အခန်း (၄၂) - "၅-၃" လို့ပဲ ခေါ်လိုက်တော့မယ်...
ထို့နောက်တွင် လီချန်အန်းနှင့် ဟူလျဲ့နာတို့သည် စားသောက်ရန် အခြားဆိုင်တစ်ဆိုင်ကို ရှာဖွေခဲ့ကြပြီး လီချန်အန်းကပင် ပိုက်ဆံရှင်းပေးခဲ့သည်။ စားသောက်နေစဉ်အတောအတွင်း လီချန်အန်းက လွန်ခဲ့သော သုံးရက်လုံးလုံး အစ်မကို မည်မျှလောက် လွမ်းဆွတ်နေခဲ့ရကြောင်း အပိုအလိုမရှိ ဖော်ပြခဲ့ရာ ဟူလျဲ့နာကို အလွန်အမင်း ပျော်ရွှင်သွားစေသည်။ ဘာပဲဖြစ်ဖြစ် သူသည် ဟူလျဲ့နာကို သုံးရက်ခန့် ပစ်ထားခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် အစ်မတော်ချောချောလေးနှင့် ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ချိုသာသောစကားအချို့ ပြောဆိုရမည့်အချိန် ဖြစ်သည်။
စားသောက်ပြီးနောက် လီချန်အန်းသည် ဟူလျဲ့နာကို သူမနေထိုင်ရာနေရာသို့ ပြန်ပို့ပေးခဲ့ပြီးမှ မိမိ၏ အိမ်သို့ ပြန်လာခဲ့သည်။ သို့သော်လည်း ဟိုတယ်တွင် လီချန်အန်း၏ မိဘနှစ်ပါးစလုံး မရှိကြချေ။ ကြားသိရသလောက်ဆိုလျှင် တစ်ယောက်က တီယန်ဒူးမြို့တော်သို့ သွားရောက်ပြီး ကျန်တစ်ယောက်ကတော့ စက်ရုံသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။ ကြည့်ရသည်မှာ အလွန်အမင်း အလုပ်ရှုပ်နေကြပုံရသည်။
လီချန်အန်းသည် ရုတ်တရက် မိမိကိုယ်မိမိ မိဘမဲ့ကလေးတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ သူ ရက်အနည်းငယ်ခန့် အိမ်မပြန်လျှင်ပင် မည်သူကမျှ လာရောက်နှောင့်ယှက်လိမ့်မည်မဟုတ်ပေ။ ဧည့်ကြိုကောင်တာမှ မမချောလေးကို အနည်းငယ် စနောက်ကျီစယ်ပြီးနောက် လီချန်အန်းသည် သူ၏အခန်းသို့ တိုက်ရိုက်ပြန်လာခဲ့သည်။ မိဘများမရှိခြင်းက သူ့ကို အတော်လေး လွတ်လပ်ပျော်ရွှင်စေသည်။
လီချန်အန်းသည် ဝန်ထမ်းများ သေသပ်စွာ ပြင်ဆင်ပေးထားသော ကုတင်ပေါ်တွင် လှဲလျော်ရင်း စနစ် ကို အေးဆေးစွာ ဖွင့်လိုက်ပြီးနောက် ယနေ့ရရှိခဲ့သော လက်ပတ်ကို အရင်ဆုံး ထုတ်ယူလိုက်သည်။
ဤသိုလှောင်မှုလက်ပတ်သည် ကြည်လင်သော အပြာရောင်သလင်းကျောက်ရောင်ရှိပြီး နက်နဲဆန်းကြယ်သော အင်းကွက်ပုံစံများ ထွင်းထုထားသည်။ ကြည့်ရသည်မှာ အလွန်အဆင့်မြင့်ပြီး တန်ဖိုးကြီးပုံရသည်။ လီချန်အန်းသည် မဆိုင်းမတွဘဲ မူလသိုလှောင်မှု ကိရိယာထဲတွင် ရှိသမျှအရာအားလုံးကို ဤလက်ပတ်ထဲသို့ ပြောင်းရွှေ့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤသိုလှောင်မှုလက်ပတ်သည် ကုဗမီတာတစ်သောင်းအကျယ်ရှိသော အာကာသနေရာဖြစ်ပြီး အတွင်းပိုင်းရှိ အချိန်စီးဆင်းမှုကလည်း လုံးဝရပ်တန့်နေသည်။ ဤမျှကောင်းမွန်သော ပစ္စည်းကို ကောင်းမွန်စွာ အသုံးချရပေမည်။
"ကောင်းပြီ၊ နောက်ကျရင် မိန်းကလေးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်ထားရမယ်၊ ပြီးတော့ ဟင်းချက်ပြီး ထည့်ထားမယ်၊ မွေ့ရာတစ်ခုပါ ထည့်ထားလိုက်ဦးမယ်။"
စကားမစပ်၊ ဤလက်ကောက်တွင် အမည်မရှိသေးပေ။ လီချန်အန်းသည် မေးစေ့ကိုပွတ်ရင်း သူ၏ဦးနှောက်ထဲတွင် လှပသော စကားလုံးများကို ရှာဖွေလိုက်သည်။
လက်ကောက်က အပြာရောင်ဖြစ်ပြီး ရိုးရှင်းတဲ့ ပုံစံတွေ ရှိနေတာကြောင့်... "၅-၃" လို့ပဲ ခေါ်လိုက်တာ ပိုကောင်းလိမ့်မယ်!
