အခန်း (၇) - အတန်းဖော်... ခပ်ပြုံးပြုံးလေး နေပါလား
ဟူလျဲ့နာနှင့် လီချန်အန်းတို့၏ နေ့လယ်စာ စားပွဲဝိုင်းမှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။ စီနီယာအစ်မ ဟူလျဲ့နာက လီချန်အန်းအား ကြက်ပေါင်ကျွေးရာ ‘ပင်လယ်ဘုရင်’ လီချန်အန်းကလည်း အရသာရှိဟန်ဆောင်ရင်း စီနီယာအစ်မကို စနောက်နေ၏။ ခေတ်သစ်ကမ္ဘာ၏ အတွေ့အကြုံများ ပါလာသူဖြစ်ရာ လီချန်အန်း၏ မိန်းကလေး ဆွဲဆောင်နိုင်စွမ်းမှာ အလွန်မြင့်မားလှသည်။ ဟူလင်နာ ပြောသမျှကို သူက အလိုက်သင့် ပြန်လည် တုံ့ပြန်နိုင်ရုံတင်မကဘဲ တစ်ဖက်လူကိုပါ ပျော်ရွှင်အောင် လုပ်ပေးနိုင်သည်။
ဥပမာအားဖြင့် အောက်ပါ စကားဝိုင်းကို ကြည့်ပါ -
“မောင်လေး၊ မင်းက တကယ်ပဲ ဝိညာဉ်လက်နက် နှစ်ခုပိုင်ရှင် လား?”
“ဟုတ်ကဲ့ စီနီယာအစ်မ၊ အစ်မရဲ့ ဝိညာဉ်လက်နက်ကကော ဘာလဲဟင်?”
“ငါ့ရဲ့ ဝိညာဉ်လက်နက်က သားရဲအမျိုးအစား မြေခွေး လေ”
“ဝါး... မြေခွေးလား၊ ကျွန်တော်က ငယ်ငယ်ကတည်းက မြေခွေးလေးတွေကို သဘောကျတာ။ စီနီယာအစ်မ ဝိညာဉ်လက်နက်ကို ကိုယ်ပွားပြုလုပ်ထားတဲ့ ပုံစံကို တကယ် မြင်ချင်မိတယ်”
“ဟားဟား... ကောင်းပါပြီ၊ မကြာခင်မှာ မင်း မြင်ရမှာပါ။ မင်းက ချောလည်းချောသလို ပါရမီလည်း ရှိတာဆိုတော့ ဆရာမကလည်း မင်းကို သေချာပေါက် သဘောကျမှာပဲ”
“ဘာလို့လဲ စီနီယာ၊ ကျွန်တော့်စိတ်ထဲမှာတော့ စီနီယာက အမြဲတမ်း အလှဆုံး စီနီယာအစ်မပါပဲ။ ဆရာမက ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ဆရာမဆိုတော့ ကျွန်တော်က ဆရာမနဲ့ စီနီယာအစ်မကို အမြဲတမ်း လေးစားသွားမှာပါ”
လီချန်အန်းသည် အထူးတလည် အားထုတ်စရာမလိုဘဲ ဟူလျဲ့နာ၏ ထူးချွန်မှုကို မြှင့်တင်ပေးလိုက်ရင်း သူမ၏ ဝိညာဉ်လက်နက်ကိုပါ သွယ်ဝိုက်သောနည်းဖြင့် ကလူလိုက်ခြင်း ဖြစ်သည်။ ပင်လယ်ဘုရင်အလုပ်ကို ငယ်ငယ်ကတည်းက စတင်ရပေမည်!
