အခန်း (၅) - ကျောင်းစတက်ပြီ! ! !
ဝိညာဉ်လက်နက်နိုးထခြင်းရဲ့ နောက်တစ်နေ့။
ယနေ့သည် ဝူဟွန်းနန်းတော်ကျောင်းတော်မှ ကျောင်းသားသစ်များ စတင်လက်ခံသည့်နေ့ ဖြစ်သည်။ မနေ့က ဝိညာဉ်လက်နက်နိုးထခြင်းတွင် ရွေးချယ်ခံရသည့် ကလေးငယ်များနှင့် အခြားမြို့ကြီးများမှ ကြိုတင်စာရင်းပေးထားသော ကလေးငယ်များအားလုံးသည် တိုက်ကြီး၏ နံပါတ်တစ် ဝူဟွန်းစွမ်းအားရှင် ကျောင်းတော်ကြီးတွင် ပညာသင်ကြားရန် ယနေ့၌ ကျောင်းလာတက်ကြရမည် ဖြစ်သည်။
ဝူဟွန်းနန်းတော်ကျောင်းတော်ကို ဝူဟွန်းမြို့တော်တွင် အကြီးဆုံး အဆောက်အအုံဟု ဆိုနိုင်သော်လည်း ၎င်းသည် မြို့လယ်တွင် တည်ရှိသည်မဟုတ်ဘဲ နန်းတော်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ကျောင်းတော်၏ ဗိသုကာလက်ရာမှာ မှူးမတ်ဆန်သော ဟန်ပန်ကို အခြေခံထားပြီး စာသင်ဆောင်တိုင်းသည် သပ်ရပ်လှပရုံတင်မကဘဲ သစ်ပင်ပန်းမန် စိမ်းလန်းစိုပြည်မှုမှာလည်း အလွန်ပင် ကောင်းမွန်လှ၏။
ထို့ပြင် ကျောင်းတော်၏ သင်ကြားရေး ပတ်ဝန်းကျင်မှာလည်း အလွန်ထူးခြားသည်။ ဝိညာဉ်အမျိုးအစား အားလုံးအတွက် လိုက်လျောညီထွေဖြစ်စေမည့် ကျင့်ကြံရေး ပတ်ဝန်းကျင်များကို ဤနေရာတွင် ရှာဖွေနိုင်ပြီး ဆရာများအားလုံးမှာလည်း ဝူဟွန်းနန်းတော်မှ အစွမ်းထက်သူများ ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် ဘွဲ့အမည်ရဝိညာဉ်ပဆင့်ရှိ ဆရာကြီးများပင် လာရောက်ပို့ချတတ်ကြသေးသည်။
လီချန်အန်းသည် ယနေ့တွင် ကျောင်းသို့ တစ်ကိုယ်တည်း လာရောက်သတင်းပို့ခြင်း ဖြစ်သည်။ ပေ ၅၀ ခန့် မြင့်မားသော ခန့်ညားထည်ဝါသည့် ကျောင်းတံခါးကြီးကို ကြည့်ရင်း လီချန်အန်း၏ ရင်ထဲတွင် ဂုဏ်ယူမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဤနေရာသည် သူ မိန်းကလေးများကို စတင် 'ပွေ' ရမည့် နေရာပင် ဖြစ်တော့သည်။
ကျောင်းတံခါးဝရှိ ဝန်ထမ်းကို ကျောင်းသားကတ် ပြလိုက်သည်နှင့် ဝန်ထမ်း၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ဤကတ်ပြားသည် ဝူဟွန်းနန်းတော် ကျောင်းသားတစ်ဦးဖြစ်ကြောင်း ဖော်ပြရုံတင်မကဘဲ ဤကျောင်းသားမှာ 'အထူးတန်း' မှ ဖြစ်ကြောင်းလည်း ဖော်ပြနေသည်။ အထူးတန်းဆိုသည်မှာ ကျောင်းတော်၏ အထူးချွန်ဆုံး အတန်းဖြစ်ပြီး