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ငါးနှစ်စာနဲ့ သုံးနှစ်စာ လေ့ကျင့်ခန်းစာအုပ်ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဤအမည်က ဘာမျှမှားယွင်းစရာမရှိဘဲ အကွက်ကျလွန်းလှသည်။
"၅-၃" လက်ပတ်ကို လက်ကောက်ဝတ်တွင် ဝတ်ဆင်ပြီးနောက် လီချန်အန်းသည် သူ၏ ဇာတ်ကောင်အချက်အလက် ကို စတင်စစ်ဆေးလိုက်သည်။
"ဒေါင်၊ ဇာတ်ကောင်အချက်အလက်ပြကွက် -"
"အမည် - လီချန်အန်း"
"အသက် - ခြောက်နှစ်၊ ကျား/မ - ကျား"
"ဝိညာဉ်လက်နက် - ပန်ဂူပုဆိန် (မပြည့်စုံသောဗားရှင်း)၊ တုန်းဟွမ်ခေါင်းလောင်း (မပြည့်စုံသောဗားရှင်း)!"
"ဝိညာဉ်စွမ်းအား - အဆင့် ၂၄ (၁၂၀၀/၈၀၀၀)"
"ဝိညာဉ်ကွင်း - နီလာပြာကျား (၁၁၉၃ နှစ်)၊ မိုးကြိုးမြားကျား (၉၉၉၉ နှစ်)"
"စိတ်ဝိညာဉ်စွမ်းအား - ၄၀၀၀၊ ကံကောင်းခြင်းပမာဏ - ၇"
"ရမှတ် - ၁၃၈၈၆"
"အကဲဖြတ်ချက် - ခန့်ညားချောမောတာကလွဲရင် မင်းက လူရှုပ်လူပွေတစ်ယောက်ပဲ..."
ကောင်းပြီ၊ နောက်ဆုံးက အကဲဖြတ်ချက်ကို လျစ်လျူရှုလိုက်ပြီး လီချန်အန်းသည် ကံကောင်းခြင်းပမာဏကိုသာ အဓိက အာရုံစိုက်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားသီးသည် ရမှတ်တစ်သိန်းခွဲခန့် ပေးရသဖြင့် သူ မတတ်နိုင်သေး၍ မစမ်းသပ်နိုင်သော်လည်း ကံကောင်းခြင်းသစ်သီးကိုမူ စမ်းသပ်နိုင်သေးသည်။
သူ၏လက်ချောင်းကို လဲလှယ်မှုဘားပေါ်တွင် တင်ထားသော်လည်း လီချန်အန်း၏ လက်က တုံ့ဆိုင်းနေဆဲ ဖြစ်သည်။ ဤရမှတ်တစ်သောင်းကို သူ တာဝန်တစ်ခု ပြီးမြောက်အောင်မြင်ပြီးမှသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤကံကောင်းခြင်းသစ်သီးက တန်၊ မတန်ဆိုသည်ကို သူ မသေချာပေ...
