အခန်း (၄၆) - ကောင်မလေး သွားကြူဖို့ အမိန့်တော်မှတ်ခံရခြင်း...
မုရှီး၏ ဂရုတစိုက် ပြုစုယုယမှုများကို ခံယူပြီးနောက် လီချန်အန်းသည် ထုံးစံအတိုင်း သူမ၏ ပါးပြင်အိအိလေးကို တစ်ချက် ဆိတ်ဆွဲလိုက်သည်။ မုရှီးကမူ ထမင်းစားပြီးသည်နှင့် ထမင်းဘူးနှင့် ပန်းကန်ခွက်များကို သဘာဝကျကျပင် သိမ်းဆည်းဆေးကြောလေသည်။ လီချန်အန်းကတော့ ထိုကဲ့သို့သော ကိစ္စရပ်များကို တစ်ခါမျှ ဂရုစိုက်လေ့မရှိပေ။
မနက်ဖြန်သည် အထူးလေ့ကျင့်ရေး ထိပ်တန်းအတန်း ၏ နှစ်ပတ်လည် မစ်ရှင်လုပ်ဆောင်ရမည့်နေ့ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ယခင်နှင့်မတူဘဲ စုပေါင်းသွားရောက်ရခြင်းမျိုး မဟုတ်ဘဲ ကျောင်းသားတစ်ဦးချင်းစီ၏ သီးခြားအစွမ်းအပေါ် မူတည်၍ သီးသန့်မစ်ရှင်များ ထုတ်ပြန်ပေးခြင်း ဖြစ်သည်။ လီချန်အန်းအနေဖြင့် မိမိ၏ မစ်ရှင်က ဘာလဲဆိုသည်ကို မသိသေးသော်လည်း မကြောက်ရွံ့ပါ။ လူတော်လေးတစ်ယောက် ဖြစ်သဖြင့် စိတ်ချလက်ချ ယုံကြည်မှုအပြည့် ရှိနေသည် ဖြစ်သည်။
ထမင်းစားပြီးနောက် ထိပ်တန်းအတန်းမှ ကျောင်းသားများ စတင် စုဝေးကြတော့သည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်ဆင့်မှာ မစ်ရှင်များ ထုတ်ပြန်ပေးမည့် အချိန်ဖြစ်ပြီး မည်သူမျှ ပျက်ကွက်၍ မရသောကြောင့် ဖြစ်သည်။ ဝိညာဉ်ပညာရှိ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ဆွေ့ယုံချင်းသည် လူတိုင်းထက် စောစီးစွာ စာသင်ခန်းထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ရှေ့ စားပွဲပေါ်တွင် ထူထဲသော မှတ်တမ်းတွဲတစ်ခု ရှိနေပြီး ဤအရာမှာ ယနေ့ ထိပ်တန်းအတန်း ကျောင်းသားများ ရရှိမည့် မစ်ရှင်များပင် ဖြစ်သည်။ လွန်ခဲ့သော ခြောက်နှစ်နှင့် နှိုင်းယှဉ်ပါက ဆွေ့ယုံချင်းသည် ပို၍ ရင့်ကျက်လာသော်လည်း သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာမူ ပျက်စီးသွားခြင်းမရှိဘဲ သူမ၏ အရှိန်အဝါ ဩဇာတိက္ကမမှာသာ တစ်နေ့ထက်တစ်နေ့ ပို၍ တိုးပွားလာခဲ့သည်။
