အခန်း (၃၈) - ကြယ်တာရာတောအုပ်မှ ထွက်ခွာခြင်း...
"နေလို့မကောင်းတာမျိုး ရှိသေးလား" ဟု လီချန်အန်းက မေးလိုက်သည်။
"ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်"
မုရှီးသည် နဖူးမှ ချွေးစက်များကို သုတ်ရင်း လီချန်အန်းကို စိတ်အေးစေမည့် အပြုံးလေး တစ်ချက် ပြုံးပြသည်။
"ဒါဆိုရင် ကောင်းပြီ။ ပထမ ဝိညာဉ်စွမ်းရည်က ဘာလဲ"
လီချန်အန်းက စိတ်ထဲတွင်တော့ အဖြစ်အပျက်ကို သဘောမပေါက်ဘဲ အပင်ပန်းခံနေသည့် ထိုကောင်မလေးကို 'အူကြောင်ကြောင်မလေး' ဟု ကျိန်ဆဲနေမိသော်လည်း ရှောင်ဝူ ရှိနေသဖြင့် အပြင်ထုတ်မပြောမိပေ။
"ကျွန်မရဲ့ ပထမ ဝိညာဉ်စွမ်းရည်က ကုသခြင်းပါ။ အဆင့်ကန့်သတ်ချက် မရှိပေမဲ့ ကုသနိုင်စွမ်းကတော့ ကျွန်မရဲ့ ဝိညာဉ်စွမ်းအားအပေါ်မှာ မူတည်ပါတယ်။ ပြီးတော့ အပြင်ဘက် ဒဏ်ရာတွေကိုပဲ ကုနိုင်တာပါ။ အတွင်းဒဏ်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုတော့ မကုနိုင်ဘူး..."
မုရှီးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။ တပြိုင်နက်တည်းမှာပင် သူမကိုယ်သူမ အားနည်းလွန်းသည်ဟု ခံစားနေရသည်။ သူမ၏ ရှေ့မှောက်ရှိ လူသားမှာ ပထမဝိညာဉ်ကွင်းကပင် နှစ်တစ်ထောင်အဆင့် ဖြစ်သည်မဟုတ်ပါလား...။
သို့သော် လီချန်အန်းက ထိုသို့မတွေးပေ။ မုရှီး၏ ကုသခြင်းစွမ်းရည်မှာ မည်မျှပင် ကန့်သတ်ချက် ရှိပါစေ၊ အဆင့်ကန့်သတ်ချက် မရှိဘဲ ကုသနိုင်သည်ဆိုခြင်းမှာပင် အတော်လေး အစွမ်းထက်လှပြီး ကောင်းကင်ဘုံ၏ လက်ဆောင်တစ်ခုပင် ဖြစ်သည်။
မုရှီးလည်း ဝိညာဉ်ကွင်း စုပ်ယူပြီးပြီဖြစ်သလို၊ လီချန်အန်းတို့ ဤနေရာတွင် နေခဲ့သည်မှာလည်း နှစ်ရက်ခန့် ရှိပြီဖြစ်သည်။ ချိန်းဆိုထားသော သုံးရက်ပြည့်ရန် အချိန်အနည်းငယ် ကျန်သေးသော်လည်း လီချန်အန်းက ထပ်မံ နောက်မကျဝံ့တော့ပေ။ အချိန်သုံးရက်ဆိုသည်မှာ အကန့်အသတ်ပင် ဖြစ်သည်။ အကယ်၍ ဒူလောင်ခါသာ စိုးရိမ်လွန်ပြီး လူခေါ်ကာ လာရှာခဲ့လျှင် ကိစ္စများ ကမောက်ကမ ဖြစ်ကုန်ပေလိမ့်မည်။ ရှောင်ဝူနှင့် သူ၏ ဆက်ဆံရေး ပျက်စီးသွားမည်ကိုလည်း သူ မလိုလားပေ။
"ရှောင်ဝူ... ငါတို့ သွားတော့မယ်"
လီချန်အန်းသည် ရှောင်ဝူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အာ... ခုပဲ သွားတော့မှာလား"
ရှောင်ဝူသည် ရုတ်တရက် အလစ်အငိုက် မိသွားသလိုဖြစ်ကာ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲလာတော့သည်။
"စိတ်မကောင်းပါဘူး ရှောင်ဝူရယ်။ ငါတို့ ဒီမှာ ဆက်နေရင် မင်းတို့အတွက် ဘေးဒုက္ခတွေပဲ သယ်ဆောင်လာသလို ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မစိုးရိမ်နဲ့နော်၊ ငါ မင်းဆီကို အသေအချာ ပြန်လာခဲ့ပါ့မယ်... ဟုတ်ပြီလား?"