"စမ်းကြည့်လိုက်မယ်၊ တစ်ခါပဲ စမ်းကြည့်မယ်။ အကယ်၍ အလုပ်မဖြစ်ရင် နောင်ကျရင် ဒီလို အသုံးမကျတဲ့ ကံကောင်းခြင်းသစ်သီးကို ဘယ်တော့မှ ထပ်မလဲတော့ဘူး။"
လီချန်အန်းသည် မိမိကိုယ်မိမိ စိတ်ထဲတွင် ထပ်ဖန်တလဲလဲ သတိပေးလိုက်ပြီးနောက် သွားကိုကြိတ်ကာ ကံကောင်းခြင်းသစ်သီးတစ်လုံးကို လဲလှယ်လိုက်သည်။
ပြောရလျှင် ကံကောင်းခြင်းသစ်သီး၏ တန်ဖိုးက အမှန်တကယ်ပင် မြင့်မားလှသည်။ အနီရောင်ထဲတွင် အဝါရောင်သန်းနေပြီး အဝါရောင်ထဲတွင်လည်း အနီရောင် ရောယှက်နေသည်။ အဓိကသော့ချက်မှာ လက်ထဲတွင် ကိုင်ထားရသည့် ခံစားချက်က အလွန်သက်တောင့်သက်သာရှိပြီး ပေးရသည့်စျေးနှင့် တန်ကြောင်း အပြည့်အဝ ပြသနေသည်။ ရမှတ်တစ်သောင်းပေးခဲ့ရသော ကံကောင်းခြင်းသစ်သီးက အလဟဿတော့ မဖြစ်နိုင်ပေ။
သူသည် နှစ်ကိုက်သုံးကိုက် ကိုက်စားလိုက်ပြီးနောက် အခြေအနေကို ကြည့်လိုက်ရာ သူ၏ကံကောင်းခြင်းပမာဏမှာ ခုနစ်မှ ရှစ်သို့ ပြောင်းလဲသွားသည်မှအပ အခြားဘာမျှ ပြောင်းလဲမသွားသည်ကို တွေ့လိုက်ရသည်...
ထိုသို့ဆိုလျှင် စမ်းသပ်ချက်တစ်ခု လုပ်ကြည့်ရပေမည်။
လီချန်အန်းသည် ထကာ တံခါးနောက်ကွယ်တွင် စက္ကူဖြူတစ်ရွက်ကို ကပ်လိုက်ပြီး စက္ကူဖြူပေါ်တွင် ရိုးရှင်းသော စက်ဝိုင်းပုံစံတစ်ခုကို ဆွဲလိုက်သည်။ ထို့နောက် လီချန်အန်းသည် သူဝယ်ယူထားသော ဓားကို ရှာဖွေလိုက်သည်။ သူသည် သိပ်ပြီး အာရုံစိုက်မချိန်ရွယ်ဘဲ ဓားကို ပစ်လွှတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အလယ်ဗဟိုကို ထိမှန်ပါစေ၊ အလယ်ဗဟိုကို ထိမှန်ပါစေဟု အထပ်ထပ် တွေးတောနေခဲ့သည်...
"ဗုန်း!"
ဓားသည် စက္ကူဖြူ၏ အလယ်ဗဟိုသို့ တိကျစွာ ပျံသန်းသွားခဲ့သည်။ အလယ်ဗဟို တည့်တည့်ကြီး မဟုတ်သော်လည်း ဗဟိုချက်နှင့် သိပ်မဝေးလှချေ။
"နောက်တစ်ခါ ထပ်စမ်းကြည့်မယ်!"
လီချန်အန်းသည် ကံကောင်းခြင်းပမာဏ၏ အကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ထပ်မံပစ်လွှတ်လိုက်ရာ ယခုအကြိမ်တွင်မူ အလယ်ဗဟိုတည့်တည့်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ကံကောင်းခြင်းပမာဏ အနည်းငယ် တိုးတက်ရုံမျှဖြင့် ဤမျှကြီးမားသော ကံကောင်းခြင်းကို ယူဆောင်လာပေးသည်လား။ ဤမျှအဖိုးတန်ပြီး စျေးကြီးနေသည်မှာ မဆန်းတော့ပေ........
အရာအားလုံးကို စမ်းသပ်ပြီးနောက် လီချန်အန်းသည် မိမိ၌ ရမှတ်သုံးထောင်ကျော်သာ ကျန်ရှိတော့သည်ကို မြင်သောအခါ ရင်ထဲတွင် နှမြောတသဖြစ်သွားသည်။ ယခု သန့်ရှင်းသောသားတော် ရွေးချယ်ပွဲတွင် သူသာ ပညာရှိ၏အရှိန်အဝါကို ငါးကြိမ်ခြောက်ကြိမ်ခန့် ထုတ်မပြနိုင်လျှင် သူ၏အမည်ကို ပြောင်းပစ်မည်ဟု တွေးလိုက်မိသည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လီချန်အန်းသည် ပုံမှန်အတိုင်း ဘီဘီတုန်းအတွက် မုန့်တစ်ခု ပြုလုပ်ပေးခဲ့ပြီးနောက် ဟူလျဲ့နာနှင့် မုရှီးတို့အတွက်ပါ တစ်ပုံစီ ပြင်ဆင်ပေးခဲ့ကာ သီချင်းတညည်းညည်းဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
"ဟင်? ဘာကြီးက မာနေတာလဲ။"
လီချန်အန်းသည် ခြေထောက်ကို ကြည့်လိုက်ရာ သူ၏ခြေဖဝါးအောက်တွင် တောက်ပနေသော ရွှေဝိညာဉ်ဒင်္ဂါးပြားတစ်ပြား ရှိနေသည်ကို တွေ့ရှိလိုက်သဖြင့် အံ့အားသင့်သွားရသည်။
ဒီလောက်တောင် ကံကောင်းရတာလား။ ရွှေဝိညာဉ်ဒင်္ဂါးပြားတစ်ပြား၏ ဝယ်ယူနိုင်စွမ်းအားက မနည်းလှပေ!