"ကဲ... ကျောင်းသားတွေ အားလုံး ကိုယ့်ခုံမှာကိုယ် ထိုင်ကြပါ၊ အခု မစ်ရှင်တွေကို စတင် ခွဲဝေပေးတော့မယ်၊ ဒါပေမဲ့ အဲဒါမတိုင်ခင် ငါတစ်ချက် ထပ်ပြောချင်တာက... ဒီတစ်ကြိမ်မှာ အကယ်ဒမီအနေနဲ့ မင်းတို့အချင်းချင်း အဖွဲ့ဖွဲ့ပြီး အတူတူလုပ်တာကို မကန့်ကွက်ဘူး၊ ဒါပေမဲ့ မင်းတို့ သေချာနားလည်ထားရမှာက မင်းတို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်မစ်ရှင်တွေ ရှိနေပြီး အချိန်ကလည်း ကန့်သတ်ချက်ရှိတယ်၊ အကယ်၍ မင်းတို့ စုပေါင်းပြီး လုပ်မယ်ဆိုရင် အချိန်မီမှာ မဟုတ်တော့ဘူး"
"ဒါ့အပြင် ဒီတစ်ကြိမ် မစ်ရှင်အများစုက ယခင်နှစ်တွေက အတူတူလုပ်ခဲ့တဲ့ မစ်ရှင်တွေလောက် မရှုပ်ထွေးပေမဲ့ အန္တရာယ်အရှိဆုံး ဖြစ်လိမ့်မယ်၊ မည်သို့ပင်ဆိုစေ တစ်ယောက်တည်း လှုပ်ရှားတာနဲ့ အတူတူ လှုပ်ရှားတာကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိတယ်"
"ဒီတစ်ကြိမ်မှာ မင်းတို့တစ်ယောက်ချင်းစီရဲ့ နောက်ကွယ်မှာ ဆရာတစ်ယောက်စီက လျှို့ဝှက် စောင့်ရှောက်ပေးသွားမယ်၊ ဒါပေမဲ့ ဒီဆရာက မင်းတို့နောက်ကို ကပ်လိုက်နေမှာ မဟုတ်ဘူး၊ မင်းတို့ဆီကနေ အကူအညီတောင်းတဲ့ အချက်ပြအချက်ရမှသာ အဝေးကနေ ရောက်လာမှာ ဖြစ်တယ်"
"ဒါကြောင့် ဆရာရှိနေတာပဲဆိုပြီး စိတ်အေးလက်အေး မနေကြဖို့ ငါမျှော်လင့်တယ်၊ ကိုယ့်ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်ကြပါ၊ နောက်ဆုံးအနေနဲ့ အားလုံး အသက်ရှင်လျက် ပြန်လာနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်"
"အကယ်ဒမီက ရက်စက်တယ်လို့ မထင်ပါနဲ့၊ အကယ်ဒမီက မင်းတို့ကို အရင်းအမြစ်တွေ အများကြီးပေးပြီး လေ့ကျင့်ပေးခဲ့တာဟာ အလှပြအိုးလေးတွေ ဖြစ်လာဖို့ မဟုတ်ဘူး၊ ကဲ... နာမည်ခေါ်တဲ့သူက မစ်ရှင်ဖိုင်လာယူပါ"
"လီချန်အန်း"
"ရှဲ့ယွဲ့..."