လီချန်အန်းသည် ဘေးနားရှိ မုရှီးကိုပင် ခေတ္တမေ့လျော့သွားကာ ရှောင်ဝူ၏ မျက်ရည်များကို လက်ဖြင့် အသာအယာ သုတ်ပေးလိုက်သည်။ ပြောရလျှင် ယခုတစ်ခေါက် ခရီးစဉ်တွင် သူ ရလဒ်များစွာ ရရှိခဲ့သည်။ အလွန်ကောင်းမွန်သော ဝိညာဉ်ကွင်းကို ရရှိခဲ့ရုံတင်မကဘဲ ရှောင်ဝူ၏ စိတ်နှလုံးကိုပါ လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။ ကံကောင်းသည်ဟုပင် ဆိုရမည်။ အကယ်၍ နောက်တစ်နှစ်ခန့်မှသာ ရောက်လာခဲ့လျှင် အခြေအနေများ မည်သို့ဖြစ်လာမည်ကို မှန်းဆရ ခက်လှသည်။
"အင်း... အင်း... လူသားကမ္ဘာထဲ ရောက်ရင် ညီမလေးဆီ လာရှာဖို့ မမေ့နဲ့ဦးနော်။ ညီမလေး စောင့်နေပါ့မယ်"
ရှောင်ဝူက ရှိုက်ကြီးတငင် ခေါင်းငိတ်ပြသည်။ သူမ၏ မိခင် သေဆုံးပြီးနောက် လီချန်အန်းနှင့် အတူရှိခဲ့ရသော အချိန်များသည် သူမအတွက် အပျော်ရွှင်ဆုံး နေ့ရက်များ ဖြစ်ခဲ့သည်။ နှစ်ရက်ပင် မပြည့်သေးသော အချိန်လေးအတွင်းမှာပင် လီချန်အန်းဆိုသော ကောင်လေးမှာ ရှောင်ဝူ၏ အပြစ်ကင်းစင်သော နှလုံးသားထဲတွင် နေရာယူထားနိုင်ခဲ့ပြီ ဖြစ်သည်။
"ကောင်းပါပြီ... ငါ့ကို စောင့်နေနော်၊ လိမ္မာတယ်"
လီချန်အန်းသည် ရှောင်ဝူ၏ ဦးခေါင်းလေးကို ပွတ်သပ်ပေးရင်း စိတ်မကောင်းစွာဖြင့် နှုတ်ဆက်လိုက်သည်။
"စီနီယာ အားမင်... ဖြစ်နိုင်ရင် ကျွန်တော်တို့ကို အပြင်အထိ ပို့ပေးဖို့ တောင်းဆိုချင်ပါတယ်"
လီချန်အန်းက ဘေးနားရှိ အားမင်ကို လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာမှာ ကြယ်တာရာတောအုပ်၏ အတွင်းပိုင်း ဖြစ်သည်။ အကယ်၍ သူနှင့် မုရှီး နှစ်ယောက်တည်းသာ သွားမည်ဆိုလျှင် အားမင်၏ အကူအညီမပါဘဲ အပြင်သို့ ရောက်ရန်မှာ မဖြစ်နိုင်ပေ။
"ရတယ်... သွားကြတာပေါ့"
အားမင်က ခေါင်းညိတ်ပြီးနောက် သူ၏ ကိုယ်ခန္ဓာကို ထွားကျိုင်းသော တိုက်တန်မျောက်ဝံကြီးအဖြစ် ပြန်လည်ပြောင်းလဲလိုက်ကာ လီချန်အန်းတို့ဘက်သို့ လက်ဖဝါး ဖြန့်ပေးလိုက်သည်။ လီချန်အန်းသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ ဝိညာဉ်သိုလှောင်ကိရိယာ ထဲတွင် ရှိသမျှ အစားအသောက်အားလုံးကို ရှောင်ဝူအတွက် ချန်ထားရစ်ခဲ့သည်။ ထို့နောက် သူနှင့် မုရှီးသည် တိုက်တန်မျောက်ဝံကြီး၏ လက်ဖဝါးပေါ်မှတစ်ဆင့် ပခုံးပေါ်သို့ တက်ထိုင်လိုက်ကြသည်။
"နှုတ်ဆက်ခဲ့ပါတယ် ရှောင်ဝူ! ငါ့ကို စောင့်နေနော်!"
