အခန်း (၄၇) - မိန်းမပျိုလေး...
နောက်တစ်နေ့ နံနက်စောစောတွင် လီချန်အန်းသည် စောစီးစွာ အပြင်သို့ထွက်လာခဲ့ပြီး ဝူဟွန်းမြို့တော်၏ အပြင်ဘက်သို့ ဦးတည်သွားခဲ့သည်၊ ထိုနေရာ၌ ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်း၏ ကုန်လှည်းအဖွဲ့သည် စောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်၊၊ ယခုတစ်ကြိမ် အပြင်ထွက်ရာတွင် လီချန်အန်းသည် မြင်းတစ်ကောင်ကို စီးနင်းလာခဲ့ပြီး ထိုမြင်းမှာ နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်သားရဲကို ယဉ်ပါးအောင် မွေးမြူထားခြင်းဖြစ်သည်၊၊ ၎င်း၏အရှိန်နှင့် ခံနိုင်ရည်မှာ အထူးပြောနေရန်ပင်မလိုဘဲ အလွန်ကောင်းမွန်လှသည်၊၊ မြို့တံခါးဝမှထွက်ပြီးနောက် လီချန်အန်းသည် အရှေ့ဘက်သို့ ခရီးတိုတစ်ခု စီးနင်းလာခဲ့ရာ ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်း၏ အလံလွှင့်ထူထားသော အဖွဲ့ကို လှမ်းမြင်လိုက်ရသည်၊၊ သတင်းအချက်အလက်များအတိုင်းပင် ထိုအဖွဲ့သည် အထူးတလည် ကြီးမားခြင်းမရှိဘဲ ရထားလုံး ငါးစီးမျှသာရှိသဖြင့် အလွန်သေးငယ်သည်ဟုပင် ဆိုနိုင်သည်၊၊ လေးဘီးတပ်ရထားလုံး သုံးစီးကို ကုန်ပစ္စည်းများ တင်ဆောင်ရန် သီးသန့်အသုံးပြုထားပြီး ရထားလုံးများပေါ်တွင် သေတ္တာအနည်းငယ်သာ ရှိသော်လည်း အလွန်လုံခြုံအောင် ထုပ်ပိုးထားသည်၊၊ ထို့ပြင် ထိုသေတ္တာများ၏ ပစ္စည်းအသွင်အပြင်မှာလည်း သာမန်မဟုတ်ကြောင်း သိသာလှသည်၊၊ ကျန်ရထားလုံးနှစ်စီးအနက် တစ်စီးမှာ ပိုမိုလှပဆန်းပြားသော ရထားလုံးဖြစ်ပြီး ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်း၏ မိန်းမပျိုလေး စီးနင်းရန်ဖြစ်သင့်သည်၊၊ အခြားတစ်စီးမှာမူ ပိုမိုရိုးရှင်းပြီး လမ်းခရီးတစ်လျှောက် အသုံးပြုမည့် နေ့စဉ်သုံးပစ္စည်းအချို့ကို တင်ဆောင်ထားသည်၊၊ မည်သို့ပင်ဆိုစေ ဝူဟွန်းမြို့တော်မှ တီယန်ဒူးမြို့တော်သို့ အကွာအဝေးမှာ အလွန်ဝေးကွာလှသဖြင့် အရေးပေါ်အခြေအနေမျိုးတွင်ပင် ဆယ်ရက်ခန့် ကြာမြင့်မည်ဖြစ်ရာ နေ့စဉ်သုံးပစ္စည်းအချို့ကို ပြင်ဆင်ထားရန် လိုအပ်သည်၊၊
အမှန်စင်စစ် လီချန်အန်းသည် ကုန်သည်အဖွဲ့က ကုန်ပစ္စည်းများကို သိုလှောင်ဝိညာဉ်လက်နက်များထဲတွင် မထည့်ဘဲ အဘယ်ကြောင့် ယခုကဲ့သို့ သယ်ဆောင်ရသနည်းဟု တွေးတောမိသော်လည်း နောက်ပိုင်းတွင် သဘောပေါက်သွားခဲ့သည်၊၊ ယခုခေတ်ကာလ၏ သိုလှောင်ဝိညာဉ်လက်နက်များအားလုံးသည် ရှေးဟောင်းအပျက်အစီးများထဲမှ ရှာဖွေတွေ့ရှိထားခြင်းဖြစ်ပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် အမြဲတမ်းပြတ်လပ်နေသောအခြေအနေတွင် ရှိနေသည်၊၊ ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်းကဲ့သို့ ကြီးမားသောအဖွဲ့အစည်းကြီး ဖြစ်လင့်ကစား ကုန်ပစ္စည်းများသည် အလွန်အမင်း အဖိုးမတန်ပါက ကုန်ပစ္စည်းများပို့ဆောင်ရန် ဝိညာဉ်သိုလှောင်ကိရိယာ အသုံးပြုမည်မဟုတ်ချေ၊၊ ထို့ပြင် ဝိညာဉ်သိုလှောင်ကိရိယာ အများစု၏ သိုလှောင်မှုပမာဏမှာလည်း အလွန်မကြီးမားလှဘဲ ၂၀ ကုဗမီတာခန့် ရှိပါက အတော်ကောင်းမွန်နေပြီဖြစ်ရာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အဆင်မပြေလှပေ၊၊
လီချန်အန်းသည် သူ၏ချစ်စနိုး မြင်းလေးကို စီးနင်းကာ ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်း၏ အနီးသို့ ရောက်ရှိလာသောအခါ သူ့ကို ပထမဆုံး သတိပြုမိသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိုသူ၏ ခန္ဓာကိုယ်တွင်လည်း ဝိညာဉ်စွမ်းအား လှိုင်းထန်မှုများ ရှိနေသည်၊၊ ဤသက်လတ်ပိုင်းအမျိုးသားသည် သာမန်ရုပ်ရည်သာရှိပြီး အထူးအဆန်းဖြစ်နေသော နေရာတစ်ခုမျှ မရှိချေ၊၊ သူ၏အသက်အရွယ်အရ ဝိညာဉ်အရှင်သခင်အဆင့် သာ ရှိသေးသဖြင့် သူ၏ကျင့်ကြံခြင်းလမ်းခရီးမှာ အဆုံးသတ်သွားပြီဟု ဆိုနိုင်သည်၊၊ လီချန်အန်း၏ ခန္ဓာကိုယ်ထဲတွင်လည်း သဘာဝအတိုင်း ဝိညာဉ်စွမ်းအား လှိုင်းထန်မှုများ ရှိနေသော်လည်း မိမိကိုယ်ကို ထိန်းချုပ်ခြင်းကို ကောင်းမွန်စွာ ပြုလုပ်ထားသည်၊၊ အနည်းဆုံးတော့ ဤသက်လတ်ပိုင်းအမျိုးသားသည် သူ၏အဆင့်အတန်းကို မသိနိုင်ဘဲ အလွန်ဆုံးရှိလှမှ သူသည်လည်း ဝိညာဉ်ဆရာတစ်ဦးဖြစ်ကြောင်းသာ သိနိုင်သည်၊၊
ယခုတစ်ကြိမ်တွင် ဝူဟွန်းနန်းတော်က ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်းကို ကုန်ပစ္စည်းများ စောင့်ရှောက်ပေးရန် ကျွမ်းကျင်သူတစ်ဦး စေလွှတ်ပေးမည်ဖြစ်ကြောင်းနှင့် ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရန်မလိုကြောင်းသာ အကြောင်းကြားခဲ့သည်၊၊ သို့သော် လီချန်အန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မပြောခဲ့သလို လီချန်အန်းကိုယ်တိုင်ကလည်း မိမိ၏အထောက်အထားကို ဦးစွာထုတ်ဖော်ရန် အစီအစဉ်မရှိချေ၊၊ အကယ်၍ အန္တရာယ်ရှိလာပါကမူ တစ်မျိုးပေါ့၊၊ သို့သော် ထိုသို့ဖြစ်လင့်ကစား ဝူဟွန်းနန်းတော်မှ ကျွမ်းကျင်သူဟူသော အဆင့်အတန်းသည် ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်းကို ခြိမ်းခြောက်ရန် လုံလောက်လှသဖြင့် လီချန်အန်း ရောက်ရှိလာသောအခါ ဟုန်မျိုးနွယ်ကုန်သည်ကြီးများအသင်းမှ အဖွဲ့သားများသည် နှုတ်ဆက်ရန် ထွက်လာကြသည်၊၊ ထိုသက်လတ်ပိုင်းအမျိုးသားက လက်သီးစုဆုံကာ ဂါရဝပြုရင်း -