ကျောင်းသား ဆယ်ဂဏန်းခန့်သာ ရှိသည်။ အသက်ခြောက်နှစ်အရွယ်နှင့် ဤအတန်းထဲသို့ တိုက်ရိုက်ဝင်ခွင့်ရသူဆိုလျှင် ပုပ်ရဟန်းမင်းကြီး၏ တိုက်ရိုက်တပည့်မှလွဲ၍ သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ထိုဝန်ထမ်းသည် မနေ့က ဝိညာဉ်လက်နက်နိုးထစဉ်က ထွက်ပေါ်ခဲ့သော ကောလာဟလများကို ချက်ချင်း သတိရသွားသည်။ ချစ်စဖွယ်ကောင်းပြီး ရုပ်ချောသော ကလေးငယ်ကို ကြည့်ကာ ဝန်ထမ်းက အခြေအနေကို နားလည်သွားပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
"ညီလေး... လာ၊ အစ်ကို မင်းရဲ့ အတန်းဆီကို လိုက်ပို့ပေးမယ်"
လီချန်အန်းကလည်း ပြုံးလျက် ခေါင်းညိတ်ကာ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ဟု ချိုချိုသာသာ ပြောဆိုပြီးနောက် နောက်က လိုက်သွားခဲ့သည်။ ကျောင်းဝန်းထဲသို့ ခြေချလိုက်သည်နှင့် အပြင်ဘက်ထက် ပိုမိုအားကောင်းသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရပြီး သပ်ရပ်သော သစ်ပင်တန်းများက စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
အရှေ့တွင် ဧရာမ ရင်ပြင်ကြီးတစ်ခုကို တွေ့ရပြီး ထိုနေရာတွင် ပေ ၅၀ ခန့် မြင့်မားသော ကောင်းကင်တမန် ရုပ်ထု တစ်ခု ရှိသည်။ ရုပ်ထုရှေ့တွင် ဧရာမ ရေပန်းကြီးတစ်ခုရှိပြီး ထိုရုပ်ထုကို ဗဟိုပြု၍ ဘေးဝဲယာတွင် အဆောက်အအုံများစွာ ရှိနေသည်။
"ဘယ်ဘက်ကတော့ ကျောင်းရဲ့ စာသင်ဆောင်တွေရှိတဲ့ နေရာပေါ့၊ အဲ့ဒီမှာ အတန်းအသီးသီးအပြင် ကျင့်ကြံရေးနေရာတွေနဲ့ ဝိညာဉ်လက်နက်လေ့ကျင့်ရေးကွင်းတွေ ရှိတယ်။ ညာဘက်ကတော့ အဆောင်တွေ၊ ထမင်းစားဆောင်တွေနဲ့ တခြားဈေးဆိုင်တန်းတွေ ရှိတဲ့ နေရာပေါ့"
ထိုသူ၏ ရှင်းပြချက်ကြောင့် လီချန်အန်းသည် ကျောင်းတော်အကြောင်းကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ ဝူဟွန်းနန်းတော်ကျောင်းတော်သည် ပတ်ဝန်းကျင်ရော၊ အပြင်အဆင်ပါ အလွန်ပင် ကျေနပ်ဖွယ်ကောင်းလှပြီး ဝိညာဉ်စွမ်းအားရှင်တစ်ဦးအတွက်တော့ စိတ်ကူးယဉ် အိမ်မက်နန်းတော်တစ်ခုပင် ဖြစ်ပေသည်။
ဝန်ထမ်းသည် လီချန်အန်းကို သုံးထပ်စာသင်ဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ပထမထပ်ရှိ အတန်းကြီးတစ်ခု၏ တံခါးကို ခေါက်လိုက်သည်။ ခဏအကြာတွင် အသက် ၃၀ ခန့်ရှိသော ချောမောသည့် အမျိုးသမီး ဆရာမတစ်ဦး ထွက်လာခဲ့သည်။ ထိုဆရာမ၏ အရှိန်အဝါမှာလည်း အတော်လေး အားကောင်းလှပေသည်။
