အခန်း (၅၀) - မင်းရော ဟုန်မိသားစု ကုန်သည်အသင်းကိုပါ လိုချင်တယ်!
ကံကောင်းထောက်မစွာဖြင့် လီချန်အန်းသည် အခြေအနေ အဆိုးအကောင်းကို ချင့်ချိန်တတ်သေးသည်။ သည်လို အခြေအနေမျိုးတွင် သူသည် အမျိုးသမီးငယ် ပိုင်ရွှယ်နှင့် ပတ်သက်ရှုပ်ထွေးနေ၍ မဖြစ်သေးပေ။ အနည်းဆုံးတော့ ယခုအချိန်သည် မသင့်တော်သေးဟု ပြောရမည်။
“သခင်မလေး... အားနာစရာမလိုပါဘူး၊ ကျွန်တော် သည်တာဝန်ကို လက်ခံထားကတည်းက မင်းကို အကာအကွယ်ပေးဖို့က ကျွန်တော့်တာဝန်ပဲလေ”
လီချန်အန်းသည် ဖြောင့်မတ်တည်ကြည်သော လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပိုင်ရွှယ်ကို အသာအယာ တွန်းဖယ်လိုက်ရင်း စာနာစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကျွန်မကို ကူညီတဲ့အနေနဲ့ အဖိုးယန်ကို ဖမ်းဆီးထိန်းသိမ်းပေးပါဦးရှင်။ အနည်းဆုံးတော့ သူ ဝိညာဉ်စွမ်းအား ပြန်မရလာအောင်ပေါ့။ တီယန်ဒူးမြို့တော်ကို ရောက်တဲ့အခါကျရင်တော့ ကျွန်မက သခင်လေးကို အထူးပဲ ကျေးဇူးဆပ်ပါ့မယ်ရှင်”
ပိုင်ရွှယ်သည် သူမ၏ ဆွဲဆောင်မှုပြင်းလှသော အမူအရာကို ပြန်လည်ဖော်ဆောင်လိုက်ရင်း လီချန်အန်းအား မျက်စပစ်ပြလိုက်သည်။
လီချန်အန်းက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏တောင်းဆိုချက်ကို ငြင်းပယ်ခြင်းမရှိပေ။ အဆုံးတွင်တော့ အဆိပ်မိနေသည့် ဝိညာဉ်သူတော်စင်တစ်ဦးကို ကိုင်တွယ်ရသည်မှာ သူ့အတွက် မခက်ခဲလှပေ။ လီချန်အန်းသည် မြေပြင်ပေါ်တွင် ထိုင်နေသည့် အဖိုးယန်ထံသို့ လျှောက်လှမ်းသွားပြီး သူ၏လက်တွင် ဝိညာဉ်စွမ်းအားများကို သယ်ဆောင်ကာ အဖိုးယန်၏ ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးသော အချက်အချို့ကို မြန်ဆန်စွာ ပိတ်ဆို့လိုက်သည်။
ထို့နောက် လီချန်အန်းသည် ပိုင်ရွှယ်ကို ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်မှာလည်း အားနည်းနေဆဲဖြစ်သည်ကို မြင်ရသဖြင့် သာမန်ကာလျှံကာပင် ပြောလိုက်သည်။
“သခင်မလေး... အဆိပ်ရှိန် မကုန်မချင်း ကျွန်တော်တို့ သည်နေရာမှာ ခေတ္တနားနေကြရင် ဘယ်လိုလဲဗျာ၊ အဆိပ်ပြယ်မှ ခရီးဆက်ကြတာပေါ့”
“အဲဒါ တကယ့်ကို ကောင်းတာပေါ့ရှင်။ ဒါနဲ့ သခင်လေးအနေနဲ့ ကျွန်မကို ရထားလုံးပေါ်အထိ တွဲပေးပါဦးလား။ ကျွန်မရဲ့ ခန္ဓာကိုယ်က အားမရှိတော့လို့ လမ်းမလျှောက်နိုင်တော့ဘူး” ပိုင်ရွှယ်က သူမ၏ ဖြူဖွေးနုနယ်သော လက်ဖဝါးလေးကို ဆန့်ထုတ်ကာ နွဲ့ဆိုးဆိုးလေး တောင်းဆိုလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ရှိုးထောင် ခတ်ခဲ့သည့် အဆိပ်မှာ ဝိညာဉ်ဆရာများကိုသာ အဓိက ဦးတည်ထားခြင်း ဖြစ်သည်။ မဟုတ်ပါက ပိုင်ရွှယ်ကဲ့သို့ သာမန်လူတစ်ဦးမှာ စောစောကတည်းက အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။
