အခန်း (၃၉) - ဘီဘီတုန်း၏ အကြံပြုချက်...
ဝူဟွန်းနန်းတော် အကယ်ဒမီသို့ ပြန်ရောက်ပြီးနောက် လီချန်အန်းသည် အိမ်သို့ တိုက်ရိုက်မပြန်ဘဲ အချိန်စောနေသေးသဖြင့် ပုပ်ရဟန်းမင်းကြီးနန်းဆောင် (Pope Hall) သို့ တန်းစီသွားခဲ့သည်။ ဘီဘီတုန်း ပေးထားသော ကိုယ်ပိုင်အမှတ်အသား တိုကင်ပြားကြောင့် လီချန်အန်းသည် နန်းတော်အတွင်းသို့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ခဲ့ပြီး ရုံးခန်းအတွင်းရှိ ဘီဘီတုန်းကို တွေ့လိုက်ရသည်။
"ဆရာမ... ကျွန်တော် သတင်းကောင်းတစ်ခု ပါလာတယ်!"
လီချန်အန်းသည် ဘီဘီတုန်း၏ စားပွဲနားသို့ လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံဖမ်းကာ စိတ်အားထက်သန်စွာ ပြေးသွားသည်။
"ဘယ်လို သတင်းကောင်းလဲ?"
ဘီဘီတုန်းသည် သူမ၏ နဖူးပေါ်မှ ဆံနွယ်များကို သပ်တင်လိုက်ရင်း လီချန်အန်းကို ပြုံးလျက် ကြည့်လိုက်သည်။ တပြိုင်နက်တည်းမှာပင် လက်ထဲမှ ကလောင်တံကိုလည်း ချလိုက်သည်။ ဘီဘီတုန်း ကိုယ်တိုင် သတိမထားမိသည်မှာ လီချန်အန်းနှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူမ၏ မျက်နှာအမူအရာမှာ သဘာဝအတိုင်း ပြေလျော့သွားတတ်ပြီး မသိစိတ်ကပင် ပြုံးမိနေတတ်ခြင်းဖြစ်သည်။ အကြောင်းမှာ ဤတပည့်လေးမှာ ကဏ္ဍစုံတွင် သူမကို အလွန်စိတ်ကျေနပ်မှု ပေးနိုင်သောကြောင့်ပင်။
"ဒါနဲ့... မင်း ဒီရက်ပိုင်း ငါ့ဆီက ခွင့်ယူပြီး ဘာတွေသွားလုပ်နေတာလဲ?"
ဘီဘီတုန်းက ရုတ်တရက် သတိရသွားသဖြင့် သာမန်ကာလျှံကာ မေးလိုက်ခြင်းဖြစ်သည်။ သူမသည် လီချန်အန်းကို အလွန်အကျွံ ကန့်သတ်ချုပ်ချယ်သူ မဟုတ်ပေ။ ၎င်းအပြင် သူမသည် ယခုရက်ပိုင်းအတွင်း အလွန်အလုပ်ရှုပ်နေသဖြင့် လီချန်အန်း ဘယ်သွားသည်ကို သတိမထားမိခဲ့ပေ။ သို့သော် လီချန်အန်း ကြိုတင်ပြင်ဆင်ပေးခဲ့သော မုန့်ပဲသရေစာများမှာမူ ပြတ်တောက်သွားခြင်း မရှိခဲ့ချေ။
လီချန်အန်းက စကားမပြောဘဲ ပန်ဂူပုဆိန်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ တပြိုင်နက်တည်းမှာပင် သူ၏ ခြေရင်းမှ ခရမ်းရောင်ဝိညာဉ်ကွင်း တစ်ကွင်းနှင့် နက်မှောင်သော ခရမ်းရောင်ဝိညာဉ်ကွင်း တစ်ကွင်းတို့သည် ဖြည်းည်းချင်း တက်လာကြသည်။ အဆင့် (၂၄) ရှိသော မဟာဝိညာဉ်ဆရာတစ်ဦး၏ ဝိညာဉ်စွမ်းအားမှာလည်း သိသိသာသာ ထွက်ပေါ်လာတော့သည်!
"ဒါက..."
ဘီဘီတုန်းသည် ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းလိုက်မိပြီး သူမ၏ နှုတ်ခမ်းလေးမှာ အံ့သြလွန်းသဖြင့် (၃) စက္ကန့်ခန့် ဟသွားရသည်။ လီချန်အန်းသည် ပထမ ဝိညာဉ်ကွင်းကို ရရှိခဲ့သည်မှာ တစ်လကျော်ရုံသာ ရှိသေးသည်ကို သူမ အသိဆုံး ဖြစ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် လီချန်အန်းသည် မဟာဝိညာဉ်ဆရာအဆင့်သို့ မည်သို့ တိုးတက်သွားသနည်း? ထို့ပြင် ဒုတိယ ဝိညာဉ်ကွင်းမှာလည်း နှစ်တစ်သောင်းအဆင့်နီးပါး ရှိနေသည်မဟုတ်ပါလား!
