အခန်း (၄) - ကျွန်တော် ဆရာ့ကို ချစ်တယ်
လီချန်အန်းရဲ့ မိသားစုကတော့ ဟိုတယ်လုပ်ငန်းရှင်တွေ ဖြစ်ကြပြီး သူတို့ရဲ့ဟိုတယ်က ဝူဟွန်းမြို့တော်မှာ အကြီးဆုံးနဲ့ အစည်ကားဆုံး ဟိုတယ်တစ်ခုပေါ့။
"အဖေ၊ အမေ... ကျွန်တော် ပြန်လာပြီ!"
လီချန်အန်းက အိမ်ထဲဝင်ဝင်ချင်း အော်ဟစ်နှုတ်ဆက်လိုက်ပြီး ဟိုတယ်ဧည့်ခန်းက ဆိုဖာပေါ်မှာ ခြေတင်ချိတ်ပြီး ဇိမ်နဲ့ ထိုင်လိုက်ပါတော့သည်။
လီချန်အန်းရဲ့ မိဘတွေကတော့ ရှေ့ကောင်တာမှာ စာရင်းတွက်နေကြတာပါ။ လီချန်အန်း ပြန်လာတာကို မြင်တော့ မိခင်ဖြစ်သူက မပြုံးဘဲ မနေနိုင်တော့ပါဘူး။ သားဖြစ်သူက ငယ်ငယ်ကတည်းက ဒီလို ခပ်ပေါ့ပေါ့နေတတ်တဲ့ စရိုက်ရှိတာမို့ သူမအတွက်တော့ ဒါက အထူးအဆန်း မဟုတ်တော့ပါဘူး။
"ချန်အန်း ပြန်လာပြီလား၊ ဗိုက်ဆာနေပြီလား သား"
လီချန်အန်းက ဗိုက်မဆာကြောင်း ခေါင်းခါပြလိုက်ပြီး ဟိုတယ်က ဝန်ထမ်းမလေးတွေကို ဟိုကြည့်ဒီကြည့် လုပ်နေပါသေးသည်။ သူက ကလေးပဲ ရှိသေးတာမို့ ဘယ်သူကမှလည်း ဘာမှ အထင်မကြီးကြပါဘူး။
ဖခင်ဖြစ်သူ လီကတော့ ခေါင်းမော့လာပြီး "ဝူဟွန်းနိုးထတာ ဘယ်လိုလဲ" ဟု မေးလိုက်သည်။ အမှန်တော့ လီချန်အန်းရဲ့ မိဘတွေက သားဖြစ်သူကို ဝိညာဉ်ဆရာ ဖြစ်မှာထက် မိသားစုလုပ်ငန်းကိုပဲ ဆက်ခံစေချင်ကြတာပါ။ ဝိညာဉ်ဆရာ ဖြစ်ရတာက အန္တရာယ်များလွန်းလှသည် မဟုတ်ပါလား။ ဒါ့အပြင် သူတို့မိသားစုမှာလည်း ထူးခြားတဲ့ ဝိညာဉ်မျိုးရိုး မရှိခဲ့တာမို့ သားဖြစ်သူအတွက်လည်း သိပ်ပြီး မျှော်လင့်မထားကြပါဘူး။ သားကို သူဌေးလေးတစ်ယောက်အဖြစ်ပဲ အေးအေးဆေးဆေး နေစေဖို့ သူတို့က ကြိုတင်တွေးထားကြတာပါ။
လီချန်အန်းက စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ဟိုတယ်တံခါးကြီး ပွင့်သွားပြီး ဝူဟွန်းနန်းတော် ကျောင်းတော်ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက် ဝင်လာပါတယ်။ ထိုသူ့လက်ထဲမှာ လင်ဗန်းအကြီးကြီး တစ်ခု ပါလာပြီး အဲ့ဒီထဲမှာ ဝူဟွန်းနန်းတော် ကျောင်းတော်ရဲ့ အနက်ရောင်ကျောင်းဝတ်စုံ၊ ကျောင်းတံဆိပ်၊ ကျောင်းဝင်ခွင့် လမ်းညွှန်စာအုပ်နဲ့ လီချန်အန်းရဲ့ ကျောင်းသားအသိအမှတ်ပြုကတ်တို့ ပါရှိနေသည်။
