အခန်း (၄၅) - အချိန်ရေစီးကြောင်းသည် တရွေ့ရွေ့နှင့် လွင့်မျောကာ...
ခြောက်နှစ် ကြာပြီးနောက်...
ဝူဟွန်းမြို့တော်ရှိ အကြီးဆုံးဟိုတယ်ကြီး၏ တံခါးချပ်သည် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးကြောင့် ပွင့်ဟသွားပြီးနောက် ထိုအမျိုးသမီးငယ်က ပြုံးလျက် ပြောလိုက်သည်။
"သခင်လေး... လမ်းမှာ ဖြည်းဖြည်းသွားပါ၊ ဘေးအန္တရာယ်ကိုလည်း သတိထားပါဦးနော်"
အရပ် ၁.၇၅ မီတာခန့်ရှိသော ကောင်လေးတစ်ယောက်သည် ဟိုတယ်ထဲမှ လျှောက်လှမ်းထွက်ခွာလာပြီး အပြင်သို့ရောက်သောအခါ ထိုအမျိုးသမီးငယ်ကို လှည့်၍ ပြောလိုက်သည်။
"မမထောင်... ဒီနေ့ ဝတ်ထားတဲ့ အတွင်းခံက အမည်းရောင်မလား"
ပြောပြီးသည်နှင့် ထိုကောင်လေးသည် သူ၏ ပြစ်မျိုးမှဲ့မထင်သော မျက်နှာထက်တွင် လူဆိုးလေးတစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီး လေချွန်ရင်း ထွက်ခွာသွားခဲ့ရာ ရှက်သွေးဖြာကာ ကျန်ရစ်ခဲ့သော မမထောင်တစ်ယောက်တည်းသာ ရှိတော့သည်။
'သခင်လေးက ဘာလို့ ကျွန်မရဲ့အတွင်းခံအရောင်ကို အမြဲတမ်း မှန်အောင် ခန့်မှန်းနိုင်နေရတာလဲ...'
ဤကောင်လေးသည် တောက်ပြောင်သော အနီရောင်အနားကွပ်များပါရှိသည့် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံ၏ အထည်သားမှာလည်း အလွန် အဆင့်အတန်းမြင့်လှရာ ဤဝတ်ရုံမှာ ထိုကောင်လေးအတွက် အထူးတလည် တိုင်းထွာချုပ်လုပ်ထားသကဲ့သို့ပင် ဖြစ်သည်။ ကောင်လေး၏ ဆံပင်များမှာ သဘာဝအတိုင်း ပုခုံးပေါ်အထိ ဝဲကျနေသော အနက်ရောင်ဆံနွယ်များ ဖြစ်ပြီး ပြီးပြည့်စုံသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ ကောင်လေး၏ မျက်နှာအလှအပနှင့် ဆွဲဆောင်မှုရှိသော မျက်ဝန်းများအကြောင်းကို အထူးတလည် ပြောမနေရုံမျှမက၊ လမ်းမပေါ်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များစွာကို ခဏခဏ လှည့်ကြည့်ရလောက်အောင်ပင် ထိုကောင်လေး၏ လူဆိုးဆန်ဆန် အပြုံးက ဆွဲဆောင်နေခဲ့သည်။
လီချန်အန်းသည် လူတိုင်း၏ အကြည့်များကို ကျင့်သားရနေပြီ ဖြစ်သဖြင့် ဂရုမစိုက်တော့ပေ။ ယခု သူ စဉ်းစားနေသည်မှာ သူ၏ ကံကောင်းခြင်းအမှတ် ၁၀ အထိ ရောက်ရှိသွားပြီးနောက်တွင် သူ၏ အချို့သော ခန့်မှန်းမှုများမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိကျနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လွန်ခဲ့သော တစ်လကစ၍ သူသည် ဟိုတယ်စားပွဲထိုးမလေးများ၏ အတွင်းခံအရောင်ကို စတင်ခန့်မှန်းခဲ့ရာ ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့်အထိ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည်။