ဟူလျဲ့နာသည် စားသောက်ပြီးနောက် ကိစ္စရှိသဖြင့် လီချန်အန်းအား ကျောင်းဆင်းလျှင် သူမကို စောင့်ရန်နှင့် အတူတူ ဘီဘီတုန်းရှိရာ ဝူဟွန်းနန်းတော်သို့ သွားကြမည်ဖြစ်ကြောင်း မှာကြားကာ လမ်းခွဲသွားခဲ့သည်။ လီချန်အန်းသည် ကျောင်းဝင်းအတွင်း ဆက်လက်လည်ပတ်ရန် ပြင်ဆင်နေစဉ် မလှမ်းမကမ်း၌ ပိန်ပါးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ တစ်ဦးတည်း လမ်းလျှောက်နေသော ထိုသူမှာ ချန်ရန်ရွှဲ မှလွဲ၍ အခြားသူ မဟုတ်ပေ။
လီချန်အန်းသည် သူ၏ မျက်နှာလေးကို တစ်ချက်ပွတ်ကာ သက်ပြင်းချလိုက်မိသည်။ ကံတရားက လာပြီဆိုလျှင် တားမရပေ။ အကယ်၍ မနက်က ဘီဘီတုန်းကို မုန့်ပေးခဲ့သည်ကိုပါ ထည့်တွက်လျှင် သူသည် ယနေ့ တစ်ရက်တည်းမှာပင် မိန်းမလှလေး လေးဦးကို သွယ်ဝိုက်သောနည်းဖြင့် စနောက်ခဲ့ပြီး ဖြစ်သည်။ ယခု စတုတ္ထမြောက် တစ်ဦးမှာ သူ၏ ရှေ့တည့်တည့်တွင်ပင်။
“အတန်းဖော် ချန်ရန်ရွှဲ၊ မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ?” လီချန်အန်းက အပြေးအလွှား လိုက်သွားပြီး လူရင်းလို ဝင်မေးလိုက်သည်။
ချန်ရန်ရွှဲက လီချန်အန်းကို အေးစက်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ဆက်လျှောက်သွားသည်။ သူမ၏ အဆင့်အတန်းကို ကျောင်းတော်တွင် ဖုံးကွယ်ထားရခြင်းနှင့် ငယ်စဉ်ကတည်းက နေထိုင်ခဲ့ရသော ပတ်ဝန်းကျင်ကြောင့် သူမ၏ စိတ်နေစိတ်ထားမှာ ဤကဲ့သို့ အေးစက်နေခြင်း ဖြစ်သည်။ သူမသည် မည်သူနှင့်မျှ စကားမပြောချင်ဘဲ သူမ၏ အဘိုးဖြစ်သူ ရှေ့တွင်သာ သူမ၏ မူလစိတ်ရင်းကို ထုတ်ပြလေ့ရှိသည်။
လက်ရှိတွင် ချန်ရန်ရွှဲသည် ရုပ်ဖျက်လေ့ကျင့်မှုများ လုပ်ဆောင်နေသည်။ ထိုအမျိုးသမီး (ဘီဘီတုန်း) က သူမကို တီယန်ဒူး အင်ပါယာ၏ အိမ်ရှေ့မင်းသား ရွှယ်ချင်းဟဲ နေရာတွင် အစားထိုးရန် စီစဉ်နေသည်ဟု ကြားထားရသည်။ ချန်ရန်ရွှဲမှာ ဤအစီအစဉ်အပေါ် ကန့်ကွက်စရာ မရှိပါ။ ဤနေရာမှ ထွက်ခွာသွားရခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။
“ဟေး... အတန်းဖော် ချန်ရန်ရွှဲ၊ မင်းကလည်း ဒီလို မလုပ်သင့်ဘူးလေ။ ခပ်ပြုံးပြုံးလေး နေသင့်တာပေါ့” လီချန်အန်းက အရှက်မရှိဘဲ သူမဘေးမှ ကပ်လိုက်ရင်း လူကြီးလေးလို ပြောလိုက်သည်။