[ ဒေါင်! ဘီဘီတုန်း၏ ရှေ့မှောက်တွင် ပညာရှိ၏အရှိန်အဝါ ထုတ်ဖော်ပြသမှု မစ်ရှင် အောင်မြင်သည်။ ဆုလာဘ်အဖြစ် ၁၀,၀၀၀ ကုဗမီတာ ကျယ်ဝန်းပြီး အတွင်းပိုင်း၌ အချိန် လုံးဝရပ်တန့်နေသော သိုလှောင်ဝိညာဉ်လက်နက် လက်ပတ် တစ်ခုကို ရရှိပါမည်။ ]
[ ဒေါင်! ဘီဘီတုန်း၏ ရှေ့မှောက်တွင် ပညာရှိ၏အရှိန်အဝါ ထုတ်ဖော်မှု တစ်ကြိမ် အောင်မြင်သဖြင့် ရမှတ် ၁၀,၀၀၀ ဆုချီးမြှင့်ခံရပါမည်။ ]
လီချန်အန်း မဟာဝိညာဉ်ဆရာအဆင့်သို့ ရောက်ရှိပြီးနောက် စနစ်အတွင်းရှိ ပစ္စည်းများ ပိုမိုများပြားလာရုံတင်မကဘဲ မစ်ရှင်တစ်ခုစီ၏ ရမှတ်ဆုလာဘ်များမှာလည်း အလွန်များပြားလာသည်မှာ သိသာလှသည်။ ရမှတ် ၁၀,၀၀၀ ဆိုသည်မှာ လီချန်အန်း၏ အရေးတကြီး လိုအပ်ချက်ကို တကယ်ပဲ ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။ ဆရာမ၏ ရှေ့တွင် ကြွားရသည်မှာ တကယ်ကို အကျိုးရှိလှသည်!
"ဆရာမ... အမှန်တော့ ဒီတစ်ခေါက် ကျွန်တော် ဝိညာဉ်သားရဲ ရှာဖွေဖို့ အပြင်ထွက်ခဲ့တာပါ။ ဘာကြောင့်လဲတော့ မသိဘူး၊ ကျွန်တော်က လောကရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး လေ့ကျင့်တာ ပိုမြန်နေလို့ မတော်တဆ အဆင့်တက်သွားတာပါ..."
လီချန်အန်းက အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ခေါင်းကို ကုတ်ရင်း ပြောလိုက်သည်။
ဘီဘီတုန်းသည် အံ့အားသင့်သွားသော်လည်း ဟန်မပျက်ဘဲ လီချန်အန်း၏ လေ့ကျင့်မှုအပေါ် အလေးအနက် စဉ်းစားခန်း ဝင်သွားသည်။
"ချန်အန်း... လူသားတွေထဲမှာ လောကရဲ့ စွမ်းအင်တွေနဲ့ ကိုယ်ခန္ဓာ တသားတည်းဖြစ်နေလို့ လေ့ကျင့်မှု အလွန်မြန်တဲ့ ဝိညာဉ်ဆရာ အစုအဖွဲ့တစ်ခု ရှိတယ်။ မင်းက အဲဒီလိုလူမျိုး ဖြစ်နေတာ သိသာပါတယ်။"
"မင်းရဲ့ အခြေအနေမျိုးအတွက် ဆရာမဆီမှာ လေ့ကျင့်နည်းတစ်ခု ရှိတယ်။ မင်း နားထောင်ချင်လား?"
လီချန်အန်းသည် သူ၏ ကိုယ်ခန္ဓာမှာ လောကနှင့် တသားတည်းဖြစ်သော ကိုယ်ထည်မျိုး မဟုတ်ကြောင်း သိသော်လည်း ဘီဘီတုန်းပြောသော လေ့ကျင့်နည်းကို စိတ်ဝင်စားသွားသည်။ "ဆရာမ... ကျေးဇူးပြုပြီး ပြောပြပေးပါ"
"ဝိညာဉ်စွမ်းအားကို ဖိသိပ်ပြီး၊ ဝိညာဉ်အမြုတေ ကို ဖွဲ့စည်းတာပဲ!"