ဝိညာဉ်အမြုတေ ရှိနေခြင်းကြောင့် လွန်ခဲ့သော ခြောက်နှစ်အတွင်း လီချန်အန်း၏ အဆင့်တက်လှမ်းနှုန်းမှာ အလွန်အမင်း မြန်ဆန်ခြင်း မရှိခဲ့ပေ။ အဓိကအကြောင်းအရင်းမှာ သူသည် တစ်ခါမျှ ကျင့်ကြံခြင်းမပြုဘဲ အသီးအနှံများကို စားသုံးခြင်းဖြင့်သာ အဆင့်တက်ရန် အားကိုးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုအခါ သူသည် အသက်တစ်ဆယ့်နှနှစ် ရှိသေးသော်လည်း သူ၏ အစွမ်းမှာ အဆင့် (၄၆) ရှိသော ဝိညာဉ်ဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်...။
ဝိညာဉ်အမြုတေ ရှိနေခြင်းကြောင့် လီချန်အန်းသည် အဆင့်တစ်ခုစီ တက်လှမ်းတိုင်းတွင် သာမန်ဝိညာဉ်ဆရာတစ်ယောက်ထက် နှစ်ဆမျှပိုသော ဝိညာဉ်စွမ်းအားကို ပေးဆပ်ရသည်။ ဆိုလိုသည်မှာ သူသည် မဟာဝိညာဉ်ဆရာအဆင့်မှ ဝိညာဉ်အကြီးအကဲအဆင့်သို့ ရောက်ရှိရန်အတွက် သာမန်ဝိညာဉ်ဆရာကြီး နှစ်ယောက်စာ အဆင့်တက်နိုင်လောက်သော ဝိညာဉ်စွမ်းအားကို ပေးဆပ်ခဲ့ရခြင်း ဖြစ်ပြီး မဟာဝိညာဉ်ဆရာအဆင့်မှ ဝိညာဉ်ဂိုဏ်းချုပ်အဆင့်သို့ တက်လှမ်းရာတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား အသက်တစ်ဆယ့်နှနှစ် အဆင့် (၄၆) ဝိညာဉ်ဂိုဏ်းချုပ် ဖြစ်လာခြင်းမှာ စံချိန်တင်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်ကွင်းများမှာ သာမန်လူများနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကွာခြားနေသည်ကို အထူးပြောနေစရာ မလိုတော့ဘဲ လီချန်အန်း၏ လက်ရှိအစွမ်း မည်မျှအထိ ရှိနေသည်ကိုမူ မည်သူမျှ အသေအချာ မသိကြချေ။
သို့သော် သေချာသောအချက်တစ်ခုမှာ လီချန်အန်းသည် ယခုအခါ အကယ်ဒမီ၏ အကြီးအကဲ၊ အကယ်ဒမီ၏ စံပြစီနီယာကိုကြီးတစ်ယောက် ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အမှန်တော့ လီချန်အန်းတွင် ဝိညာဉ်စွမ်းအားအသီးနှင့် လဲလှယ်ရန် ပွိုင့်များ မလုံလောက်ခြင်း မဟုတ်ဘဲ၊ အဆင့် ၅၀ ရောက်လျှင် သူ စုပ်ယူနိုင်မည့် ဝိညာဉ်ကွင်းမှာ အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်ကွင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သင့်တော်သော ဝိညာဉ်သားရဲ မရှိသေးဘဲနှင့် အဆင့်တက်လှမ်းရန် သူ စိတ်မလောချင်ပါ။ မည်သို့ပင်ဆိုစေ ပွိုင့်များအားလုံး ရှိနေသဖြင့် သူ အဆင့်တက်ချင်သည့်အချိန်တိုင်း တက်နိုင်သောကြောင့် စိုးရိမ်နေစရာ မလိုပေ။
လွန်ခဲ့သော ခြောက်နှစ်အတွင်း လီချန်အန်း အများဆုံးလုပ်ဆောင်ခဲ့သည်မှာ အဆင့်ဆင့် ကျောင်းတက်ခြင်း၊ ဘီဘီတုန်းထံသို့ အချိန်မှန် သွားရောက်ကာ စာသင်ကြားခြင်းနှင့် မိမိ၏ အသိပညာဗဟုသုတများကို စုဆောင်းခြင်းတို့သာ ဖြစ်သည်။
...