လီချန်အန်းသည် သူ၏ မစ်ရှင်ဖိုင်ကို ရရှိပြီးနောက် အလေးချိန်ကို အရင် ချင့်ချိန်ကြည့်လိုက်ပြီး ပိတ်ထားသည့်စက္ကူကို ခွာကာ အထဲက အကြောင်းအရာများကို ထုတ်ယူလိုက်သည်။ ပထမဆုံး တွေ့ရသည်မှာ အကူအညီတောင်းခံသည့် အချက်ပြကိရိယာ ဖြစ်ပြီး ဤအရာမှာ ဝူဟွန်းနန်းတော် သုတေသနအဖွဲ့အစည်း၏ နောက်ဆုံးပေါ် အောင်မြင်မှုတစ်ခု ဖြစ်သည်။ ထို့နောက်တွင် မစ်ရှင်မြေပုံ၊ သတင်းအချက်အလက် မိတ်ဆက်၊ မစ်ရှင်လိုအပ်ချက်နှင့် မစ်ရှင်ညွှန်ကြားချက်များ ပါရှိသည်။
လီချန်အန်းအတွက် မစ်ရှင်လိုအပ်ချက် : ဝူဟွန်းမြို့တော်မှ တီယန်ဒူး မြို့တော်သို့ သွားမည့် ဟုန်ကုန်သည်ကြီးများအသင်း၏ ကုန်လှောင်တန်းကို စောင့်ရှောက်ရန်။
မှတ်ချက် : ဟုန် ကုန်သည်ကြီးများအသင်းသည် ဝိညာဉ်ကုန်းမြေတိုက်ကြီး၏ ပဉ္စမမြောက် အကြီးဆုံး ကုန်သည်အသင်း ဖြစ်ပြီး ငွေကြေးအင်အား အလွန်တောင့်တင်းသည်။ သယ်ဆောင်မည့် ကုန်ပစ္စည်းများမှာ အလွန် အဖိုးတန်သဖြင့် လမ်းခရီးတွင် အန္တရာယ် ရှိနိုင်သည်။ ဒါ့အပြင် ဤစောင့်ရှောက်မှုတွင် အတူလိုက်ပါမည့်သူများထဲ၌ ဟုန်ကုန်သည်အသင်း၏ သမီးပျိုလေး တစ်ဦး ပါဝင်သဖြင့် သူမကို မဖြစ်မနေ အကာအကွယ်ပေးရမည် ဖြစ်သည်။
ထို့နောက်တွင် ဟုန် ကုန်သည်အသင်း၏ အကျဉ်းချုပ် မိတ်ဆက်နှင့် ဤခရီးစဉ်အတွက် လမ်းကြောင်းပြ မြေပုံတို့ ပါရှိလေသည်။
အားလုံးကို ဖတ်ရှုပြီးနောက် လီချန်အန်းသည် ဦးရေပြားများ ထုံကျင်သွားကာ စိတ်ညစ်သွားသဖြင့် သူ၏ ဆံပင်ကို ကုတ်လိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သော စောင့်ရှောက်ရသည့် မစ်ရှင်မျိုးသည် အခြားမစ်ရှင်များထက် ပို၍ ခက်ခဲလှသည်။ အကြောင်းမှာ ဤကဲ့သို့သော မစ်ရှင်မျိုးသည် မရေရာမှုများ အလွန်များပြားသောကြောင့် ဖြစ်သည်။ လမ်းဓားပြများ မည်သည့်အချိန်တွင် ရုတ်တရက် ထွက်လာမည်ကို မသိနိုင်သလို၊ ဟုန်ကုန်သည်အသင်းကဲ့သို့သော ကုန်သည်ကြီးများအသင်း၏ အဖွဲ့အစည်းဆိုလျှင် ပို၍ပင် ဆိုးရွားနိုင်သည်။ ဤကုန်လှောင်တန်း၏ အစောင့်အရှောက်များထဲတွင် လီချန်အန်းမှလွဲ၍ အဆင့် ၃၀ ရှိသော ဝိညာဉ်ဆရာ တစ်ယောက်သာရှိပြီး ကျန်တဲ့သူများမှာ သာမန်လူများ ဖြစ်ကြသည်။ အကယ်၍ တစ်ခုခု အမှန်တကယ် ဖြစ်ပျက်လာပါက အားလုံးကို ဂရုစိုက်နိုင်ရန် မလွယ်ကူပေ။ တစ်နည်းအားဖြင့် ပြောရသော် ယခုအခါ သူ လီချန်အန်းသည် ဤအဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်ပြီး ဤအဖွဲ့တစ်ခုလုံးအတွက် တာဝန်ရှိနေခြင်း ဖြစ်သည်။