"မင်္ဂလာပါ၊ ဒါ လီချန်အန်းရဲ့ အိမ်လားခင်ဗျ"
လီချန်အန်းက ဆိုဖာပေါ်က ထရပ်ပြီး "ဟုတ်ကဲ့၊ ကျွန်တော် လီချန်အန်းပါ" ဟု ပြန်ဖြေလိုက်သည်။
ထိုလူက လီချန်အန်းကို မြင်တဲ့အခါ အတော်လေးကို ရိုရိုသေသေ ဆက်ဆံလာပါတယ်။ သူ မလာခင်ကတည်းက အထက်က အသေအချာ မှာကြားလိုက်တာပါ။ ဒီကလေးက ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်ရိုက်တပည့်ဖြစ်သွားပြီမို့ သူ့ရဲ့ အဆင့်အတန်းက ပြောနေစရာတောင် မလိုတော့ပါဘူး။
"မင်္ဂလာပါ၊ ဒါက ဘွဲ့အမည်ရှိတစ္ဆေဝိညာဉ်က ပို့ခိုင်းလိုက်တဲ့ ကျောင်းဝတ်စုံနဲ့ အသုံးအဆောင်တွေပါ"
လီချန်အန်းက ကျေးဇူးတင်စကားဆိုပြီး ထိုသူကို ပြန်လွှတ်လိုက်သည်။ ထို့နောက် အံ့သြမှင်သက်နေတဲ့ မိဘနှစ်ပါးနဲ့ ဟိုတယ်ဧည့်ခန်းထဲက ဝန်ထမ်းမလေးတွေကို လှည့်ကြည့်လိုက်ပါတော့သည်။
ဝူဟွန်းနန်းတော်က လူတွေက အိမ်တိုင်ရာရောက် ပစ္စည်းတွေ လာပို့ပေးရုံတင်မကဘဲ ရိုရိုသေသေ ဆက်ဆံသွားကြတာပါ။ အရေးကြီးဆုံးက လီချန်အန်းက ဝူဟွန်းနန်းတော်ကျောင်းတော်ကို တက်ခွင့်ရသွားတာပဲ ဖြစ်သည်။ ဝူဟွန်းနန်းတော်ကျောင်းတော်ဆိုတာ တစ်တိုက်ကြီးလုံးမှာ နံပါတ်တစ် ကျောင်းတော်ကြီး မဟုတ်ပါလား။
လီချန်အန်းက မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ ပြုံးလိုက်ပြီး ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဟဲဟဲ... အခု ကျွန်တော် တရားဝင် ကြေညာပါရစေ!"
"ကျွန်တော် လီချန်အန်းဟာ ဝူဟွန်းနန်းတော်ကျောင်းတော်ကို တက်ခွင့်ရရုံတင်မကဘူး၊ ပုပ်ရဟန်းမင်းကြီးရဲ့ တိုက်ရိုက်တပည့်အဖြစ်ပါ လက်ခံခြင်း ခံလိုက်ရတယ်!"
လီချန်အန်းရဲ့ စကားတွေက သိပ်မများပေမဲ့ စကားလုံးတိုင်းက ဗုံးတစ်လုံးစီလိုပါပဲ။ လီအဖေ၊ လီအမေနဲ့ ဝန်ထမ်းမလေးတွေအားလုံး အံ့သြလွန်းလို့ မှင်သက်သွားကြရသည်။ ဒဏ္ဍာရီလာ ပုပ်ရဟန်းမင်းကြီးရဲ့ တပည့်ရင်းဆိုတာ ဒီကလေး ဖြစ်နေတာလား။ ဒါပေမဲ့ လီအဖေကတော့ ပိုပြီး ဝမ်းသာသွားပါတယ်။ သားဖြစ်သူက ပုပ်ရဟန်းမင်းကြီးရဲ့ တပည့်ဖြစ်သွားပြီဆိုရင် သားရဲ့အနာဂတ်ရော၊ မိသားစုရဲ့ စီးပွားရေးအတွက်ရော အစစအရာရာ ကောင်းမွန်သွားမှာ အသေအချာပါပဲ။
..................