လီချန်အန်းသည် အောက်တွင် ကျန်နေခဲ့သော ရှောင်ဝူကို အားရပါးရ အော်ဟစ် နှုတ်ဆက်လိုက်သည်။
"အစ်ကို! ညီမလေး စောင့်နေပါ့မယ်!"
ရှောင်ဝူသည်လည်း ခုန်ပေါက်ကာ လီချန်အန်းကို လက်ဝှေ့ယမ်း နှုတ်ဆက်ရင်း ငိုရှိုက်သံများ ထွက်ပေါ်လာသည်။
တိုက်တန်မျောက်ဝံကြီးသည် လီချန်အန်းတို့ကို တောအုပ်၏ အပြင်ဘက်အစပ်အထိ ပို့ဆောင်ပေးခဲ့ပြီး ရှေ့သို့ ဆက်မတိုးတော့ပေ။ ဤသည်မှာ လီချန်အန်း၏ တောင်းဆိုမှုကြောင့်လည်း ဖြစ်သည်။ အကယ်၍ ဝူဟွန်းနန်းတော်မှ လူများ တောအုပ်အပြင်ဘက်တွင် ရှိနေခဲ့လျှင် နှစ်ဖက်လုံးအတွက် မလိုအပ်သော ပြဿနာများ ဖြစ်လာမည်ကို သူ စိုးရိမ်မိသည်။
တောအုပ်အစပ်ရှိ ဝိညာဉ်သားရဲအများစုမှာ နှစ်တစ်ရာဝန်းကျင်ခန့်သာ ရှိသဖြင့် လီချန်အန်းအတွက် ပြဿနာ မဟုတ်ပေ။ သူသည် မုရှီး၏ လက်ကလေးကို ဆွဲကာ အပြင်ဘက်သို့ လျှောက်လာခဲ့သည်။
"ဟို... ဟိုကောင်မလေးက ရှင့်ကို သဘောကျနေတာလား"
လီချန်အန်း၏ ဆွဲခေါ်ရာနောက်သို့ ပါလာသော မုရှီးက ရုတ်တရက် နောက်ကနေ လှမ်းမေးလိုက်သည်။
လီချန်အန်း၏ ရင်ဘတ်ထဲ ဆို့တက်သွားသလို ခံစားလိုက်ရသည်။ အမှန်ပင်... မုရှီးသည် အပြင်ပန်းတွင် စိုးရိမ်ပူပန်နေပုံရသော်လည်း ထိုကဲ့သို့သော ကိစ္စရပ်များကိုတော့ အတော်လေး ဂရုစိုက်ပုံရသည်။ လီချန်အန်း ခြေလှမ်းရပ်လိုက်ပြီး မုရှီး၏ ချစ်စဖွယ်ကောင်းသော မျက်နှာလေးကို ကြည့်ကာ လက်တစ်ဖက် မြှောက်ပြီး ကျိန်ဆိုလိုက်သည်။
"မုရှီး... ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပါ။ ငါ တကယ် သဘောကျတာ မင်းတစ်ယောက်တည်းပါ။ ဟိုကောင်မလေးက ငါ့ကို အစ်ကိုလို့ ခေါ်နေတာ မင်းလည်း ကြားသားပဲ။ ငါက သူမကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ။ တကယ်လို့ မင်း မယုံဘူးဆိုရင် ငါ..."