"ချန်အန်း... မင်း ရောက်လာပြီပဲ"
လီချန်အန်း ခုံတွင် ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟူလျဲ့နာ လျှောက်လာခဲ့သည်။ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိပြီ ဖြစ်သော ဟူလျဲ့နာကို ပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ဟု ပြောနိုင်ပြီး သူမ၏ ဆွဲဆောင်မှုမှာ ပို၍ပို၍ ထင်ရှားလာကာ ယောက်ျားလေးများစွာကို ရင်ခုန်စိတ်လှုပ်ရှားစေနိုင်သည့် ခန္ဓာကိုယ်အလှကိုလည်း ပိုင်ဆိုင်ထားသည်။
သို့သော် ထိုသို့ဖြစ်သော်လည်း ဟူလျဲ့နာသည် အခြားသူများအပေါ်တွင် အေးစက်တတ်သော်လည်း သူမ၏ မျက်ဝန်းများထဲတွင်မူ လီချန်အန်း တစ်ယောက်တည်းဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သို့သော် ဟူလျဲ့နာအတွက် ထူးဆန်းသောအချက်မှာ လီချန်အန်းသည် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို အတည်မပြုရသေးဘဲ နှစ်ဦးသားမှာ အမြဲတမ်း ဝေဝေဝါးဝါး အဆင့်တွင်သာ ရှိနေကြခြင်း ဖြစ်သည်။
"အင်း... မင်္ဂလာနံနက်ခင်းပါ စီနီယာအစ်မ"
လီချန်အန်း၏ မျက်ဝန်းများသည် စကားပြောနိုင်စွမ်းရှိပုံရသည်။ သူသည် ဟူလျဲ့နာကို တစ်ချက်မျှ ကြည့်ကာ နှုတ်ဆက်လိုက်ရုံဖြင့် ဟူလျဲ့နာ၏ တစ်ကိုယ်လုံးကို နွေးထွေးသွားစေသည်။ ဟူလျဲ့နာသည် လီချန်အန်း၏ ရှေ့တွင် သူမ၏ ဆွဲဆောင်မှုရှိသော လျှာဖျားလေးကို လျက်လိုက်ပြီး ထိုနည်းတူ အကြည့်မျိုးဖြင့် ပြန်လည်ကြည့်ရှုကာ မိမိခုံဆီသို့ ပြန်သွားခဲ့သည်။
သန့်စင်သောသမီးတော် တစ်ယောက်အနေဖြင့် ဟူလျဲ့နာသည် ဉာဏ်ရည်ရော အစွမ်းပါ ထိပ်တန်းတွင် ရှိသော်လည်း လီချန်အန်းနှင့် ရင်ဆိုင်ရသည့်အခါတိုင်းတွင်မူ လုံးဝ အရှုံးပေးလိုက်ရပြီး မည်သည့် အသာစီးရမှုကိုမျှ မရရှိခဲ့ပေ။ သို့သော် ထိုသို့ဖြစ်လင့်ကစား ဟူလျဲ့နာသည် လီချန်အန်းအပေါ်တွင် ပို၍ပို၍ ပြင်းထန်သော အချစ်စိတ်များ ရှိနေဆဲ ဖြစ်သည်။ အကြောင်းမှာ ကြီးပြင်းလာသည်နှင့်အမျှ လီချန်အန်းမှာ ပို၍ ခန့်ညားလာပြီး သူ၏ အစွမ်းများမှာလည်း ပို၍ သန်မာလာသောကြောင့် ဖြစ်သည်။
ထို့အပြင် ဟူလျဲ့နာ အကြည်ညိုရဆုံး အချက်မှာ လီချန်အန်းသည် အစည်းအဝေးတိုင်းတွင် အကြံပြုချက် တစ်ခု သို့မဟုတ် နှစ်ခုကို အမြဲတမ်း တင်ပြလေ့ရှိပြီး ထိုအကြံပြုချက်များသည် မကြာမီမှာပင် ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေကာ ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ခံရခြင်းကြောင့် ဖြစ်သည်။
