိပ်အယောင်တစ်ခု ဝင်းခနဲ ဖြတ်ပြေးသွားခဲ့သော်လည်း ၎င်းက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။
ထို့နောက် အကြည့်က ဂူချင်းနီယန်ထံသို့ ထပ်မံ ကျရောက်သွားခဲ့ပြီး အနည်းငယ် ထပ်မံကြည့်ရှုပြီးနောက် သူက သံသယအချို့ဖြင့် မေးမြန်းလိုက်သည် "အဆင့် ၂၀ ကျောင်းသားတစ်ယောက်ကတော့ ပြောပလောက်စရာ မရှိပါဘူး ဒါပေမဲ့ ဒီကလေးကတော့ အဆင့် ၁၁ လား သူ ကျောင်းထဲကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ"
"မဟုတ်ဘူး မဟုတ်သေးဘူး... ဒါက အားနည်းလွန်းတယ်"
"ဆရာ ဖန်ယု... ရှင် ကျွန်မကို သံသယဝင်နေတာလား... ဘာ အဆင့် ၂၀ ဟုတ်လား" ဆရာမ ကျိုးယီက မူလက အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း ထို့နောက်တွင်မူ ထူးဆန်းသောအရာတစ်ခုကို ကြားလိုက်ရပုံရသည်။
သူမ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ဂူချင်းနီယန်ကို သေသေချာချာ စစ်ဆေးလိုက်ရာ အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားခဲ့ရသည်။ ဘေးနားတွင် ရပ်နေသည့် ဟော်ယုဟောင်ကတော့ လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။
"သူက တကယ့်ကို အဆင့် ၂၀ ပဲ..." ဆရာမ ကျိုးယီ မယုံကြည်နိုင်လောက်အောင်ဖြင့် ဂူချင်းနီယန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဟော်ယုဟောင် ဤအချိန်တွင် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး လုံးဝ မှင်တက်သွားခဲ့ရတော့သည်။
ဂူချင်းနီယန် ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ မရိုးဆေးတောင့်၏ အကူအညီနှင့် ရက်အနည်းငယ်ခန့် ကျင့်ကြံပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားအဆင့်က အဆင့် ၂၀ သို့ ထိုးတက်သွားခဲ့ခြင်း ဖြစ်သည်။
"ချင်းနီယန်... မင်းက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ပါရမီရှင်နှစ်ယောက်ထဲက တစ်ယောက် မဟုတ်ဘူးလား..." ဟော်ယုဟောင် မမေးဘဲ မနေနိုင်ခဲ့ပေ။
ဂူချင်းနီယန်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည် "ဘာလို့လဲဆိုတော့ ငါက ဆေးရည်တစ်မျိုးကို စုပ်ယူခဲ့လို့ပဲ အဲဒါက ဆန်းကြယ်ရေဝိညာဉ်ဆေးတောင့်နဲ့ ဆင်တူတယ်လေ။"
ဆရာမ ကျိုးယီ ကြောင်အမ်းသွားခဲ့ရပြီး ဟော်ယုဟောင်သည်လည်း မှင်တက်သွားခဲ့ရသည်။ ဝမ်ဒေါင်က ယနေ့နံနက်ကတင် ဆန်းကြယ်ရေဝိညာဉ်ဆေးတောင့်က ဘာလဲဆိုတာကို သူ့ကို ပြောပြထားခဲ့ခြင်း ဖြစ်သော်လည်း ဂူချင်းနီယန်ကတော့ ထိုညမှာတင် အလားတူအရာမျိုးကို သုံးစွဲခဲ့ပြီး ဖြစ်နေခဲ့သည်။
ဘေးနားတွင် ရပ်နေသည့် ဆရာ ဖန်ယုသည်လည်း ဘာတွေဖြစ်ပျက်နေသည်ကို ရိပ်မိသွားခဲ့ပြီး ဂူချင်းနီယန်ထံသို့ ကြည့်လိုက်သည့် သူ၏အကြည့်က ပိုမို၍ နက်နဲလာခဲ့သည်။