မုရှီးက လောလောလောလောနှင့် ခေါင်းခါပြပြီး သူမ၏ လက်ကလေးဖြင့် လီချန်အန်း၏ ပါးစပ်ကို ပိတ်လိုက်သည်။ သူမ၏ မျက်နှာလေးမှာ နီမြန်းနေပြီး ခေါင်းငုံ့ကာ ပြောရှာသည်။
"တော်... တော်ပါပြီ၊ ထပ်မပြောပါနဲ့တော့။ ကျွန်မ... ကျွန်မ ရှင့်ကို ယုံပါတယ်"
ဤခေတ်ကာလမှ လူသားများသည် ကျိန်ဆိုမှုများကို ယုံကြည်ကြသေးသည်။ မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် ဘုရားသခင်ဟူသည် အမှန်တကယ် ရှိခဲ့သည် မဟုတ်ပါလား။
"ဟဲဟဲ... လိမ္မာလိုက်တာ"
လီချန်အန်းက ပြောပြောဆိုဆိုဖြင့် မုရှီး၏ ဦးခေါင်းကို မော့စေကာ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးလေးများကို ကြည့်ရင်း နှုတ်ခမ်းချင်း တိုက်ရိုက် နမ်းလိုက်သည်။
"ဟူး~"
"ကဲ... ဒါက ငါတို့ရဲ့ ပထမဆုံး အနမ်းပဲ။ မင်း ငါ့ကို တာဝန်ယူရမယ်နော်"
လီချန်အန်းက အနမ်းကို အမြန်အဆုံးသတ်လိုက်ပြီး စနောက်လိုက်သည်။
"အော်... အာ... ဟုတ်ကဲ့၊ ဟုတ်ကဲ့"
မုရှီး၏ ဦးနှောက်လေးမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် မသိမသာ ခေါင်းငိတ်ပြရှာသည်။
"တကယ် အူကြောင်ကြောင်မလေးပဲ၊ သွားကြစို့"
လီချန်အန်းက ပြုံးရင်း မုရှီးကို ဆွဲကာ အပြင်သို့ ဆက်လက် လျှောက်လာခဲ့သည်။ သူ၏ စိတ်ထဲတွင်တော့ နွေးထွေးမှုကို ခံစားနေရသည်။
"ကျွန်မ... ရှင့်ကို နောက်ကျရင် 'ရှောင်လီ' လို့ ခေါ်လို့ရမလားဟင်" ဟု မုရှီးက နောက်ကနေ တိုးတိုးလေး မေးလာသည်။
"ရတာပေါ့၊ မင်း သဘောကျသလို ခေါ်ပါ"
လီချန်အန်းက စဉ်းစားမနေဘဲ သဘောတူလိုက်သည်။ မူဝါဒပိုင်းဆိုင်ရာ ကိစ္စများ မဟုတ်သရွေ့ သူသည် သူ၏ 'ငါးလေး' များအပေါ်တွင် အလွန်ကောင်းမွန်သူ ဖြစ်သည်။
"ဟီးဟီး... ဟုတ်ပြီ၊ ရှောင်လီ... ရှင် ရွှေဝိညာဉ်ဒင်္ဂါးတွေ လိုချင်လား၊ ကျွန်မဆီမှာ အချို့ရှိတယ်" ဟု မုရှီးက ဆက်မေးသည်။ သူမ၏ အမြင်တွင် ကောင်လေးတစ်ယောက်ကို တာဝန်ယူသည်ဆိုသည်မှာ သူမ၏ ပိုက်ဆံများကို ထိုကောင်လေးအား အရင်ပေးရမည်ဟု ထင်နေပုံရသည်။
"မလိုပါဘူး၊ မင်းကိုယ်မင်းပဲ ဂရုစိုက်ပါ" ဟု လီချန်အန်းက ဆိုသည်။
"အော်...