"ရှိုးထောင်က လူကြီးမင်းကို တွေ့ဆုံဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်၊၊
ကျန်ရှိသော သာမန်လူသား အစောင့်တစ်ဆယ်ဦးကလည်း လက်သီးစုဆုံကာ အရိုအသေပေးကြသည်၊၊ မည်သို့ပင်ဆိုစေ သူတို့အတွက်မူ ဝူဟွန်းနန်းတော်မှ ဝိညာဉ်ဆရာများသည် အလွန်အမင်း အင်အားကြီးမားသော တည်ရှိမှုများဖြစ်ပြီး လီချန်အန်းသည် အလွန်ငယ်ရွယ်ပုံရသော်လည်း သူတို့ မော့ကြည့်ရမည့် တည်ရှိမှုမျိုး ဖြစ်သည်၊၊
ထိုစဉ် သန့်စင်လှပသော ရထားလုံး၏ တံခါးသည် ရုတ်တရက် ပွင့်လာပြီး အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး တွဲကူလျက် ဆင်းလာကြသည်၊၊ အမျိုးသမီးတစ်ဦးမှာ အစေခံမိန်းကလေးကဲ့သို့ ဝတ်ဆင်ထားပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သာမန်ရုပ်ရည်မျှသာ ရှိသော်လည်း သူမတွဲခေါ်လာသော အမျိုးသမီးမှာမူ ထူးခြားလှသည်၊၊ ဤအမျိုးသမီးကို လီချန်အန်းကဲ့သို့ အတွေ့အကြုံရှိသောဆရာကြီးတစ်ဦး၏ အမြင်ဖြင့် ကြည့်ရုံမျှဖြင့် သူမသည်ဟုန်ကုန်သည်အသင်းကြီး၏ မိန်းမပျိုလေးတစ်ဦးဖြစ်ကြောင်း တစ်ချက်တည်းနှင့် သိနိုင်သည်၊၊ ဤအမျိုးသမီးသည် အနီရောင်စကတ်ကို ဝတ်ဆင်ထားသော်လည်း သူမ၏စကတ်မှာ ဒူးဆစ်အထိသာ မပြည့်တပြည့် ရှိသည်၊၊ အမျိုးသမီး လျှောက်လှမ်းလိုက်သည့်အခါတိုင်း လွင့်ပျံလွယ်သော စကတ်စသည် အထက်သို့ လွင့်တက်သွားပြီး အမျိုးသမီး၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပေါင်သားအအရေပြားကို ပေါ်လွင်စေသည်၊၊
အမျိုးသမီးတွင် ဆွဲဆောင်မှုပြင်းသော ဖရုံစေ့ပုံစံ မျက်နှာအလှရှိပြီး သူမ၏ မျက်ခုံးအစုံကြားတွင် ကြာပန်းပုံသဏ္ဌာန် ဖျော့ဖျော့လေး ရှိနေသည်၊၊ သူမ၏ မျက်မှောင်ကုတ်ခြင်းနှင့် ပြုံးခြင်းတို့ကြားတွင် ‘ဆွဲဆောင်မှု’ ဟူသော စကားလုံးကို ဖော်ညွှန်းနေသည်၊၊ အကယ်၍ ဟူလျဲ့နာ၏ ဆွဲဆောင်မှုက ဝိညာဉ်လက်နက်မှ လာခြင်းဖြစ်ပါက ဤအမျိုးသမီး၏ ဆွဲဆောင်မှုမှာမူ သူမ၏ အရိုးထဲကလာသော ဆွဲဆောင်မှုမျိုးဖြစ်ပြီး လူကို ပေါ့ပျက်ပျက်နိုင်သည်ဟု မခံစားရစေရန် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိသည်၊၊
‘ဒါက ကောက်ကျစ်တဲ့ မိန်းမတစ်ယောက်ပဲ’