တီယန်ဒူး မြို့တော်ကို သွားရမည်ဆိုလျှင် ချန်ရန်ရွှဲ နှင့် တွေ့ဆုံနိုင်မည် မဟုတ်ပါလား။
လွန်ခဲ့သော ခြောက်နှစ်အတွင်း လီချန်အန်းသည် ရှောင်ဝူ ဆီသို့ တစ်နှစ်လျှင် တစ်ကြိမ်ခန့် သွားရောက်တွေ့ဆုံခဲ့သည်။ သူရှိနေခြင်းကြောင့် ရှောင်ဝူသည် အလုပ်သင်ကျောင်းသူ မဟုတ်တော့ဘဲ နာမည်ကျော် သူဌေးမလေးတစ်ယောက် ဖြစ်နေကာ အကယ်ဒမီ၏ မမကြီး ရှောင်ဝူ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လီချန်အန်းသည် ရှောင်ဝူကို နောက်နှစ်တွင် သူမနှင့်အတူ အချိန်အနည်းငယ် ကုန်လွန်စေကာ အခြားအကယ်ဒမီတစ်ခုသို့ အတူတူသွားမည်ဟု ကတိပေးထားခဲ့သည်။ ထိုအကယ်ဒမီမှာ သဘာဝကျစွာပင် ရှရက်ခ်အကယ်ဒမီ ဖြစ်သည်။ လုံလောက်သော အစွမ်းရှိသည့် လီချန်အန်းအနေဖြင့် ရှရက်ခ်အကယ်ဒမီသို့ သွားခြင်းမှာ မြင့်မားလှသော ရည်မှန်းချက်များကြောင့် မဟုတ်ဘဲ အလှနတ်သမီးလေး ကျူးကျူးချင်းကို အိမ်ထောင်တစ်ခု ဖန်တီးပေးချင်ရုံသက်သက်သာ ဖြစ်သည်။
သို့သော်လည်း ချန်ရန်ရွှဲ နှင့် တွေ့ဆုံရသည့် အကြိမ်ရေမှာမူ အလွန် နည်းပါးခဲ့သည်။ လွန်ခဲ့သော ခြောက်နှစ်အတွင်း အထူးလမ်းကြောင်းများမှတစ်ဆင့် စာအဆက်အသွယ်များ ပြုလုပ်ခဲ့ကြသော်လည်း ချန်ရန်ရွှဲ ၏ ရာထူးအဆင့်အတန်းကြောင့် တစ်ကြိမ်သာ လူချင်းတွေ့ဆုံခဲ့ဖူးသည်။ ဤတစ်ကြိမ် အလုပ်ကိစ္စဖြင့် ခရီးထွက်ရခြင်းကို အခွင့်ကောင်းယူကာ ချန်ရန်ရွှဲ နှင့် ထပ်မံတွေ့ဆုံရန် နည်းလမ်းရှာရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ စာဖြင့် ဆက်သွယ်ရခြင်းမှာ လက်တွေ့ဆုံတွေ့ရသည့် နွေးထွေးမှုမျိုးကို မပေးစွမ်းနိုင်ပါချေ။
အကယ်ဒမီမှ ထွက်လာပြီးနောက် လီချန်အန်းသည် ပုပ်ရဟန်းမင်းကြီးနန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ ယခုအခါ သူ့အတွက် မည်သည့် သက်သေခံတံဆိပ်မျှ မလိုတော့ဘဲ ထိုခန့်ညားလွန်းသော မျက်နှာတစ်ခုတည်းဖြင့်ပင် စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်နေပြီ ဖြစ်သည်။