သူမ ဘာကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို သူ သိသော်လည်း အရှက်မရှိ စကားပြောရန်သာ သူ ရွေးချယ်ခဲ့သည်။ သူမက ဂရုမစိုက်လျှင်လည်း သူကတော့ ဆက်ပြောနေမည်ဖြစ်ရာ တစ်နေ့တွင် သူမ စကားပြန်ပြောလာမည်မှာ သေချာသည်။
“ဟင်း... ပျင်းစရာကောင်းလိုက်တာ!” ချန်ရန်ရွှဲ၏ အေးစက်ကြည်လင်သော အသံ ထွက်ပေါ်လာပြီး သူမက လီချန်အန်းကို ဘေးသို့ တွန်းထုတ်လိုက်သည်။ သူမ အားအများကြီး မစိုက်သော်လည်း သူမ၏ ဝိညာဉ်စွမ်းအားမှာ လက်ရှိ လီချန်အန်းနှင့် ယှဉ်လျှင် အပြတ်အသတ် သာလွန်နေသည်။
သို့သော် လီချန်အန်း၏ တုံ့ပြန်မှုမှာ ပို၍ပင် အရှက်မရှိလှပေ။ သူသည် ဝိညာဉ်လက်နက်ကို မထုတ်ဖော်ဘဲ သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ချန်ရန်ရွှဲ၏ တွန်းလိုက်သော ဘယ်လက်ကို ဖမ်းကိုင်လိုက်သည်။ ချန်ရန်ရွှဲ၏ အားကြောင့် သူ နောက်သို့ လွင့်မသွားဘဲ မြေကြီးတွင် အမြစ်တွယ်နေသော သစ်ပင်အိုကြီးကဲ့သို့ ခိုင်ခိုင်မာမာ ရပ်နေနိုင်ခဲ့သည်။ လီချန်အန်း၏ ခန္ဓာကိုယ် ခွန်အားမှာ စနစ်၏ အကူအညီဖြင့် ၉၀၀ နှစ် ဝိညာဉ်ကွင်းကို စုပ်ယူထားနိုင်သူ ဖြစ်ရာ ချန်ရန်ရွှဲ၏ သာမန်တွန်းရုံမျှဖြင့် မလှုပ်ရှားနိုင်ပေ။ ထို့ကြောင့် သူသည် ချန်ရန်ရွှဲ၏ လက်ကလေးကို ကိုင်ကြည့်ခွင့် ရသွားတော့သည်။
မပြောနဲ့ဦး... ဒီလက်ကလေးက တကယ်ကို ချောမွေ့နူးညံ့တာပဲ။ ဒီလိုလက်ကလေးက တခြားအရာတွေ လုပ်ရင် ဘယ်လိုခံစားရမလဲဆိုတာ... အဟမ်း...
“မင်း... လွှတ်စမ်း!” ချန်ရန်ရွှဲ မျက်နှာလေး နီမြန်းသွားကာ လီချန်အန်းကို ဒေါသတကြီး ကြည့်လိုက်သည်။ ဆန့်ကျင်ဘက်လိင်၏ ထိတွေ့မှုကို ပထမဆုံးအကြိမ် ခံရခြင်းဖြစ်ရာ သူမ အလွန် နေရခက်သွားသည်။ သို့သော် သူမ၏ လက်ကလေးကို ပြန်ရုပ်သိမ်းချင်သော်လည်း ဝိညာဉ်လက်နက်ကို မထုတ်မချင်း ဤကောင်လေး၏ ခွန်အားကို သူမ မယှဉ်နိုင်ကြောင်း သိလိုက်ရသဖြင့် အလျော့ပေးလိုက်ရတော့သည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ အတန်းဖော်လေး... နောင်ဆိုရင် ငါ စကားလာပြောရင် မင်း ပြန်ဖြေရမယ်နော်” လီချန်အန်းက သဘောထားကြီးဟန်ဖြင့် သူမလက်ကို လွှတ်ပေးလိုက်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