လီချန်အန်းသည် အနည်းငယ်မျှသာ ကြည့်လိုက်သော်လည်း ဤမိန်းမပျိုလေးက မည်ကဲ့သို့သော အမျိုးသမီးမျိုးဖြစ်ကြောင်း အသေအချာ သိရှိသွားခဲ့သည်၊၊ အကယ်၍ ဤကဲ့သို့သော အမျိုးသမီးမျိုးကို နန်းတွင်းတိုက်ပွဲ ဇာတ်လမ်းတွဲတစ်ခုထဲတွင် ထည့်သွင်းထားပါက မိဖုရားအဆောင်ဆောင်ကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်လုနီးပါးဖြစ်ပြီး ထိုမျက်ဝန်းများက အရာအားလုံးကို ပြောပြနေသည်၊၊ ထိုအမျိုးသမီးသည် ရေမြွေခါးလေးကို သဘာဝအတိုင်း လှုပ်ခါလျက် အစေခံမိန်းကလေး၏ အကူအညီဖြင့် လီချန်အန်း၏ ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး လူငယ်လေးကို မော့ကြည့်ကာ ညှို့ဓာတ်ပြင်းသော အပြုံးတစ်ခုကို ပြသလိုက်သည်၊၊
‘ဘယ်လောက် ချောမောတဲ့ လူငယ်လေးလဲ’
‘ဘယ်လောက် မြူဆွယ်တတ်တဲ့ မိန်းမလဲ’
လူနှစ်ဦးစလုံးသည် မိမိတို့၏ စိတ်ထဲတွင် တစ်ဦးကိုတစ်ဦး အကဲဖြတ်လိုက်ကြသည်၊၊
"မင်္ဂလာပါရှင်၊ ကျွန်မ ပိုင်ရွှယ် ပါ၊ လူကြီးမင်းရဲ့ လိုက်ပါစောင့်ရှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ထို့နောက် သူမသည် ဒူးညွှတ်ကာ လီချန်အန်းကို အလေးပြုလိုက်သည်၊၊ လီချန်အန်းမှာမူ မြင်းပေါ်တွင် ရှိနေဆဲဖြစ်သည်၊၊ သူ၏ အမြင်ထောင့်မှ ကြည့်လျှင် ပိုင်ရွှယ် ဒူးညွှတ်အရိုအသေပေးလိုက်သည့်အခါ ပိုင်ရွှယ်၏ ဖြူဖွေးသော ရင်သားအစုံကို အထင်အရှား မြင်တွေ့လိုက်ရသည်...
ကောင်းပြီ... အမြင်အာရုံအရ အကဲဖြတ်ရလျှင် အကောင်းဆုံးသော ရင်သားအစုံပင် ဖြစ်သည်၊၊
ပိုင်ရွှယ်သည် အရိုအသေပေးပြီးနောက် ရှိုးထောင်နှင့် အခြားသူများကို လီချန်အန်း၏ စကားကို လိမ္မာယဉ်ကျေးစွာ နားထောင်ရန် ညွှန်ကြားလိုက်ပြီး ရေမြွေခါးလေးကို လှုပ်ခါလျက် ရထားလုံးထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်၊၊ လီချန်အန်းသည် ရှိုးထောင်နှင့် အခြားအမျိုးသားများ၏ အကြည့်များသည် ပိုင်ရွှယ် ရထားလုံးထဲသို့ ဝင်သွားသည့်တိုင်အောင် ပြန်မလည်လာနိုင်ဘဲ သူတို့၏ အကြည့်များမှာ ပိုမိုပြင်းထန်လာကြောင်း သတိပြုမိလိုက်သည်၊၊ ထူးဆန်းသည်တော့မဟုတ်ချေ၊ သူကဲ့သို့ အတွေ့အကြုံရှိသောဆရာကြီးပင် ပိုင်ရွှယ်ကို မြင်လျှင် စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်ရသည်ဆိုပါက ပထမတန်းနှင့် အခြားသူများမှာမူ ပြောနေရန်ပင် မလိုတော့ချေ၊၊ အမှန်စင်စစ် ပိုင်ရွှယ်က လီချန်အန်းကို အဆွဲဆောင်နိုင်ဆုံးအရာမှာ သူမ၏ ရုပ်ရည်မဟုတ်ဘဲ မိန်းမပျိုလေးတစ်ဦး၏ ခံစားချက်မျိုးဖြစ်ပြီး ၎င်းမှာ ဟူလျဲ့နာနှင့် အခြားသူများတွင်မရှိသော ခံစားချက်မျိုး ဖြစ်သည်...