ဘီဘီတုန်းသည် ယခုအချိန်တွင် ခရမ်းနုရောင် ပုပ်ရဟန်းမင်းကြီး ဝတ်ရုံကို ဝတ်ဆင်ကာ ရုံးခန်း၌ အလုပ်ရှုပ်နေသည်။ ခြောက်နှစ်တာ ကာလသည် သူမ၏ မျက်နှာထက်တွင် မည်သည့် အသက်အရွယ် အမှတ်အသားမျှ ချန်ထားရစ်ခဲ့ပုံမရချေ။ ထူးခြားလှပသော မျက်နှာပြင်မှာ အသိပညာဗဟုသုတ ကြွယ်ဝသော အလှတရားများဖြင့် ပြည့်နှက်နေပြီး ချွေးပေါက်လေးတစ်ခုမျှပင် မမြင်ရချေ။ ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော ခြေသလုံးများနှင့် ရှည်လျားလှပသော ခြေတံအစုံကြောင့် သူမ၏ တစ်ကိုယ်လုံးမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းနေသည်။
ထို့အပြင် လွန်ခဲ့သော ခြောက်နှစ်သည် ဝူဟွန်းနန်းတော်၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော ခြောက်နှစ် ဖြစ်သည်။ ဝူဟွန်းနန်းတော်သည် သာမန်အရပ်သားလူတန်းစားများထဲသို့ အဆင့်ဆင့် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ၎င်း၏ အခြေခံအုတ်မြစ်မှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘီဘီတုန်း၏ အာဏာစွမ်းရည်မှာလည်း ပိုမိုကြီးမားလာပြီး သူမ၏ ဩဇာအရှိန်အဝါမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ တိုးပွားလာခဲ့သည်။
"ဆရာမ... အလုပ်ရှုပ်နေပြန်ပြီပဲ"
လီချန်အန်းသည် ဘီဘီတုန်း၏ အနောက်ဘက်သို့ သဘာဝကျစွာ လျှောက်လှမ်းသွားပြီးနောက် သူမ၏ နားထင်ကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။
"အင်း... အခု ဝူဟွန်းနန်းတော်ရဲ့ အကွက်ချမှုကို အင်ပါယာကြီးနှစ်ခုက စတင်ပြီး ထိန်းကျောင်းဖို့ ကြိုးစားလာကြပြီ၊ ဒါကြောင့် ကိစ္စတွေက အများကြီးပဲ"
ဘီဘီတုန်းသည် မျက်ဝန်းများကို မှိတ်ထားလိုက်ပြီး ဇိမ်ခံသည့် အမူအရာဖြင့် ခေါင်းကို အနောက်သို့ အနည်းငယ် စောင်းကာ နူးညံ့ညင်သာသော အသံဖြင့် ပြောလိုက်သည်။
လီချန်အန်းသည် ပုပ်ရဟန်းမင်းကြီးကို ဤကဲ့သို့ နူးညံ့စွာ ဆက်ဆံရဲသည့် အနည်းငယ်သော လူများထဲက တစ်ယောက် ဖြစ်ပြီး၊ ထိုသို့ ပြုမူခွင့်ရသည့် တစ်ဦးတည်းသော လူသားဟုပင် ပြောနိုင်သည်။ ဟူလျဲ့နာပင်လျှင် ဤကဲ့သို့သော ဆက်ဆံမှုကို မရရှိနိုင်ချေ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဘီဘီတုန်းသည် ဤတပည့်ဖြစ်သူ၏ မိမိအပေါ် ရင်းနှီးကျွမ်းဝင်စွာ ပြုမူတတ်မှုများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ လီချန်အန်းက သူမ၏ အနားသို့ လာသည့်အခါတိုင်း နှိပ်နယ်ပေးခြင်း၊ ဇာတ်ကြောဆွဲပေးခြင်း သို့မဟုတ် နောက်ကွယ်မှနေ၍ ရုတ်တရက် ဖက်လိုက်ခြင်းဖြင့် သူ၏ ရင်းနှီးမှုကို ပြသလေ့ရှိရာ ဘီဘီတုန်းအနေဖြင့် စောစီးစွာကတည်းကပင် နေသားကျနေခဲ့ပြီ ဖြစ်သည်။