ကြယ်တာရာတောအုပ်မှ ထွက်လာသည်နှင့် လီချန်အန်းသည် သူ့ကို စောင့်နေသော လူတစ်စုကို မြင်လိုက်ရသည်။ ဒူလောင်ခါနှင့် အခြားသူများမှအပ မည်သူရှိဦးမည်နည်း။
"ချန်အန်း... မင်း နောက်ဆုံးတော့ ထွက်လာနိုင်ပြီပဲ။ မင်းသာ ထပ်မထွက်လာရင် ငါ တကယ်ပဲ ပုပ်ရဟန်းမင်းကြီး ဆီကို သွားပြီး အစီရင်ခံရတော့မလို့ပဲ"
ဒူလောင်ခါသည် လီချန်အန်း၏ ဘေးသို့ တိုက်ရိုက် ပျံသန်းလာပြီး လီချန်အန်း တစ်ကိုယ်လုံး အကောင်းပကတိ ရှိနေသည်ကို မြင်မှပင် သက်ပြင်းချနိုင်တော့သည်။
"တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး။ လူတိုင်းကို စိတ်ပူအောင် လုပ်မိသွားတယ်"
လီချန်အန်းသည် မုရှီးကိုခေါ်ကာ အရိုအသေပေးလိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။ သူသည် ဒူလောင်ခါကို ဒု-ကျောင်းအုပ်ကြီးဟု မခေါ်ဘဲ 'ကျောင်းအုပ်ကြီး' ဟုသာ အမြဲ ခေါ်လေ့ရှိသည်။
"ရပါတယ်၊ မင်း အဆင်ပြေရင် ပြီးတာပါပဲ။ ဒါနဲ့ မင်းရဲ့ ဝိညာဉ်ကွင်းကရော..."
ဒူလောင်ခါက ရင်းနှီးစွာ ထပ်မေးလိုက်သဖြင့် ပို၍ပင် စိတ်အေးသွားရသည်။
"ကျွန်တော့်ရဲ့ ဝိညာဉ်ကွင်းကို ရရှိခဲ့ပါပြီ။ စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး"
လီချန်အန်းသည် သူ၏ ဒုတိယ ဝိညာဉ်ကွင်းကို ဤနေရာတွင် ထုတ်မပြသေးဘဲ ပြန်ရောက်မှသာ ပြသရန် စီစဉ်ထားသည်။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် လူနည်းလွန်းလှသဖြင့် ကြွားဝါရသည်မှာ သိပ်ပြီး အားမရစရာ ဖြစ်နေသည် မဟုတ်ပါလား။
"ကောင်းပြီ... သွားကြစို့!"
လီချန်အန်းနှင့် မုရှီးတို့ ရထားလုံးပေါ် တက်ပြီးနောက် ဒူလောင်ခါ၏ အမိန့်ဖြင့် ယာဉ်တန်းသည် ကြယ်တာရာတောအုပ်မှ ထွက်ခွာခဲ့ပြီး ဤရင်တထိတ်ထိတ်နှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ခရီးစဉ်ကို အဆုံးသတ်လိုက်တော့သည်။
ဤတစ်ခေါက်တွင် အကျိုးအမြတ် အများဆုံးရခဲ့သော လီချန်အန်းမှာ သူ၏ ရလဒ်များကို တွက်ချက်နေသည်။ သူ၏ 'ပင်လယ်' ထဲတွင် 'ငါး' အသစ် နှစ်ကောင် တိုးလာခဲ့သလို၊ သူ၏ ဝိညာဉ်စွမ်းအားမှာလည်း အဆင့် (၂၄) သို့ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ နောင်တွင် သူသည် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို စတင်လေ့ကျင့်ရတော့မည်။ ကံကောင်းခြင်းတန်ဖိုးကိုလည်း လေ့လာရန် လိုအပ်သလို၊ ရမှတ်များမှာလည်း လိုအပ်ချက် ရှိနေဆဲပင်...။