“ရပါတယ်ဗျာ”
လီချန်အန်းသည် ပိုင်ရွှယ်၏ အနားသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားပြီးနောက် သူမကို အသာအယာ တွဲပေးလိုက်သည်။ မည်သည့် အခွင့်အရေးမျှ ယူခြင်းမရှိဘဲ တစ်ဖက်လူကို ရထားလုံးဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သို့သော် ရထားလုံးပေါ်သို့ တက်သည့်အချိန်တွင် အနည်းငယ် ခက်ခဲသွားရသည်။ အကြောင်းမှာ ပိုင်ရွှယ်သည် ရထားလုံးပေါ်တက်ရန် ခြေလှမ်းလှမ်းဖို့ပင် အားမရှိတော့သောကြောင့် ဖြစ်သည်။ လီချန်အန်းသည် အားနာပါသည်ဟု ဆိုကာ ပိုင်ရွှယ်၏ စွဲမက်ဖွယ် တင်ပါးအိအိကို ပင့်မ၍ ရထားလုံးပေါ်သို့ တင်ပေးလိုက်ရသည်။
ပိုင်ရွှယ်၏ ရထားလုံးထဲသို့ ရောက်ရှိသွားချိန်မှသာ လီချန်အန်းသည် သည်ရထားလုံးမှာ မည်မျှအထိ ခမ်းနားထည်ဝါကြောင်း သိလိုက်ရသည်။ အတွင်းပိုင်း အလှဆင်မှုများမှာ ပန်းရောင်ဖျော့ဖျော့ ဖြစ်ပြီး ထိုင်ခုံများအားလုံးမှာ နူးညံ့လှသည့် သားရဲသားရေမွေ့ရာများ ဖြစ်ကြသည်။ ပြတင်းပေါက်များမှာမူ ဈေးကွက်ထဲတွင် အကြည်လင်ဆုံးနှင့် အကြံ့ခိုင်ဆုံးဖြစ်သည့် ဖန်သားပြင်များဖြင့် တပ်ဆင်ထားသည်။
ရထားလုံးထဲသို့ ရောက်သည်နှင့် ပိုင်ရွှယ်သည် လီချန်အန်းကို ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး - “ကျွန်မမှာ မျက်စိရှိပါလျက်နဲ့ ထိုက်ရှန်တောင်ကို မမြင်မိတဲ့အတွက် သန့်ရှင်းသောသားတော် ရောက်လာတာကို မသိခဲ့ပါဘူးရှင်။ သခင်ကြီးအနေနဲ့ အပြစ်က လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
သိသာသည်မှာ လီချန်အန်းက သူ၏ ဝိညာဉ်ကွင်းများကို ထုတ်ဖော်ပြသလိုက်စဉ်ကတည်းက ပိုင်ရွှယ်သည် သူ၏ မပြည့်စုံသော အထောက်အထားကို ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမသည် ချက်ချင်း ထုတ်မပြောခဲ့ဘဲ လီချန်အန်း ရထားလုံးထဲသို့ ရောက်ရှိလာသည့် အချိန်ကျမှသာ ထုတ်ပြောခြင်းဖြစ်သည်။ ဒါသည် သူမတွင် ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် အတ္တတစ်ခု ရှိနေကြောင်း ထင်ရှားလှသည်။
“မင်းက တကယ့်ကို ဉာဏ်ကောင်းပြီး အရမ်း သတိဝီရိယရှိတာပဲ။ ကဲ... ပြောစမ်းပါဦး၊ ငါ့ဆီက ဘာလိုချင်လို့လဲ” လီချန်အန်းသည်လည်း ဖုံးကွယ်မနေတော့ဘဲ သူ၏ခန္ဓာကိုယ်ကို အနေအထားပြင်ကာ လက်ပိုက်၍ မေးလိုက်သည်။
“ကျွန်မက သန့်ရှင်းသောသားတော် သခင်လေးနဲ့ ကျွန်မရဲ့ နောက်ခံအင်အားအဖြစ် ရပ်တည်ပေးပြီး ဟုန်မိသားစု ကုန်သည်အသင်းကို အကြွင်းမဲ့ ချုပ်ကိုင်နိုင်ဖို့ ကူညီပေးစေချင်တာပါ။ အဲဒီအချိန်ကျရင် ကျွန်မရဲ့ ခန္ဓာကိုယ်က သခင်လေးရဲ့ တောင်းဆိုချက်မှန်သမျှကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲရှင်”
ပိုင်ရွှယ်က ပြောရင်းဖြင့် တစ်ဖန် ပြန်လည် ညို့ဓာတ်ကျွေးလာပြန်သည်။ သူမသည် မိမိ၏ အားသာချက်ကို မည်သို့ အသုံးချရမည်ကို ကောင်းစွာသိသည့် အမျိုးသမီးတစ်ဦးပင်။
“တောင်းဆိုချက် မှန်သမျှ ဟုတ်လား”
လီချန်အန်းသည် ပိုင်ရွှယ်ကို ကြည့်ရင်း စောစောက သူမ မိမိကို ဖက်ထားသည့် မြင်ကွင်းကို မလွဲမသွေ သတိရသွားမိသည်။ သူ၏ နှလုံးသားမှာ ပူနွေးသွားသော်လည်း စကားတစ်ခွန်းမျှ ထုတ်မပြောခဲ့ပေ။ ရုပ်ရည်တစ်ခုတည်းနှင့် တိုင်းတာမည်ဆိုလျှင် ပိုင်ရွှယ်သည် ဟူလျဲ့နာတို့ထက်ပင် သာလွန်နိုင်စွမ်း ရှိသည်။ သို့သော် လီချန်အန်း အနှစ်သက်ဆုံးအရာမှာ သူမ၏ ရုပ်ရည်မဟုတ်ဘဲ ဉာဏ်ပညာ ဖြစ်သည်။
“ငါ နားထောင်ကြည့်ချင်ပါသေးတယ်။ မင်း ဟုန်မိသားစု ကုန်သည်အသင်းကို ဘယ်လို ချုပ်ကိုင်ဖို့ စီစဉ်ထားလဲဆိုတာကိုပေါ့” လီချန်အန်းက အလျင်စလိုမရှိဘဲ ပြောလိုက်သည်။
ပိုင်ရွှယ်သည် စိတ်ထဲတွင် လီချန်အန်းကို တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ ဒီလူက အမိုက်စား အစာချပြတာကို တန်းမဟပ်ပါလား။ ဒီအမျိုးသားက ရုပ်ရည်ချောမောပြီး အစွမ်းထက်ရုံတင်မကဘဲ တကယ့်ကို အကွက်မြင်လှသည်။
“အမှန်တော့ သန့်ရှင်းသောသားတော် သခင်လေးရှင်... ကျွန်မ ဒီနေရာကို လုယူဖို့ ကြိုးစားနေရတဲ့ အကြောင်းရင်းက ကျွန်မဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟုန်မိသားစု ကုန်သည်အသင်း သခင်လေးရဲ့ တရားဝင် ဇနီးဖြစ်နေလို့ပါပဲ။ ပြီးတော့ ကျွန်မရဲ့ ခင်ပွန်းမှာ ဒုတိယအဆောင်လည်း ရှိပါသေးတယ်၊ အဲဒါကတော့ ရှောင်ဟွမ်းတို့ ပြောနေတဲ့ ဒုတိယသခင်မကြီးပေါ့”
“ဟုန်မိသားစု ကုန်သည်အသင်းရဲ့ တိုက်ရိုက်မျိုးရိုးက အမြဲတမ်း တစ်ဦးတည်းသော သားသမီးပဲ ရှိခဲ့တာပါ။ ကျွန်မခင်ပွန်း လက်ထက်အထိလည်း သည်အတိုင်းပါပဲ။ ရယ်စရာကောင်းတာက ကျွန်မခင်ပွန်းရဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိနေတဲ့အတွက် ကျွန်မတို့မှာ ကလေး မထွန်းကားခဲ့ပါဘူး”
ပိုင်ရွှယ်ကဲ့သို့ စရိုက်မျိုးရှိသည့် အမျိုးသမီးပင်လျှင် သည်အချက်ကို ပြောသည့်အခါ မျက်နှာလေး နီမြန်းသွားရရှာသည်။
လီချန်အန်း ထိုအခါမှ သဘောပေါက်သွားတော့သည်။ မထူးဆန်းတော့ပါ၊ ဟုန်မိသားစု ကုန်သည်အသင်းတွင် ပထမအဆောင်နှင့် ဒုတိယအဆောင်တို့ အာဏာလုနေကြပြီး ဒုတိယသခင်ကြီးကလည်း အာဏာသိမ်းရန် ကြိုးစားနေခြင်းမှာ ပူးပေါင်းဆက်ခံမည့်သူ မရှိခြင်းကြောင့် ဖြစ်သည်။ သို့သော် တစ်ဖက်က ပြန်ကြည့်လျှင် ပိုင်ရွှယ်မှာ မုဆိုးမတစ်ဦး ဖြစ်နေသည်။ အင်း... မုဆိုးမလေးပေါ့...