ဒါက ဆရာမ ကျိုးယီကို ဝေခွဲမရ ဖြစ်သွားစေခဲ့သည်။ သူမ ဆရာ ဖန်ယု၏ မျက်နှာပေးကို ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်သည် "မင်းတို့နှစ်ယောက် မင်းတို့ရဲ့ ဝိညာဉ်စွမ်းရည်ကို သူ့ကို ထုတ်ပြလိုက်စမ်း"
ဟော်ယုဟောင် သူ၏ဝိညာဉ်စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ပြီး ဂူချင်းနီယန်သည်လည်း ထပ်မံ၍ ထုတ်ဖော်ပြသလိုက်သည်။
"ဟမ် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဝိညာဉ်စွမ်းရည် ရှိနေရတာလဲ ပြီးတော့ ဒီလောက်တောင် ဆင်တူနေတာလား ဒါပေမဲ့ အကျိုးသက်ရောက်မှုတွေကတော့ လုံးဝ ကွဲပြားနေတာပဲ" ဆရာ ဖန်ယု ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရပြီး ဆရာမ ကျိုးယီကို ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။
ဆရာမ ကျိုးယီက သူမ၏နဖူးကို ပွတ်သပ်လိုက်ပြီး အကျဥ်းချုံး ရှင်းပြလိုက်သည် "ဒါက ဝိညာဉ်ကနေ မျိုးဗီဇပြောင်းလဲသွားတာဖြစ်နိုင်တယ် အဲဒီ သိုင်းဝိညာဉ်နှစ်ခုက ဆင်တူနေတာ ဖြစ်လိမ့်မယ်။"
"ဟဲ့ချိုက်ထိုး... ဒီကို လာခဲ့စမ်း" ဆရာ ဖန်ယု အနောက်ဘက်ဆီသို့ လှမ်းအော်လိုက်သည်။
"ဟေး... လာပါပြီ" စကားသံ ဆုံးသည်နှင့်အမျှ ကြမ်းတမ်းခက်ထန်သော ပဲ့တင်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော လူမည်းရိပ်ကြီးတစ်ခုက လူတိုင်း၏အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ဂူချင်းနီယန် သူတို့ကို လှမ်းကြည့်လိုက်သည် တောက်ပနေတဲ့ ကတုံးခေါင်း အရပ် ၂ မီတာခန့် ရှိတဲ့ ကြွက်သားကြီးတွေနဲ့ လူတစ်ယောက်... တစ်ယောက်ထက်တစ်ယောက် ပိုပြီး ထူးဆန်းနေကြတာပဲ။ အကယ်၍ ဝိညာဉ်လက်နက်ပိုင်းကို အထူးပြုလေ့လာရင်... ကိုယ်လည်းပဲ ဒီလိုမျိုး ဖြစ်သွားမှာလား...
ဒါကို တွေးမိလိုက်သည့်အခါ ဂူချင်းနီယန်တစ်ယောက် ကြက်သီးမွေးညှင်းပင် ထသွားခဲ့ရသည်။
"သူတို့ကို ခေါ်သွားပြီး မင်းကို ကူညီခိုင်းလိုက်စမ်း" ဆရာ ဖန်ယုက ဟဲ့ချိုက်ထိုးကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ။" ဟဲ့ချိုက်ထိုး ဦးညွှတ်လျက် ပြန်လည်ဖြေကြားလိုက်သည်။
ထို့နောက် သူက ထိုလူငယ်နှစ်ဦးထံသို့ လှည့်လိုက်ပြီး တောက်ပသော အပြုံးတစ်ခုကို ပြသလျက် ပြောလိုက်သည် "ဟေး... လူငယ်တို့ ငါ့နာမည်က ဟဲ့ချိုက်ထိုးပါ။ လူတိုင်းက ငါ့ကို ချိုက်ထိုး လို့ပဲ ခေါ်ကြတယ် မင်းတို့လည်း အဲလိုပဲ ခေါ်လို့ရပါတယ်"
ဟော်ယုဟောင်ကတော့ ခင်မင်ရင်းနှီးသော အပြုံးတစ်ခုဖြင့် သဘာဝကျစွာ တုံ့ပြန်လိုက်သည် "မင်္ဂလာပါ အစ်ကိုဟဲ့ ကျွန်တော့်နာမည်က ဟော်ယုဟောင် ပါ။"
အို... ကောင်းလိုက်လေစွ။