လီချန်အန်းက မိဘတွေနဲ့ ဝန်ထမ်းတွေကို လျှောက်နောက်ပြီးတဲ့နောက် သူတို့ စိတ်အေးသွားအောင် လုပ်ပေးပြီး ခြောက်လွှာက သူ့ရဲ့ အခန်းဆီကို တက်လာခဲ့သည်။ အဲ့ဒီအခန်းက ဟိုတယ်တစ်ခုလုံးမှာ အကောင်းဆုံး အခန်းပေါ့။
သက်သောင့်သက်သာရှိတဲ့ ကုတင်ကြီးပေါ်မှာ လှဲလျောင်းရင်း လီချန်အန်းက သူ့ရဲ့ စနစ် ကို စစ်ဆေးကြည့်လိုက်သည်။
အစွမ်းထက်ဆုံး ပညာရှိအဖြစ် ဟန်ဆောင်ခြင်းစနစ်
သင်သည် ပညာရှိ၏အရှိန်အဝါထုတ်ဖော်မှု အောင်မြင်တိုင်း ရမှတ် များ ရရှိမည် ဖြစ်သည်။ ရမှတ်များကို ပစ္စည်းလဲလှယ်သည့်ကဏ္ဍတွင် အသုံးပြုနိုင်သည်။
(မှတ်ချက် - ထုတ်ဖော်မှုများကို ယေဘုယျ ထုတ်ဖော်မှုနှင့် တာဝန်ပေးချက်အရ ထုတ်ဖော်မှုဟူ၍ ခွဲခြားထားပြီး တာဝန်ပေးချက်များကို ပြီးမြောက်ပါက သက်ဆိုင်ရာ ဆုလာဘ်များ ရရှိမည်။)
ဒီမိတ်ဆက်စာကို ဖတ်ပြီးတဲ့နောက် လီချန်အန်း သဘောပေါက်သွားပါပြီ။ ဒါက ပိုပြီး စတိုင်ထုတ်လေ ပိုပြီး သန်မာလေ ဖြစ်မယ့် စနစ်မျိုးပေါ့။ ဒါပေမဲ့ ထုတ်ဖော်တယ်ဆိုတာကလည်း နည်းပညာတစ်ခုပဲ။ ဥပမာ - သူ့ရဲ့ လက်ရှိ ဝိညာဉ်စွမ်းအားနဲ့ဆိုရင် အဆင့်မြင့်သူတွေရှေ့မှာ သွားပြီး ထုတ်ဖော်လို့ မရပေမဲ့ ဝိညာဉ်လက်နက်နှစ်ခုကို ပြလိုက်ရင်တော့ သူတို့ အံ့သြသွားအောင် လုပ်နိုင်တာမျိုးပါ။ စတိုင်ထုတ်ရတာလည်း ပင်ပန်းသားပဲလို့ သူ တွေးလိုက်မိသည်။
ပြီးတော့ ရမှတ်ကဏ္ဍကို ကြည့်လိုက်ရာ ၁,၃၄၇ မှတ် ရှိနေပြီ ဖြစ်သည်။ ဒါက ဒီနေ့ အမြွှာဝူဟွန်းကို ထုတ်ပြပြီး ဟန်ဆောင်နိုင်ခဲ့လို့ ရတဲ့ ရမှတ်တွေပါ။ ပစ္စည်းလဲလှယ်တဲ့ နေရာမှာတော့ လက်ရှိ သူလဲလို့ရတဲ့ ပစ္စည်းတွေကို ကြည့်လိုက်သည်။
• ဝိညာဉ်စွမ်းအားသီး (အခြေခံ): ဝိညာဉ်စွမ်းအား ၁၀၀ တိုးပေးသည်။ (ရမှတ် ၁၀၀ လိုအပ်သည်၊ အကန့်အသတ်မရှိ လဲလှယ်နိုင်သည်။)
• ဝိညာဉ်ကွင်းသီး (အခြေခံ): ဝိညာဉ်ကွင်းရဲ့ သက်တမ်းကို နှစ် ၁၀၀ တိုးပေးသည်။ (ရမှတ် ၁၀၀၀ လိုအပ်သည်၊ အကန့်အသတ်မရှိ လဲလှယ်နိုင်သည်။)
• အခြားပစ္စည်းများကိုတော့ ဆက်လက် စောင့်မျှော်ပေးပါ။
လီချန်အန်း: "............"