"တကယ်တော့ ဆရာမအနေနဲ့ ဒီကိစ္စကို အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး၊ ကျွန်တော်တို့ ဝူဟွန်းနန်းတော်က အစကတည်းက သူတို့ထက် တစ်လှမ်း စောနေခဲ့တာပါ၊ သူတို့ အခုမှ သတိပြုမိတာက တစ်လှမ်း နောက်ကျသွားပါပြီ၊ အသာစီးရမှုက ကျွန်တော်တို့ဘက်မှာပဲ ရှိနေဆဲပါ"
လီချန်အန်းသည် ဘီဘီတုန်း၏ ပြစ်မျိုးမှဲ့မထင်သော အလှတရားကို ရဲရဲဝံ့ဝံ့ စိုက်ကြည့်လိုက်ပြီး လက်ဖြင့် ဘီဘီတုန်း၏ ဆံနွယ်များကို သပ်တင်ပေးလိုက်သည်။ သူနှင့် ဆရာဖြစ်သူကြားရှိ ဆက်ဆံရေးမှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ခြောက်နှစ်တာ ဆက်ဆံရေးမှာ စကားသက်သက်မျှ မဟုတ်ဘဲ ရင်းနှီးမှု အတိုင်းအတာမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
"ဟုတ်ပါပြီ... ငါ့ရဲ့ တပည့်လေးကတော့ အမြဲတမ်း ဉာဏ်ကောင်းနေတုန်းပဲ" ဘီဘီတုန်းသည် မျက်ဝန်းများကို မှိတ်ထားလျက် ပြုံးလိုက်သည်။ "မင်းရဲ့ မစ်ရှင်ကို ငါကိုယ်တိုင် ရွေးချယ်ပေးခဲ့တာ၊ အဲဒီအချိန်ကျရင် ဝိညာဉ်နက်(ဂိုစ့်)က မင်းကို လျှို့ဝှက် စောင့်ရှောက်ပေးလိမ့်မယ်၊ မင်းရဲ့ ဘေးအန္တရာယ်အတွက် စိုးရိမ်စရာမလိုပါဘူး၊ ဟုန် ကုန်သည်အသင်းကလည်း ငါတို့ ဝူဟွန်းနန်းတော်နဲ့ ရင်းနှီးတဲ့ ကုန်သည်အသင်း ဖြစ်လို့ မင်းဘက်ကလည်း နည်းနည်း ဂရုစိုက်ပေးလိုက်ဦး၊ ဒါက မင်းတစ်ယောက်တည်း သွားရမယ့် ပထမဆုံးအကြိမ်မို့... ဆရာမက မင်းကို ယုံကြည်ပါတယ်"
"အကယ်၍ ဖြစ်နိုင်မယ်ဆိုရင်... နန်းတော်ကို သွားပြီး ငါ့ကိုယ်စား သူမကို သွားတွေ့ပေးပါဦး"
ဘီဘီတုန်း ဤသို့ပြောလိုက်ချိန်တွင် သူမ၏ လေသံထဲ၌ ဝမ်းနည်းမှုများ မဖြစ်မနေ ပါရှိနေသည်။ မည်သို့ပင်ဆိုစေ ထိုအရာက သူမ၏ သမီးအရင်း မဟုတ်ပါလား...။
"ကောင်းပါပြီ ဆရာ... စိတ်ချပါ"
လီချန်အန်း ခေါင်းညိတ်လိုက်သည်။ သူသည် ဆရာမပြောနေသည့်သူမှာ မည်သူလဲဆိုသည်ကို သဘာဝကျစွာပင် သိရှိသည်။ လွန်ခဲ့သော နှစ်နှစ်ကတည်းကပင် သူသည် သန့်စင်သောသားတော် အဖြစ်နှင့် ချန်ရန်ရွှဲ ကို သွားရောက်တွေ့ဆုံစဉ်က ဘီဘီတုန်း၏ အသိပေးခြင်းကို ခံခဲ့ရဖူးသည်။
တစ်နည်းအားဖြင့် ပြောရသော်... ဒါက ကောင်မလေး သွားကြူဖို့ အမိန့်တော်မှတ်ခံရခြင်း မဟုတ်ပါလား။