“ကျွန်မရဲ့ အစီအစဉ်ကတော့... အခု ကျွန်မလက်ထဲမှာ အဖိုးယန်နဲ့ ရှောင်ဟွမ်း ရှိနေပြီ။ ကျွန်မ သူတို့ကို သုံးပြီး ဒုတိယအဆောင်ကို တိုက်ရိုက် စွပ်စွဲအပြစ်တင်လို့ရတယ်။ အဖိုးယန်က ဝိညာဉ်သူတော်စင် တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ သက်သေထွက်ဆိုချက်က အတော်လေး ထိရောက်မှု ရှိပါလိမ့်မယ်။ ဒါဆိုရင် ဒုတိယအဆောင်က ကျွန်မနဲ့ အာဏာလုဖို့ အရည်အချင်း မရှိတော့ဘူးပေါ့”
“ပြီးတော့ အခု ကျွန်မလက်ထဲမှာ ရဲ့မိသားစု ကုန်သည်အသင်းရဲ့ လူသတ်သမား အလောင်းတွေ ရှိနေတယ်။ ရဲ့မိသားစုဘက်က ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ... ကျွန်မကတော့ ကျွန်မရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် ရဲ့မိသားစု ကုန်သည်အသင်းကို တစ်ခါတည်း အကွက်ချ နှိပ်ကွပ်ပစ်မှာပါ!”
“ဒုတိယသခင်ကြီးကတော့ မူလကတည်းက ဘေးထွက်မျိုးရိုးပဲ။ ပြီးတော့ ကျွန်မက ရဲ့မိသားစု ကုန်သည်အသင်းရဲ့ ဘေးမှာ ရပ်တည်နေတာ ဖြစ်တဲ့အတွက် သူကတော့ ကျွန်မနဲ့ အာဏာလုဖို့ အရည်အချင်း လုံးဝမရှိတော့ပါဘူး!”
ပိုင်ရွှယ်၏ အတွေးအမြင်မှာ ယနေ့အတွက် အလွန် ရှင်းလင်းပြတ်သားသည်ဟု ပြောနိုင်သည်။ မူလက သူမအတွက် အန္တရာယ်ရှိသည့် ထောင်ချောက်တစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ သူမ၏ လက်ထဲတွင် အသာစီးရကာ ပြန်လည်အနိုင်ယူနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သွားခဲ့သည်။ ယခု သူမအတွက် လိုအပ်နေသည်မှာ အန္တရာယ်များကို မကြောက်ရွံ့ဘဲ ရပ်တည်ပေးနိုင်မည့် ခိုင်မာသော နောက်ခံအင်အားတစ်ခုသာ ဖြစ်သည်။ ခိုင်မာလှသည့် နောက်ခံအင်အားတစ်ခုပင်!
လီချန်အန်းသည် နားထောင်ပြီးနောက် ခေါင်းကို အနည်းငယ် မော့ကာ - “ကောင်းပြီ... ငါ မင်းကို ကျောထောက်နောက်ခံ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း တောင်းဆိုချက်တစ်ခု ရှိတယ်။ ငါ မင်းကို လိုချင်တယ်။ ပြီးတော့ ဟုန်မိသားစု ကုန်သည်အသင်းကလည်း ငါ့အပိုင် ဖြစ်ရမယ်။ သတိထားပါ... ငါ့အပိုင်လို့ ပြောတာနော်၊ ဝူဟွန်းနန်းတော်ရဲ့ အပိုင် မဟုတ်ဘူး!”
“ဟင်း... သခင်လေး ပြောတာကလည်း အရမ်း ရက်စက်လွန်းတာပဲရှင်။ ကျွန်မကိုယ်ကျွန်မ သခင်ကြီးထံ အပ်နှံနိုင်သလို၊ ကုန်သည်အသင်းရဲ့ နှစ်စဉ် အမြတ်ဝေစုကိုလည်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီလောက် ပင်ပင်ပန်းပန်း ကြိုးစားပြီး ဟုန်မိသားစု ကုန်သည်အသင်းကို ချုပ်ကိုင်ခဲ့တာကို သခင်လေးအတွက် မင်္ဂလာဝတ်စုံ သက်သက်ပဲ လုပ်ပေးရမယ်ဆိုရင်တော့... ကျွန်မ မလုပ်နိုင်ပါဘူးရှင်” ပိုင်ရွှယ်က ခေါင်းကို ခါယမ်းကာ ပြုံး၍ ငြင်းပယ်လိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ မင်းရဲ့ အခွင့်အာဏာတွေကို လုယူမှာ မဟုတ်ပါဘူး။ မင်းက ဟုန်မိသားစု ကုန်သည်အသင်းမှာ ငါ့ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်လာမှာဖြစ်ပြီး ငါကလွဲရင် အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ်!”