ပစ္စည်းနှစ်ခုပဲ လဲလို့ရသေးပေမဲ့ လီချန်အန်းကတော့ အတော်လေး ကျေနပ်နေပါပြီ။ ဒီအသီးတွေရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပါပဲ။ ဝိညာဉ်စွမ်းအားသီးဆိုရင် အဆင့် ၁၁ ကို တက်ဖို့ သူ့မှာ ဝိညာဉ်ကွင်း မရှိတာကလွဲရင် ကျန်တာက ဝိညာဉ်စွမ်းအား ၁၀၀ လောက်ပဲ လိုတော့တာပါ။ ဆိုလိုတာက သူသာ ရမှတ်တွေအများကြီး ရှိမယ်ဆိုရင် တစ်နေ့တည်းနဲ့တောင် ဘွဲ့အမည်ရှိဝိညာဉ် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ ဝိညာဉ်အဆင့်ထိ ရောက်ဖို့ ဝိညာဉ်စွမ်းအားက ကုဋေကုဋာ ချီပြီး လိုမှာဆိုတော့ ဒါကလည်း အိမ်မက်သက်သက်ပါပဲ။
ပြီးတော့ ဝိညာဉ်ကွင်းသီးကလည်း ဈေးကြီးလွန်းလှသည်။ ဒါပေမဲ့ ဒါက ဝိညာဉ်ကွင်းရဲ့ အရည်အသွေးကို မြှင့်တင်လို့မရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပေးထားတာပါ။ အခုတော့ ပထမဆုံး ဝိညာဉ်ကွင်းကို ဘယ်အချိန်မှာ ရမလဲဆိုတာပဲ စောင့်ကြည့်ရတော့မည်။
လီချန်အန်းက ကုတင်ပေါ်မှာ လက်သီးလေး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စိတ်လှုပ်ရှားနေမိသည်။ သူ့ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက လက်ရှိ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရဆိုရင် နှစ် ၉၀၀ သက်တမ်းရှိတဲ့ ဝိညာဉ်ကွင်းကို အများဆုံး စုပ်ယူနိုင်မှာပါ။ နောင်တစ်ချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်က ပိုပြီး သန်မာလာမယ်ဆိုရင် ပထမဆုံး ဝိညာဉ်ကွင်းကိုတောင် နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိတဲ့ ကွင်းမျိုး ဖြစ်အောင် လုပ်နိုင်ကောင်းပါရဲ့။
စနစ် ကို စစ်ဆေးပြီးတဲ့နောက် လီချန်အန်းက ကုတင်ပေါ်မှာ လက်ကလေး ခုပြီး လှဲနေရင်း ဘီဘီတုန်းအကြောင်းကို တွေးမိသွားသည်။ သူမက အလွန်လှပတဲ့ မိန်းမလှလေးဆိုတာ သူ သိထားပေမဲ့ ဒီနေ့ လူကိုယ်တိုင် မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ အလှက စာနဲ့ဖွဲ့လို့ မရနိုင်တော့ပါဘူး။
အင်း... ကျွန်တော် ဆရာ့ကို တကယ် ချစ်သွားပြီ!
ဒီလိုတွေးမိတာနဲ့ လီချန်အန်းက ကုတင်ပေါ်က ထပြီး ဟိုတယ်မီးဖိုချောင်ဆီကို ပြေးဆင်းသွားပါတော့သည်။
"ဦးလေးဝမ်... လွန်ခဲ့တဲ့ သုံးလက ကျွန်တော် လေ့လာခိုင်းထားတဲ့ ကွတ်ကီးလေးတွေ ဘယ်လိုလဲ"
"သခင်လေး... အရသာရော အရောင်ရော အပြည့်အစုံ ရနေပါပြီ" ဟု စားဖိုမှူးကြီး ဝမ်က ရိုရိုသေသေ ဖြေလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ဒီနေ့ ကျွန်တော့်ကို ဦးလေးကိုယ်တိုင် သင်ပေးပါ၊ ဆရာ့အတွက် ကွတ်ကီး လုပ်ပေးချင်လို့!" လီချန်အန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ကျွန်တော်ပဲ လုပ်ပေးလိုက်ပါ့မယ် သခင်လေးရယ်၊ ဘာလို့ ကိုယ်တိုင် လုပ်နေမှာလဲ" ဦးလေးဝမ်က နားမလည်စွာ မေးလိုက်သည်။
လီချန်အန်းက ပြုံးပြီး ခေါင်းခါလိုက်ကာ "ဦးလေးဝမ် မသိပါဘူး... ကိုယ်တိုင် လုပ်မှသာ ဆရာ့အပေါ် ထားတဲ့ ကျွန်တော့်ရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်မှာလေ" ဟု ပြန်ပြောလိုက်ပါတော့သည်။