"ဝိညာဉ်ဆရာတိုင်းရဲ့ ဝိညာဉ်စွမ်းအားက ကန့်သတ်ချက် ရှိတယ်။ ဒါပေမဲ့ ဘွဲ့အမည်ရှိဝိညာဉ် အဆင့်ထက် မြင့်တဲ့သူတွေရဲ့ ဝိညာဉ်စွမ်းအားက ဘာလို့ အကန့်အသတ်မရှိသလို ဖြစ်နေရတာလဲဆိုတာ ချန်အန်း မင်းသိလား?" ဘီဘီတုန်းက ရှားရှားပါးပါး တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဆရာမ... ဘွဲ့အမည်ရှိဝိညာဉ်တွေက ဝိညာဉ်စွမ်းအားကို ဖိသိပ်ပြီး ဝိညာဉ်အမြုတေကို ဖွဲ့စည်းထားလို့လားဟင်?" လီချန်အန်းက ပြန်မေးလိုက်သည်။ သူသည် ဝိညာဉ်အမြုတေ အယူအဆကို အနည်းငယ် သိသော်လည်း အသေးစိတ်ကိုတော့ မသိချေ။
"ဟုတ်တယ်၊ ဘွဲ့အမည်ရှိဝိညာဉ်တွေက ဝိညာဉ်စွမ်းအားကို ဖိသိပ်ပြီး သူတို့ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း လည်ပတ်နိုင်တဲ့ ဝိညာဉ်အမြုတေတစ်ခုကို တည်ဆောက်လိုက်ကြတယ်။ အဲဒီနောက်မှာ စွမ်းအားတွေက အဆက်မပြတ် တိုးပွားလာတော့တာပဲ!" ဘီဘီတုန်းက သူမ၏ တပည့်လေး၏ ဉာဏ်ရည်ထက်မြက်မှုကို သဘောကျစွာ ခေါင်းညိတ်ပြသည်။
"ဘွဲ့အမည်ရှိဝိညာဉ်တွေအပြင် တကယ် ပါရမီထူးတဲ့သူတွေက ဝိညာဉ်ပညာရှိ အဆင့်မှာတင် ဝိညာဉ်အမြုတေကို ဖွဲ့စည်းနိုင်ကြတယ်။ ဒါပေမဲ့ လောကစွမ်းအင်တွေနဲ့ ကိုက်ညီတဲ့ ပါရမီရှင်တွေကတော့ အဲဒီထက်တောင် ပိုစောစော ဖွဲ့စည်းနိုင်ကြတယ်။"
"ဝိညာဉ်အမြုတေ ဖွဲ့စည်းဖို့ဆိုတာ စိတ်ဓာတ်ခိုင်မာမှု၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ကိုယ်ပိုင်ပါရမီအပေါ်မှာ မူတည်တယ်။ မင်းမှာ အဲဒါတွေ အကုန်ရှိနေပြီ။ ဒါကြောင့် ဖြစ်နိုင်ရင် မင်းကိုယ်ပိုင် ဝိညာဉ်အမြုတေ အသေးစားလေးတစ်ခုကို ဖွဲ့စည်းဖို့ ဆရာမ အကြံပေးချင်တယ်။ အဲဒီအမြုတေက ဘွဲ့အမည်ရှိဝိညာဉ်တွေရဲ့ အမြုတေထက် ဆယ်ဆလောက် သေးနေဦးတော့၊ မင်း တစ်သက်လုံး သုံးဖို့ လုံလောက်ပါတယ်"
"ဝိညာဉ်အမြုတေ ဖွဲ့စည်းပြီးသွားရင် မင်းရဲ့ ဝိညာဉ်စွမ်းအား တက်တဲ့နှုန်းက အနည်းငယ် နှေးသွားနိုင်ပေမဲ့ မင်းရဲ့ စွမ်းအားပမာဏ၊ စွမ်းအားရဲ့ သိပ်သည်းဆနဲ့ တခြားအပိုင်းတွေမှာတော့ ပိုပြီး အစွမ်းထက်လာလိမ့်မယ်!"