“ဒါ့အပြင် ငါ မင်းကို အာမခံချက်တစ်ခု ပေးနိုင်တာက... ဟုန်မိသားစု ကုန်သည်အသင်းကို ကုန်းမြေတိုက်ကြီးရဲ့ ထိပ်သီးကုန်သည်အသင်းကြီး သုံးခုစာရင်းထဲ ဝင်အောင် ငါ လုပ်ပေးမယ်။ အဲဒီအချိန်ကျရင်လည်း ဦးဆောင်သူက မင်းပဲ ဖြစ်နေဦးမှာပဲ၊ ဘယ်လိုလဲ”
လီချန်အန်းသည် သူ၏ အကွက်ကောင်းကို တိုက်ရိုက် ချပြလိုက်သည်။ သူသည် စီးပွားရေးလောကတွင် ကိုယ်စားလှယ်တစ်ဦးကို အမြဲတမ်း ရှာဖွေနေခဲ့ခြင်းဖြစ်ရာ ပိုင်ရွှယ်မှာ အဖက်ဖက်က သင့်တော်လွန်းလှသည်။
“ဟုန်မိသားစု ကုန်သည်အသင်းကို ထိပ်သီး သုံးခုစာရင်းထဲ ဝင်အောင် လုပ်ပေးနိုင်မယ့် အရာက ဘာလဲရှင်!” ပိုင်ရွှယ်၏ အာရုံအားလုံးမှာ ထိုအချက်ပေါ်သို့ ရောက်ရှိသွားပြီး သူမ အစွဲလမ်းဆုံး အရာလည်း ဖြစ်သည်။
“သံအရည်ကျို နည်းပညာ... ငါ မင်းကို လောလောဆယ် ဈေးကွက်ထဲမှာ ရှိနေတဲ့ သံအရည်ကျို နည်းပညာထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြင့်မားတဲ့ နောက်ဆုံးပေါ် နည်းပညာကို ပေးမယ်။ နောက်တစ်ခုကတော့ အသစ်ထွက်ရှိလာတဲ့ ဘိလပ်မြေ နည်းပညာပဲ။ အဲဒီအချိန်ကျရင် ဟုန်မိသားစု ကုန်သည်အသင်းဟာ သုံးနှစ်တိုင်တိုင် ဘိလပ်မြေကို တစ်ဦးတည်း အပိုင်ရောင်းချခွင့် ရလိမ့်မယ်! ဒါကို ငါ့ရဲ့ သန့်ရှင်းသောသားတော် ရာထူးအရှိန်အဝါနဲ့ အာမခံတယ်!”
လီချန်အန်းက လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းကို ထောင်ပြကာ တည်ငြိမ်ပြီး လေးနက်သော လေသံဖြင့် သူ၏ အကွက်ကောင်းကို ချပြလိုက်တော့သည်။
“သဘောတူတယ်!”
ပိုင်ရွှယ်သည် ထိုအရာနှစ်ခုကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်တော့သည်။ ဘိလပ်မြေသည် လီမိသားစု ကုန်သည်အသင်း၏ တစ်ဦးတည်းပိုင် အရာဖြစ်ကြောင်း သူမ ကြားဖူးရုံတင်မကဘဲ နောင်အနာဂတ်တွင် မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရမည်ကိုလည်း သူမ ကောင်းစွာ သိရှိထားသည်။ ဟုန်မိသားစု ကုန်သည်အသင်းအနေဖြင့် ထိုတစ်ဦးတည်းပိုင် ရောင်းချခွင့်ကို ရရှိလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ၊ ၎င်းမှာ သုံးနှစ်တိုင်တိုင်ပင် ဖြစ်သည်။
သံအရည်ကျို နည်းပညာနှင့် ပတ်သက်၍လည်း လီချန်အန်း၏ ရာထူးအရှိန်အဝါအရ သူမကို လိမ်ညာမည်မဟုတ်ကြောင်း သူမ ယုံကြည်သည်။ ထို့ကြောင့် ပိုင်ရွှယ်သည် မဆိုင်းမတွပင် သဘောတူရန် ရွေးချယ်လိုက်တော့သည်။ လူတိုင်းတွင် မိမိတို့ ဝါသနာပါရာ အသီးသီး ရှိကြစမြဲဖြစ်ရာ... စီးပွားရေးလုပ်ငန်းသည် သူမ၏ ဝါသနာပင် ဖြစ်တော့သည်။