ဝန်ထမ်းက လီချန်အန်း၏ အကြောင်းကို ရိုသေစွာ တင်ပြလိုက်ရာ ဆရာမမှာ လီချန်အန်းကို အံ့သြစွာ ကြည့်လာသည်။ ထို့နောက် ဤကလေးငယ်၏ ရုပ်ရည်ကို မြင်တွေ့လိုက်ရသည့်အခါ သူမ ပို၍ အံ့သြသွားရသည်။ ဤမျှ ချစ်စဖွယ်ကောင်းသော ကလေးမျိုး သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ လီချန်အန်းက အခွင့်အရေးကို အသုံးချကာ နူးညံ့စွာ ပြုံးပြလိုက်ရာ ဆရာမမှာလည်း လိုက်လျောညီထွေ ပြုံးပြမိသွားသည်။
"ကောင်းပြီ... မင်း ပြန်လို့ရပါပြီ၊ သူ့ကို ငါပဲ အတန်းထဲ ခေါ်သွားလိုက်မယ်" ဟု ဆရာမက ဝန်ထမ်းကို ပြောလိုက်သည်။
ဝန်ထမ်းကလည်း အရိုအသေပြုကာ လီချန်အန်းကို ပြုံးပြနှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။ ဤကလေးသည် နောင်တစ်ချိန်တွင် သူ လိုက်မမှီနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည့်သူဖြစ်ကြောင်း သူ သိနေသည်။
ဆရာမက လီချန်အန်းကို ပြုံးလျက် ကြည့်ကာ ထိုင်ချလိုက်ပြီး ပြောသည်။
"မင်္ဂလာပါ၊ ငါက ဒီအထူးတန်းရဲ့ အတန်းပိုင်ဆရာမပါ။ နာမည်ကတော့ ဆွေ့ယုံချင်း ပါ၊ ဆရာမ ဆွေ့ လို့ပဲ ခေါ်နိုင်ပါတယ်"
"မင်္ဂလာပါ ဆရာမ ဆွေ့၊ ကျွန်တော့်နာမည်က လီချန်အန်းပါ၊ ချန်အန်းမြို့တော်ရဲ့ ချန်အန်းပါပဲ" ဟု လီချန်အန်းက ထုံးစံအတိုင်း မိတ်ဆက်လိုက်သည်။
"လီချန်အန်း... အင်း၊ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ပဲ။ ကဲ... လာ၊ အတန်းထဲကို အတူတူ ဝင်ရအောင်"
ဆွေ့ယုံချင်းက ရှေ့ကနေ ဝင်သွားပြီး လီချန်အန်းကို နောက်ကလိုက်ရန် လက်ဟန်ပြလိုက်သည်။
အတန်းထဲ ရောက်သည်နှင့် လီချန်အန်းက တစ်တန်းလုံးကို ခြုံငုံကြည့်လိုက်သည်။ အတန်းက ကျယ်သော်လည်း လူကတော့ အလွန်နည်းသည်။ ကြည့်ရသလောက် ကျောင်းသား ဆယ်ယောက်ခန့်သာ ရှိပြီး မိန်းကလေး လေးယောက်နှင့် ယောက်ျားလေး ခြောက်ယောက် ရှိသည်။ သူတို့အားလုံးမှာ လီချန်အန်းထက် အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်ခန့် ကြီးပုံရသည်။