အမျိုးသမီး တစ်ဦးနှင့်တစ်ဦးအပေါ် မတူညီသော စိတ်နေစိတ်ထားနှင့် နည်းလမ်းများ သုံးရမည်မှာ ပင်လယ်ဘုရင်ကောင်းတစ်ဦး၏ ကျွမ်းကျင်မှုပင် ဖြစ်သည်။ ဥပမာ - ဘီဘီတုန်းအတွက်ဆိုလျှင် တိတ်တဆိတ် ဂရုစိုက်သည့်နည်း၊ ဟူလျဲ့နာအတွက်ဆိုလျှင် စနောက်ချီးကျူးသည့်နည်း၊ ချန်ရန်ရွှဲကဲ့သို့ စိတ်ထားရှိသူအတွက်မူ ဤကဲ့သို့သော နည်းလမ်းကို သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ငါ မင်းကို နောက်တစ်ခါ ထပ်မတွေ့ချင်တော့ဘူး!” ချန်ရန်ရွှဲ၏ မျက်နှာပေါ်မှ ရှက်၍နီမြန်းသောအရောင်များ မပျောက်သေးသော်လည်း သူမ၏ ဒေါသမှာ သေးသေးမွှားမွှား မဟုတ်ပေ။ သူမ လီချန်အန်းကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် အမြန် ထွက်ခွာသွားသည်။ ဤနေရာသို့ နောက်တစ်ခါ လမ်းလျှောက်ရန် လုံးဝ မလာတော့ဟု သူမ ဆုံးဖြတ်လိုက်လေတော့သည်။
နေ့လယ်ပိုင်း အတန်းကို စာသင်ခန်းအပြင်ဘက်တွင် ကျင်းပသည်။ လီချန်အန်းကို အံ့သြစေသည်မှာ အတန်းထဲတွင် ဆရာ ၁၁ ဦး ရှိနေပြီး အားလုံးမှာ မနိမ့်လှသော အဆင့်များတွင် ရှိနေခြင်းဖြစ်သည်။ ဟုတ်ပါသည်၊ ဤသည်မှာ ဝူဟွန်းကျောင်းတော် ထူးချွန်အတန်း၏ အခွင့်အရေးပင်။ လေ့ကျင့်ရေးအတန်းများတွင် တစ်ဦးချင်း သင်ကြားပေးလေ့ရှိပြီး ဆရာများအားလုံးမှာ အနည်းဆုံး ဝိညာဉ်ဧကရာဇ် ( ၆ ကွင်း) အဆင့်မှ စတင်ကြသည်။
ယနေ့ လီချန်အန်းကို သင်ကြားပေးမည့်သူမှာ အခြားသူမဟုတ်ဘဲ သူ၏ အတန်းပိုင်ဆရာမ ဆွေ့ယုံချင်း ပင် ဖြစ်သည်။
“ချန်အန်း၊ လာ... အရင် ထိုင်လိုက်ဦး” ဆွေ့ယုံချင်းက မျက်ခင်းပြင်ကို ညွှန်ပြကာ လေသံပျော့ပျော့ဖြင့် ပြောသည်။ ဤမျှ ချောမောချစ်စရာကောင်းသော ကလေးငယ်လေးအပေါ် ဒေါသထွက်ချင်လျှင်ပင် သူမ ဒေါသထွက်၍ မရပေ။
လီချန်အန်းက “ကျေးဇူးတင်ပါတယ် ဆရာမ” ဟု ယဉ်ကျေးစွာ ပြောကာ ခြေထောက်ချိတ်ထိုင်လိုက်သည်။ သူ၏ မျက်နှာလေးမှာ အလွန် ဖြူစင်ချစ်စရာကောင်းနေ၏။ သူ၏ ဤပုံစံကို မလှမ်းမကမ်းမှ ချန်ရန်ရွှဲ မြင်လိုက်ရသောအခါ သူမ စိတ်ထဲမှ ကြိတ်၍ ရယ်လိုက်မိသည်။ လွန်ခဲ့သော မိနစ်ပိုင်းက ဤကောင်လေးမှာ မည်မျှအရှက်မရှိသည့် လူရှုပ်လေးဖြစ်သည်ကို မည်သူက ထင်ထားမည်နည်း?