လီချန်အန်းသည် ရွှေဝိညာဉ်ဒင်္ဂါးပြားကို "၅-၃" လက်ကောက်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်ပြီးနောက် ကျောင်းသို့ ဆက်လက်ထွက်ခွာခဲ့သည်။ သို့သော်လည်း လီချန်အန်းအနေဖြင့် လမ်းတစ်လျှောက်တွင် ထပ်မံ၍ ပိုက်ဆံကောက်ရခြင်းမျိုး မရှိတော့သဖြင့် အနည်းငယ် စိတ်ပျက်သွားရသည်။ ကံကောင်းခြင်းပမာဏ အဆင့် ၉ သို့ ရောက်ရှိသွားလျှင် မည်သို့ဖြစ်လာမည်ကို သူ မသိတော့ပေ...
သင်ခန်းစာများကတော့ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း လီချန်အန်း၏ ကျောင်းပြင်ပဘဝကတော့ အတော်လေး စည်ကားလှပလာခဲ့သည်။ မွန်းတည့်ချိန်တွင် သူသည် မုရှီးနှင့်အတူ နေ့လည်စာ စားရပြီး ညနေပိုင်းတွင်မူ ဟူလျဲ့နာနှင့်အတူ ပုပ်ရဟန်းမင်းနန်းဆောင်သို့ သွားရောက်ကာ သင်ခန်းစာများ နာယူရသည်။ ထို့အပြင် ကျောင်းမှ စီနီယာအစ်မကြီးများ ပေးပို့သော ရည်းစားစာများကိုလည်း အခါအားလျော်စွာ ငြင်းပယ်ရသေးသည်။ အရေးကြီးဆုံးအချက်မှာ မိန်းကလေးနှစ်ယောက်ကြားတွင် လှေမမှောက်စေရန်အတွက် မျှခြေတစ်ခုကို အသည်းအသန် ရှာဖွေနေရခြင်း ဖြစ်သည်။
သုံးရက်လွန်မြောက်ပြီးနောက်၊ ပုပ်ရဟန်းမင်းနန်းဆောင်၏ ရှေ့တွင် -
ပုပ်ရဟန်းမင်းနန်းဆောင်၏ အရှေ့မြောက်ဘက်တွင် ကြီးမားလှသော ဝိညာဉ်လက်နက်ကွင်းပြင်ကြီးတစ်ခုကို ပြင်ဆင်ထားသည်။ ဤသည်က သန့်ရှင်းသောသားတော် ရွေးချယ်ပွဲအတွက် အထူးပြင်ဆင်ထားသော နေရာတစ်ခု ဖြစ်သည်။ ယနေ့သည် သန့်ရှင်းသောသားတော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မည့်နေ့ ဖြစ်သဖြင့် အင်အားစုအသီးသီးမှ ထူးချွန်ထက်မြက်သော လူငယ်များအားလုံး နေရာယူထားကြပြီ ဖြစ်သည်။
လီချန်အန်းသည် ယခုအချိန်တွင် ရှဲ့ယွဲ့၊ ရန်တို့နှင့်အတူ ရပ်နေသည်။ ရောက်ရှိလာသူ ၅၀ သို့မဟုတ် ၆၀ ခန့် ရှိသည့်အနက် သူသည် ဤနှစ်ယောက်ကိုသာ သိသောကြောင့် သူတို့နှင့်အတူ မရပ်ဘဲ မနေနိုင်တော့ပေ။
ယခုအချိန်တွင် ဝူဟွန်းနန်းတော်၏ နက်နဲသော အခြေခံအုတ်မြစ်က ပေါ်လွင်လာခဲ့သည်။ လာရောက်နိုင်သော လူငယ်များအားလုံးသည် အသက်ဆယ်နှစ်အောက်များ ဖြစ်ကြပြီး ရွေးချယ်ပွဲတွင် ပါဝင်ဝံ့သူများအားလုံးသည်လည်း ဒုတိယဝိညာဉ်ကွင်းပိုင်ဆိုင်သော အထူးချွန်ဆုံး ကျောင်းသားများ ဖြစ်ကြသည်။ သို့သော်လည်း ထိုသို့ဖြစ်နေသော်များလည်း လူဦးရေပမာဏက အလွန်များပြားနေဆဲ ဖြစ်သည်။