ယောက်ျားတစ်ယောက်က ခန့်ညားနေရုံ၊ အသိဉာဏ်ရှိနေရုံ၊ အစွမ်းထက်နေရုံ သို့မဟုတ် မိန်းကလေးတစ်ယောက်၏ နှလုံးသားကို လှုပ်ခတ်နိုင်ရုံမျှဖြင့် မကြောက်စရာသော်လည်း၊ ကြောက်စရာကောင်းလှသည်မှာ လီချန်အန်းသည် ခန့်ညားရုံတင်မကဘဲ မြင့်မားသောအစွမ်း၊ မြင့်မားသောဉာဏ်ရည်နှင့် ဆွဲဆောင်မှုရှိနေသည့်အပြင် လွန်ခဲ့သော ခြောက်နှစ်ကတည်းကပင် သူ၏ အရည်အချင်းများကို သက်သေပြခဲ့ပြီး ဖြစ်နေခြင်းပင်...။
ဤကဲ့သို့သော ယောက်ျားတစ်ယောက်ကို ဟူလျဲ့နာအနေဖြင့် မည်သို့လျှင် မချစ်ဘဲ နေနိုင်ပါမည်နည်း။ ထို့အပြင် သူတို့သည် စောစောစီးစီးကတည်းက ရင်းနှီးခဲ့ကြပြီး နေ့တိုင်းလည်း အတူတူ စာသင်ခဲ့ကြသည် မဟုတ်ပါလား။
စာသင်ချိန်ပြီးနောက် လီချန်အန်းသည် ကန်တင်းဆီသို့ တစ်ယောက်တည်း လျှောက်လှမ်းသွားခဲ့သည်။ မွန်းတည့်ချိန်ကိုမူ မုရှီးနှင့်အတူ ရှိနေရန်အတွက် အသုံးပြုလေ့ရှိသည်။ သူသည် ကတိကို တစ်ခါမျှ မဖျက်ခဲ့ဖူးပေ။ ဟူလျဲ့နာသည် မုရှီး ရှိနေသည်ကို သိသော်လည်း လီချန်အန်းက အမြဲတမ်း ဆင်ခြေတစ်ခုပေးကာ ဖုံးကွယ်ထားခဲ့သည်။
လီချန်အန်းသည် အစပိုင်းတွင် အလွန်ဒေါသထွက်ဟန်ပြကာ ဟူလျဲ့နာကို ဆူပူခဲ့ဖူးပြီး သူသည် မွန်းတည့်ချိန်တွင် သူ၏ အဝေးကဝမ်းကွဲညီမလေးနှင့် ထမင်းအတူစားရုံသာ ဖြစ်ပြီး အခြားအချိန်များတွင် အတူမရှိကြောင်း ပြောဆိုခဲ့သည်။
လီချန်အန်း ဒေါသထွက်သည့်အခါ ဟူလျဲ့နာသည် အလွန် ကြောက်ရွံ့မိသည်ဟု ပြောရမည် ဖြစ်သည်။ ထို့အပြင် လီချန်အန်းထံသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသော အချစ်စာလွှာများနှင့် သူ့နောက်သို့ လိုက်နေကြသော မိန်းကလေးများစွာ ရှိနေသဖြင့် ဟူလျဲ့နာသည် ထပ်ပြီး အစွမ်းကုန် မစုံစမ်းရဲတော့သလို စုံစမ်း၍လည်း မရနိုင်ပါ။ မည်သို့ပင်ဆိုစေ လီချန်အန်းကဲ့သို့သော လူမျိုးအတွက် အချစ်ရေးကောလာဟလများစွာ ရှိနေခြင်းမှာ အလွန် ရှုပ်ထွေးလှသဖြင့် ဟူလျဲ့နာလည်း ဘာမျှ မတတ်နိုင်တော့ပေ။
မုရှီးနှင့် ပတ်သက်၍မူ သူမကို လှည့်စားရန် ပို၍ လွယ်ကူသည်။ ဤမိန်းကလေးသည် အခြားသူများ၏ အကြည့်များကို လုံးဝ ဂရုမစိုက်သည့်အပြင် လီချန်အန်း၏ စကားကို အလွန် နားထောင်ကာ လီချန်အန်းကို တစ်ခါမျှ သံသယမဝင်ခဲ့ဖူးပေ။