သို့သော် ထိုအချက်က အရေးမကြီးပါ။ အရေးကြီးသည်မှာ ဤအတန်းထဲတွင် လီချန်အန်းက အလွန်လှပသော မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်ရခြင်းပင်။
လှပသော မိန်းကလေး တစ်ယောက်မှာ အတန်းအလယ်တွင် ထိုင်နေသည်။ သူမ၏ ဆံပင်မှာ အညိုရောင်ရှိပြီး ပုခုံးအထိ ဝဲကျနေကာ အနည်းငယ် လိပ်ကွေးနေသည်။ ပထမဆုံးကြည့်လျှင် အလွန်အမင်း ရင်သပ်ရှုမောဖွယ် အလှမျိုး မဟုတ်သော်လည်း အသေအချာ ကြည့်လိုက်လျှင်မူ သူမထံမှ ထွက်ပေါ်နေသော ဆွဲဆောင်မှု ကို တွေ့ရှိနိုင်ပါသည်။ သူမ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမှာလည်း အတော်လေး ကောင်းမွန်လှ၏။
အခြား လှပသော မိန်းကလေး တစ်ယောက်မှာမူ အတန်း၏ ထောင့်တွင် ထိုင်နေသည်။ သူမသည် သပ်ရပ်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင် ဆံပင်တိုလေး ရှိသည်။ သူမ၏ မျက်နှာပေါက်မှာ ဘီဘီတုန်းနှင့် အနည်းငယ် တူညီသော်လည်း လောကကြီးနှင့် အဆက်အသွယ် ဖြတ်ထားသကဲ့သို့ အေးစက်စက် အရှိန်အဝါမျိုး ရှိနေသည်။
လီချန်အန်း ရောက်လာသည့်အခါ အထူးတန်းမှ ကျောင်းသားများမှာ အံ့သြသွားကြသည်။ လီချန်အန်းက ကျောင်းသားသစ်မှန်း သိသာသော်လည်း အသက်ခြောက်နှစ်နှင့် အထူးတန်းကို တိုက်ရိုက် ဝင်ခွင့်ရသည်မှာ သဘာဝမကျလှပေ။ ထို့ကြောင့် ထောင့်က မိန်းကလေးမှလွဲ၍ ကျန်သူများအားလုံး လီချန်အန်းကို စိုက်ကြည့်နေကြသည်။ အချို့က အံ့သြနေကြပြီး၊ အချို့ကမူ စိန်ခေါ်လိုသည့် အသွင်၊ အချို့က မနာလိုသည့် အသွင်များ ရှိကြသည်။
ထိုသူများထဲတွင် ဟူလျဲ့နာ တစ်ယောက်သာ အံ့သြမနေပါ။ အကြောင်းမှာ မနေ့ကတည်းက ကျောင်းသားသစ် လီချန်အန်းကို ဆရာမ၏ သင်တန်းသို့ ခေါ်လာရမည်ဟု သူမကို အသိပေးထားပြီးသား ဖြစ်သည်။ သို့သော် လီချန်အန်းကို မြင်လိုက်ရသည့်အခါ ဟူလျဲ့နာသည် အလွန်ပင် ဝမ်းသာသွားသည်။ သူမ၏ နောင်တချိန် ညီငယ်လေးမှာ အလွန်ပင် ချစ်စဖွယ်ကောင်းပြီး ရုပ်ချောလှသည်။ သူမ ဤကလေး၏ ပါးကို အသာလေး ဆွဲကြည့်ချင်မိသွားသည်။
ဆွေ့ယုံချင်းက လက်ခုပ်တီးကာ အားလုံးကို ပြောလိုက်သည်။
"ဒါက ငါတို့ အတန်းရဲ့ ကျောင်းသားသစ်ဖြစ်သလို ဒီနှစ်ရဲ့ ကျောင်းသားသစ်လည်း ဖြစ်ပါတယ်။ နောင်မှာ အားလုံးနဲ့အတူ ပညာသင်မှာမို့ ကျောင်းသားသစ်ကို ကူညီစောင့်ရှောက်ပေးကြဖို့ မျှော်လင့်ပါတယ်!"