အကယ်ဒမီမှလူများအပြင် ပုပ်ရဟန်းမင်းနန်းဆောင်ရှိ လူများသည် အဓိကမြို့ကြီးများ၏ ဝူဟွန်းနန်းတော်ခွဲများမှ စေလွှတ်လိုက်သောသူများလည်း ဖြစ်ကြသည်။ မင်းစိုးရာဇာများတွင် မိမိတို့ကိုယ်ပိုင် လေ့ကျင့်ပျိုးထောင်မှု နည်းလမ်းများ ရှိကြသည်။ အမှန်စင်စစ် သူတို့၏ ကိုယ်စားလှယ်လောင်း အများစုသည်လည်း ဝူဟွန်းနန်းတော်အကယ်ဒမီနှင့် အကြီးအကဲများနန်းဆောင်တို့မှ ဖြစ်ကြပြီး အဆင့်အတန်းချင်းကတော့ အတူတူပင် ဖြစ်သည်။
"ဟမ်း... အားလုံးပဲ ငြိမ်ငြိမ်နေကြပါ!"
အက်ရှရှနှင့် သြဇာညောင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဂိုစ့်၏အသံသည် လေထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး ဂိုစ့်၏ ဘေးနားတွင်လည်း လူရိပ်အချို့ ရှိနေသည်။ သူတို့သည် အကြီးအကဲများနန်းဆောင်မှ အကြီးအကဲများနှင့် မှူးမတ်ရေးရာအရာရှိများ ဖြစ်ကြသည်။
"ဒီနေ့ကတော့ ရှုံးထွက်ပွဲစဉ် ဖြစ်တယ်။ အားလုံးက ကွင်းထဲကိုဝင်ပြီး အုပ်စုလိုက် အနီးကပ်တိုက်ပွဲ ဆင်နွှဲရမယ်။ နောက်ဆုံးအထိ လဲကျမသွားဘဲ ကျန်ရစ်တဲ့ ဆယ်ယောက်က အနိုင်ရရှိသူတွေ ဖြစ်လိမ့်မယ်!"
ဂိုစ့်က စည်းမျဉ်းများကို အေးစက်စွာ ပြောကြားလိုက်သည်။ ရိုးရှင်းပြီး ကြမ်းတမ်းလှသော စည်းမျဉ်းပင် ဖြစ်သည်။
တစ်ဦးချင်း တိုက်ခိုက်ခြင်းက လူတစ်ယောက်၏ ဘက်စုံစွမ်းဆောင်ရည်ကို မပေါ်လွင်စေနိုင်ပေ။ ဤကဲ့သို့သော အုပ်စုလိုက် ပရမ်းပတာ တိုက်ခိုက်ပွဲမျိုးကသာ လူတစ်ယောက်၏ ဘက်စုံအရည်အသွေးကို အကောင်းဆုံး စမ်းသပ်နိုင်ခြင်း ဖြစ်သည်။ အကြောင်းမူကား အစီအစဉ်မရှိဘဲ စုပြုံတိုက်ခိုက်နေသည့်ပွဲတွင် နောက်ဆုံးအထိ ခံနိုင်ရည်ရှိရန် မလွယ်ကူသောကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားက အကန့်အသတ်ရှိတာကြောင့် အစီအမံအချို့ကို သုံးပြီး လုံလောက်တဲ့ အင်အားရှိမှသာ အခွင့်အရေး ရရှိလိမ့်မည်.....
"အားလုံးပဲ၊ ကွင်းထဲကို ဝင်ကြတော့!"
အသက်ဆယ်နှစ်အောက် လူငယ် ၅၀ ကျော်တို့သည် ဝန်ထမ်းများ၏ ညွှန်ကြားချက်အရ ကွင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ ပြောရလျှင် ဤကွင်းပြင်ကြီးက တကယ့်ကို ကျယ်ဝန်းလှသဖြင့် လူအများအပြား ရှိနေသော်လည်း ကျဉ်းကျပ်နေခြင်းမျိုး မရှိပေ။
"အုပ်စုလိုက်တိုက်ပွဲ... စတင်စေ!"