"ဒါပေမဲ့ ဆရာမ သတိပေးချင်တာက ဝိညာဉ်အမြုတေ ဖွဲ့စည်းရာမှာ အန္တရာယ်တွေ အများကြီး ရှိတယ်။ မင်း မအောင်မြင်ခဲ့ရင် ငါ ကာကွယ်ပေးမှာ ဖြစ်ပေမဲ့ မင်းရဲ့ ဝိညာဉ်စွမ်းအား အဆင့် နှစ်ဆင့်၊ သုံးဆင့်လောက် ကျသွားတာမျိုးကတော့ ပုံမှန်ပဲ" ဘီဘီတုန်းသည် ရှင်းပြစရာရှိသည်များကို ရှင်းပြပြီးနောက် လီချန်အန်း၏ ရွေးချယ်မှုကို စောင့်ဆိုင်းနေသည်။
ဝိညာဉ်အမြုတေဆိုသည်မှာ ခန္ဓာကိုယ်ထဲတွင် အင်ဂျင်အသေးစားလေးတစ်ခု တပ်ဆင်လိုက်ခြင်းပင် ဖြစ်ကြောင်း လီချန်အန်း နားလည်သည်။ ထိုအင်ဂျင်သည် လောကစွမ်းအင်များကို စုပ်ယူကာ သူ့ကို ဝိညာဉ်စွမ်းအားများ ထောက်ပံ့ပေးမည် ဖြစ်သည်။ အဆင့်ကျသွားမည့် ကိစ္စကိုတော့ သူ ဂရုမစိုက်ပေ။ ဝိညာဉ်သစ်သီး အနည်းငယ်စားလိုက်လျှင် ပြန်တက်လာမည့်အရာ ဖြစ်သည်။ ဝိညာဉ်အမြုတေ ရှိသွားပါက ပန်ဂူပုဆိန်ကို အသုံးပြုသည့်အခါတိုင်း ဝိညာဉ်စွမ်းအား ကုန်ခန်းသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ဤသည်မှာ အကြီးမားဆုံး အားသာချက်ပင်။
"ဆရာမ... ကျွန်တော် စဉ်းစားပြီးပါပြီ။ ကျွန်တော့်ကို ဝိညာဉ်အမြုတေ ဖွဲ့စည်းဖို့ ကူညီပေးပါ။ တပည့်ဖြစ်သူက ရှုံးနိမ့်မှာကို မကြောက်ပါဘူး!" လီချန်အန်းသည် ဘီဘီတုန်းကို ကြည့်ကာ ပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"သေချာ စဉ်းစားပြီးပြီလား?" ဘီဘီတုန်းက ထပ်မေးသည်။
"သေချာပါတယ်!"
"ဒါဆိုရင် ငါ့နောက်ကို လိုက်ခဲ့၊ ငါ့အခန်းကို လာခဲ့ပါ၊ ငါ မင်းကို ကူညီပေးမယ်" ဘီဘီတုန်းက ကိုယ်ကိုဆန့်ကာ ထိုင်နေရာမှ ထပြီး တံခါးပြင်ပသို့ ထွက်ခွာခဲ့သည်။
ဟင်? ဆရာမရဲ့ အခန်းကို သွားရမှာလား!
လီချန်အန်း၏ မျက်လုံးများ ပြူးသွားရသည်။ ဤအခွင့်အရေးမှာ မဆိုးလှပေ။ ရနိုင်လျှင် သူသည် ဝိညာဉ်အမြုတေကို နေ့တိုင်း ဖွဲ့စည်းချင်မိသည်။ ဆရာမအခန်းကို သွားချင်လွန်း၍ မဟုတ်ဘဲ ဝိညာဉ်အမြုတေ အများကြီး လိုချင်လွန်း၍သာ ဖြစ်ပါသည်... သူက ထိုမျှအထိတော့ အပေါ်ယံလူစားမျိုး မဟုတ်ပါ။
ဘီဘီတုန်း၏ အခန်းမှာ ဒုတိယထပ်တွင် ရှိပြီး သူမသည် လီချန်အန်းကို ပြင်ပလူကဲ့သို့ မဆက်ဆံပေ။ အပြင်ဘက်တွင် အနှောင့်အယှက် မပေးရန် မှာကြားပြီးနောက် တံခါးဖွင့်ကာ ဝင်သွားသည်။ လီချန်အန်းသည်လည်း လိမ္မာသော ကလေးလေးတစ်ဦးကဲ့သို့ နောက်မှ လိုက်သွားသည်။
ဘီဘီတုန်း၏ အခန်းမှာ အလွန်ကျယ်ဝန်းပြီး ခရမ်းရောင်နှင့် ပန်းရောင်တို့ကို အဓိကထား၍ ပြင်ဆင်ထားသည်။ အခန်းထဲတွင် ဘီဘီတုန်း၏ ကိုယ်ပိုင် ရနံ့သင်းသင်းလေးမှာ ပျံ့လွင့်နေသည်။ ခမ်းနားသော မီးဆိုင်းများ၊ သစ်သားကြမ်းပြင်၊ ခရမ်းရောင် ကုတင်ကြီး၊ ဗီရိုကြီးများနှင့် မှန်တင်ခုံ...။
ဟင်? အဲဒါ ဘာကြီးလဲ!
လီချန်အန်း၏ အကြည့်သည် ကုတင်ပေါ်မှ အရာဝတ္ထုလေးတစ်ခုဆီသို့ ရောက်သွားသည်။ ထိုအရာမှာ အဝတ်အစား တစ်ခုနှင့် တူနေပြီး အဖြူရောင်လေး ဖြစ်နေသည်...။