"ကောင်းပြီ၊ သွားကြစို့"
လီချန်အန်းသည် အဖွဲ့ကို အကျဉ်းချုံး ပြင်ဆင်ပြီးနောက် ခရီးထွက်ရန် တိုက်တွန်းလိုက်သည်၊၊ မည်သို့ပင်ဆိုစေ လမ်းခရီးက ဝေးကွာလှပြီး ရထားလုံးကလည်း နှေးကွေးလှသည်၊၊ ယခုတစ်ကြိမ်တွင် လမ်းခရီးဝေးကွာလှသော်လည်း ကံကောင်းသည်မှာ ဝူဟွန်းမြို့တော်နှင့် တီယန်ဒူးမြို့တော်အကြားတွင် မင်းလမ်းမကြီး ရှိနေသဖြင့် လမ်းခရီးက ကြမ်းတမ်းမည်မဟုတ်ချေ၊၊ သို့သော် ထိုသို့ဖြစ်လင့်ကစား အန္တရာယ်ကမူ ရှိနေဆဲဖြစ်သည်၊၊ မည်သို့ပင်ဆိုစေ လမ်းမကြီးများပေါ်တွင် ဓားပြများ ရှိတတ်သည်၊၊ လူသူနည်းပါးသော နေရာအချို့တွင် သို့မဟုတ် ညဘက်တွင်မူ သူတို့ အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်၊၊
"အစ်ကို ရှိုးထောင်... ခင်ဗျားတို့ အခုတစ်ကြိမ် သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား"
လီချန်အန်းသည် လမ်းခရီးတွင် ပျင်းရိနေသဖြင့် ရိုးသားသော သူ ရှိုးထောင်၏ အနီးသို့ မြင်းစီးသွားကာ တိုးတိုးလေး မေးမြန်းလိုက်သည်၊၊ သို့သော် ရှိုးထောင်၏ မူဝါဒမှာ အလွန်ခိုင်မာဆဲဖြစ်ကြောင်း မည်သူက သိနိုင်မည်နည်း၊ သူသည် လီချန်အန်းကို ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်ပြီး တောင်းပန်သောအပြုံးဖြင့် -
"တောင်းပန်ပါတယ် လူကြီးမင်း၊ ဒါက အရှင်သခင်ရဲ့ အမိန့်ဖြစ်လို့ ကျွန်တော် ပြောပြလို့မရပါဘူး" ဟု ပြောသည်၊၊
လီချန်အန်းသည် ၎င်းကို အထူးတလည် စိတ်ထဲမထားဘဲ ဆက်လက်မေးမြန်းလိုက်သည် -
"ဒါဆို ရှိုးထောင်... ခင်ဗျား ကုန်ပစ္စည်းစောင့်ရှောက်တဲ့ တာဝန်တွေကို ဘယ်နှစ်ကြိမ်လောက် ပါဝင်ဖူးလဲ"
ရှိုးထောင်က ခေတ္တမျှ တွေးတောပြီးနောက် -
"လူကြီးမင်းကို ပြန်လည်ဖြေကြားရရင် ဒါက ကျွန်တော် ကုန်ပစ္စည်းစောင့်ရှောက်တဲ့ တာဝန်မှာ ပါဝင်ဖူးတာ အကြိမ် ၂၀ မြောက် ရှိပါပြီ" ဟု ပြောသည်၊၊
သူက ဝါရင့်လူဟောင်းကြီးတစ်ယောက်ပဲဟု လီချန်အန်းက စိတ်ထဲတွင် ရေရွတ်လိုက်သည်၊၊
"ဒါဆို ပုံမှန်အခြေအနေတွေမှာ ခင်ဗျားတို့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတတ်လား" ဟု လီချန်အန်းက ထပ်မံမေးမြန်းသည်၊၊
"ဒါက... ဘယ်လိုပြောရမလဲ၊ ပြောရခက်ပါတယ်"
ရှိုးထောင်၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး စကားလုံးများကို စီစဉ်ရန် ကြိုးစားနေပုံရသည်၊၊
"လူကြီးမင်း... အမှန်တော့ အန္တရာယ်တွေက ရှိနေတုန်းပါပဲ၊ ဥပမာအားဖြင့် ကျွန်တော် ပထမဆုံးအကြိမ် ကုန်ပစ္စည်းစောင့်ရှောက်တဲ့ တာဝန်မှာ ပါဝင်တုန်းက ဓားပြတစ်စုနဲ့ တိုးခဲ့ဖူးတယ်"
"အော်... နောက်ပိုင်းကော"
လီချန်အန်းသည် ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည်၊ သို့မဟုတ် သူသည် ရှိုးထောင်၏ အတွေ့အကြုံကို ကိုးကားရန် လိုအပ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်ရန်ဖြစ်သည်၊၊