မုရှီးသည်လည်း ယခုနှစ်တွင် အသက် တစ်ဆယ့်နှနှစ် ရှိပြီ ဖြစ်ရာ မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး အရပ်လည်း အတော်အတန် ရှည်လာခဲ့သည်။ သို့သော် မပြောင်းလဲသေးသည့် တစ်ခုတည်းသော အချက်မှာ သူမသည် ခေါင်းကို အောက်သို့ ငုံ့ထားတတ်ဆဲ ဖြစ်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်လွယ်ဆဲပင် ဖြစ်သည်။
မုရှီးသည် ယနေ့တွင် အဖြူရောင်အပေါ်အင်္ကျီ၊ ရိုးရှင်းသော အနက်ရောင်ဘောင်းဘီရှည်နှင့် ဒေါက်မပါသော ဖိနပ်အပြားကို ဝတ်ဆင်ထားသော်လည်း ဤကဲ့သို့သော အဝတ်အစားများပင် သူမ၏ ခန္ဓာကိုယ်အချိုးအစားနှင့် အလွန် လိုက်ဖက်နေခဲ့သည်။ မုရှီးသည် လီချန်အန်း၏ တောင်းဆိုချက်အရ ပုခုံးပေါ်သို့ ဝဲကျနေသော အနက်ရောင်ဆံပင်ရှည်များကို ထားရှိခဲ့သည်။ သူမ၏ ထူးခြားလှပသော မျက်နှာကျနှင့် ခရမ်းရောင်လိုင်လက်ပန်းကဲ့သို့သော မျက်ဝန်းအစုံကြောင့် သူမသည် လူတိုင်း၏ အိမ်မက်ထဲက နတ်သမီးလေးတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။
"အစ်ကို ရောက်လာပြီပဲ"
မုရှီးသည် ထောင့်တစ်နေရာတွင် ထိုင်နေဆဲ ဖြစ်ပြီး လီချန်အန်း လာသည်ကို မြင်သောအခါ သူမ၏ မျက်ဝန်းအစုံတွင် နူးညံ့မှုများ ပြည့်နှက်သွားခဲ့သည်။
"အစ်ကိုက မနေ့က ပုစွန်ပေါက်စီ စားချင်တယ်လို့ ပြောထားလို့... ညီမလေး မနေ့ညက အဲဒါကို လေ့လာပြီး အစ်ကို့အတွက် လုပ်လာခဲ့တယ်၊ မြည်းစမ်းကြည့်မလားဟင်"
မုရှီးသည် သူမ၏ ဘေးနားရှိ အိတ်ထဲမှ ထမင်းဘူးတစ်ခုကို ညင်သာစွာ ထုတ်ယူလိုက်ပြီး လီချန်အန်း၏ ရှေ့တွင် ချပေးလိုက်သည်။ သူမသည် ထိုင်ရာမှထ၍ ထမင်းဘူးကို လီချန်အန်းအတွက် ဖွင့်ပေးကာ တရုတ်တူများကို လီချန်အန်း၏ ရှေ့တွင် ချပေးပြီး အချဉ်ရည်ကိုပါ အဆင်သင့် ပြင်ဆင်ပေးထားခဲ့သည်။
လီချန်အန်းသည် သူ၏ ရှက်တတ်သော ညီမလေး၏ နူးညံ့မှုများကို ကျင့်သားရနေပြီ ဖြစ်သဖြင့် ပြုံးလျက် ပြောလိုက်သည်။
"ညီမလေး အစ်ကို့ကို ခွံ့ကျွေးမလားဟင်"
လီချန်အန်း၏ စနောက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရဖူးသော်လည်း မုရှီးသည် ရှက်သွေးဖြာကာ နူးညံ့စွာ ပြောလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ..."