“ချန်အန်း၊ မင်းရဲ့ ဝိညာဉ်လက်နက်က နှစ်ခုဖြစ်တယ်၊ တစ်ခုက ပုဆိန်၊ တစ်ခုက ခေါင်းလောင်း။ ပုဆိန်က တိုက်ခိုက်ရေးအတွက်ဖြစ်ပြီး ခေါင်းလောင်းက ခုခံရေးအတွက်ပေါ့... ငါပြောတာ မှန်တယ်မလား?” ဆွေ့ယုံချင်းက မျက်ခင်းပေါ်တွင် သက်သောင့်သက်သာ ထိုင်ရင်း မေးလိုက်သည်။
လီချန်အန်း ခေါင်းညိတ်ပြသည်။ ငြင်းစရာမရှိပါ။ သူ နိုးထလာချိန်တွင် ဝိညာဉ်လက်နက် နှစ်ခုလုံးမှာ ပေါ်လာခဲ့ပြီးဖြစ်ရာ ဖုံးကွယ်ထားချင်လျှင်ပင် ဖုံးကွယ်၍ မရနိုင်ပေ။ အင်း... ပါရမီရှင်ဖြစ်ရတာလည်း စိတ်ညစ်စရာ ကောင်းလှပါဘိ။
“ဆရာမ အနေနဲ့ ပေးချင်တဲ့ အကြံဉာဏ်ကတော့ အရင်ဆုံး ပုဆိန်ကိုပဲ အဓိကထား လေ့ကျင့်ပါ။ မင်းရဲ့ နောက်ထပ် ဝိညာဉ်လက်နက်တစ်ခုကိုတော့ အခု လေ့ကျင့်ဖို့ ဆရာမ အကြံမပေးဘူး။ ဒါက ဝူဟွန်းနန်းတော် အရှင်သခင်မရဲ့ စီစဉ်မှုလည်း ဖြစ်တယ်”
“မင်း သိထားရမှာက နောင်တစ်ချိန်မှာ မင်းက ဘွဲ့အမည်ရှိဝိညာဉ် ဖြစ်လာခဲ့ရင် မင်းရဲ့ ခေါင်းလောင်းမှာ ဝိညာဉ်ကွင်းတွေ ထည့်တဲ့အခါ အနည်းဆုံး နှစ်တစ်သောင်း ဝိညာဉ်ကွင်းတွေကနေ စတင်နိုင်လိမ့်မယ်။ ဒါက မင်းရဲ့ အနာဂတ်အတွက် အများကြီး ပိုကောင်းလိမ့်မယ်” ဆွေ့ယုံချင်းက အလွန်ရိုးသားစွာ အကြံပေးလိုက်ခြင်း ဖြစ်သည်။ ဤအကြံမှာ ဝိညာဉ်လက်နက် နှစ်ခုပိုင်ရှင်များအတွက် အသင့်တော်ဆုံး နည်းလမ်းလည်း ဖြစ်သည်။
လီချန်အန်းသည် ထိုစကားကို ကြားသောအခါ အံ့သြဘနန်း သဘောပေါက်သွားဟန် ဖော်ပြလိုက်ရင်း ဆွေ့ယုံချင်းအား အကြံပေးမှုအတွက် အထပ်ထပ် ကျေးဇူးတင်လိုက်သည်။ အမှန်တော့ သူ ယခု ဝိညာဉ်ကွင်း ထည့်ထားလျှင်ပင် နောင်တွင် ထိုကွင်းများကို အဆင့်မြှင့်တင်နိုင်သည်ဟု သူ ထုတ်မပြောနိုင်ပေ။ ထို့ကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်ရလေတော့သည်။