အထူးတန်း၏ အတန်းပိုင်ဆရာမဖြစ်သည့်အတွက် ဆွေ့ယုံချင်းမှာ အတော်လေး အစွမ်းထက်သူ ဖြစ်သည်။ အနည်းဆုံးတော့ ဘယ်သူကမှ သူမကို လွယ်လွယ်နှင့် စိန်ခေါ်ရဲမည် မဟုတ်ပေ။
"လီချန်အန်း... ငါ မင်းကို အတန်းဖော်တွေနဲ့ မိတ်ဆက်ပေးမယ်။ ဒါက ဟူလျဲ့နာ၊ ဒါက ရှဲယွဲ့၊ ဒါက ရန် ၊ ဒါကတော့..."
"နောက်ဆုံးတစ်ယောက်ကတော့ ချန်ရန်ရွှဲ ပါ"
ဆွေ့ယုံချင်းက လီချန်အန်း သတိပြုမိသော ပထမဆုံး မိန်းကလေးကို ဦးစွာ ညွှန်ပြပြီး နောက်ဆုံးတွင် ထောင့်က မိန်းကလေးကို ညွှန်ပြလိုက်သည်။ လီချန်အန်း စိတ်ထဲမှ ထင်ကြေးပေးထားသည်များနှင့် လုံးဝ ထပ်တူကျနေ၏။
"မင်္ဂလာပါ စီနီယာ အစ်ကိုကြီး၊ အစ်မကြီးတို့... ကျွန်တော့်နာမည် လီချန်အန်း ပါ၊ ကူညီစောင့်ရှောက်ပေးကြပါဦး ခင်ဗျာ"
အော်... သူက အဲ့ဒီ လီချန်အန်း ဆိုတဲ့ လူပဲကိုး ဟု လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည်။
..................
ပုပ်ရဟန်းမင်းကြီး နန်းဆောင်
ဘီဘီတုန်းသည် အလုပ်ကိစ္စများကို ခေတ္တရပ်နားကာ သူမ၏ လှပသော ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာထားမျိုး ရှိနေသည်။ အကြီးအကဲများ နန်းဆောင်ဘက်မှ ဖိအားများမှာ အလွန်ပင် ကြီးမားလှပေသည်။ ဝူဟွန်းနန်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ဆိုလျှင် သူမ လျှောက်လှမ်းရမည့် လမ်းမှာ အဝေးကြီး လိုနေသေးပုံရသည်။
"ပုပ်ရဟန်းမင်းကြီး ခင်ဗျာ... သခင်မကြီးရဲ့ တပည့်က ပို့ပေးလိုက်တဲ့ အရာတစ်ခု ရှိပါတယ်"
စောင့်ဆိုင်းနေသော အစေခံမလေးသည် ဘီဘီတုန်း အလုပ်နားချိန်ကို မြင်သည့်အခါ သတင်းပို့လိုက်သည်။ အမှန်တော့ ထိုအရာမှာ နံနက်စောစောကတည်းက ရောက်နေခြင်းဖြစ်သော်လည်း ဘီဘီတုန်းမှာ အလုပ်များနေသဖြင့် သူမ မပြောရဲခဲ့ခြင်း ဖြစ်သည်။
"အို... နာနာ (ဟူလျဲ့နာ) ပို့တာလား" ဟု ဘီဘီတုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။ တပည့်ဆိုသည်နှင့် သူမက ဟူလျဲ့နာကိုသာ ပြေးမြင်မိခြင်း ဖြစ်သည်။
"မဟုတ်ပါဘူး၊ မနေ့ကမှ လက်ခံခဲ့တဲ့ တပည့်သစ်လေး ပို့လိုက်တာပါ"
"ဟုတ်လား... ဒါဆို ခေါ်ခဲ့စမ်း၊ ကြည့်ရအောင်"
ဘီဘီတုန်း၏ လှပသော မျက်ဝန်းများတွင် စိတ်ဝင်စားမှုများ ပြည့်သွားပြီး မနေ့က တွေ့ခဲ့ရသော ချစ်စဖွယ် ကောင်လေးကို သတိရသွားပါတော့သည်။